Jul 1, 2016

ကူညီခြင်း ဆိုရာဝယ်

သောကြာနေ့က ရုံးရောက်ဖို့ ကားစီးတဲ့အခါ နှစ်ထပ်ကားစီးရတယ်။ စီးနေကြအတိုင်း အတွင်းဖက်လှေကားကနေတဆင့် အပေါ်ထပ်ကို တက်တယ်။ လှေကားတက်တက်ချင်းမှာ တွေ့တဲ့ ထိုင်ခုံမှာဝင်ထိုင်တယ်။ ခါတိုင်းထိုင်နေကြက ကားမှန်နားကပ်လျက်၊ အခုက ခရီးသည်တယောက်ရှိနှင့်နေတဲ့အတွက် လျှောက်လမ်းဖက်က ထိုင်ခုံမှာ ထိုင်လိုက်ရတယ်။ ထိုင်ခုံတွေက သီးခြားခုံတွေကို နှစ်ခုံစီတွဲထားတာ။ ခရီးသည်တွေ တယောက်ချင်း ကားပေါ်တက်လာနေကြ၊ ထိုင်ခုံမှာ ထိုင်ကြ၊ ထိုင်နေတဲ့သူတွေက ဖုန်းတွေသုံးကြနဲ့ မကြာခင်မှာပဲ ကားက စထွက်ပါတယ်။

နှစ်ထပ်ကားမောင်းတဲ့ ဘတ်စ်ကားကပ္ပတိန်က လူလတ်ပိုင်းအရွယ် မလေးအမျိုးသမီးဖြစ်ပါတယ်။ ကားထွက်ချိန်မှာပဲ လုပ်စရာနှစ်ခုကို သတိရမိတယ်။ ကျောပိုးအိတ်ထဲမှာ ပါတဲ့ စာအုပ်ကို ထုတ်ဖတ်မလား၊ ဖုန်းထဲက မှတ်စုမှာပဲ တိုတိုထွာထွာရေးမလားဆိုတာပါပဲ။ ဖုန်းက လက်မှာ ကိုင်ပြီးသားဆိုတဲ့အတွက် ရေးဖို့ရွေးချယ်လိုက်ပြီး ဖုန်းကို ဖွင့်ပါတယ်။ ကားက ဂိတ်ကအထွက် မီးပွိုင့်မှာ မီးနီမိနေပါတယ်။ 

အဲဒီမှာပဲ အောက်ထပ်က အသံတသံကြားပါတယ်။ ဘာပြောမှန်း မသဲကွဲပါ။ သေသေချာချာနားထောင်ကြည့်မှ " ဟလို ဟလို" ဆိုတာကို စကြားရတယ်။ တခုခုကို လက်နဲ့ တဖုန်းဖုန်းရိုက်နေတာလည်း ကြားရတယ်။ အသံထဲမှာ "အပေါ်ထပ်က တယောက်ယောက်ကူညီပါ" လို့ ကြားမိသလိုဖြစ်တော့ ထိုင်နေတဲ့နေရာကနေ ဘေးတွေ နောက်တွေ လှည့်ကြည့်မိတယ်။ လျှောက်လမ်းမှာ အန်တီတယောက် မတ်တပ်ရပ်ပြီး ဖုန်းသုံးနေတာကို တွေ့တယ်။ ရိပ်မိသွားပြီ၊ အောက်က တဒုန်းဒုန်းအသံနဲ့ ပြောသံတွေက ကားကပ္ပတိန်ဆီက လာတာ။ အပေါ်ထပ်မှာ မတ်တပ်ရပ်စီးခရီးသည် မရှိရဘူး။ အပေါ်ထပ်ကို တက်တဲ့လှေကားမှာလည်း မတ်တပ်ရပ်ခွင့်၊ ထိုင်ခွင့်မရှိဘူး။ 

အန်တီက ဖုန်းလေးပွတ်နေမြဲ၊ အောက်ကအသံကလည်း ပိုပြီး ညံလာသလို၊ ကားက မီးပွိုင့်ကနေ ထွက်စပြုနေပြီ။ 

