Aug 25, 2014

"Plato and a Platypus.. Walk into a bar...Understanding Philosophy Through Jokes" Thomas Cathcart & Daniel Klein

သိပ္ပံပညာရှင်နဲ့ သူ့ဇနီးတို့ ကျေးလက်တောပိုင်းဘက် ကားမောင်းထွက်လာတယ်။
ဇနီးသည်က ပြောတယ် "အိုး.. ကြည့်ပါဦး၊ သိုးတွေကို အမွေးရိတ်ထားတယ်"
  "ဟုတ်တယ်၊ ဒီဖက်ခြမ်းမှာ" လို့ သိပ္ပံပညာရှင်က ပြောလိုက်ပါတယ်။

A scientist and his wife are out for a drive in the country. The wife says, Oh, look! Those sheep have been shorn.
Yes, says the scientist. On this side.
--------------------------------------...------
မတ်တပ်ရပ်နေတဲ့ စားကျက်ထဲက နွားနှစ်ကောင်၊ တစ်ကောင်က အခြားတစ်ကောင်ကို လှမ်းပြောတယ်
"နွားရူးရောဂါကို မင်းဘယ်လို မြင်လဲကွ"
ဟိုကောင်က ပြန်ပြောတယ်
"သောက် ဂရုစိုက်လို့ကွာ ... ငါက ဟယ်လီကော်ပတာပဲ"

Two cows are standing in the field. One says to the other, What do you think about this mad cow disease?
What do I care? Says the other. I’m a helicopter.
-------------------------------------------
ပက်ကျိတစ်ကောင်ဟာ လိပ်ကြီးနှစ်ကောင်ရဲ့ လုယက်တိုက်ခိုက်မှုခံခဲ့ရတယ်။ ဖြစ်ပုံကို ရဲကမေးတော့ သူဖြေလိုက်ပုံက ..
"ကျွန်တော်မသိလိုက်ဘူး၊ အဖြစ်အပျက်က အရမ်းမြန်လွန်းတော့လေ"

A snail was mugged by two turtles. When the police asked him what happened, he said, I don’t know. It all happened so fast.

From ...

ရယ်မောခြင်း၊ တွေးတောခြင်းဖြင့် ကျန်းမာနိုင်ကြပါစေ။

၁၇-သြဂုတ်-၂၀၁၄

Aug 24, 2014

အသုံးကျရဲ့လား (၁၂) ..... အသေးအမွှား

သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။ ဒါက အများပြောတတ်ကြတဲ့ စကားပါ။ ထုပ််ဖို့ စည်းဖို့ ပြင်နေချိန် စည်းတဲ့ သားရေကွင်း မရှိရင် လိုက်ရှာရတာ အလုပ်တစ်ခုပါ။ မတွေ့ရင် ရေရွတ်မိကြပါတယ်။ သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။ 

တစ်ခါတစ်လေတော့ အဝတ်အစားတွေ ချုပ်ဖို့ ဖာထေးဖို့ လုပ်တဲ့အချိန် အပ်က ရှာမတွေ့ဘူး။ ပြောကြပြန်ရော.. အပ်လေး တစ်ချောင်းတောင် မရှိဘူး။ တစ်ခုခု အမြန်မှတ်ဖို့ ကြုံလာတဲ့ အခါ ရေးမှတ်ဖို့ ဘော့ပင် ဒါမှမဟုတ် ခဲတံလိုအပ်၊ အဲဒီအခါ ..ရေးဖို့ ဘော့ပင်လေး တစ်ချောင်း၊ ခဲတံလေး တစ်ချောင်းတောင် မရှိဘူး ဆိုကြပြန်ရော။ 

အိမ်ရှင်မတွေ ဟင်းချက်ရင်း ကျက်ခါနီး မြည်း ၊ ပေါ့တာသိ၊ ဆားအိုးနှိုက်တော့ ဆားကကုန် ... ဆားလေးတောင် မရှိဘူး။ အတော်တွေ့ရပါတယ်၊ အင်ဂျင်နီယာဖြစ်ပြီး ဝက်အူလှည့်လေး တစ်ချောင်းတောင် မရှိဘူး (တစ်ချို့ အင်ဂျင်နီယာများက စောဒက တက်နိုင်ပါတယ် ၊ ဟေ့ ဒို့အလုပ်က ဝက်အူလှည့်မလိုဘူးကွ ဆိုရင်လည်းပဲ ဒီမှာတော့ အင်ဂျင်နီယာအများစုမှာ အခြေခံ ရှိသင့်တဲ့ ကိရိယာလို့ မှတ်ယူပေးပါ)။ ဆေးခန်းမှာ ဂွမ်းနည်းနည်းလေးတောင် မရှိဘူး။ အဲဒီထမင်းဆိုင်ဗျာ.. တို့စရာ ဟင်းသီးဟင်းရွက်လေးတောင် မရှိဘူး။ စသည်ဖြင့် စသည်ဖြင့် .... 

