Nov 13, 2021

 


✍️ ✍️ စာရေးရတာ ✍️ ✍️

ရှည်ကြာစွာ စွဲမြဲနေတဲ့ အယူအဆ(ဟောင်း)တွေ အတွေးအခေါ်(ဟောင်း)တွေဟာ လွယ်လွယ်ကူကူနဲ့ ဖျောက်ဖျက်ပစ်နိုင်ဖို့ ခဲယဉ်းကောင်း ခဲယဉ်းနေလိမ့်မယ်။ တုံးတုံးတိတိကြီး လုပ်ဖြစ်နိုင်ဖို့ဆိုတာ ရိုးရိုးလူတွေ လုပ်နိုင်တဲ့ ကိစ္စဟုတ်ဟန် မတူ။

ဒါဆို ရိုးရိုးလူနဲ့ ဆန်းဆန်းလူ ဘာကွာနေသတဲ့လဲ။
ဥပမာအားဖြင့် နတ်ကိုးကွယ်မှုလို ဘိုးတော်ကိုးကွယ်မှုလို ဗေဒင် လက္ခဏာ နက္ခတ် အစီအရင် စတာတွေလိုကနေ နိမိတ်ကောက်တာတွေဟာ လက်ခံကျင့်သုံးနေသူပေါ် မူတည်ပြီး တည်တံ့နေတယ်။
မတတ်ကောင်းတဲ့ အရာ ဘာမှ မရှိ။
နေရာမှန်မှာ အသုံးချတတ်ဖို့ လိုပါလိမ့်မယ်။

ခက်ခဲနက်နဲတဲ့ ရှေးဟောင်းသီချင်းကြီးတပုဒ်ကို ရှေးဟောင်းသီချင်းကို လက်ခံတဲ့ အသိုင်းအဝန်းမှာ ပိုင်နိုင်စွာ ဆိုပြနိုင်ရင် ချီးကျူးခံရနိုင်​ပေမယ့် လမ်းမပေါ်ဖြစ်ဖြစ် ကားဂိတ် ဘူတာ သင်္ဘောဆိပ်လိုနေရာမျိုးမှာ ဖြစ်ဖြစ် ဆိုပြနေရင် အကျိုးမဲ့ပဲ ဖြစ်ပါလိမ့်မယ်။

ဘားဆိုင်မှာ တယောက်တည်း သောက်နေတဲ့ ဇာတ်လိုက်ရဲ့ စားပွဲရှေ့ လူတယောက်ရောက်လာပြီး လွတ်တဲ့ထိုင်ခုံမှာ ထိုင်ခွင့်တောင်းပါတယ်။ ရောက်လာတဲ့သူက သူ့ကိုယ်သူ မိတ်ဆက်ရင်း သူဟာ ဒီမြို့မှာ တာဝန်ယူရမယ့် အလုပ်လေးတခုရှိလို့ လာတာပါလို့ပြောတယ်။ အဲဒီမြို့မှာက မနက်ဖန် မနက်ဆိုရင် ရာဇဝတ်ကောင် လေးယောက်ကို ကြိုးပေးဖို့ ရှိတယ်။ ဒီလူက ကြိုးပေးသမား ပါးကွပ်သား ဖြစ်တယ်။ သူက စားပွဲကနေ ထတော့ ဇာတ်လိုက်ကို နှုတ်ဆက်တယ်။

"I hope to see you again, Sir.
Of course not professionally” တဲ့။

ညမအိပ်ခင် စာရိုက်တယ်။ အရေးကြီးတာ အရင်လုပ်ဆိုတဲ့အတွက် အရေးကြီးတာတွေ ချရေးရင်း အရေးမပါတဲ့ အကြောင်းအရင်းတွေကို အခန်းထောင့်မှာ လုံးထွေးပြီး ပုံထားလိုက်တယ်။ ပြီးတဲ့အခါ စာရွက်လွတ်တရွက်ပေါ်မှာ ချရေးလိုက်တယ်။

"အရေးမပါသော အကြောင်းအရင်းများအား ဖယ်ထုတ်လိုက်နိုင်ခြင်း (မှတ်ချက် - လုပ်ဆောင်ပြီး)"

