Jul 16, 2016

ဆိုတတ်ဖို့

ဗမာ့စောင်းနဲ့ တီးခတ်ထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကို ကြည့်မိရာကနေ တီးခတ်တဲ့စောင်းပညာရှင်ရဲ့ ဗီဒီယိုဖိုင်တွေ ယူကျုမှာ ရှိလိုရှိငြား ရှာဖွေတဲ့အခါ တွေ့ရှိသဘောကျသွားတာက ခုနက ပညာရှင်နဲ့အတူ သီဆိုသွားသူက နိုင်ငံခြားသားဖြစ်နေတယ်။ သူက စည်းကိုက်ဝါးကိုက်နဲ့ သီချင်းကို အားပါးတရဆိုသွားတယ်။ စာသားတစ်ချို့နေရာတွေကိုပဲ သူကိုင်ထားတဲ့ စာအုပ်ကိုဖွင့်ကြည့်ကာ ဆိုတယ်။ ဗမာစကားတတ်တာ မတတ်တာ ကျွမ်းကျင်တာ မကျွမ်းကျင်တာ သေသေချာချာမသိပေမယ့် ဒီလိုသီချင်းမျိုးကို ဆိုတတ်ဖို့ဆိုတာ အတော်မလွယ်တဲ့အလုပ်ဖြစ်ပါတယ်။

သီချင်းက ပြည်လှဖေရဲ့ "ချစ်မိုးစွေ" ဖြစ်ပါတယ်။ သီချင်းရေးဆရာက အလင်္ကာကျော်စွာ ရွှေပြည်အေး ဖြစ်ပါတယ်။

"မြတ်နိုးသူရယ် ... ချစ်မိုးစွေခဲ့တယ် ..... ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ်" ဆိုတဲ့ စာသားလေးကိုတော့ လူလတ်ပိုင်းအရွယ်နဲ့ လူကြီးပိုင်းအရွယ်တွေ ကြားဖူးကြမယ်ထင်ပါတယ်။

သီချင်းကို နားထောင်ရင်း တွေးမိတယ်။ ဒီလိုသီချင်းမျိုးကို နားထောင်တတ်တဲ့အဆင့်ကနေ ဆိုတတ်တဲ့အဆင့်ရှိသလားဆိုတာပါပဲ။ တစ်ဆင့်ထပ်တက်ရင်တော့ ပိုင်ပိုင်နိုင်နိုင် စည်းကျဝါးကျ ဆိုတတ်ဖို့ပါပဲ။

ဟိုးတစ်ခါတုန်းကလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သီချင်းကြီးအစီအစဉ်မှာ နိုင်ငံခြားသူက "ယသော်ဓရာ" ဆိုတဲ့ သီချင်းကြီးကို ဆိုတာကို ကြည့်ခဲ့ဖူးပါတယ်။ "သန်းခေါင်လယ် ... သန်းခေါင်လယ် ... ထွက်တော်မူ နန်းက ခွာတယ် ..... မောင်ဖုန်းပျောက်တယ် .. ဆောင်အုံးဗွေမြင့်လယ်" ဆိုတဲ့အခါ နားထောင်ရတာ ထိုစဉ်က အဖြစ်အပျက်ကို စိတ်ထဲမှာ မြင်ယောင်မိပါတယ်။

အဲဒီတစ်ယောက်ပါပဲ၊ "တေဘုမ္မာ" ဆိုတဲ့ နက်နက်နဲနဲရှိလှတဲ့ သီချင်းကို ဆိုခဲ့သေးတာဖြစ်ပါတယ်။

ဒီနေရာမှာ အငြင်းပွားဖွယ်တစ်ခုက ဟိုး ဘိုးတော်ဘုရင်လက်ထက်က သီချင်းတွေ စိတ်မဝင်စားပါဘူးလို့ ပြောချင်ဆိုချင်ကြပါလိမ့်မယ်။ ဘယ်ခေတ်က သီချင်းပဲဖြစ်ဖြစ် ဆိုသူမရှိရင် တစတစနဲ့ ပျောက်ကွယ်သွားတာပါပဲ။ ပျောက်ကွယ်သွားတာဟာ ထိုထိုသီချင်းများရဲ့ အနုပညာအရည်အသွေးဟာ နိမ့်ကျသွားလို့ မဟုတ်ဘဲ လက်ဆင့်ကမ်းသယ်ဆောင်မည့်သူတွေ နည်းပါးလာလို့ပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း ခက်ခဲတာကို နောက်ပိုင်းလူတွေ သိပ်မလိုက်ကြတော့တာလည်း ဖြစ်နိုင်ပါတယ်။

