Jan 30, 2016

သီချင်းတပုဒ်အား အမြစ်တူးမိခြင်း

ကြားဖူးနေတဲ့၊ သတိရရင်ဆိုဖြစ်တဲ့၊ ဂီတာနဲ့တီးချင်လို့မရရအောင်စာသားရှာပြီးတီးဖြစ်တဲ့ အဲဒီသီချင်း။ မိခင်ဘာသာနဲ့ ဆိုထားတာကိုလည်း သဘောကျတယ်။ ကျနော်တို့ဆီက အဆိုတော်က ကဗျာလည်းရေးတဲ့သူပါ။ 
တရက်မှာ သီချင်းကို အီတာလျံလိုလို ဂျာမန်လိုလို အသံထွက်နဲ့ ဆိုနေတာကြားပြီးကတည်းက မူရင်းကို အနောက််ဖက်ကပဲလို့ ထင်ခဲ့ပါတယ်။ စင်ကာပူက ကုန်တိုက်ကြီးတခုမှာ နေ့ခင်းဖက် နှစ်နာရီခွဲ သုံးနာရီလောက်ဆိုရင် အဲဒီသီချင်းကို ဖွင့်ပါတယ်။ မူရင်းဆိုတဲ့ ဘာသာနဲ့တော့ ဟုတ်ပုံမရဘူး။ အီတာလျံဖြစ်ဖို့များပါတယ်။ အဲဒါကြောင့် ရှာတဲ့အခါ လမ်းလွဲခဲ့တာပါပဲ။ကော်ပီမှန်းသိတယ်။ မူရင်းသီချင်းကို လိုက်ရှာတယ်။ 
ဟော အခု တွေ့ပါပြီ။ တွေ့တာမှ သီချင်းကိုသာမက သီချင်းရဲ့ လွှမ်းမိုးမှုအားကြီးတာကိုပါ တွေ့လိုက်တာပါ။ 
နိုင်ငံခြားဘာသာပေါင်း ၂၆ ဘာသာနဲ့ ပြန်ဆိုသီကျူးကြတဲ့သီချင်းပါ။

အဲဒါ ဘာဖြစ်လို့ပါလည်း။ ၁၉၇၇ မှာ အသံသွင်းပြီး ၁၉၇၈ မှာ ဖြန့်ဝေခဲ့ပါတယ်တဲ့။ လူကြီးတွေ လူလတ်တွေ လူငယ်တွေ အကြောင်း မဟုတ်ဘူးဗျ။ ကဲဗျာ အဲဒီလောက််ဆိုရင် ဘော်ဒါတို့လည်း သီချင်းကို ရှာတွေ့လောက်ပြီ ထင်ပါတယ်။ သဲလွန်စတွေကတော့ အပေါ်က စာသားတွေမှာ ပါပါတယ်။ 
ရှာခဲ့တာက တခြားအကြောင်းအရာတခုအတွက် ရှာတာပါ။

အဲဒီိလိုတမြန်နေ့က ရေးခဲ့တာမှာ ၁၉၇၈ မှာ ထုတ်တဲ့သီချင်း ၊ဘာသာ ၂၆ ဘာသာနဲ့ ပြန်ဆိုတီးမှုတ်ခဲ့တဲ့ သီချင်းအကြောင်းမိတ်ဆက်သဘောလောက်ပဲ ရေးခဲ့ပါတယ်။ ဖေ့ဘုတ်မှာပို့စ်တင်ပြီး မကြာခင်မှာ မိတ်ဆွေအကို တယောက်က Anak လို့ အဖြေမှန်ကို ပေးခဲ့ပါတယ်။ ဘာမဆိုသိနိုင်တဲ့ Google အကူအညီကြောင့်လို့ ဆိုပါတယ်။ သဲလွန်စအနေနဲ့ ကျနော်တို့ဆီက ပြန်ဆိုတဲ့ အဆိုတော်က ကဗျာဆရာလည်းဖြစ်ပါတယ် ဆိုတာ ရေးခဲ့ပါတယ်။ 