အန်တီ ဒီမှာလာထိုင်ဆိုပြီး ပြောတဲ့အခါ အန်တီက ရပါတယ်တဲ့။ မဟုတ်ဘူး သွားထိုင်၊ အဲဒီမှာ မတ်တပ်ရပ်လို့မရဘူးပြောပြီး လှေကားကနေ အောက်ထပ်ကို ဆင်းခဲ့တယ်။ ကားကပ္ပတိန်ဆီက ကျေးဇူးတင်ပါတယ်ဆိုတာလည်း မကြားရပါ။ အောက်ထပ်က ခရီးသည်တွေဆီက အကြည့်တွေကို စူးစူးရဲရဲခံလိုက်ရပါတယ်။ စည်းကမ်းဖောက်တာ ဒီလူပဲဖြစ်မယ်ဆိုတဲ့အကြည့်။ ကားပ္ပတိန်အော်နေတာ ဒီလူပဲဖြစ်မယ်ဆိုတဲ့အကြည့်။ ကားကပ္ပတိန်ခေါင်းပေါ်ဖက်မှာရှိတဲ့ တီဗီကို ခရီးသည်တွေ ကြည့်ဖြစ်ချင်မှ ကြည့်ဖြစ်ကြပါလိမ့်မယ်။ သူက အဲဒီကနေ လှမ်းကြည့်ပြီး အန်တီ့ကို ပြောတာ။ 

ဘာပဲပြောပြော လုပ်သင့်တာတခုကို လုပ်ဖြစ်သွားတဲ့အတွက် ပီတိဖြစ်ရပါတယ်။

Jun 29, 2016

ရေးကြည့်တာပါ ::)

(က) သမီး မေမေ အိပ်နေတုန်း သမီးကလည်း သူ့ဘာသာသူ ကစားနေချိန် သမီး ဖေဖေက မျဉ်းကြောင်းမပါတဲ့ စာရွက်ဖြူပေါ်မှာ ဘော့ပင်နဲ့ ဟိုးအရင်တုန်းက ရေးခဲ့တဲ့ ဆောင်းပါးတပုဒ်၊ တိတိကျကျပြောရရင် ဝတ္ထုတပုဒ်ကို ညွှန်းတဲ့ အညွှန်းဆောင်းပါးကို စာပြန်စီကာ ထည့်သင့်တာထည့် ဖြုတ်သင့်တာဖြုတ်ပြီး လက်ရေးမူကနေ ဒစ်ဂျစ်တယ်သို့ပြောင်းကာ ကွန်ပျူတာထဲသို့ သိုလှောင်သိမ်းဆည်းခြင်းပြုလုပ်နေပါသည်။

(ခ) သမီး မေမေ အိပ်နေတယ်။ သမီးကလည်း သူ့ဘာသာသူ ကစားနေတယ်။ သမီးဖေဖေက စာအညွှန်းဆောင်းပါးတပုဒ်ကို ဒစ်ဂျစ်တယ်သို့ပြောင်းနေတယ်။ အဲဒီဆောင်းပါးက အရင်တုန်းက လက်ရေးနဲ့ ရေးခဲ့တဲ့ဆောင်းပါး။ မျဉ်းကြောင်းမပါတဲ့ စာရွက်ဖြူပေါ်မှာ ဘော့ပင်နဲ့ ရေးခဲ့တာပေါ့။ အခု ကွန်ပျူတာသုံးပြီး စာစီတဲ့အခါ အနည်းငယ်တည်းဖြတ်မှု လုပ်ရပါတယ်။

(ဂ) အိမ်မှုကိစ္စတွေ သမီးဝေယျာဝစ္စတွေ တနေ့လုံးလုပ်ရတဲ့အတွက် ညဖက်ရောက်လို့ သမီးမေမေ ပင်ပန်းသွားပြီး အိပ်ပျော်သွားချိန်မှာ သမီးက ဖေဖေ့ကို အထူးတလည် ဒုက္ခမပေးဘဲ သူ့ဘာသာသူ ခြင်းတောင်းကလေးတွေ အရုပ်လေးတွေ သစ်သားတုံးလေးတွေနဲ့ ဖေဖေ့နားမှာ လာကစားနေတယ်။ ဖေဖေကလည်း ဟိုးတုန်းက သူရေးခဲ့ဖူးတဲ့ မျဉ်းကြောင်းမပါ ဗလာစာရွက်ဖြူလွတ်ပေါ်က အညွှန်းဆောင်းပါးတစောင်ကို ဟိုပြင် ဒီပြင်လုပ်ပြီး ကွန်ပျူတာပြန်ရိုက်နေတယ်။