ဒီစာစုတိုလေးကို နိဂုံးချုပ်ရရင် သီချင်းဟောင်းတွေထဲက အနှစ်သာရရှိတဲ့ သီချင်းတွေကို ဆိုတတ်ကြဖို့လိုပါတယ်။ ကိုယ်တိုင်က စင်ပေါ်တက်ဆိုမယ့်သူ မဟုတ်ဘူးဆိုပေမယ့် ကြုံလာခဲ့လို့ သီဆိုတဲ့အခါ ဂန ္ထဝင်သီချင်းတစ်ပုဒ်ကို စာသားမှန်မှန် နဲ့ ဟဲပြလိုက်မယ်ဆိုရင် နားထောင်တဲ့သူတွေလည်း အကျိုးရှိ၊ သီချင်းဟောင်းတွေကိုလည်း လက်ဆင့်ကမ်းတဲ့သဘောသက်ရောက်နိုင်ပါကြောင်း တိုက်တွန်း်ရေးသားလိုက်ပါတယ်။

ရေချိုးရင်း ရောက်တတ်ရာရာ သီချင်းတွေ ဟစ်ကြွေးနေသော အဆင့်မှသည် မျှော်မမှန်းနိုင်သော အဆင့်ဆီသို့ တက်လှမ်းရောက်ရှိနိုင်ကြပါစေကြောင်း ။

ကျော်မောင်(တိုင်းတာရေး)
၁၆-ဇူလိုင်-၂၀၁၆

Jul 15, 2016

အကိုးအကားများ

ကလေးဘဝတုန်းက လူငယ်ဖြစ်သူနဲ့ စကားတွေပြောကြဟေ့ဆိုရင် တော်တော်များများ ပြောနိုင်တာကို မှတ်မိတယ်။ ကလေးဘဝဆိုတာ teenager လို့ ပြောကြတဲ့ thirteen မတိုင်မီကာလကို ခေါ်တယ်ပဲဆိုပါစို့။ သေချာအောင်လည်း အကိုးအကားပြန်ကြည့်ရသေးတယ်။ အခုလောလောဆယ်ဆယ်သုံးနေတာတော့ Google search ပါပဲ။ များသောအားဖြင့် အဲဒီမှာ ရှာလိုက်ရင် Wikipedia ကိုပဲ မျက်စိကျမိတာများတယ်။ နောက်တော့လည်း Google မှာ မရှာတော့ဘဲ Wikipedia ကိုပဲတိုက်ရိုက်သွားပါတယ်။

အဲဒီတုန်းက လူငယ်ဆိုတာက ဘယ်သူမှ မဟုတ်ဘူး။ ဦးလေးအငယ်ဆုံးပဲ။ သူက မလုပ်ဘူးဆိုရင် ဘာမှ မလုပ်ဘူး။ အိပ်နေတတ်တဲ့သူ။ အဲ လုပ်ပြီဆိုရင်လည်း သေသေကြေကြေ၊ သင်တန်းတွေ ဘာတွေမှာ ဆုတွေရတယ်။ ပြေးပွဲပြိုင်ပွဲတွေမှာ ဆုရတယ်။ ပန်းဝင်တာနဲ့ မေ့လဲသွားတဲ့အထိ ပြိုင်တဲ့သူ။

အဲဒီလိုလူမျိုးနဲ့ အရွယ်ရောက်လာတဲ့ တူဖြစ်သူနဲ့ တွေ့ကြတဲ့အခါ ဘာပြောကောင်းမလဲ၊ ညဖက်ဆို ညစာစားပြီးနောက်ပိုင်းမှာ ဆွေးနွေးပွဲလေးတွေ ကြားရတာပေါ့။