သက်ပြင်းရှည်ကြီးတခု အသံထွက်အောင် အောက်ကိုဆွဲချလိုက်ပါလေရော။ ဘေးအိမ်က ရုပ်ရှင်ကြည့်နေကြတဲ့အတွက် ရုပ်ရှင်ထဲက အသံပေါင်းစုံဟာ ပိတ်ထားတဲ့ ပြတင်းပေါက်မှန်ကို ဖြတ်ပြီး တချက်တချက်မှာ ကြမ်းကြမ်းတမ်းတမ်း ပြေးဆောင့်နေတယ်။

နင်တို့ ပိတ်မှ ငါလည်း အိပ်တော့မယ်လို့ အောက်ထပ်က အဘိုးအိုက ဒေါသတကြီး အော်ဟစ်နေတာ သုံးခါမက။

ဒီလိုနဲ့ တရက်ကုန်ခဲ့ပြန်တယ်။
စာရေးရတာ ပျော်တယ်။

I hope to see you again, Sir.
Of course not professionally ဆိုတာပဲ ပြန်ပြန်ရွတ်မိနေတော့တယ်။

ကျော်မောင်(တိုင်းတာရေး)
၁၁-၁၁-၂၀၂၁

(ပုံကတော့ ဖြည့်စွက်အနေနဲ့ ထည့်လိုက်တာပါ၊ ပလာတာဆိုတာ အပူပေးလိုက်ရင် ပွလာတဲ့ဝါးစရာပဲ၊ မတူးဖို့တော့ ကျွမ်းကျင်ရမှာပေါ့၊ လေးငါးခုလောက် မလှမပဖြစ်ပြီးရင် ပလာတာအပူပေးရာမှာ ပရို ဖြစ်နိုင်တဲ့အခွင့်အရေးရရှိနိုင်ပါတယ်)


လေ့ကျင့်ပါ

လေ့ကျင့်တာနဲ့ ပတ်သက်လို့ စနစ်တခုထားပြီး ဆောင်ရွက်ရင် အတိုင်းအတာတခုအထိ ထိရောက်မှုရှိတာတွေ့ရတယ်။

ဂိုးပေါက်ထဲ ဘောလုံးရွှတ်ကစားကြတာကို အပျော်ဆော့ကြပေမယ့် ကလေးတယောက်ကတော့ ကစားပွဲပြီးတာတောင် အိမ်မပြန်သေးဘဲ ညမှောင်တဲ့အထိ တယောက်ထဲ လေ့ကျင့်တယ်။
နောက်နေ့တွေမှာလည်း ညမှောင်တဲ့အထိ ထပ်လေ့ကျင့်တယ်။
ရက်အနည်းငယ်အတွင်းမှာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ တက်လာတာ တွေ့ရတယ်။
အရုပ်ထောင်ပစ်တဲ့ ကစားနည်းမှာ တော်တော်များများဟာ ကစားပွဲမှာပဲ ကိုယ့်မှာရှိတဲ့အရုပ်နဲ့ရင်းပြီး အတွေ့အကြုံယူကြပါတယ်။ ကလေးတယောက်ကတော့ သူ့ဖာသာသူ သူ့အရုပ်လေးတွေထောင်ပြီး လေ့ကျင့်ပါတယ်။ တပတ်လောက် စိတ်တိုင်းကျ လေ့ကျင့်ပြီးတဲ့အခါမှ ကစားပွဲကို ဝင်ကစားပါတယ်။ သူ အမြဲနိုင်လေ့ရှိပါတယ်။
သံပရာရည်ဖျော်သောက်လေ့ရှိတဲ့ ဦးလေးတယောက်ဟာ သံပရာရည်မဖျော်ခင်မှာ သံပရာသီးနှစ်လုံးကို လက်တဖက်တည်းနဲ့ တလှည့်စီ မြှောက်လိုက် ဖမ်းလိုက် ကစားပြလေ့ရှိတယ်။ သူ့တူတယောက်က ဒါကိုသဘောကျပြီး လိုက်လေ့ကျင့်တယ်။ အစပိုင်းမှာ ခက်ခဲတယ်။ နောက်ပိုင်းမှာ ကျွမ်းကျင်သွားပြီး နှစ်လုံးမြှောက်ကစားရတာကို ငြီးငွေ့လာတဲ့အခါ သုံးလုံးမြှောက်ကစားဖို့ ကြိုးစားတယ်။ နှစ်လုံးတုန်းက တွေ့ကြုံခဲ့တဲ့အခက်အခဲကာလလိုမျိုးကိုလွန်မြောက်ပြီး သုံးလုံးကစားတာကို အတော်ကစားနိုင်လာခဲ့တယ်။
အလေ့အကျင့်ပါပဲ။
တခါတရံမှာ နေ့တိုင်းလေ့ကျင့်နေပေမယ့် မတိုးတက်သလို ဖြစ်လာရင် စနစ်မှာ ပညာပံ့ပိုးလိုက်ဖို့လိုပါတယ်။ ရိုးရာခြင်း အတော့ လေ့ကျင့်သလို တချို့နေရာတွေမှာ လိုက်နာရမယ့် ပညာ(အထာ) လိုပါတယ်။
လေ့ကျင့်ပါ။
ပုံမှန်လေ့ကျင့်ပါ။
အခက်အခဲဖြစ်လာရင် ရအောင် ကျော်လွှားပါ။
ကစားရတာ ငြီးငွေ့လာတဲ့အခါ တဆင့်ခက်တဲ့ကစားနည်းကို ဆက်လေ့ကျင့်ပါ။
ကျော်မောင်(တိုင်းတာရေး)
၉-နိုဝင်ဘာ-၂၀၂၁
ပုံကတော့ ကန်တမာ့ (kentama) ခေါ်တဲ့ ကစားနည်းက ကစားစရာပုံပါ။

