အကြောင်းများပေါင်းဆုံမိသည့်အတွက် တိုက်ခန်းကျဉ်းကျဉ်းလေး၏ ဖယောင်းပုဆိုးခင်းထားသော ဧည့်ခန်းပိစိကြမ်းပြင်ပေါ်တွင် ညတစ်ညစာ သူတို့ဆုံမိကြသည်။ မည်သို့သော အကြောင်းများပေါင်းဆုံမိကြသနည်းဟူ ဆွေမျိုးသက်ကြီးပိုင်းတစ်ယောက်ဆုံးပါးသွားခြင်း၊ ထိုနာရေးသို့ လာရောက်ကြခြင်း၊ နာရေးအိမ်တွင် လူများနေသဖြင့် နေထိုင်ရာနယ်များသို့မပြန်ကြမီ ယခုအိမ်သို့လာရောက်ညအိပ်ခြင်း၊ မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့်ရှေးဟောင်းနှောင်းဖြစ်များ ပြောလိုကြခြင်း ဟူသည့် အကြောင်းများ ပေါင်းဆုံကြသဖြင့် ဖြစ်သည်။
ဆွေမျိုးထဲတွင် သာရေးနာရေးရှိမှ သူတို့ဆုံနိုင်ကြသည်။ တရွာစီနေ တနယ်စီနေ တမြို့စီနေကြသူများ ဖြစ်သဖြင့် ဆုံကြတုန်းမှာ ပြောစရာတွေက မကုန်။ တချို့မှာ အသက်အရွယ်အရ ကျန်းမာရေးအရ မလာရောက်နိုင်ကြသူများ ရှိသည်။ ရွာမှာကျန်ခဲ့တဲ့ ဘယ်သူ့ကိုတော့ ငါမေးတယ်ဆိုတာ ပြောပြလိုက်စမ်းပါဟု မှာကြသည်။
အဖိုးကြီး အဖွားကြီး အရွယ် ဆံဖြူသွားကျိုးများ ဖြစ်နေသော်လည်း ငယ်စဉ်ကအကြောင်းများ ပြောကြပြီဆိုလျှင် သူတို့မှာ ထိုစဉ်က အသက်အရွယ်အတိုင်း နုပျိုသွားကြသည်ကဲ့သို့ ဖြစ်နေကြသည်။ အဖြစ်အပျက်တစ်ခုကို ပြောကြပြီး ရယ်မောကြသည်။ အဲဒါ ငါလည်း မသိခဲ့ပါလားဆိုလျှင် မသိသူသည် အဟားခံရလေသည်။ မင်းက/နင်က အဲဒီတုန်းက ဘယ်ရောက်နေတာတုန်းဆိုပြီး မေးသည့်အခါ အမေးခံရသူကလည်း သူ့အကြောင်းကို ပြန်ပြောင်းပြောပြရလေသည်။ ထိုအခါ ဇာတ်ကြောင်းသည် ပိုမိုပြည့်စုံလာရလေသည်။ ဆုံးပါးကွယ်လွန်သွားသူ၏ အကြောင်းကိုလည်း သူတို့ပြောသည့်အကြောင်းအရာထဲတွင် ကြားရသည်။ ဆွေမျိုးတော်သည်သာမက သူတို့နှင့်ရွယ်တူဖြစ်သည့်အတွက် သူငယ်ချင်းကဲ့သို့ မိတ်ဆွေကဲ့သို့ဖြစ်ခဲ့သူတစ်ဦး၏အကြောင်းလည်းဖြစ် ထိုသူ၏နာရေးလည်း ဖြစ်သည့်အတွက် ထိုသို့ပြောကြရာတွင် ဆွေးဆွေးမြေ့မြေ့ပြောကြလေသည်။ နားထောင်သူတို့မှာ ပိုမိုပြီး နှမြောသတိရခြင်းဖြစ်ရသည်။