ဒါပေမယ့် ဆွေးနွေးပွဲတွေကနေ ဘာရလာသလဲဆိုတော့ ငါ ဘာမှ မသိသေးပါလားဆိုတဲ့ အသိ ရလာတယ်။ မသိတာကများလာ၊ သိအောင်လုပ်၊ မေးတာကလည်း အတော်များ၊ လူကြီးတွေ ခေါင်းကုတ်စေခဲ့သူဖြစ်ပါတယ်။

ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ဝတ္ထုတွေ ဖတ်တတ်လာတာကလည်း သူ့ကြောင့်ပဲ။ ဆရာမ ဂျူ းရဲ့ ဟောပြောပွဲအခွေကို အိမ်ကို ယူလာပြီး နားထောင်ရင်းနဲ့ စာပေဟောပြောပွဲရဲ့ အရသာကို သိခဲ့တာကလည်း သူ့ကြောင့်ပါပဲ။

သူနဲ့ စကားပြောရင် အကိုးအကားအတော်ရှာရတယ်။ တခါတလေ အကိုးအကားရထားတာတောင်မှ သူမေးလိုက်တဲ့မေးခွန်းက စာအုပ်ထဲမှာ မပါတဲ့အကြောင်းအရာဖြစ်နေတဲ့အခါ အတော် ဂွတီးဂွကျနိုင်ပါတယ်။ ပလုံပလုံပလွတ် ဆိုတဲ့အကြောင်းမေးခဲ့တာလည်း သူပါပဲ။

အဲဒါကြောင့်မို့လို့ ဦးလေးနဲ့ စကားပြောတဲ့အခါ အတော်သတိထားရတယ်။ တခါတလေမှာ သူ့ထက် ပိုပြောနိုင်သွားတဲ့အခါ သူပြောလေ့ရှိတာက "တော်တော် ကတ်တီးကတ်ဖဲ့ ကတ်သီးကတ်သတ်ပြောနိုုင်တဲ့ကောင်" ဆိုတာပဲဖြစ်ပါတယ်။

ကလေးဘဝကနေ ဆယ်ကျော်သက်ဖြစ်လာတော့ စုမိဆောင်းမိရှိလာတယ်။ အဲဒီအထဲမှာ ဟုတ်တာလည်း ပါတယ်၊ မဟုတ်တာလည်း ပါတယ်။ ဟုတ်တာကိုလည်း ဟုတ်မှန်ကြောင်း အထောက်အထားတချို့ မပြနိုင်သေးတာရှိတယ်။ မဟုတ်တာကိုလည်း မဟုတ်မှန်ကြောင်း မပြနိုင်တာ ရှိတယ်။

တစ်ရက် သင်တန်းတစ်ခုက အပြန် ဘတ်စ်ကားမှတ်တိုင်ကအဆင်းမှာ သူနဲ့ သူ့သူငယ်ချင်းတစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း စကားပြောနေကြတာတွေ့တယ်။ ဟိုတစ်ယောက်က ရပ်ကွက်ထဲမှာ စာကြီးပေကြီးသမားလို့ ပြောလို့ရတဲ့သူ။ တကယ်က သူ့လက်ထဲမှာ စာအုပ်တစ်အုပ်ဖြစ်ဖြစ်၊ သတင်းစာတစ်စောင်ဖြစ်ဖြစ် အမြဲတမ်းကိုင်ထားလို့ သူ့ကို စာကြီးပေကြီးသမားလို့ ရပ်ကွက်က အမည်ပေးထားတာ။ တော်ရုံလူ သူ့ကို ရှောင်တယ်။ ဘာကြောင့်လည်းဆိုတော့ ပြောမိပြီဆိုရင် မဆုံးတော့တဲ့သူ။

သူတို့ဝိုင်းထဲကို ဝင်ထိုင်လိုက်တယ်။ ဝင်ထိုင်တာကလည်း ဦးလေးဖြစ်သူက ဒီလိုလူနဲ့များ ဘာတွေများပြောနေကြပါလိမ့်လို့ စပ်စုချင်တာလည်း တပိုင်းပေါ့။ နောက်တစ်ခါ ဒီလို ဦးလေးအရွယ်တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြခြင်းအားဖြင့် အရွယ်ရောက်လာပြီဆိုတာကို ရွယ်တူတွေကို ပြချင်တာလည်း ပါတာပေါ့။