သတိရမိပါ၏။ တက္ကသိုလ်ဝင်တန်းတွင် မြန်မာဆရာကြီး ရွတ်ပြသော .. 

 For want of a nail the shoe was lost,
 for want of a shoe the horse was lost,
 for want of a horse the knight was lost,
 for want of a knight the battle was lost,
 for want of a battle the kingdom was lost.
 So a kingdom was lost—all for want of a nail.

မြင်းခွာသံတစ်ချောင်း ပျောက်နေတာနဲ့  တိုင်းပြည်ပါ နောက်ဆုံး ပျောက်သွားတဲ့ သတိပေး စကားပုံပါ။ 

အသေးအမွှား ဆိုပြီး အထင်သေး ဂရုမစိုက်ဘဲ မနေသင့်။ ဟိုတုန်းက ဘယ်လောက်ပဲ အရေးမကြီး တန်ဖိုးမရှိတာ ဖြစ်ပါစေ လိုအပ်ချိန်မှာ အဲဒါဟာ အဖိုးမဖြတ်နိုင်အောင် အသုံးဝင်တာတွေ့ပါလိမ့်မယ်။ 

မှတ်ချက်။ ။ ဒီမှာ အဝတ်လှန်းတဲ့အခါ ၀ါးလုံးထိုးထည့်ပြီး အဝတ်လှန်းနိုင်တဲ့ ပိုက်လုံးအခေါင်းပေါက်တွေ တိုက်ခန်းတွေရဲ့ မီးဖိုချောင်အပြင်ဖက် ကပ်လျှက် နံရံမှာ ထားပေးပါတယ်။ အဝတ်လှန်းပြီး ၀ါးလုံးသိမ်း တစ်ခါတည်း ပိုက်လုံးအခေါင်းပေါက်တွေကို ပလတ်စတစ်အဖုံးလေးတွေနဲ့ ပြန်ဖုံးအုပ်။  ပလတ်စတစ်အဖုံးလေးတွေကို ပိုက်လုံးမှာ ရာဘာကြိုးနဲ့ ချည်ထားတာ။ လှန်းတဲ့အခါ ပလတ်စတစ်အဖုံးလေးတွေကို ဖြုတ်လိုက်၊ သူ့ဟာသူ တွဲလောင်းကျနေ။ သွေးလွန်တုပ်ကွေးခြင်ပေါက်မှာစိုးလို့ စနစ်တကျကာကွယ်ထားတာပါ။ မနက်က အဝတ်လှန်းရင်း ပလတ်စတစ်အဖုံးဖြုတ်၊ ရာဘာကြိုးပြတ် အဖုံး တိုက်အောက်ပြုတ်ကျ၊ ပြန်ကောက်၊ ပိုက်လုံးမှာ ချည်ဖို့ သားရေကွင်း ရှာတော့ တော်တော်နဲ့ မတွေ့။ အဲဒီ အဖုံး ဖုံးထားတာ မတွေ့ရင် ဒီမှာ ဒဏ်ငွေရိုက်တယ်။ ကျော်မောင်(တိုင်းတာရေး) ဆီမှာ သားရေကွင်းလေး တစ်ပင်တောင် မရှိဘူး။  နောက်မှ ရှာတွေ့။ ဒါနဲ့ ဒီဆောင်းပါးလေး ရေးမိတာပါပဲ။ တော်သေးတာပေါ့ဗျာ .. ကွန်ပျူတာသုံးပြီး ရေးလို့၊ မဟုတ်ရင် ဘော့ပင်လေး တစ်ချောင်းတောင် မရှိဘူးလို့ ဆိုချင်ဆိုရဦးမှာ ..... 