ကုန်တိုက်ကြီးတခုမှာ အချိန််ပိုင်း လုပ်နေတဲ့ ကာလအတွင်း အဲဒီသီချင်းကို သတိထားမိပါတယ်။ နေ့ခင်းပိုင်း ထမင်းစားပြီးချိန်ဆိုတာ အလွန်အိပ်ငိုက်လို့ကောင်းတဲ့အချိန်။ စျေးဝယ်သူလည်း ပါးပါတယ်။ အဲဒီနောက်ပို်င်း နှစ်နာရီခွဲ သုံးနာရီလောက်မှာဆိုရင် သီချင်းပြောင်းဖွင့်ပါတယ်။ တခြားအချိန်မှာတော့ မြူးမြူးကြွကြွလေးတွေဖြစ်ချင်ဖြစ်မယ် တီးလုံးလေးတွေပဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ခုနကပြောတဲ့ နှစ်ခွဲ သုံးနာရီလောက်မှာ အဲဒီသီချင်းကိုပဲ ပုံမှန်ဖွင့်တယ်။ အီတာလျံလိုဆိုထားတာလား၊ ဂျာမန်လိုဆိုထားတာလား မသိပါ။ ဖွင့်နေတဲ့အချိန်မှာ စျေးဝယ်ကျလာလေ့ရှိပါတယ်။ လာဘ်ခေါ်သီချင်းလားဆိုပြီး တွေးမိပါသေးတယ်။ ကြားမိတဲ့အခါ ဒီသီချင်းဟာ ဒို့ဆီက ကဗျာဆရာအဆိုတော် သီဆိုထားတဲ့ သီချင်းဆိုပြီး ရင်းနှီးနေတဲ့ သီချင်းဖြစ်နေပါတယ်။ ဗမာလိုဆိုတဲ့သီချင်းကိုလည်း အစအဆုံး အကုန်မရပါ။ သီချင်းနာမည်လည်း မသိပါ။ 

ဗမာအဆိုတော်သီချင်းကို ယူကျူမှာ လိုက်ရှာပါတယ်။ တပုဒ်ဖွင့်လိုက် နောက်တပုဒ်ဖွင့်လိုက်နဲ့ အချိန်သာကုန်ပြီး လိုချင်တဲ့သီချင်းကို မရပါ။ တရက်ညီဖြစ်သူနဲ့ အွန်လို််င်းပေါ်မှာ စကားပြောနေတုန်း သူ့ကို မေးကြည့်မိပါတယ်။ လူငယ်ကလည်း လူငယ်၊ ခေတ်ကလည်း ရှေ့ပဲပြေးတာကြိုက်တဲ့ ပုဂ္ဂိုလ်လေးဆိုတော့ သိမှာတော့မဟုတ်ဘူးလို့ မရဲတရဲ ထင်မိပေမယ့် မသေချာတဲ့ ရာခိုင်နှုန်းကို စမ်းကြည့်တာပေါ့ဆိုပြီး ညီရေ ဟိုအဆိုတော်ဆိုတာလေကွာ သူု့သီချင်းသံစဉ်ကဒီလိုကွနဲ့ ရထားတဲ့ စာသားကို ဆိုပြ ပါးစပ်ဆိုင်းတီးပြနဲ့ ခေတ်လူငယ်ကလည်း သူလည်း ကြားဖူးတယ် အဲဒီသီချင်း သေချာအောင် သူ့ရဲ့ ဂီတာနည်းပြဆရာကို မေးပေးပါမယ်ဆိုလာတာနဲ့ အားတက်၊ နောက်တရက်မှာ သီချင်းနာမည်ပြောပါတယ်။ "သီချင်းများနဲ့လူ"။ ခေါင်းစဉ်သိတာနဲ့ ယူကျူ့မှာ သီချင်းများနဲ့လူလို့ ရိုက်ပြီး ရှာပါတယ်။ ကိုပလေးဘွိုင်သန်းနိုင်က အရင်ဆိုတာဖြစ်ပြီး ကိုထူးအိမ်သင်က နောက်မှ ပြန်ဆိုတာဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ 