အဲဒီမှာ ဟိုလူက နိုင်ငံတစ်နိုင်ငံက ဝန်ကြီးတစ်ယောက်အကြောင်းကို ပြောနေတာ။ ဦးလေးကလည်း လက်ဖက်ရည်လေးတစ်ခွက်ကို ဇိမ်ခံသောက်ရင်း နားထောင်နေတာ။ အင်း ဒီလူပြောတာ ဝန်ကြီးနာမည် လွဲနေသဟ။ ဘယ်ရမလဲ ဦးလေးတော့ ခံနေရပြီဆိုပြီး စကားဝိုင်းထဲ ဝင်လိုက်ပါတယ်။

အာ ဒီမှာ ဦးဘယ်သူ၊ ဦးပြောတာ လွဲနေပြီဗျ၊ အဲဒီဝန်ကြီးနာမည်အမှန်က ဒီလို။ အခုပြောနေတဲ့ နာမည်က ဟိုနိုင်ငံက ဝန်ကြီး။

ဘယ်ရမလဲ၊ အဲဒီအခါ ဟိုပုဂ္ဂိုလ်လည်း ရှူ းရှူ းရှဲရှဲဖြစ်ပါလေရော။ နားထောင်နေတဲ့ဦးလေးကလည်း သူ့ဖက်ကပေါ့။ မဟုတ်ရင် သူလည်း တုံးရာကြတော့မှာကိုး။ အကိုးအကားနဲ့ပြောကာမှ ဖြစ်တော့မှာပဲဆိုပြီး ဟိုဟိုဒီဒီလိုက်ကြည့်တော့ အဲဒီပုဂ္ဂိုလ်က သတင်းစာကိုင်ထားတာ။ ကဲ ခဏလောက်ဆိုပြီး ဟိုဟိုဒီဒီလှန်ကြည့်တဲ့အခါ နိုင်ငံတကာသတင်းတစ်ပုဒ်မှာ ဝန်ကြီးနာမည်ပါလာတယ်။ သတင်းစာကို လက်ဖက်ရည်စားပွဲခုံပေါ်တင်လိုက်ပြီး၊ နာမည်ပါတဲ့ သတင်းရှိရာကို လက်ညှိုးထောက်ပြီး ပြကာ ပြောလိုက်တယ်။

ဒီမှာ ကျနော်ပြောတဲ့သူ။ သူ့နိုင်ငံနဲ့ သူ့ရာထူး။ သူ့နာမည်က အဲဒါ။

ပြောလည်းပြော၊ ထိုုင်ခုံက ထလည်းထ။ သွားသင့်ပြီလို့ ကိုယ်စောင့်နတ်က သတိပေးနေသလိုပါပဲ။ ဦးလေးကို နှုတ်ဆက်လိုက်တယ်။

ဦးလေး ကျနော် ဒိုးပြီ။ အဲဒါကြောင့် ကျနော်ပြောတာ၊ သတင်းစာကို နေ့တိုင်းဖတ်ပါလို့။ သွားပြီ။ မတ်တပ်ရပ်နေရင်း လက်ကျန် ရေနွေးကြမ်းကို ကုန်အောင်မော့လိုက်သေးတယ်။ ပြီးတာနဲ့ ဦးလေးသူငယ်ချင်းကိုတောင် နှုတ်မဆက်တော့ဘဲ သုတ်ခြေတင်ပါတော့တယ်။

နောက်နေ့တွေမှာ ဦးလေးတစ်ယောက် သတင်းစာဖတ်နေတာကို ဝမ်းသာဖွယ်တွေ့မြင်ရပါတယ်။

အခုကျတော့ အကိုးအကားဆိုတာကို မြင်တဲ့အမြင်က တစ်မျိုးပြောင်းသွားပြန်ပါတယ်။ ဒါကလည်း သင်တန်းတစ်ခုတက်အပြီးမှာ သိလိုက်ရတာဖြစ်ပါတယ်။ အကိုးအကားဆိုတာ လိုတာမှန်ပေမယ့် အဲဒီအကိုးအကားဟာ မှန်ကြောင်း အထောက်အထားခိုင်လုံရမယ်ဆိုတာပါပဲ။ အကိုးအကားတစ်ခုဟာ မှားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ မှားနေတာကို မှားနေမှန်းမသိဘဲ ယူသုံးမိတဲ့အခါ တကယ်သိ တကယ်တတ်တဲ့သူတွေအတွက် ပြုံးစရာ ဖြစ်သွားတတ်ပါတယ်။ နောက်ပိုင်းမှာ အကိုးအကားတစ်ခုကို လိုချင်လို့ သုံးချင်တဲ့အခါ အတော်လေးကို စဉ်းစဉ်းစားစားနဲ့ သုံးရပါတယ်။

