Jan 4, 2016

အသုံးကျရဲ့လား - အလွတ်ကျက် အသေမှတ် (၂)

အချိန် နှင့် နေရာ ။ ။ ၈၈ မတိုင်ခင်လောက်က ဇာတိမြို့လေးမှာ။
ဇာတ်လမ်းက ဒီလို….
နွေရာသီကျောင်းပိတ်ရက်တိုင်း နယ်ရောက်ဖြစ်နေကြတာဖြစ်လို့ အဲဒီတနှစ်မှာလည်း နယ်မှာ အလည်ရောက်နေပါတယ်။ အဘနဲ့အဖွား ထောက်ခံမှုနဲ့ အနီးအနားက ကျောင်းဆရာကြီးဆီမှာ အတန်းကြိုကျူရှင် သွားတက်ဖြစ်ပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္ သုံးဘာသာပါ။ (သချာင်္ကိုတော့ နောက်က စာ ဆိုတာ မလိုက်တော့ဘူး၊ လိုက်ရင် သချာင်္စာ ဖြစ်မှာ။ သချာင်္လို့ အမည်မတပ်ဘဲ ဂဏန်းလို့ တပ်ရင် ဂဏန်းစာ ဆိုပြီး တွင်ရင်တွင်မှာ)

စတက်တဲ့နေ့မှာပဲ ရန်ကုန်သား ဆလံသခဲ့ရတာပါပဲ။ ဆရာကြီးက ပြောတယ်။ အဲဒါ အိမ်ကနေကျက်ခဲ့တဲ့။ အဲဒါ ဆိုတာကို မြန်မာစာဖတ်စာအုပ်မှာ ကြည့်လိုက်တော့ မိတ်ဆွေသုံးဦးတဲ့ ခေါင်းစဉ်က။ အမ် အများကြီးကျက်ရမှာလားဆိုတော့ အေး ဟုတ်တယ်ကွတဲ့။ ကျနော်တို့ ရန်ကုန်မှာ ဆိုရင်လို့ စကား စကာရှိသေး၊ ဒီနေ့မှ စသိ စခင်တဲ့ ဘော်ဒါက ပြောင်ဖြီးဖြီးနဲ့ လှမ်းပြောတယ်။ ဒါ ရန်ကုန်မဟုတ်ဘူးတဲ့။

ကျူရှင်က အပြန် အိမ်ရောက်တော့ အကိုတွေက လောက်စာလုံး လုံးနေကြတယ်။ လုံးပြီးသားတွေကို စလောင်းဖုံးပေါ်မှာ စီစီရီရီထားပြီး နေလှန်းဖို့ ပြင်နေကြတယ်။ ဟေ့ကောင် လာလုံးပေးဦး။ ညနေ လောက်စာလုံးဖို ပစ်ကြမှာ။ လောက်စာလုံးဖိုဆိုတာ လောက်စာလုံးသုံးလုံးကို ဖိုခနောက်လို ဆိုင်ထားလိုက်ပြီး သုံးလုံးဆိုင် ဖိုခနောက်ပေါ်မှာ လောက်စာလုံးတလုံးထပ်တင်ထားတာ။ လောက်စလုံးဖိုတွေ တန်းစီထားပြီး ခပ်ဝေးဝေးကနေ ကျောက်ဒိုးလို့လည်း ခေါ်ရဲ့ ဂေါ်လီလို့လည်းခေါ်ရဲ့ အဲဒါနဲ့ ထိအောင် ပစ်ကြရတာ။ ကစားတဲ့သူတွေက လွယ်အိတ်အစုတ်လေးတွေကိုယ်စီနဲ့။ လွယ်အိတ်ထဲမှာ လောက်စာလုံးထည့်ထားတာ။ ရန်ကုန်မှာက လောက်စာလုံးဆိုတာ မြေရှားတဲ့အတွက် မလုံးနိုင်ကြဘူး။ အဲဒီအစား ပလတ်စတစ်အရုပ်လေးတွေ ထောင်ပစ်ကြတယ်။

