"အဲဒါ ကျနော့် ဟာတွေ အဖေ။ လွယ်အိတ်ထဲရောက်နေတဲ့ တိုလီမုတ်စတွေ အမှိုက်သရိုက်တွေ စနေ တနင်္ဂနွေကျောင်းပိတ်တုန်း ထုတ်ရှင်းမလို့ ကြံထားတာ မလုပ်ဖြစ်ဘူး။အခုမှ လုပ်ဖြစ်တာ"
"မနက်ဖြန် တနင်္လာနေ့ပဲ။ မင်းလွယ်အိတ်ထဲ ရှင်းပြီးရင် စာအုပ်တွေ ပြန်ထည့်ဦး။ စာအုပ်အဖုံးတွေလည်း အသစ်ပြန်ဖုံးဦး၊ ဟိုစာအုပ်နှစ်အုပ်မှာဆို ပြဲနေပြီ"
"ဒီအိမ်စာလေး တွက်ပြီးသွားရင် အဲဒါ လုပ်မယ် အဖေ" သင်္ချာဖတ်စာအုပ်ကို လက်ဖြင့် ထောက်ပြရင်း သူပြောလိုက်တယ်။
"ဟာ .. အိမ်စာလုပ်နေတာ။ တီဗီရှေ့ကြီးမှာ"
ဒါက သူ့ထက် အတန်းတတန်းပဲ ကြီးတဲ့ အစ်ကိုက ပြောတာ။ သူက လက်တွေ့ဆန်တဲ့သူဖြစ်လို့ မနက်ဖြန်ကျောင်းသွားဖို့ အဆင့်သင့်ဖြစ်ပုံရပြီး ငှားထားတဲ့ အခုလထုတ် မဂ္ဂဇင်းတအုပ်ကို ဇိမ်နဲ့ဖတ်နေတာ။
"တီဗီရှေ့ကြီးမှာ အိမ်စာလုပ်တာ ငါ့စတိုင်ပဲလေကွာ။ တီဗီမှာ ကြော်ငြာဝင်တဲ့အချိန် သင်္ချာတွက်တာပေါ့။ ဒီနေ့ည ကားကောင်းတယ်ကွ"
"သားလေးရေ ထမင်းဆက်မစားတော့ဘူးလား၊ ဒီစားပွဲပေါ်မှာ သားစားလက်စပန်းကန်တွေ့လို့"
"ဟုတ်ကဲ့အမေ စားနေတာ။ အမေ့ကြက်ဥကြော်စောင့်နေတာနဲ့"
"အမေသာ မကြော်ရင် ငါ့သားလေးလည်း ညစာတပိုင်းပဲ စားဖြစ်မှာပေါ့။ နောက်ဆို ကြက်ဥလေးတော့ ကြော်တတ်အောင် လုပ်ထား။ တွေ့တယ်မဟုတ်လား။ သားတို့ ဦးလေးတွေ အကုန်လုံး ချက်တတ်ပြုတ်တတ်သမားတွေချည်းပဲ။ သားအစ်ကိုကြီးတောင် ထမင်းကြော်တတ်နေပြီ"
"ကြော်တတ်အောင် နောက်တော့ ကြိုးစားပါမယ်အမေ။ အခုတော့ ဒီပုစ္ဆာလေးတွက်လိုက်ဦးမယ်"
တီဗီကို မော့ကြည့်လိုက်တော့ ဇာတ်လမ်းက စနေပြီ။
အဲဒါနဲ့ ဘော့ပင်ကို အသာချပြီး ကြည့်ဖို့ ပြင်ပါတယ်။
"ဟဲ့ နင် စာတွေရပြီလား (ဇာတ်လမ်းထဲမှာ ကောင်မလေးက ကောင်လေးကို မေးလိုက်တာ)
"ဟင့်အင်း မရသေးဘူး" ကောင်လေးက ပြန်ဖြေတယ်။
"စာကျက်ရတာ တော်တော်ခက်နေလား"
ကောင်မလေးက စာတော်ပုံရတယ်။
အင်း သူတို့ အခန်းထဲမှာလည်း ဒီလိုကောင်မလေးတွေချည်းပဲ ပ ဒု တ စွဲနေတာ။ ပြိုင်ဆိုင်မှုတွေ အားကြီးလွန်းလို့ တယောက်နဲ့ တယောက် မတည့်ကြဘူး။