သူတို့ကြီးတွေတောင် ယူသုံးထားတာပဲလေ မှန်လို့နေမှာပေါ့ဆိုတဲ့ အကိုးအကားတစ်ခုဟာ ရာနှုန်းပြည့်မှန်ကန်မယ်လို့ တပ်အပ်မပြောနိုင်ပါ။ သူတို့ကြီးတွေ လွဲတဲ့အခါ အားလုံးလွဲကုန်တာပါပဲ။

ကိုးကားမှုတွေ မှန်ကန်နိုင်ကြပါစေကြောင်း ရည်ရွယ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၁၁-ဇူလိုင်-၂၀၁၆

Jul 7, 2016

ဘာကြောင့် (စာဖတ်သင့်သလဲ ၊ စကားစမြည်ပြောသင့်သလဲ)


ဆရာမြသန်းတင့်ရဲ့ "ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်များ" ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ ဂျွန်ရပ်စကင်း (John Ruskin) ရဲ့ ဟောပြောချက်တွေထဲက တခုကို ကောက်နုတ်ဖော်ပြခွင့်ပြုပါ။

"စာအုပ်တစ်အုပ်ကို ရေးတဲ့ စာရေးဆရာဟာကိုယ့်ထက် ပညာမရှိလျှင် ဒီစာအုပ်ကို ဖတ်စရာ မလိုတော့ပါဘူး။ ကိုယ့်ထက်ပညာရှိလျှင်၊ အသိအလိမ္မာရှိတယ်ဆိုလျှင်တော့ နေရာများစွာမှာ သူများနဲ့မတူတဲ့ ခြားနားစွာ တွေးခေါ်တာကို တွေ့ရလိမ့်မယ်။ စာအုပ်တစ်အုပ်ကို ဖတ်ပြီးတာနဲ့ ဒီစာအုပ်က သိပ်ကောင်းတာပဲ၊ ကျွန်တော်တွေးထားတာနဲ့ အတူတူပဲလို့ ကျွန်တော်တို့ မကြာခဏပြောလေ့ရှိကြတယ်။ အမှန်ကတော့ ဒီလိုမဖြစ်သင့်ဘူး။ ဒီစာအုပ်ဟာ တော်တော်ထူးခြားတဲ့စာအုပ်ပဲ။ အရင်တုန်းက ဒီလို ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး။ ကြည့်စမ်း၊ ဘယ်လောက်မှန်သလဲဆိုတာ တွေ့ရလိမ့်မယ်။ အခု မတွေ့သေးလျှင်လည်း နောက်တစ်နေ့မှာ ဒီစာအုပ်ထဲကအတိုင်း ဖြစ်မှာပဲဆိုတဲ့အတွေးမျိုး ကျွန်တော်တို့မှာပေါ်လာရမယ်။ ထားပါလေ၊ ဒီလောက်အထိ စာအုပ်တစ်အုပ်ကို အထင်ကြီးကိုးကွယ်ခြင်း မပြုလိုသည့်တိုင် အနည်းဆုံးစာအုပ်ထဲမှာ ကိုယ့်အတွေးကို ရှာဖို့မဟုတ်ဘဲ စာရေးဆရာ ဘယ်လိုရေးသလဲဆိုတာကို သိလိုတဲ့ ဆန္ဒနဲ့ ဖတ်သင့်တယ်။ ခင်ဗျားဟာ တွေးတတ် ခေါ်တတ်တယ် ဆိုလို့ရှိလျှင် စာရေးဆရာရဲ့ အတွေးအခေါ်မှန် မမှန်ကို နောက်ကျတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ယူပေါ့။ "