အကိုတွေခေါ်တော့လည်း ဟန်ပြအနေနဲ့ သူတို့ခူးထားတဲ့ ရွှံ့တုံးကို ဖဲ့ဖဲ့ပြီး လေးငါးဆယ်တုံးလောက် လုံးလိုက်တယ်။ အကိုဝမ်းကွဲက အဲဒီနယ်သား။ ခုနက ကျောင်းဆရာကြီးအကြောင်း သူသိတယ်။ သူ့ကိုပြောပြတယ်။ ဆရာကြီးကကွာ စာပုဒ်အရှည်ကြီးကို အိမ်စာကျက်ခိုင်းတယ်။ ဒို့ရန်ကုန်မှာဆို အမေးအဖြေလောက်ပဲ အလွတ်ကျက်ရတာ။ အဲဒီမှာ ရယ်ပါလေရော။ ကျော်ကြီးရေ မင်း မနက်ဖြန် စာမရရင်တော့ သူနဲ့တွေ့မှာပဲ။ ကျော်ကြီးတော့ ဆော်ပလော်တီးခံရတော့မယ်ဟေ့လို့ ခပ်ကျယ်ကျယ်ပြောပါတယ်။

ဘာမှ စစ်ကူမရတော့ လက်ဆေးပြီး အိမ်ပေါ်တက် စာအုပ်ကိုင်ကာ စာကျက်ရပါတော့တယ်။ ကျက်နေရင်းက ဒီလောက်စာအများကြီးကို အလွတ်ကျက်ခိုင်းတာ ဘယ်လိုမျိုးကြီးလည်းလို့ အတွေးက ဝင်လာပါသေးတယ်။ ရေမိုးချိုး ထမင်းစားပြီးလည်း အကိုတွေ နှမတွေနဲ့ မကစားနိုင်၊ လူကြီးပိုင်းတွေ စကားဝိုင်းလည်း ဝင်နားမထောင်နိုင်ဘဲ မိတ်ဆွေသုံးဦး ရဖို့အရေးအတွက် အခေါက်ခေါက်အခါခါ ဆိုရပါတယ်။

နောက်တနေ့ ကျူရှင်တက်၊ စာပြန်ခိုင်းတော့ အတော်ဆိုနိုင်ပါတယ်။ ရန်ကုန်သား ရန်ကုန်သားဆိုပြီး နာမည်တလုံးရသွားသပေါ့။ မရတဲ့ ဘော်ဒါတွေကို ဆရာကြီးက ပြန်ခွင့်မပေးဘဲ ကျူရှင်မှာပဲ အပြီးရအောင် ဆက်ကျက်ခိုင်းပါတယ်။

ရန်ကုန်သားလည်း ဇွဲက သိပ်မရှိတော့ နောက်နှစ်ရက် သုံးရက်လောက်မှာပဲ အဖွားနဲ့ အကျေအလည်ဆွေးနွေးပြီး ကျူရှင်ပြေးပါတော့တယ်။ အဘက ဟဲ့ နင့်မြေး ကျောင်းသွားမတက်ဘူးလား မေးတဲ့အခါ ရှင့်မြေး ရန်ကုန်သားက ရန်ကုန်ကသင်တဲ့ပုံစံလိုမဟုတ်လို့ စာမလိုက်နိုင်ဘူးတဲ့လေ ဆိုတာနဲ့ အဘလည်း ဆက်မမေးတော့ပါ။ ဒီ ရန်ကုန်သားတွေကွာ ဆိုပြီး ကွမ်းလေးတမြုံ့မြုံ့နဲ့ပါပဲ။

ရန်ကုန်မှာ ကျောင်းတွေဖွင့် ကျောင်းစတက်ရတဲ့အခါ မိတ်ဆွေသုံးဦး သင်ခန်းစာကို ရောက်လာပါတယ်။ ရန်ကုန်သားတဖြစ်လဲ ကျော်ကြီးကလည်း ရန်ကုန်ဘော်ဒါတွေကို ဖတ်စာအုပ်ကိုင်ခိုင်းပြီး မိတ်ဆွေသုံးဦးပုံပြင် အရှည်ကြီးကို အလွတ်ဆိုပြသပေါ့။

အဲဒီနှစ်တုန်းက ရန်ကုန်သား ကျော်ကြီးကို ရန်ကုန်သူ ရန်ကုန်သား အတန်းဖော်တွေ ဆလံသ အားကျခဲ့တယ်ဆိုတာ အခုရေးပြရင် ကြွားသလိုလည်း ဖြစ်မှာစိုးလို့ နောက်ကြုံတော့မှ အသေးစိပ်ရေးပြပါတော့မယ်။