တွေးပြီးတဲ့အခါ ဇာတ်လမ်းကို ပြန်အာရုံစိုက်တယ်။
"ဒီ ဘိုင်အိုများဟာ သူ့မှာပါတဲ့ အဓိပ္ပါယ်တွေ နားလည်အောင် အရင်လုပ်။ ပြီးမှ စာကြောင်းကို ဖတ်။ ပိုရလွယ်တယ်"
ဘိုင်အို ဘိုင်အို …
ဇာတ်ကားကြည့်နေရင်း ကောင်မလေးပြောမှ သူသတိရသွားတယ်။ ဟုတ်တယ် ဘိုင်အို။ ဟာ မနက်ဖြန် ဘိုင်အိုဆရာမ အချိန်က ပထမဆုံးအချိန်ပဲ။ သောကြာနေ့ ဆရာမအချိန်ဝင်တုန်းက စာကျက်ခိုင်းလိုက်ပါတယ်။ တနင်္လာနေ့မှာတဲ့ တယောက်ချင်း ထွက်ဆိုရမယ်တဲ့။ မရတဲ့သူ အတန်းရှေ့ထွက်ခိုင်းပြီး ဆော်ပလော်တီးမယ်ဆိုလား။ ရိုးရိုးတောင် တီးမှာမဟုတ်ဘူးတဲ့။
ဟိုက် အဲဒီ ဘိုင်အို မကျက်ရသေးဘူး။ ကဲ ကောင်လေးနဲ့ ကောင်မလေး တာ့တာ။
ခုနက ကြမ်းပြင်ပေါ်ရောက်နေဆဲ ဖတ်စာအုပ်တွေထဲကနေ ဘိုင်အိုဖတ်စာအုပ်ကို သူယူလိုက်တယ်။ ဆရာမရှင်းပြတုန်းကတော့ နားလည်သလိုလိုပဲ။ အခုပြန်ဖတ်ကြည့်တော့ ပထမတကြောင်းမှာတင် ရွာပါမက ကမ္ဘာပတ်သွားတယ်။
"ဘိုင်အိုဆိုတာ တခြားသူတွေအတွက်သာ ထိုင်ငိုရင် ငိုမယ်။ ဒို့ကတော့ အေးဆေးပဲလေ" တီဗီက အသံကို ကြားလိုက်ရတယ်။ ဇာတ်လမ်းထဲက အဲဒီကောင်မလေးကို အတော့်ကို အမြင်ကတ်သွားတယ်။
"ကိုကြီး အဲဒီတီဗီ ပိတ်လိုက်တော့"
"ဘယ်သူမှ မကြည့်ဘူးလေ။ မင်းတယောက်ထဲ သင်္ချာတွက်ရင်း ကြည့်နေတာ။ အဖေက ရုံးစောစောသွားရမှာမို့လို့ အိပ်ပြီထင်တယ်။အမေလည်း မီးဖိုချောင်မှာ ပန်းကန်တွေ ဆေးနေတာ။ မင်း မကြည့်ချင် မင်းထပိတ်လေကွာ"
"နောက်မှ ပိတ်မယ်။ ထားလိုက်။ ဒီမှာ စာကျက်လို့ မရတဲ့အထဲ"
ပထမစာကြောင်းကိုပဲ ပြန်ဖတ်ကြည့်တယ်။ ဘာတွေရေးထားမှန်း နားမလည်ဘူး။ နားမလည်တဲ့ဟာကို အလွတ်ကျက်ရမယ်ဆိုတာ အဓိပ္ပါတယ်မရှိဘူး။ အတန်းရှေ့ထွက်ပြီး ကြိမ်လုံးနဲ့ အဆော်ခံလိုက်ရင် ပြီးတာပဲ။ အဲ .. အရိုက်ခံလို့တော့ မဖြစ်ဘူး။ ညနေပိုင်းမှာ တခြားအခန်းက ဟိုကောင်တွေနဲ့ ဘောလုံးကန်ဖို့ ချိန်းထားတယ်။ ဆရာမက အရိုက်ကြမ်းတော့ တော်တော်ကြာ ဘောမကန်ဖြစ်ရင် သက်သက်မဲ့ သိက္ခာကျရဦးမယ်။ ရအောင် ကျက်ဦးမှ။