မနက်ဖြန် ရုံးပိတ်ရက်ဖြစ်တာကြောင့် ဒီနေ့ညနေ ရုံးဆင်းဆင်းချင်းမှာ စကားပြောဖော် ပြောဖက် ကျောင်းနေဖက် သူငယ်ချင်းနဲ့ တခုခုစားရင်း စကားစမြည်ပြောဖြစ်ကြတယ်။ ထွေရာလေးပါးပြောရင်းဆိုရင်းကနေ အကြံကောင်း ဉာဏ်ကောင်းတွေ ရခဲ့ပါတယ်။ ရတာလေးတွေ ပျောက်မသွားရအောင် ဖုန်းထဲက မှတ်စုထဲမှာ ရေးမှတ် တေးမှတ်ခဲ့ပါတယ်။ အခု ပြန်တွေးကြည့်တဲ့အခါ စကားစမြည်ပြောဆိုခြင်းရဲ့ ကောင်းကျိုးကို မြင်တွေ့ရပါတယ်။

ငါ ဒီလို မတွေးခဲ့တာကို ဒီလူ တွေးနိုင်တယ်။ ငါ ဒီလို တခါမှ မစဉ်းစားဘူးတဲ့ အကြံကောင်းကို ဒီလူ ပေးနိုင်တယ် ဆိုတာမျိုးပဲဖြစ်ပါတယ်။

အပြန်မှာ ရထားစီးတဲ့အခါ ထိုင်စရာရတယ်။ ဆယ်မိနစ် ဆယ့်ငါးမိနစ်သာသာလောက်ပဲ စီးရမယ့် ခရီးတိုမှာ ထိုင်ရာနေရာရတာနဲ့ အိတ်ထဲကနေ ဖတ်လက်စ ဝတ္ထုစာအုပ်ကို ထုတ်ပြီး ဖတ်ဖြစ်တယ်။ တစ်မျက်နှာရရ သုံးလေးမျက်နှာရရ စာဖတ်မယ်လို့ ရည်ရွယ်ပြီး ဖတ်ပါတယ်။ အဲဒီ ဘာသာပြန်ဝတ္ထုက အခေါက်ခေါက်အခါခါ ဖတ်ခဲ့ပြီးဖြစ်ပေမယ့် ရေးခဲ့ပြီးတဲ့စာညွှန်းတစ်ပုဒ်ကို ပိုမိုပြည့်စုံစေချင်လို့ သေသေချာချာပြန်ဖတ်နေတာဖြစ်ပါတယ်။

ဝတ္ထုထဲက ဇာတ်ကောင်တွေ တွေးပုံ၊ အချီအချ စကားပြောပုံတွေကို ခဏတာဖတ်အပြီးမှာ ဟိုးတုန်းက မရခဲ့ဘူးတဲ့ အတွေးသစ် အမြင်သစ်တွေ ရလိုက်ရပါတယ်။

ကျနော်လိုချင်တာ အဲဒါပါပဲ။

မိတ်ဆွေများကို မျှဝေချင်တာကလည်း အဲဒါပါပဲ။

စာဖတ်ပါ။ မသိတာကို သိလာအောင် စာဖတ်ပါ။ မဖြစ်ဘူးသေးတဲ့ အတွေးမျိုး ပေါ်လာအောင် စာဖတ်ပါ။ ထို့အတူပဲ စကားစမြည်ပြောပါ။ တဖက်သားဆီက အတွေးကောင်းပေါ်လာတဲ့အခါ သိလာ ရလာတာကို မှတ်သားပါ။

ကျော်မောင်(တိုင်းတာရေး)
၅-ဇူလိုင်-၂၀၁၆

Jul 3, 2016

နေရာနဲ့ အခါ

တခါမှာ စာမေးပွဲတခုဖြေနေရတဲ့အချိန်။ အောင်မှတ်လို့ သတ်မှတ်ထားတဲ့ပမာဏလောက်ကို မှတ်ဉာဏ်ထဲကနေ အတင်းကာရော ဖျစ်ညှစ်ထုတ်နေရတဲ့ကာလ။ နှစ်ဆယ်နဲ့မှ လေးနာရီတောင်မပြည့်သေး၊ ပြန်လည်နွှေးထားတဲ့ သီအိုရီတွေ၊ တွက်ပုံတွက်နည်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဆိုတာ၊ မချိမဆန့် မြန်မြန်ဆန်ဆန်ရိုက်သွင်းထားတဲ့ပုံစံဖြစ်နေတဲ့အတွက် တော်တော်နဲ့ ပြန်လည်ဖော်လို့မရတဲ့ အပိုင်းအခြားတခုမှာပေါ့။