(ဃ) တနေ့လုံး မနားတမ်း အလုပ်နဲ့ လက်နဲ့ မပြတ်တဲ့ သမီးမေမေဟာ ညဦးပိုင်းရောက်တဲ့အခါ ဟန်မျှပင် မဆောင်နိုင်တော့ဘဲ အလွန်နွမ်းလျနေပြီဖြစ်တဲ့အကြောင်းကို နှစ်ခြိုက်စွာ အိပ်စက်ပြနေခြင်းဖြင့် သမီးဖေဖေကို သက်သေပြနေပါတယ်။ သမီးကလည်း ဖေဖေ့ကို သူကြိုက်တာ လုပ်ပါစေလေလို့ မပြောရုံတမယ် ဖေဖေ့ဘေးနားမှာ ကစားဖွယ်ရာတွေနဲ့ အလုပ်များနေပါတယ်။ ဖေဖေကတော့ လက်ရေးနဲ့ လှပသေသပ်စွာရေးထားတဲ့ ဆောင်းပါးလေးတစောင်ကို ကီးဘုတ် တဂျောက်ဂျောက်ရိုက်ကာ ပုံစံပြောင်းနေလေရဲ့။

(င) သမီး နဲ့ သမီးမေမေ သူတို့အလုပ် သူတို့ လုပ်နေကြချိန်မှာ သမီးဖေဖေလည်း သူဝါသနာပါရာ အလုပ်ကို လုပ်နေလျက်ရှိပါသည်။

(စ) သမီး ကစား ၊ မေမေနားချိန်၊ ဖေဖေမှာတော့ တဂျောက်ဂျောက်။

(ဆ) ကလေးအဖေ ကျနော် စာရေးနေသည်။

Jun 4, 2016

ပုံပြောခြင်း အတတ်ပညာ

ငယ်ငယ်တုန်းက စာဖတ်တဲ့အခါ စာစောင်တွေ မဂ္ဂဇင်းတွေမှာ ပုံပြင်တွေပါလာရင် တေးမှတ်ထားပြီး နောက်ဆုံးမှ ဖတ်တယ်။ ဘာနဲ့တူသလဲဆိုတော့ မုန့်ဟင်းခါးစားတဲ့အခါ ကြက်သွန်ဥပါလာရင် နောက်ဆုံးမှ စားသလိုပဲ။ တခြားအရသာတွေနဲ့ မရောစေဘဲ သီးသန့်စားလိုတာဖြစ်တယ်။ ပုံပြင်ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ၊ အခြားရသတွေနဲ့ မရောစေလိုတဲ့အတွက် တခြားဖတ်ဖွယ်မှတ်ရာတွေ ဖတ်ပြီးတဲ့အခါမှ သေသေချာချာ စိမ်ပြေနပြေဖတ်တယ်။

အဖေက အပြောအဟောကောင်းတယ်။ ဇာတ်နိပါတ်တော်တွေထဲက ဇာတ်ကြီးဆယ်ဘွဲ့အစရှိတာတွေ၊ သမိုင်းဆိုင်ရာပုံပြင်တွေ ပြောတယ်။ နောက်ပိုင်းမှာ ရတနာမွန်မဂ္ဂဇင်းတို့၊ မင်္ဂလာမောင်မယ် စာစောင်တို့၊ ရွှေသွေးဂျာနယ်တို့ ဖတ်လာတဲ့အခါ ပုံပြင်နားထောင်သူအဆင့်ကနေ ပုံပြင်ဖတ်သူဖြစ်လာတယ်။ ဒါပေမယ့် ဖတ်ထားတဲ့ပုံပြင်တွေကို ပြန်ပြောခွင့် မကြုံခဲ့ဘူး။ ညီငယ် အရွယ်ရောက်လာတဲ့အခါမှ အိပ်ရာဝင်ပုံပြင်တွေကို ပြောပြခွင့်ကြုံတယ်။