သက်ကြီးပိုင်းတို့ ဝိုင်းဖွဲ့သည်၏နောက်နားတွင် သက်လတ်ပိုင်းတို့က နောက်နားရှိ လွတ်သည့်ကြမ်းပြင်ပေါ်တွင် ထိုင်နေသည့်သူက ထိုင်သည်။ ရေနွေးကုန်သွားသည့်အခါ ထပ်ဖြည့်ပေးဖို့ အဆင်သင့်ရှိနေသည့်သူက ရှိသည်။ သက်ငယ်ပိုင်းနှင့် မြေးအရွယ်ကလေးများမှာကား အကြီးဝိုင်း အလတ်ဝိုင်းထဲမဝင်သာ။ ကြားရရုံလောက်ရှိသည့် နေရာမှသာ မတ်တပ်ရပ်နားစွင့်ကြရလေသည်။
စကားဝိုင်းအလယ်တွင် ဇွန်းသုံးလေးငါးချောင်းပါသောလက်ဖက်သုပ်တစ်ပန်းကန်၊ ရေနွေးကရားအိုး၊ ကြွေရေနွေးခွက်လေးငါးလုံးနှင့် မက်ခွက်တချို့သာ ချထားသည်။ တခေါင်းလုံးဖြူနေသော အဖွားကြီးတယောက်ကတော့ ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီးကို ဖွာနေသည်။ သူ၏ အမှတ်တံဆိပ်မှာ ထိုပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီး ဖြစ်သည်။ နောင်းလူတို့ကို သူ့အကြောင်းညွှန်းလိုသည့်အခါ သူ့နာမည်ကို ပြောပြရုံမက အဲဒီအဖွားက သူ့ကြည့်လိုက်ရင် ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကြီး အမြဲတမ်းဖွာနေတဲ့သူပေါ့ဟု ထည့်ပြောရသူဖြစ်သည်။ သူ့အဖိုးကြီးကတော့ အသက်ကြီးသည်အထိ ယာထဲကိုင်းထဲအလုပ်လုပ်နေဆဲဖြစ်ပြီး သန်သန်မာမာရှိလှသည်။ သူ၏ အမှတ်တံဆိပ်မှာ မာဖလာတဘက်ထည်ကို လည်ပင်းတွင်ဖြစ်စေ ပုခုံးထက်တွင်ဖြစ်စေ တင်ထား ဆောင်ထားတတ်ခြင်းဖြစ်သည်။
ဘကြီး ဘာတွေမစားသလဲ ဘာတွေရှောင်သလဲဟု မေးလျှင် ဟေ့ ငါက အကုန်စားတယ် ဘာမှ မရှောင်ဘူးဟု ဆိုသူဖြစ်သည်။ သူက ထမင်းစားလျှင် ကြမ်းပြင်ပေါ်ဆိုပါက ဆောင့်ကြောင့်ထိုင်သာ စားလေ့ရှိသည်။ ဒီဘကြီး ထိုင်ခုံပေါ်ထိုင်စားလျှင် မည်သို့စားမည်နည်းဟု သွားကြည့်သည့်အခါ ထိုင်ခုံပေါ်တွင်လည်း ဆောင့်ကြောင့်ထိုင် စားသည့်သူဖြစ်သည်။
ထိုဘကြီး၏ညီလား အစ်ကိုလား မမှတ်မိတော့သည့် ဘကြီးတယောက်မှာ ပိန်ပိန်ရှည်ရှည်နှင့်ဖြစ်ပြီး ဟာသဉာဏ်ရွှင်ပုံရလေသည်။ စကားဝိုင်းတွင် သူက ဦးဆောင်ပြောနေသည်က များသည်။ ဟေ့ မင့်သားက ဆေးကျောင်းတက်မှာလားကွ၊ အရိုးတွေအတွက်တော့ မပူနဲ့ငါ့ကောင်၊ ငါတို့ရွာမှာ ပေါတယ်၊ လာပို့ဆို လာပို့ပေးမယ်ဟု ခပ်တည်တည်ပြောသူဖြစ်သည်။ ထိုဘကြီးမှာ ပြောသည့်အတိုင်း လုပ်မည့်သူဟု ယုံကြည်မိသည်။