မရ။ တကြောင်းမှ ကျက်လို့မရ။
"သားတို့ မအိပ်သေးဘူးလား။ ဖျာခင်းပြီး ခြင်ထောင်ထောင်ကြတော့။ ခြင်တွေ လာနေပြီ။ တီဗီကြီးကလည်း ဖွင့်လို့။ မင်းသမီးက ဘယ်သူ။ သြော် ဟို ကြော်ငြာထဲက မင်းသမီးလေးပဲ။ အမေ ကြည့်လိုက်ဦးမယ်"
အမေ ကြည့်လိုက်ဦးမယ် ဆိုကာမှ ကြော်ငြာအစီအစဉ်က ဝင်လာတယ်။ ဇာတ်လမ်းပြနေတာလား ကြော်ငြာပြနေတာထဲ ဇာတ်လမ်းဝင်ပြပေးတာလား မသဲကွဲ။
"ငါ့သားလေး ကျောင်းဝတ်စုံတွေ မီးပူတိုက်ပြီးသွားပြီလား။ အလယ်တန်းပြီးလို့ အတန်းကြီးရောက်သွားရင် သားတို့ ကိုယ့်ကျောင်းဝတ်စုံ ကိုယ့်ဘာသာကိုယ် မီးပူတိုက်မယ်ဆိုလို့။ ဆယ်တန်းရောက်ရင်တော့ စာပဲကျက်ကြ"
အင်း မီးပူလည်း မတိုက်ရသေးပါလား။ သူ ခေါင်းကုတ်လိုက်တယ်။
"ကဲ ကဲ မီးပူတိုက်ပြီးပုံမရဘူး။ အမေပဲ တီဗီကြည့်ရင်း တိုက်လိုက်တော့မယ်"
အမေ ထိုင်နေရာမှ ပြန်ထပြီး ကျောင်းဝတ်စုံတို့ မီးပူတို့ မီးပလပ်ခုံတို့ သွားယူတယ်။
ဘိုင်အို ကျက်ရင်း သူစိတ်ဓာတ်ကျလာတယ်။ စာတကြောင်းတောင် မရသေးတာ စာတပုဒ်လုံးရဖို့ဆိုရင် အခုပြနေတဲ့ ပေရှည်ဇာတ်ကားသာပြီးသွားမယ်။ စာတကြောင်းကိုပဲ ထပ်ခါထပ်ခါ ဆိုနေတာကို မဂ္ဂဇင်းဖတ်နေတဲ့ အစ်ကိုက သတိထားမိသွားတယ်။
"ဒီတကြောင်းပဲ ကျက်နေတာလား။ ဟိုကောင်လေးတောင် အခု ဆရာဝန်ဖြစ်သွားပြီ" တီဗီကို လက်ညှိုးထိုးပြရင်း သူ့ကို စလိုက်ပုံပဲ။
"မင်းတို့ဘိုင်အို ဆရာမက ငါ့အတန်းပိုင်ဖြစ်ခဲ့တဲ့သူပဲကွ။ မင်းကို ငါ့ညီလေးမှန်း မသိသေးဘူး ထင်တယ်။ တီချယ့်ကို ပြောလိုက်ကွ။ ငါ့ရဲ့ ညီပါလို့။ မင်းစာမရလို့ကတော့ ကောင်းကောင်းကြီး သမလိမ့်မယ်။ ငါ့တုန်းကတော့ အတန်းထဲ အတော်ဆုံးဆိုတော့ အတန်းခွဲစာမေးပွဲစစ်လို့ အေ အခန်းကို ပြောင်းဖို့ရတာတောင် သူက ကျမအခန်းမှာ လူတော်တယောက်လောက် ထားပါစေဦးဆိုပြီး ငါ့ကို ဆွဲထားလိုက်တာ"
"မပြောတော့ပါဘူးကွာ။ ပြောရင် မင်းညီဆိုပြီး သူ့အစ်ကိုလို စာတော်မှာပဲဆိုပြီး ငါ့ပဲ စာမေးနေမှဖြင့်။ အခုတောင် စာရသေးတာ မဟုတ်ဘူး။ အရိုက်ပဲ ခံလိုက်တော့မယ်"