ညီအငယ်ကောင်က ပုံပြင်တွေကို မှတ်သားထားလေ့ရှိတယ်။ ဒီတစ်ပတ်မှာ ပြောတဲ့ပုံပြင်နဲ့ အရင်တစ်ပတ်မှာ ပြောတဲ့ပုံပြင် ထပ်လို့မရဘူး။ ကိုလေး အဲဒါပြောပြီးသားကြီးကွ ဆိုပြီး သတိပေးတတ်တယ်။ ညတိုင်း အိပ်ခါနီးတိုင်း ပြောရတာဆိုတဲ့အခါ သိထားတဲ့ပုံပြင်တွေလည်း တဖြည်းဖြည်း ရှားလာတယ်။ မသိသေးတဲ့ပုံပြင်အသစ်တွေကို လိုက်ရှာဖတ်ရတယ်။ စာအုပ်ဆိုင်တွေမှာ ပုံပြင်စာအုပ်တွေ့လို့ စိတ်ကြိုက်နဲ့ကိုက်ရင် ဝယ်တယ်။ မှတ်မိတာက လမ်းဘေးပလက်ဖောင်းပေါ်မှာ ချရောင်းနေတဲ့ ပုံပြင်စာအုပ်တစ်အုပ်တွေ့လို့ ဝယ်လိုက်ဖူးတယ်။ အဲဒီစာအုပ်က အင်္ဂလိပ်လိုရေးထားတဲ့ မြန်မာပုံပြင်များ စာအုပ်ပဲ။ အခုထိ ဖတ်လို့ မရိုးနိုင်ဘူး။

အဲဒီအထဲက ပုံပြင်တွေ ဖတ်ပြီး ညီကို ပြန်ပြောတယ်။ ပြန်ပြောဖို့ ဖတ်ရတဲ့အတွက် ဖတ်ရတာအပြင် ယုတ္တိယုတ္တာဆိုတဲ့ကိစ္စကိုလည်း ထည့်စဉ်းစားရပြန်တယ်။ ဒီကောင်က ပုံနားထောင်တဲ့အခါ ကြားဖြတ်မေးလေ့ရှိတယ်။ အဖြေခက်တဲ့အခါ ဒါ ပုံပြင်ကွလို့ ပြောလိုက်ရတယ်။

တစ်ညမှာ အတော်အိပ်ချင်လာတာနဲ့ ပုံပြင်မပြောဘဲ အိပ်တော့မယ်လို့ ပြင်တယ်။ ပုဂ္ဂိုလ်လေးက ဟေ့ ကိုလေး ပုံပြောဦးကွလို့ တောင်းဆိုတယ်။ အေး ပြောတာပေါ့ဆိုပြီး စိတ်ထဲရောက်လာတဲ့ ပုံတွေ ပြောတယ်။ အဲဒါ ငါ သိတယ်ကွလို့ သူကပြော၊ နောက်တစ်ပုံပြောင်းပြော၊ ဒါလည်း သိပြီးသား၊ နောက်တစ်ပုံပြောင်းပြော၊ ပုံတွေထပ်နေပြီလို့ ပြော၊ အဲဒါနဲ့ ဘာလုပ်ရသလဲဆိုတော့ ဉာဏ်သုံးရပါတော့တယ်။

ပုံပြင်တွေကို သုံးလေးပုံလောက် ပေါင်းလိုက်တယ်။ နားထောင်နေတဲ့ ညီငယ်လည်း အတော်သဘောကျသွားတယ်။ သူလည်း သိတော့သိတယ်။ ဒါပေမယ့် ပုံပြင်က အသစ်လိုဖြစ်နေတဲ့အခါ ဘာစောဒကမှ မတက်နိုင်တော့ဘူး။