အရွယ်ရောက်လာပြီး ခုနက စာမေးပွဲလိုမျိုးကို ဖြေရမယ့်အခါမှာ စိတ်ထဲမှာ အောင်မှတ်လောက်ပဲ စိတ်ဝင်စားတော့တယ်။ အောင်မှတ်ရဖို့ မှတ်ထားတဲ့အပိုင်းတွေကို ပြန်ဆွဲယူ။ ရှင်းပြတုန်းက နားလည်သလိုလိုရှိသား၊ ဒါမျိုးဆင်တူပုစ္ဆာကို စာမေးပွဲမှာမေးတဲ့အခါ မေးခွန်းဖတ်ကြည့်ပြီး မေးခွန်းထုတ်တဲ့ ဆရာမနှယ် အလွယ်လေးလာမေးရသလားလို့ ပြုံးလိုက်သေး။ တွက်ကြည့်တဲ့အခါမှာ တလွဲ။ လွဲနေမှန်းသိနေတာကိုက အခြေအနေမဆိုးသေးဘူးလို့ပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေချိန်။

"ဟေ့လူ ဟေ့လူ" အသံက ခပ်အုပ်အုပ်လေး။ ဒီမှာ အဖြေရဖို့ သီသီလေးလိုတော့တဲ့စက္ကန့်ပိုင်းမှာမှ ဘယ်သူက လှမ်းခေါ်နေပါလိမ့်။

စာမေးပွဲခန်းစောင့်တဲ့ ဆရာ၊ ဆရာမတွေကလည်း အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်။

ထပ်ကြားရတယ်။

"ဟေ့လူ ဟေ့လူ"

တော်တော်တိုးပေမယ့် ပထမတခေါက်အသံကတည်းက နည်းနည်းဂရုပြုမိထားတဲ့အတွက် ခေါင်းကို ဆတ်ကနဲ ဘယ်လှည့်ညာလှည့် လှည့်လိုက်တယ်။ ဘယ်လှည့်လိုသာပြောရတယ်၊ အဲဒီဖက်မှာက နံရံပဲရှိပါတယ်။ ညာဖက်မှာတော့ စာဖြေနေတဲ့ ဘော်ဒါတယောက်ရှိတယ်။ စာရေးစားပွဲခုံရှည်တခုံတည်းမှာ တဖက်တချက်စီ အစွန်းဖက်မှာ ထိုင်ပြီး စာဖြေရတာဖြစ်ပါတယ်။

ကြည့်လိုက်တော့ ဘော်ဒါက လက်ဟန်နဲ့ပြရင်း ပြောတယ်။

"ဘယ်နှနာရီ ရှိပြီလဲ"

ဒီက ကောင်ကလည်း ခပ်အုပ်အုပ်လေး ပြန်ဖြေတယ်။

"နှစ်နာရီ ထိုးတော့မယ်"

အဲဒါနဲ့ သူလည်း စာဆက်ဖြေ၊ ကိုယ်လည်း ခေါင်းတွေ ချွေးထွက်အောင် စဉ်းစား။

နာရီဝက်လောက်ကြာတော့ တခါထပ်ကြားပြန်တယ်။

"ဟေ့လူ ဟေ့လူ" "ဟမ်"

"ဘယ်နှနာရီ ရှိပြီလဲ" "နှစ်နာရီ မိနစ်သုံးဆယ်"

"အင်း"

အဲဒီပုဂ္ဂိုလ် စာတွေ ဆက်ရေး ဆက်ဖြေနေတယ်။ တော်တော်များများကို ရေးဖြေနေတာ။

သိပ်မကြာမီမှာပဲ။ လုပ်ချောင်းဟန့်သံကြားလိုက်ပြီး "အခုကော ဘယ်လောက်ရှိသွားပြီလဲ" လို့မေးလာပြန်ပါရောဗျာ။