ကျနော်သိတာက ကိုထူးအိမ်သင် သီဆိုတာကို ကြားဖူးတာပဲဖြစ်ပါတယ်။ အဲဒီသီချင်းမှာပဲ မူရင်းအဆိုတော်ဟာ Freddie Aguilar ဖြစ်ပြီး သီချင်းနာမည်က Anak ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ Anak ဆိုတဲ့ စကားလုံးကို ဂူးဂဲလ်လိုက်တဲ့အခါ Anak (song) ဆိုပြီး Wikipedia မှာဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီကပဲ Anak သီချင်းရဲ့ အောင်မြင်မှုကို သိခွင့်ရခဲ့ပါတယ်။ 

ကျော်မောင်(တိုင်းတာရေး)
၃၀-၁-၂၀၁၆

Jan 27, 2016

ခေတ်မီ နည်းပညာရပ်တွေ သုံးမရတော့တဲ့အခါ

ရှစ်ထပ်မှာ နေတဲ့ ကောင် ဓါတ်လှေကားပျက်တာ အခုမှ ကြုံဖူးတဲ့အခါ ရိုးရိုးလှေကားအတိုင်း အပြေးတပိုင်း ဆင်းခဲ့ပါတယ်။ သုံးထပ်မှာ ပေါက်ဖော်တယောက် ဓါတ်လှေကားခလုတ် နှိပ်နေတာမြင်လို့ ဟေ့လူ အဲဒါပျက်နေတာလို့ အော်ပြောပြီး ဆက်ဆင်းတယ်။ ဟိုလူလည်း စပွိုင်းလား ဆိုကာ နောက်က လိုက်ဆင်းတယ်။ ဓါတ်လှေကားက နံပါတ်ပြတဲ့နေရာမှာ 10 out of order လို့ရေးထားတာ။ 

မှတ်တိုင်ရောက်တော့ နံပါတ် ၈၀၀ ဘတ်စ်ကားက ဆိုက်နေပြီ။ ကားမှတ်တိုင်မှာ တန်းစီစနစ်မသုံးတဲ့အခါ ဦးရာလူ တက်ပဲ။ တုတ်ကောက်ကိုင်ထားတဲ့ အဘိုးကြီးတယောက် မြည်တွန်တောက်တီးပြီး ကားပေါ်တက်သွားတယ်။ သူ့နာမည်က ဦးရာလူဖြစ်မယ်။ကားနောက်ဖက် တိုးကြလို့ ပြောတာထင်ပါတယ်။

ကားသမားက ရှေ့တံခါးမပိတ်ခင် ကားပေါ်တက်ဖို့ပြင်နေသူတွေကို လှမ်းပြောတယ်။ နောက်ကားလာပြီ အဲဒါ စောင့်စီးကြတဲ့။ ဟိုကားက မီးပွိုင့်မိနေတယ်။ 

ရထားစောင့်တဲ့ဆီကိုသွားဖို့ လမ်းမှာ စက်လှေကား လေးစင်း စီးရတယ်။ ပေါက်ဖော်ကြီးတွေနိုင်ငံမှာ စက်လှေကားသတင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့အပြီးမှာ ဒီကလူတွေလည်း စက်လှေကားဆိုတာကို သတိလက်လွတ် ဖုန်းလေးပွတ်ပြီး မစီးရဲကြတော့ဘူး။ 

ရထားစီးနေရင်း လမ်းမှာသာ ရထားပျက်နေရင် ဘာလုပ်ကြမလဲဆိုတာကို တွေးမိသွားသေးတယ်။ ကိုယ်စီးတာ မပျက်ရင်တောင် ရှေ့က ရထားပျက်ရင်လည်း နှောင့်နှေးတာပါပဲ။ 