သူတို့မှာ ခေတ်ကာလမျိုးစုံကို ဖြတ်သန်းခဲ့ဖူးကြသည့်အတွက် အတွေ့အကြုံများစွာရှိကြသည်။ ပြောနေကြသည်ကို နားထောင်ရသူတို့မှာ ထိတ်တလန့်လန့်ဖြစ်ရသည်။ သူတို့မှာကား ထိုထိုအဖြစ်အပျက်များကို ယခုအခါတွင် ရယ်ရွှင်ဖွယ်များအဖြစ်ပြောင်းပြီး ပြောနိုင်နေကြလေသည်။
သူတို့စကားပြောကြ ဆိုကြသည်ကို နားထောင်ရသည်မှာ အိပ်ဖို့ကိုပင်လျှင် မေ့နေသည်အထိဖြစ်ရသည်။ အဖေ အမေကလည်း မင်းတို့တွေ သွားအိပ်ကြတော့ဟု မပြောအား။ သူတို့ကိုယ်တိုင်ကလည်း အခုလို စကားဝိုင်းမျိုးကို ကြားချင်နားထောင်နေကြချင်သူများဖြစ်သည်။ ကလေးတွေလည်း နားထောင်ရတာပေါ့ဟု စိတ်ထဲရှိချင်ရှိကြပါလိမ့်မည်။
သူတို့ဘာတွေပြောကြသည်ဆိုသည်ကို ပြန်လည်မမှတ်မိတော့ပါ။ နားထောင်စဉ်ကမူ မကြားဖူးသည့်အကြောင်းအရာများဖြစ်သည့်အတွက် လွန်စွာစိတ်ဝင်စားမိခဲ့သောအကြောင်းများဖြစ်သည်။ အဖိုးကြီး အဖွားကြီးများသည် စကားပြောကောင်းကြသူများ ဖြစ်ကြသည်ဟု ထည့်သွင်းဖွဲ့ဆိုရပေမည်။
နောက်တနေ့တွင် သူတို့သည် သူတို့သားမြေးမြစ်များရှိရာ သူတို့နေရာဒေသအသီးသီးသို့ ပြန်ကြရလေသည်။ တခြားသော ဆွေမျိုးတယောက်ယောက်၏ သာရေးနာရေးကို အကြောင်းပြုပြီး တခြားသော အိမ်တစ်အိမ်အိမ်တွင် သူတို့ဆုံကောင်းဆုံနိုင်ပြီး ယခုကဲ့သို့ စကားများများပြောကြ ဆိုကြ ရယ်မောကြ လွမ်းမောကြပေလိမ့်ဦးမည်။ ထိုသို့ဆုံလျှင် ယခုတခေါက်တွေ့သည့်လူတိုင်း ပါနိုင် မပါနိုင်ကို သူတို့မစဉ်းစားကြပါ။ သာရေးနာရေးသည် ယခုတွေ့သည့်အထဲမှ သူအိုတဦးဦးကို အကြောင်းပြုသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သေးသည်ဆိုသည်ကိုလည်း သူတို့ကောင်းကောင်းသိကြလေသည်။
သူတို့အားလုံးသည် လောကတွင် မရှိတော့ပြီ။ သူတို့မရှိတော့သော်လည်း ညတစ်ညတွင် သူတို့ဆုံခဲ့ကြသည့် စကားဝိုင်းအကြောင်းကို ထိုစဉ်က နားထောင်သူဖြစ်ခဲ့သည့်သူတစ်ဦးက အမှတ်တရအနေဖြင့် ပြန်လည်ပြောပြကာ ရေးဖွဲ့နေသည့်အကြောင်းကိုလည်း သူတို့ သိမသွားကြ။ ပြန်ပြောပြသူသာ ပန်းချီဆွဲတတ်ပါလျှင် "လူအိုတို့၏ စကားဝိုင်း" အမည်ရ ပန်းချီပုံတစ်ပုံလောက် ဆွဲဖြစ်ပေလိမ့်မည်။ လူအိုတို့၏ စကားဝိုင်းသည် နုပျိုလှပနေလေပြီတကား။
၂၅-ဒီဇင်ဘာ-၂၀၂၂