  ကျော်မောင်(တိုင်းတာရေး)
  ၂၄-သြဂုတ်-၂၀၁၄

Aug 23, 2014

အသုံးကျရဲ့လား (၁၁) ... စာကြည့်တိုက်များ

သက်ရှိထဲမှာ စကားပြောနိုင်တာ လူပဲရှိတယ်။ လူအချင်းချင်း စကားပြော ဆက်သွယ်ရာမှ အရေးအသားတီထွင်ဖန်တီးလာတာ။ နေတဲ့ ကျောက်ဂူတွေထဲမှာ ဂဏန်းအက္ခရာ အမှတ်အသားလုပ်ရင်းနဲ့ စလာတာပါပဲ။ လူတွေဟာ ကမ္ဘာဦးထဲက သိမ်းထားတတ် စုဆောင်းထားတတ်တာ ၀ါသနာပါတယ်။ အမဲလိုက်လို့ရလာတဲ့ သားကောင်အရေအတွက် စတာတွေ မှတ်ရင်းနဲ့ အက္ခရာတွေ စတင်လာတာပဲ။ စာရေး စာဖတ်တတ်လာတော့ လူရဲ့ ဝသီအတိုင်း စုဆောင်းထားတတ်ကြတယ်။ အဲဒီလို စုဆောင်းရင်း ကိုယ့်အတွက် သူ့အတွက်နဲ့ စာကြည့်တိုက်တွေ ပေါ်ပေါက်လာတာပါပဲ။ စာပေ၊ ကျမ်းဂန်၊ မူုရင်း စာရွက်စာတမ်းတွေ သိမ်းဆည်းထားပြီး စာပေလိုက်စားသူတွေ၊ အသိဉာဏ် ဗဟုသုတရှာဖွေသူတွေ၊ အတတ်ပညာ ဆည်းပူးသူတွေအတွက် စာကြည့်တိုက်များက အထောက်အကူပြုပါတယ်။ ဘုံထားပြီး စနစ်တကျစုဆောင်း၊ စနစ်တကျ အသုံးပြုကြတာမှာ  စာကြည့်တိုက်တွေက စံထားလောက်ပါတယ်။

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ခေတ်ပိုင်း ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသားများ ဖတ်ဖို့ နန်းတော်တွေထဲ စာကြည့်တိုက်တွေထားပါတယ်။ ဆရာတော်များ၊ ရဟန်းသံဃာများ အတွက် ဘုန်းကြီးကျောင်းစာကြည့်တိုက်များလည်း ရှိခဲ့ပါတယ်။ ပိဋကတ်တိုက်လို့ခေါ်ပါတယ်။ နောက်ပိုင်းခေတ် စာကြည့်တိုက်အတော်များများ ပေါ်ပေါက်လာပြီး အသင်းဝင်တွေ ငှားရမ်းဖတ်ရှုနိုင်တဲ့ အထိရောက်လာပါတယ်။ ငယ်ငယ်က စာစီစာကုံးရေးတာမှာ "ကျောင်းစာကြည့်တိုက်" ဆိုတဲ့ခေါင်းစဉ်ဆိုရင် အလွန်ခေါင်းစားရပါတယ်။ ရေးစရာ မရှိပေမယ့် စိတ်ကူးလေးနဲ့ ကြံဖန်ရေးခဲ့ရတာပါပဲ။ ဘာပြောကောင်းမလဲ၊ ကျောင်းစာကြည့်တိုက်ထဲမှာ ပုံပြင်၊ကာတွန်း၊ဂျာနယ် မှအစ နာမည်ကျော်စာရေးဆရာကြီးများရေးတဲ့ စာအုပ်တွေ၊ ရည်ညွှန်းတွေဖြစ်တဲ့ အဘိဓာန်၊ စွယ်စုံကျမ်း အတော်ရှိတယ်ပေါ့၊ တော်သေးတယ် အဲဒီတုန်းက "ကျော်မောင့်အတွေးထဲက ကျောင်းစာကြည့်တိုက်" လို့ ဆရာမ မပြင်ပေးလိုက်တာကံကောင်း။