ရထားဘူတာကထွက်ပြီး ကားစီးရပြန်တယ်။ နှစ်ထပ်ကားဖြစ်တယ်။ အပေါ်ထပ်တက်မယ့်လှေကားနံရံမှာ အပေါ်ထပ်ရှိ ကျန်သေးတဲ့ ခုံနေရာလွတ်အရေအတွက်ပြတဲ့ စက်က ပျက်နေတယ်။ ပါးတဲ့ကားစီးခရီးသည်တွေက ဘတ်စ်ကား မောင်းသူရဲ့ရှေ့ခေါင်းပေါ်မှာရှိတဲ့ CCTV ကို လှမ်းကြည့်ပြီးမှ အပေါ်ကိုတက်ကြတယ်။ CCTV က အပေါ်က ခရီးသည်တွေကို ရိုက်နေတာ။ ခုံလွတ်ရှိရင် လှမ်းမြင်ရတယ်။ ဟင် ခင်ဗျားက အခုမှသိတာလား။ ကျနော်လည်း သူများတွေ အဲဒီလိုကြည့်ကြတာမြင်လို့ သိသွားတာ။

ခေတ်မီနည်းပညာရပ်တွေ သုံးမရတဲ့အခါ ခေတ်ဟောင်းနည်းပညာရပ်တွေ ပြန်ခေတ်စားလာတယ်။ 

ဘာပဲပြောပြော ရေကူးတတ်အောင် လုပ်ရဦးမယ်။ လှေလှော်တတ်အောင်လည်း ကျင့်ဦးမှ။ 

ကျော်မောင်(တိုင်းတာရေး)

Jan 24, 2016

တွေးမိလေသော - ခြင်ချော်လဲ

စခဲ့တာက အဖွားရဲ့ အိမ်ဦးနတ်ဖြစ်တဲ့ အဘပါပဲ။ အဘက ဆံပင်တိုတိုထားတဲ့သူ။ ဒါပေမဲ့ ဆံပင်ကို အုန်းဆီအမြဲလိမ်းတယ်။ သူတို့ခေတ်မှာ အုန်းဆီအပြင် တခြားခေါင်းလိမ်းဆီတွေ ရှိပေမယ့် သူကတော့ အုန်းဆီမှ အုန်းဆီပါပဲ။ ငါးကျပ်သားလောက်ထည့်နိုင်တဲ့ ပုလင်းထဲက အုန်းဆီကို လက်ဝါးနှစ်ဖက်ထဲထည့်ပြီး အကျအန လိမ်းပါတယ်။ ပြီးတော့မှ အနီးအနားမှာရှိတဲ့ မြေးဖြစ်သူတွေကို ငါ့မြေးတွေ လာစမ်းဆိုပြီး အုန်းဆီလိမ်းပေးပါတယ်။ အဲဒီက စတာပါပဲ။ တခြားမြေးတွေတော့မသိ။ ကျော်မောင်ဆိုတဲ့ "စကားများ "က အဘလိုပဲ အုန်းဆီမှ အုန်းဆီဖြစ်သွားပါတယ်။ 

ဘာကြောင့် အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်သုံးရသလဲဆိုတာ တတ်သမျှဉာဏ်နဲ့ တွေးကြည့်မိပါတယ်။ ဦးခေါင်းဟာ လူရဲ့ကိုယ်မှာ အပေါ်ဆုံးအပိုင်းဖြစ်ပါတယ်။ ဆံပင်က အဲဒီဦးခေါင်းမှာရှိတာပါ။ အုန်းဆီကို အုန်းသီးကနေ ရပါတယ်။ အုန်းသီးဆိုတာ လူထက်မြင့်တဲ့ အုန်းပင်မှာ သီးပါတယ်။ အုန်းပင်ပုတွေ မပါပါ။ 