ကျော်မောင်(တိုင်းတာရေး)
၂၀-၁၂-၂၀၁၅


အလွတ်ကျက် အသေမှတ် (၁) အသုံးကျရဲ့လား - အလွတ်ကျက် အသေမှတ် (၁)

တခေါက်မှာ စီနီယာကြီးက ဟေ့ဒါလေးက အုမ်း ဘယ်လောက်ရှိလဲလို့ မေးလာပါတယ်။ သူပြတဲ့ ဒါလေးဆိုတာကို သွားကြည့်တော့ ပစ္စည်းတခုမှာ ရှိတဲ့ resistor လေး တလုံးဖြစ်နေတယ်။ Resistor ရဲ့ resistance တန်ဖိုးကို ohm နဲ့ပြောကြတယ်။ အခု resistor က လောင်ထားတဲ့ပုံစံ အရောင်ညိုနေတယ်။ ကံကောင်းတာက သူ့မှာရှိတဲ့ အဝန်းလေးတွေ (Band) ရဲ့အရောင်တွေကို မထိထားဘူး။ သေသေချာချာဖတ်လို့ရတယ်။ ပိုသေချာအောင် မှန်ဘီလူးသွားယူပြီး အဝန်းတွေရဲ့အရောင်တွေကို ဖတ်လိုက်တယ်။ ပြီးတာနဲ့ သင်ခဲ့တုန်းက စာချိုးလေးကို လက်ချောင်းလေးတွေချိုးကာ ရွတ်ဆိုလိုက်တယ်။

ညို နီ လိမ် ၀ါ စိမ်း ပြာ ရမ်း ခိုး ဖြူ နက် ရွှေ ငွေ ။

စီနီယာကြီးကို ပြောလိုက်တယ်။ ဒီ resistor ရဲ့တန်ဖိုးက ဒီလောက်ရတယ်။ အဲဒါ ဝယ်ပြီး အစားထိုးနိုင်တယ်။ သူက ဟုတ်လားလို့ပဲပြောတယ်။ ဆယ်မိနစ်လောက်အကြာမှာ မန်နေဂျာကို သူသွားပြောတယ်။ မန်နေဂျာလာတယ်။ Resistor ကိုဖတ်တယ်။ တန်ဖိုးကို ပြောပြီး ထွက်သွားတယ်။ ကျနော်ပြောခဲ့တာနဲ့ တူတဲ့အခါမှာ ခုနက စီနီယာရဲ့ အခုလိုမေးတယ်။
မင်း ဘယ်လိုသိသလဲ။ 

လက်ချောင်းချိုးတာနဲ့ သိသလား။ 
ဟုတ်တယ် လက်ချောင်းချိုးတာနဲ့ သိတယ်။ ဒါပေမဲ့ ပါးစပ်က ရွတ်တာတွေ့တယ်မလား။ အဲဒါ ငယ်ငယ်တုန်းက ကျက်ခဲ့ရတာကို ရွတ်တာ။ တက္ကသိုလ်မှာ ဆရာတွေ ဆရာမတွေ ကျက်ခိုင်းတုန်းက ရွတ်လို့ကောင်းလို့ အခေါက်ခေါက်အခါခါ ဆိုရင်း အလွတ်ရသွားတာ။ အင်တာနက်မှာ resistance တန်ဖိုးကြည့်နည်းရှိတယ်။

သူသွားကြည့်တယ်။ 

မင်းကိုငါမေးတုန်းက မင်း အင်တာနက်မှာ ဘာလို့မကြည့်တာလဲ။ 
အင်တာနက်ကြည့်တာထက် ကျက်ခဲ့ရတဲ့စာကို ရွတ်ပြီး ပြောလိုက်တာက ပိုမြန်တယ်။

အဲဒါ by heart ဆိုတဲ့ အလွတ်ကျက် အသေမှတ်ရဲ့ ကောင်းကျိုးထဲက မှတ်မှတ်ရရ အတွေ့အကြုံတခုပါပဲ။
By heart သင့်တာဆိုရင် တွေဝေမနေနဲ့ ငေးမောမနေကြပါနဲ့။ By သာ heart ကြပါ မိတ်ဆွေတို့ဟု တိုက်တွန်းလိုက်ရပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၁၈-၁၂-၂၀၁၅