ပြောရင်းပြောရင်းနဲ့ ပုံပြင်ကို ဘယ်လို အဆုံးသတ်ရမယ်မှန်း မသိတော့တဲ့ အခြေအနေရောက်လာတယ်။ လိုက်ပေါင်းရင်း ပေါင်းရင်းနဲ့ ပုံပြင်က မဆုံးနိုင်တော့ဘူး။ နားထောင်သူက သေသေချာချာနားထောင်နေတယ်။ သူက သမ်းတောင် မသမ်းဘူး။ ပုံပြောသူက မျက်ခွံတွေ လေးလာတယ်။ စကားလုံးတွေ ဗလုံးဗထွေးဖြစ်လာတယ်။ ပုံပြင်က အစီအစဉ်မကျတော့ဘဲ ဟိုရောက်ဒီရောက်ဖြစ်လာတယ်။ ငါ အိပ်တော့မယ်ကွာလို့ ပြောကြည့်တယ်။ ဟိုက လက်မခံဘူး။ ပြီးတော့ ဘာဖြစ်သွားလဲဆိုတာကိုသာ မေးနေတယ်။ ပြောရင်းပြောရင်းနဲ့ ပုံပြောသူ အိပ်မောကျသွားတယ်။

မနက်အိပ်ရာထတဲ့အခါ ညီငယ်က အခုလိုကောင်းချီးပေးတယ်။

"ကိုလေးရေ ညက မင်းပြောတဲ့ပုံပြင် အရမ်းကောင်းတယ်။ ပုံပြောနေတဲ့ မင်းတောင် အိပ်ပျော်သွားတယ်"

ပုံပြောခြင်းဖြင့် အိပ်မောကျနိုင်ကြပါစေ။

ကျော်မောင်(တိုင်းတာရေး)
၄-ဇွန်-၂၀၁၆

စာမေးပွဲ

ကကြီးကို ခကွေးက ဒီလိုမေးတယ်။

"ဘာကြောင့် ကကြီးလို့ ခေါ်တာလဲ"

ကကြီးက ပြန်ပြောတယ်။ 
"ခကွေးလို့ ဘာကြောင့်ခေါ်တာလဲဆိုတာ ဖြေနိုင်ရင် ကကြီးလို့ ဘာကြောင့် ခေါ်တာလဲဆိုတာ ဖြေမယ်"

တဆက်တည်းမှာပဲ ကကြီးက ခကွေးကို ပြန်မေးလိုက်တယ်။ 
"နေပါဦး ဘာကြောင့် ကကြီးအကြောင်း စိတ်ဝင်စားရတာတုန်း"

"ခကွေးလို့ ဘာကြောင့်ခေါ်တာလဲဆိုတာ စဉ်းစားနေရင်းနဲ့ ရှေ့က ကကြီးအကြောင်းကို စဥး်စားမိသွားတယ်၊ အဲဒီမှာပဲ ကကြီးအကြောင်းသိချင်လာတယ်။ အဲဒါနဲ့ မေးမိတာ"

စိတ်ဆိုးသွားတဲ့ ကကြီးက "နောက်ကို သူများအကြောင်းသိချင်ရင် ကိုယ့်အကြောင်းကိုယ်သိအောင် အရင်လုပ်ပြီးမှ မေး" လို့ ဒေါနဲ့မောနဲ့ပြောတယ်။

ခကွေးက ခေါင်းကို လက်နှင့် အသာကုတ်ရင်း

"သူများအကြောင်းသိမှ ကိုယ့်အကြောင်းကိုယ်သိမှာ ဖြစ်တဲ့အတွက် မေးတာ"
"ဘာကြောင့် ကကြီးလို့ ခေါ်တာလဲ"

ဤတွင် စကားပြောခန်း ခဏရပ်သိမ်းသည်။

ဆောင်ပုဒ်မှာ "မေးမြန်းခြင်းဖြင့် သိလိုစိတ်ကို ထိုးဆွပါ" ဟူ၍။

ကျော်မောင်(တိုင်းတာရေး)
၄-ဇွန်-၂၀၁၆