လက်သံပိ

တရက်မှာ လမ်းထဲက အိမ်တအိမ်က ရှင်ပြုမင်္ဂလာပွဲအတွက် ညဖက် ဆိုင်းနဲ့ ဧည့်ခံပါတယ်။ ညဦးပိုင်းမှာ သားဖြစ်သူက ဆိုင်းဝင်တီးပါတယ်။ သူကလည်း နှယ်နှယ်ရရမဟုတ်ပါ။ လူငယ်ဖြစ်ပေမယ့် ပရိသတ်ကို အတော်လေးဆွဲဆောင်နိုင်ပြီး စိတ်ပါလက်ပါတီးနိုင်သွားတာ ကြားရတယ်။
ကြားရတယ်ဆိုတာက လမ်းထဲတင် အိမ်အောက်မျက်စောင်းထိုးလောက်ဆိုတော့ အိမ်ပေါ်အထိ ဆိုင်းသံဗုံသံ စည်းဝါးလိုက်သံက ကြားနေရတာကိုး။ နားမထောင်ချင် အိမ်ရှေ့တံခါး ပိတ်ထားရုံပါပဲ။ ဆိုင်းဆရာလေးတီးနေတာက ခေတ်ပေါ်သီချင်းတွေများတယ်။ လာကြည့်တဲ့ပရိသတ်အကြိုက် တပုဒ်ပြီး တပုဒ်တီး၊ ဆုချတဲ့သူတွေကလည်း ဘာသီချင်းလေး တီးပြပါဦးဆိုပြီး ဆုချ။
ညနက်လာတော့ ပရိသတ်ကလည်း အိမ်ပြန်အိပ်၊ လာကြည့်သူနည်းသွားတော့ ဆိုင်းဆရာလေးလည်း တီးရတာမော၊ ခဏနား။
တအောင့်နေတဲ့အခါ ဆိုင်းတီးသံကြားရပြန်ပါတယ်။ လက်သံက ခုနက တီးတာနဲ့မတူ၊ အင်မတန် ပိပါပေတယ်။ လက်သံတော်တော်ပိတာပဲလို့ ဒီလိုဆိုရမယ်။ ဆိုင်းနောက်ထက အခုတီးနေတာကတော့ ရွာစားကြီးဘယ်သူပါလို့ မိတ်ဆက်သံကြားတော့မှ ဒါဆိုင်းဆရာလေးရဲ့ အဖေပဲ။ ခုနက သူဝင်မတီးဘဲ သူ့သားကို ပွဲထုတ်တာဖြစ်မယ်။ အခု သူတီးတာတွေက ခေတ်ပေါ်သီချင်းမဟုတ်၊ ကြားရခဲတဲ့ သီချင်းကြီးတွေဖြစ်နေတယ်။ ဂန္ထဝင်တီးလုံးတီးကွက်တွေပေါ့။ ပရိသတ်က ပြန်ကုန်ကြလို့ လာကြည့်သူမရှိပေမယ့် ရွာစားကြီးဟာ သူ့ရဲ့ပညာစွမ်းကို မလျှော့ဘဲ တီးနေတဲ့အတွက် အိမ်ပေါ်က နားထောင်နေတဲ့သူအတွက်က အားရကျေနပ်မှုတွေ ဖြစ်မိတယ်။
ကျောင်းတုန်းက သူငယ်ချင်းနဲ့ နားထောင်ခဲ့ဖူးတဲ့ ဆိုင်းဝိုင်းကြီးအကြောင်းကိုလည်း ပြန်သတိရမိတယ်။ သူငယ်ချင်းက ငါတို့အိမ်နားမှာ ဆိုင်းဝိုင်းလာတီးမယ်။ မင်းလာခဲ့ကွာ ဆိုတာနဲ့ အဲဒီညမှာ သွားကြည့်၊ သူက သူ့အိမ်က ထိုင်ခုံတွေ ယူလာပြီး ကြည့်ကြ နားထောင်ကြ။ အဲဒီ ဆိုင်းဆရာဟာ အသက်ငယ်ငယ်နဲ့ အင်မတန်တော်တဲ့ ပညာရှင်ဖြစ်တယ်။ လက်သံစိပ်စိပ်နဲ့ တီးနိုင်ပြီး သူ့ဗုံသံကလည်း နားထောင်လို့ အလွန်ကောင်းတယ်။ အဲဒီပွဲဟာ အဲဒီဆိုင်းဆရာရဲ့ နောက်ဆုံးပွဲ ဟုတ်မဟုတ် သေချာမသိပေမယ့် ကြည့်ခဲ့ နားထောင်ခဲ့သူအဖို့ ဒီဆိုင်းဆရာနဲ့ ပြန်မဆုံနိုင်ခဲ့ပါ။ ဆိုင်းဆရာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တဲ့အတွက်ပါ။
ခုနက ဆိုင်းဆရာလေးရဲ့ အဖေလက်သံဟာလည်း ဗုံသံဟာ ပီလွန်းတယ်လို့ ဆိုရပါမယ်။ မနက်မိုးလင်ခါနီးမှ ဆိုင်းဝိုင်းသိမ်းပါတယ်။ အဲဒီအခါကျမှ အိမ်ပေါ်ထပ် ခုံတန်းရှည်ပေါ်မှာ လှဲအိပ်ပြီး မြန်မာ့ဂီတပညာကို အားရကျေနပ်စွာနားထောင်နေသူလည်း အိပ်ရာဝင်ပါတယ်။
ဒီဆိုင်းဝိုင်းအကြောင်း၊ အဖေနဲ့သားနဲ့ လက်သံပိပုံကွာတဲ့အကြောင်း၊ အဖေဖြစ်သူ ဆိုင်းဆရာကြီး တီးနေတဲ့အခါ နားထောင်သူမရှိကြောင်း၊ ရပ်ဝေးကနေ ခဏပြန်ရောက်လာတဲ့ အဖေ့ကို ပြောပြတော့ သူက ဒီလို မချိတင်ကဲပြန်ပြောပါတယ်
"မင်းကွာ တိုက်အောက်လေး ဆင်းပြီး ဆိုင်းဝိုင်းရှေ့ထိုင်ပြီး အားပေးဖို့ ကောင်းတယ်၊ အတော်ညံ့တဲ့ကောင်"
အဲဒီအခါမှ ဟာ ဟုတ်ပါလားပေါ့၊ အဖေပြောသလို အောက်ဆင်း ဆိုင်းဝိုင်းရှေ့ထိုင်ပြီး အားပေးရင် တီးနေတဲ့ဆိုင်းဆရာကြီးလည်း အားတက်မှာ အမှန်ပဲဆိုပြီး နောင်တရမိပါတယ်။
လက်သံပိတဲ့ ရွာစားကြီးနဲ့ အဖေပြောပြပုံလေး အမှတ်တရပေါ့။
"မန်းတောင်လကျ်ာ" သီချင်းဟာ သားအဖတွေ ကက်ဆက်ဖွင့်လိုက် ရပ်လိုက် နောက်ပြန်ရစ်လိုက် စာသားချရေးလိုက်နဲ့ လုပ်ရင်း အလွတ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးသော သီချင်းကြီးဖြစ်ခဲ့ပါတယ်။
လက်သံပိတဲ့အခါ အားပေးပါတယ်။
မြန်မာ့ဆိုင်းဝိုင်းကြီး တိုးတက်အောင်မြင်ပါစေသောဝ်။
ကျော်မောင်(တိုင်းတာရေး)
၁၅-အောက်တိုဘာ-၂၀၂၁