မှတ်ချက်။ ။ အဲဒီ resistor တွေ ဖတ်ပုံဖတ်နည်း သင်ပေးခဲ့တဲ့ တက္ကသိုလ်က ဆရာများထဲက တယောက်ဖြစ်တဲ့ တီချယ်ကို ရန်ကုန်ပြန်တုန်းက တခေါက်မှာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အားရဝမ်းသာ ပြောဖြစ်ခဲ့ဖူးပါတယ်။ သင်ခဲ့တာက လက်တွေ့ချိန်တွေမှာဖြစ်ပါတယ်။ အခု အဲဒီတီချယ်ကပဲ resistor တွေအကြောင်းနဲ့ ပတ်သက်လို့ တယောက်ရေးထားတဲ့ ပို့စ်ကို မျှဝေတဲ့အခါမှာ မိတ်ဆွေများလည်း သိစေရန် အထက်ပါစာစုတိုကို ရေးခြင်းဖြစ်ပါတယ်။


Dec 25, 2015

ခြင်ပြေးသော ဆားကစ်

တနေ့မှာ စာကြည့်တိုက်က ငှားလာတဲ့ ဒေါက်တာခင်မောင်ညို ရေးသော “ဟာသနဲ့လောဂျစ်“ အမည်ရှိ စာအုပ်ဖတ်တဲ့အခါ ခြင်တွေပြေးအောင်လုပ်ထားတဲ့့ အသံလှိုင်းရှိတယ်ဆိုတာ ကြားဖူးကြမှာပဲ ဆိုတဲ့ စာကြောင်းလေးကို ဖတ်မိရင်း ကျောင်းတက်တုန်းက လက်ဆော့မိခဲ့တာလေးကို သွားသတိရမိပါတယ်။

Bread-board လို့လည်းခေါ်တယ် (ခပ်ဖြူဖြူအရောင်ရှိပြီး ပေါင်မုန့်အရွယ်အစားသာသာလောက်ရှိလို့ ခေါ်တာဖြစ်မယ်)၊ Project-board လို့လည်း ခေါ်တယ်၊ အဲဒါကို သုံးပြီး (circuit)ဆားကစ်တွေ လိုက်ဆောက်နေတဲ့ကာလပေါ့။ မှတ်မှတ်ရရ လသာလမ်းဖက်က အီလက်ထရောနစ်အရောင်းဆိုင်တွေမှာ တွေ့ခဲ့ပြီး ဝယ်ခဲ့တဲ့ စာအုပ်လေးတအုပ်၊ ဆားကစ်တွေကို လိုအပ်တဲ့ ပစ္စည်းတွေ၊ တည်ဆောက်နည်းတွေ ပုံနဲ့တကွ ရှင်းပြထားတဲ့ စာအုပ်။ 

ကိုယ့်မှာရှိတဲ့ တိုလီမိုလီလေးတွေနဲ့ လုပ်ချင်တဲ့ ဆားကစ်ရွေးလိုက်တဲ့အခါ စာအုပ်ထဲမှာပါတဲ့ ခြင်ပြေးသော ဆားကစ်လုပ်ကြည့်မှပဲလို့ အတွေးပေါ်လာတယ်။ အဲဒါနဲ့ စတင်ဆောက်တယ်ပေါ့။ ညကလည်း ဖြစ်တော့ အိမ်သားတွေက အိပ်ကုန်ကြပြီ။ ဧည့်ခန်းထဲမှာ တယောက်တည်း စမ်းမယ်စိတ်ကူးနဲ့။ ဦးလေးအလတ်က နယ်ကရောက်လာတယ်။ သူက နယ်က ကြုံရင် ဝင်လာနေကြ။ ဟေ့ကောင် ကျော်ကြီး ဘာတွေလုပ်နေတာလည်း။ ဟာ ဦးလေးရ ခြင်ပြေးဆားကစ်လေး လုပ်မလို့။ အေး ကောင်းကွာ ငါလည်း  ခြင်ထောင်မထောင်တော့ဘူး။ မင်း ဆားကစ်ပြီးရင် ငါ့နားမှာ ထားလိုက်ပြောပြီး ဖျာခင်းကာ အပြီအပြင်ကို ယူပါတော့တယ်။

ဒီကကောင်လည်း တယောက်တည်းမဟုတ်၊ ဦးလေးက အားပေးတဲ့အနေနဲ့ ဘေးနားမှာ လာနှပ်နေရုံမက ဆားကစ်ပြီးသွားရင် သူ့နားမှာ လာထားလို့ မြှောက်သွားတဲ့အတွက် ဘာပြောကောင်းမလည်း မြှောက်ပေးလို့ကတော့ အားပါးတရ က အဲလေ ပျော်ပျော်ရွှင်ရွှင် ဆားကစ်ဆင်ပါတော့တယ်။ ဒါပေမယ့် စာအုပ်ထဲကအတိုင်း ဆင်ရမယ့် အစိတ်အပိုင်းတွေက အပြည့်အစုံမရှိပြန်ဘူး။ ဘာပဲဖြစ်ဖြစ် ခြင်တော့ ပြေးမှာပါဆိုပြီး ရှိတာလေးတွေနဲ့ ဆင်၊ ခြင်တွေလား၊ ပေါမှပေါဗျာ၊ ရန်ကုန်မှာ၊ အသံပေးပြီး ပျံနေကြတာ။ ဦးလေးက အိပ်နေပြီ။ သူ့တူအစွမ်း သူယုံတဲ့အတွက် ခြင်ထောင်လည်း မထောင်၊ စောင်လည်း မခြုံ။ ခြင်ပြေး ဆားကစ်ကို သူ့ရဲ့ခြေရင်းလောက်မှာ သွားထားလိုက်တယ်။

ပါ၀ါကို အွန်လိုက်တဲ့အခါမှာတော့ …

ကိုကိုခြင် မမခြင်တွေက မပြေးဘဲ ခြင်ပြေးဆားကစ်နားမှာ တဝဲလည်လည်နဲ့။ အင် ခြင်ပြေးအောင် လုပ်တဲ့ ဖရီကွမ်စီက ခြင်ကြိုက်တဲ့ ဖရီကွမ်စီများ ဖြစ်သွားတယ် ထင်ပါ့ဆိုပြီး ဟိုပြောင်းဒီပြောင်းလုပ်၊ အိပ်နေတဲ့ဦးလေးက အိပ်နေရာက တရေးနိုးပြီး ကျော်ကြီး ခြင်တွေပြေးပြီလားမေးတော့ ဘာမှားသွားလည်းမသိဘူး၊ ခြင်တွေကမပြေးဘဲ ဆားကစ်နားပဲ လာစုနေကြတယ်ဆိုပြီး ပြန်ဖြေတဲ့အခါ ဟေ့ကောင်ရာ တုံးပ၊ မင်းဆားကစ်ကို ဟိုးထောင့်မှာထားလိုက်၊ ခြင်တွေ အဲဒီကို သွားလိမ့်မယ်။ ငါလည်း ကောင်းကောင်းအိပ်ရမယ် ကဲ သွားထားလိုက် သွားထားလိုက်ဆိုတော့…

ကျော်ကြီး ဆင်သော ခြင်ပြေးဆားကစ်သည် ခြင်မပြေးဘဲ ခြင်ကြိုက်ဆားကစ်အဖြစ်သို့ ရောက်သွားပါကြောင်း ရှေးနှောင်းဖြစ်ဟောင်းကို အမှတ်ရကာ ခြင်အန္တရာယ် စုပေါင်းကာကွယ်ကြရန် ကလိထိုးရယ်ခိုင်းပြီး အသိမျိူးစုံကြွယ်သော တိုင်းနှင့်ပြည်နယ်တွင် နေကြကုန်သည့် စာဖတ်သူများအား တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။     ။

ကျော်ကြီး (ခ) ကျော်မောင်(တိုင်းတာရေး)

၂၂-သြဂုတ်-၂၀၁၅


Dec 22, 2015

တွေးမိလေသော (၃) - ပတ်သက်သမျှ

ဒန်နီကိုဟန် (Danny Cohen) စတင်မိတ်ဆက်ခဲ့တဲ့ Big Endian နဲ့ Little Endian ဆိုပြီး ဝေါဟာရနှစ်ခု ကွန်ပျူတာလောကမှာ ရှိပါတယ်။ စကားလုံးဆင်းသက်လာတာက ဂျော်နသန််ဆွစ် (Jonathan Swift) ရေးတဲ့ A voyage to Lilliput မှာ လီလီပွတ်တို့တိုင်းပြည်ရောက်သွားတဲ့ ဂါလီဗာ (Gulliver) တယောက် အဲဒီတိုင်းပြည်မှာ ကြုံတွေ့လာ၊ သိလာရတဲ့ အဖြစ်အပျက်ထဲက တခုကနေဖြစ်ပါတယ်။