နိုင်ငံတစ်နိုင်ငံရဲ့ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်၊ စက်ရုံအလုပ်ရုံတွေမှာဆိုရင်လည်း ပညာရပ် သုတရသ ဆိုင်ရာဆိုင်ရာ စာကြည့်တိုက်တွေ အဆင့်မြင့်ရင် အဲဒီနိုင်ငံလည်း တိုးတက်ပါတယ်။ ထိုကျောင်းတွေ၊ ကောလိပ် တက္ကသိုလ်တက်ခဲ့ရတဲ့ သူတွေက သူတို့ရပ်ရွာမှာ စာကြည့်တိုက်တွေ ဖြစ်ပေါ်အောင် ဆောင်ရွက်ကြမှာပဲ၊ စာကြည့်တိုက် အသုံးဝင်ပုံကို လက်တွေ့သိထားကြပြီကိုး။ စာကြည့်တိုက်တွေ ဖြစ်ပေါ်အောင် လုပ်ခဲ့ကြတဲ့ သာဓကတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်တွေကို ဦးစားပေးပြီး တိုးတက်အောင် လုပ်သင့်တယ်။ ရပ်ကွက်စာကြည့်တိုက်၊ မြို့နယ်စာကြည့်တိုက်၊ ပုဂ္ဂလိက စာကြည့်တိုက်တွေမှာ အဲဒီလူတွေ ဦးဆောင်လာမှာ၊ ဦးဆောင်ခွင့်လည်း ပေးရမယ်။ စာအုပ်စာတမ်းတွေ လှူနေရုံ၊ စာဖတ်ကြပါ စာဖတ်ကြပါလို့ တိုက်တွန်းနေရုံနဲ့ မလုံလောက်သေးပါ။ အခု ရွေ့လျားစာကြည့်တိုက်တွေ လုပ်လာတာ သဘောကျတယ်၊ စာဖတ်ချင်သူတွေ စာအုပ်ရှိရာ မလာအားရင် စာအုပ်တွေက စာဖတ်သူတွေရှိရာလာမယ်။ အတော်ကောင်းပါတယ်။

တက္ကသိုလ်တွေမှာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်စာကြည့်တိုက်များလို မလုပ်နိုင်တာတောင်မှ ဆိုင်ရာ စာအုပ်တွေ ပြည့်ပြည့်စုံစုံဖန်တီးပေးဖို့လိုတယ်။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ပြင်ပစာကြည့်တိုက်တွေ  အားကိုးမနေဘဲ ကိုယ့်ကျောင်း ကိုယ့်တက္ကသိုလ်က စာကြည့်တိုက်နဲ့ အလုပ်ဖြစ်စေချင်ပါတယ်။
တက္ကသိုလ်ကဘွဲ့ရတဲ့ နှစ်မှာ ဘွဲ့ရများဂုဏ်ပြုညစာ စားပွဲလုပ်တာထက် အဲဒီ ဘွဲ့ယူမောင်မယ်များ စုပေါင်းပြီး စာသင်ကြားခဲ့ရာ တက္ကသိုလ်ရဲ့ စာကြည့်တိုက်အတွက် လိုအပ်တဲ့ စာအုပ်စာတမ်းတွေ အထောက်အကူပြုပစ္စည်းတွေ အမှတ်တရလှူကြရင် သိပ်ကောင်းမှာပဲ။ လုပ်လည်းလုပ်ခဲ့တဲ့သူတွေ ရှိပါတယ်။ စဉ်ဆက်မပြတ်ဖို့လည်းလိုပါတယ်။ ဘွဲ့ယူကြတဲ့ နှစ်တိုင်း လုပ်ကြရင်တော့ စာအုပ်တွေထားဖို့ စာကြည့်တိုက်နေရာ ကျယ်ကျယ်မှ ရမှာပါ။

စာကြည့်တိုက် ဆိုတာသာ မရှိခဲ့ရင် စာတိုငညို ကနေ ဝန်ဇင်းမင်းရာဇာလို့ ခေါ်တဲ့ ဘုရင့်ပညာရှိ မင်းတိုင်ပင် အမတ်ဖြစ်လာစရာ မရှိဘူး။ သူသာ မင်းတိုင်ပင် အမတ် မဖြစ်ရင် ဘုရင်လည်း အသုံးကျချင်မှ ကျမယ်။ တိုင်းပြည်လည်း ကမောက်ကမ ဖြစ်ချင်ဖြစ်နိုင်တယ်။ (စာတိုငညိုဟာ သူ့ကျေးရွာက ဘုန်းကြီးကျောင်းပိဋကတ်တိုက် (စာကြည့်တိုက်)ကို အသုံးပြုပုံပေါ်ပါတယ်)။ စာကြည့်တိုက် ဆိုတာသာ မရှိခဲ့ရင် လင်ကွန်း လည်း သမ္မတဖြစ်လာစရာ မရှိဘူး။ ဟားဗတ်တက္ကသိုလ်မှာ စာကြည့်တိုက် မထားရင်၊ အောက်စ်ဖို့မှာ စာကြည့်တိုက် ကောင်းကောင်းမရှိရင် .....