"အချိန်ပြည့်တော့မယ်၊ နောက်ဆယ်မိနစ်ဆိုရင် ပြည့်ပြီ" ဖြေသာဖြေလိုက်ရတယ်။ သိပ်တော့ မကျေနပ်။ ကိုယ်တော်ချောက နာရီမပတ်။ သူကလည်း သိပုံရတယ်။ အချိန်တွေမေးတိုင်း မေးတိုင်း မဖြေချင့်ဖြေချင်ဖြေနေသောသူရဲ့ လေသံကို ဖမ်းမိသွားပုံပေါ့။ အချိန်ပြည့်လို့ စာရွက်တွေသိမ်းတဲ့အခါမှ နှစ်ယောက်စလုံး ထိုင်ခုံမှ ထကြ၊ ပုဂ္ဂိုလ်က နှုတ်တောင် မဆက်သွား။

တခုမေ့သွားတယ်။ အချိန်မေးသူကို အဆင်ပြေအောင် လက်ပတ်နာရီအိုလေးကို လက်ကနေ ချွတ်ပြီး စားပွဲခုံရဲ့ အလယ်လောက်မှာ ထားထားလိုက်ဖို့အကြံကို စာမေးပွဲခန်းမက ထွက်လာမှ ရမိတယ်။ အေးပေါ့။ နောက်တရက် ဆက်ဖြေရဦးမှာပဲ။ ရောက်တာနဲ့့ လက်ပတ်နာရီလေးကို အလယ်ခေါင်မှာ တင်ထားလိုက်မယ်။ သူလည်း နာရီကြည့်နိုင်၊ ကိုယ်လည်း အချိန်ခဏခဏ မေးခံရလို့ စာဖြေရတာ အနှောက်အယှက်မရှိနိုင်။ ကိုယ့်တွေးချက်နှင့်ကိုယ် ဟုတ်နေတာပေါ့။

နောက်တရက်ရောက်၊ စာမေးပွဲခန်းထဲကို နောက်နည်းနည်းကျမှဝင်၊ ထိုင်ခုံမှာ ဝင်ထိုင်မလို့ ပြင်တဲ့အချိန်မှာ စာရေးစားပွဲခုံကို ကြည့်မိတယ်။

ဟိုက် ဘာကြီးတုန်း။

စားပွဲတင်နာရီကြီးလေ။ စွင့်စွင့်ကားကားလို့ ပြောရမလားပဲ။ သုံးနေကြနှိုးစက်နာရီလိုမျိုး သေးသေးလေးမဟုတ်၊ ထုနဲ့ထည်နဲ့ လေးထောင့်ကျကျ ခန့်ခန့်ထည်ထည်ကြီး။ ဒီလူဗျာ ဒီလောက်ရှိတဲ့ နာရီကြီးကို စာမေးပွဲခန်းထဲ ဘယ်လိုလုပ်ယူလာတုန်းဆိုတာ မတွေးတတ်အောင်ပါပဲ။ ဆရာ ဆရာမတွေကို ပြောဆိုခွင့်တောင်းပြီး ယူလာပုံရပါတယ်။ စစ်တုရင် ပြိုင်ပွဲတွေက စားပွဲတင်နာရီတွေကိုတောင် မြင်ယောင်မိပါတယ်။

အဲဒီနေ့မှာတော့ "ဟေ့လူ ဟေ့လူ" ဆိုတဲ့ ခေါ်သံလည်း မကြားရ၊ "ဘယ်နှနာရီ ရှိပြီလဲ" လို့ မေးသံလည်း နှုတ်ဆိတ်။

အဲ နေဦးဗျ။ နာရီရဲ့ စက္ကန့်လက်တံသွားနေသံကတော့ တချက်ချက်နဲ့ တိတ်ဆိတ်နေတဲ့ စာမေးပွဲခန်းကို ဖုံးလွှမ်းနေလေရဲ့။

အဲဒီနေ့က ဖြေတဲ့ဘာသာ ဂုဏ်ထူးအမှတ်တောင် ရတယ် ထင်ပါရဲ့ဗျာ။

ကျော်မောင် (တိုင်းတာရေး)
၃-ဇူလိုင်-၂၀၁၆