ဥတလုံးကို စဖောက်တဲ့အခါမှာ ကြီးတဲ့ဖက်က စ ဖောက်မလား၊ သေးတဲ့ဖက်က စ ဖောက်မလား ဆိုတာပါပဲ။ မေးခွန်းက ရိုးရိုးအဆင့်တွေအတွက် မေးတဲ့မေးခွန်းမဟုတ်ပါ။ ရိုးရိုးမဟုတ်တော့ အဆင့်မြင့်တန်းပေါ့။ အဲဒီမေးခွန်းကနေ ပြဿနာတက်ခဲ့တယ်လို့ ဂျော်နသန်က ရေးဖွဲ့ပြခဲ့ပါတယ်။ လီလီပွတ်တို့ တိုင်းပြည်မှာဖြစ်ပါတယ်။

ဥနဲ့ပတ်သက်လို့ သတိရမိတဲ့ တခုက ကိုလံဘတ်စ် (Columbus) ပါပဲ။ စားပွဲပေါ်မှာ ဥကို မလဲအောင်ထောင်ပြသွားတဲ့သူပါ။ “Columbus Breaking the Egg” ဆိုပြီး အင်္ဂလိပ်ပန်းချီဆရာ ဝီလျံ ဟိုဂတ် (William Hogarth) က သရုပ်ဖော်ရေးဆွဲခဲ့ပါတယ်။ ဘယ်လို မလဲအောင် ထောင်သလဲဆိုတာကို ဟောဒီမှာ လေ့လာနိုင်ပါတယ်။ https://en.wikipedia.org/wiki/Columbus_Breaking_the_Egg

တခေါက်မှာ ဘုရင်ဖြစ်သူက ပေါ်ဦးကို မေးတယ်။ ဟဲ့ ပေါ်ဦး ဥထဲမှာ ဘယ်ဥက အဆိမ့်ဆုံးလဲလို့ မေးတဲ့အခါ ပေါ်ဦးက လိပ်ဥလို့ ဖြေပါတယ် (ဖွတ်ဥလို့ မူကွဲလည်း ရှိပါတယ်၊ ကိုယ်ကြိုက်ရာ ကြိုက်ရာယူနိုင်ပါတယ်)။

တလ နှစ်လ ကြာတဲ့အခါ တခြားအကြောင်းတွေ ပြောကြဆိုကြရင်းနဲ့ ပေါ်ဦးဖက်လှည့်ပြီး ဘုရင်က ဒီလိုမေးလိုက်ပြန်ပါတယ်။ ဟဲ့ပေါ်ဦး သူ့ချည်းပဲလားဟဲ့ ဆိုတော့ ပေါ်ဦးက ပြန်ဖြေတယ်။
ဆားလေးနဲ့ပါတဲ့။

ဥတွေအကြောင်း တွေးမိပြန်တော့ ဝီကီမှာ ဒါလေးသွားတွေ့တယ်။
https://en.wikipedia.org/wiki/Egg_(food) အဲဒီမှာ ဥတွေ အကြောင်း လေ့လာမိပါတယ်။
ဟာသတခု သွားပြီး အမှတ်ရပြန်ပါတယ်။
အသက်ရှည်ချင်ပါလျှင် တနေ့ကို ဥတလုံး နှစ်တရာ စားပါတဲ့။

တနေ့ကို တလုံးကျ ရွှေဥ ဥပေးတဲ့ ငန်းကြီးကို လောဘတက်လာတဲ့အခါ ဒီငန်းကြီးဝမ်းထဲမှာ ရွှေဥတွေ အများကြီးရှိမှာဆိုပြီး ငန်းကြီးကို သတ်ခဲ့တဲ့သူအကြောင်းကတော့ အဲဒီခေတ်တုန်းက ယနေ့ခေတ်လို ဓါတ်မှန်ရိုက်တာတွေ မရှိိလို့ဖြစ်မှာပဲလို့ ဖြေတွေးပြီး ကရုဏာသက်မိပါတယ်။

ကဲ ဥတွေ အကြောင်းကတော့ ဒီမျှသာ။

ကျော်မောင်(တိုင်းတာရေး)
၂၈-နိုဝင်ဘာ-၂၀၁၅