ကဲဗျာ .. ကျွန်တော်တို့ တက္ကသိုလ်တွေမှာ စာကြည့်တိုက်ကောင်းကောင်းမရှိရင် ....
စာဖတ်သူများ ဆက်တွေးကြပါ။ တွေးပြီးရင်တော့ ဘာလုပ်ရမယ်ဆိုတာ သိလာမှာပါ။ စာကြည့်တိုက် အကျိုးသိပြီး ကောင်းမွန်စွာ အသုံးချနိုင်ကြပါစေ။ ။
   
 ကျော်မောင်(တိုင်းတာရေး)
 ၂၃-သြဂုတ်-၂၀၁၄

Aug 20, 2014

အသုံးကျပါတယ် (၁၀) .... ဟိုးရှေးရှေးတုန်းက

ပုံပြင်တွေ ပြောပြကြဖို့ပါ။ ဘယ်အရပ်ဒေသ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကလေးပုံပြင်စာအုပ်တွေ ပုံပြောကောင်းသူတွေ များစွာလိုအပ်ပါတယ်။ ပုံပြင်ဟောင်းတွေ ပြန်လည်ဖော်ထုတ်ပြီး ပုံပြင်အသစ်တွေ ထပ်မံဖန်တီးရမှာပါ။ 

ပုံပြင်ဟာ ကလေးစာပေမှာ အဓိကကျပါတယ်။  "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဖ" ဆိုတဲ့အတွက် ကလေးရဲ့ ဦးဆုံးဆရာသည် မိဘတွေပဲဖြစ်ပါတယ်။ ပုံပြင်ကောင်းကောင်း ပြောတတ်တဲ့ အဖေ အမေတွေ ဖြစ်ဖို့လိုပါတယ်။ မိဘအဖြစ်ရောက်သွားကြသူများ သူတို့ငယ်စဉ်ကလေးဘဝမှာ ပုံပြင်များစွာနားထောင်ခွင့်ရခဲ့မယ်ဆိုရင် သူတို့သားသမီးများအား  ထိုပုံပြင်များ ပြန်လည်ပြောပြနိုုင်မှာပါ။ ပုံပြင်အတော်များများ နားမထောင်ခဲ့ရ၊ မဖတ်ခဲ့ရတဲ့သူများအတွက် မိဘဖြစ်လာတဲ့အခါ ပုံပြင်တွေဖတ်ဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ကလေးတွေကို ပုံပြောပြဖို့ပေါ့။ ကလေးတွေကို  ပုံပြင်စာအုပ်ဖတ်ပြတာကလည်း ပုံပြောခြင်းတစ်မျိုး ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စာသင်ကျောင်း မတက်ရမီ ကျောင်းနေအရွယ်မတိုင်မီမှာ ပုံပြင်များစွာကို သူတို့လေးတွေ နားရည်ဝနေနိုင်ပြီပေါ့။
စာသင်ကျောင်းရောက်တဲ့အခါ ဆရာ ဆရာမများပြောပြတဲ့ တိုင်းရင်းသားရိုးရာပုံပြင်များ၊ နိုင်ငံတကာ ပုံပြင်များ စသည်ကို နားထောင်ပြီး ပုံပြင်ကို ပိုမိုနှစ်သက်လာနိုင်ပါတယ်။ ပုံပြောကောင်းတဲ့ ဆရာ ဆရာမ သင်တဲ့ဘာသာရပ်မှာ ထူးချွန်ထက်မြက်တဲ့ ကလေးတွေ အမြောက်အမြား ပေါ်ထွက်လာနိုင်ပါတယ်။

ပုံပြောပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ပုံပြင်တွေကို ကလေးများစိတ်ဝင်စားလာအောင် ပြုလုပ်နိုင်ပါတယ်။ စာကြည့်တိုက်တွေမှာ စာကြည့်တိုက်မှုးတွေက ကလေးတွေကို ပုံပြောပြကြတဲ့ အစီအစဉ်ရှိပါတယ်။ ကလေးတွေကိုယ်တိုင် စာဖတ်နိုင်တဲ့အခါ သူတို့နဲ့ သင့်တော်မယ့် ပုံပြင်စာအုပ်တွေ ညွှန်းပြရပါမယ်။ စာအုပ်အရာင်းဆိုင်တိုင်း ပုံပြင်စာအုပ်များ ရောင်းဖို့ လိုပါတယ်။ ပုံပြင်အတော်များများဟာ စိတ်ကူးသက်သက်မျှ ဖြစ်နိုင်ပေမဲ့ ထိုပုံပြင်တွေမှ တစ်ဆင့် စိတ်ကူးကောင်းတွေ၊ ဓလေ့ထုံးစံတွေ၊ အတွေးသစ် အမြင်သစ်တွေ ထပ်ဆင့်ပွားများစေပါတယ်။ ပုံပြင်များ နားထောင်ခြင်း ဖတ်ရှုခြင်းဖြင့် သက်ဆိုင်ရာ စကားလုံးဝေါဟာရများကြွယ်ဝလာနိုင်ခြင်း၊ ဇာတ်လမ်းဇာတ်ကွက် အစီအစဉ်နှင့်စီကာပတ်ကုံး ရေးဖွဲ့ထားမှုများအား သတိပြုမိလာစေခြင်း၊ ကလေးများ၏ စူးစမ်းလေ့လာချင်စိတ်များ ပိုမိုအားသန်လာစေခြင်း၊ အကောင်း အဆိုး အကြောင်း အကျိုးကို ပုံပြင်များမှပေးသော သင်ခန်းစာ အနေအဖြစ် စတင်သိရှိလာစေနိုင်ခြင်း၊ ပုံပြင်ပါ ဇာတ်ကောင်များ၏ ကောင်းမွန်သော အကျင့်နှင့်လုပ်ရပ်များအား အတုယူအားကျလာစေခြင်း စသည့် ကျေးဇူးတစ်ပုံတစ်ပင် ရစေနိုင်ပါတယ်။

ကလေးတွေက များသောအားဖြင့် ပုံပြင်အသစ်အသစ်တွေ နားထောင်ချင် ဖတ်ရှုချင်ကြတယ်။ ပုံပြင်ဟောင်းကို ပြန်ပြောမိပါက ပြောပြီးသားကြီးဆိုပြီး စောဒကတက်ပါလိမ့်မယ်။သူတို့စိတ်ဝင်စားလာတဲ့အခါ မျက်လုံး အဝိုင်းသားနဲ့ အားပါးတရ နားစွင့်ထားကြပါလိမ့်မယ်။ ပုံပြောသူရဲ့ လေယူလေသိမ်းကို လိုက်ပြီး ပုံပြင်ထဲမှာ မျောပါကြပါလိမ့်မယ်။ မရိုးနိုင်တဲ့  ပုံပြင်တွေအတွက် ထပ်ခါထပ်ခါ ပြောပြပေးဖို့ တောင်းဆိုမှုတွေ ရှိတတ်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေဟာ ကလေးများအဖို့ အိပ်ဆေးကောင်းတွေ ဖြစ်ပါတယ်။ ပုံပြင်တွေကို သူတို့ကိုယ်တိုင်ဖတ်တဲ့အခါ ထမင်းမေ့ ဟင်းမေ့ ဖြစ်တတ်ပါတယ်။ တစ်ချို့က ပုံပြင်တိုလေးတွေ၊ ပုံတိုပတ်စတွေ ဖတ်ရတာ နှစ်သက်ပြီး တစ်ချို့က ပုံပြင်ရှည်တွေကိုမှ တမေ့တမော စွဲွဲလမ်းးစွာ ဖတ်ရှုကြပါတယ်။

ပုံပြင်တွေကို အသံနေ အသံထား မှန်မှန်ကန်ကန်ဖြင့် လေ့ကျင့်ဖတ်ရှုပါက ပုံပြောကောင်းသူ ဖြစ်လာနိုင်ပါတယ်။ ပုံပြင်နားထောင်ခြင်း၊ ပုံပြင်ဖတ်ရှုခြင်းဖြင့််လည်း ပုံပြောကောင်းသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

"ဟိုးရှေးရှေးတုန်းက" ၊ "တစ်ခါတုန်းက" လို့သာ စလိုက်ပါ။ ပုံပြင်ချစ်သူတွေ ဘယ်လောက်ရှိသလဲဆိုတာ တွေ့ရပါလိမ့်မယ်။   ။

 ကျော်မောင်(တိုင်းတာရေး)
  ၂၀-သြဂုတ်-၂၀၁၄