"သား စာမရလို့ ဘယ်တုန်းကများ အရိုက်ခံရလို့တုန်း" တီဗီကြည့်ရင်း မီးပူတိုက်ရင်းဖြင့် သားနှစ်ယောက်စကားပြောတာကို ကြားရသော အမေက ဝင်မေးလိုက်တာ။
"ဟိုတုန်းက အရိုက်မခံရပေမယ့် မနက်ဖြန်တော့ အရိုက်ခံရတော့မှာ အမေ"
"ဘိုင်အိုကွ ဘိုင်အို ဟား ဟား" အစ်ကိုက တဟားဟားရယ်တယ်။ သူ့တုန်းက ဘယ်လိုမျိုး ကျော်ဖြတ်ခဲ့သည် မသိ။
အိပ်ခန်းထဲမှ အဖေထွက်လာရင်း "ဟေ့ သား ခြင်ထောင်ထဲဝင်ပြီးကျက်"
"ဒီမှာ ရှင့်သား ဘိုင်အိုတွေ ကျက်မရလို့တဲ့"
"အခုမှ ကျက်ရသလားကွာ။ နှစ်ရက်လုံးလုံး ဝတ္ထုတွေပဲ ဖတ်နေတာလား"
မဖြေဘဲ ငြိမ်နေလိုက်တယ်။ ဖတ်လက်စ ဝတ္ထုက ပထမတွဲပဲ ပြီးသေးတယ်။ ဒုတိယတွဲကို မနက်ဖြန်ကျောင်းဆင်း အိမ်ပြန်ရောက်လို့ နေ့လည်စာစားပြီးမှ ဖတ်မယ် စိတ်ကူးထားတာ။
တီဗီဇာတ်လမ်းက ဘာအလွမ်းအဆွေးမှ မပါဘဲ ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းသွားတယ်။ ဘိုင်အိုမရတဲ့ ကောင်လေးက ဆရာဝန်ကြီးဖြစ်သွားတယ်။ ကောင်မလေးကလည်း ဆရာဝန်မကြီးဖြစ်သွားတာပဲ။ စာပိုတော်တယ်ဆိုတော့ နိုင်ငံခြားတွေ ဘာတွေမှာ ဘွဲ့လွန်တွေ ထပ်ယူပြီး အောင်မြင်တဲ့ သမားတော်ကြီးဖြစ်သွားတယ်ပေါ့လေ။ ကောင်မလေးက ကောင်လေးကို စာတွေ ရှင်းပြပေး ကူကျက်ပေးနဲ့ဆိုတော့ ဖြစ်သင့်ပါတယ်လေ။
ငါတော့ ဆရာဝန် မဖြစ်လည်း နေပါစေလေ။ အင်ဂျင်နီယာလောက် ဖြစ်ရင်ကို ရပါပြီ။ အင်ဂျင်နီယာဖြစ်ချင်ရင် သင်္ချာတော်ရမယ်လို့ အဖေကတော့ ပြောတာပဲ။ အင်း သင်္ချာအိမ်စာတွေလည်း တွက်လို့ မပြီးသေး။ တီဗီမှ အသံများ တိတ်ဆိတ်သွားသည့်အတွက်ထင့်။ အိပ်ချင်စရာကောင်းလောက်အောင် သူပျင်းရိသွားတဲ့အတွက် တချက်နှစ်ချက် သမ်းလိုက်ရတယ်။
နေ့ခင်းက ဖတ်ထားတဲ့ သိုင်းဝတ္ထုထဲက အရေးအဖွဲ့တွေကို ပြန်သတိရမိလိုက်တယ်။
ညသည် တိတ်ဆိတ်ငြိမ်သက်လှသည်။
ထိုစဉ် …
မနက်ဖြန်တော့ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ဒုတိယတွဲကို ဆက်ဖတ်မှ ဖြစ်မယ်ဟု ခေါင်းရှုပ်နေရင်း တန်းလန်းဖြင့် သူတွေးလိုက်မိတယ်။
ကျော်မောင်(တိုင်းတာရေး)
၅-ဇွန်-၂၀၁၉