နောက်တခါ အုန်းဆီသည် သူ့အလိုလိုက ဘာမှ မရောစပ်ရပဲ မွှေးပြီးသား ဖြစ်ပါတယ်။ 

ကြုံခဲ့ရတာလေးက ဒီလိုပါ။ 

အလယ်တန်းကျောင်းသားဘဝ ကျောင်းပိတ်ရက်အတွင်း ကျောင်းမှာ ကြက်ခြေနီသင်တန်းတက်ပါတယ်။ ပတ်တီးစည်းနည်းအမျိုးမျိုးကို သင်ယူရပါတယ်။ တခြားဟာတွေလည်း ပါသပေါ့။ သင်တန်းမှာ နည်းပြဆရာမက ဘယ်လိုအခြေအနေမှာ ဘယ်စည်းနည်းဟာ ဆောင်ရွက်ဖို့ခက်ခဲကြောင်း ဉာဏ်သုံးရကြောင်း သင်ပါတယ်။ ဥပမာအားဖြင့် မျက်လုံးတဖက် ထိခိုက်သွားသူကို ပတ်တီးစည်းရမယ်ဆိုရင် ပုံမှန်ဆိုရင်တောင် ခက်ခဲကြောင်း တခါတလေမှာ လူနာက ခေါင်းလိမ်းဆီ လိမ်းထားရင် အတော်မလွယ်ကြောင်း ဟာသနှောကာ ပြောပြပါတယ်။ ရယ်စရာအဖြစ် သဘောထားကာ နေခဲ့ပါတယ်။ 

အဲ စာမေးပွဲ စာတွေ့အပြီး လက်တွေ့မှာ မေးမယ့် ဆရာမဆီကို နှစ်ယောက်တတွဲ ဝင်ရတယ်။ အဲဒီမှာ တွဲဖက်ကျတာက အငယ်တန်းက ချောင်ယွန်ဖတ်ပဲ။ တရုတ်မင်းသား ချောင်ယွန်ဖတ်ပုံစံဖမ်းပြီး ကေ တော်တော်သတဲ့ သူဖြစ်လို့ သူ့ဆံပင်က အမြဲတမ်း ပြောင်လက်နေပါတယ်။ 

ကဲ စမေးပြီ ဘာနည်းကို ချည်ပြဆိုတော့ ချောင်ယွန်ဖတ်ကို လုပ်ခိုင်းတာက လွယ်တယ်ထင်ပါတယ်။ ကျော်မောင့်အလှည့်မှာ ချောင်ယွန်ဖတ်ကို မျက်လုံးတဖက်စည်းပေးရမယ်တဲ့။ အဲဒီအခါမှ သူဖက်လှည့်ပြီး စည်းဖို့ ပတ်တီးပြင်တဲ့အခါ ခါတိုင်းထက် ပိုပြောင်တဲ့ သူ့ဆံပင်ကိုတွေ့ရပါတယ်။ ခြင်နားရင်တောင် ချော်လဲသွားနိုင်ပါတယ်။ ကြိုးစားပြီး စည်းပါတယ်။ မရပါ။ 

ဆရာမက ပြုံးပြီးကြည့်နေပါတယ်။ ဉာဏ်သုံးရမယ်ဆိုတဲ့ သင်တန်းဆရာမစကားပြန်အမှတ်ရကာ ပတ်တီးတခုယူ သူ့ခေါင်းပေါ်မှာ အသာတင် ပြီးမှ မျက်လုံးတဖက်ကို စည်းပေးလိုက်ပါတယ်။ 

အဲဒီသင်တန်းမှာ တတိယဆုရတာတော့ နောက်မှပဲ ပြောကြတာပေါ့။ 

ကျော်မောင်(တိုင်းတာရေး)
၇-၉-၂၀၁၅


တော်တော် လက်မတည့်တဲ့ ကောင်တွေ

မိုးသည်းသော တနေ့။ တိကျစွာ ပြောရလျှင် ကျောင်းပိတ်ရက် စနေ နေ့လယ်ခင်း။ 
မိုးသားတွေ ညို့ကာ မိုးသီးမိုးပေါက်တွေက ကြီးကြီးမားမား။ အင်္ဂလိပ်အီဒီယမ်မှာ "raining cats and dogs" လို့ခေါ်သည်။

၅ တန်းကျောင်းသား ကျော်မောင်လည်း အမေ့ဆီက ပါမစ်တောင်း၊ ရတာနဲ့ဘောင်းဘီတိုလဲဝတ်ကာ သူငယ်ချင်းအပေါင်းတို့ ပျော်ပျော်ပါးပါး မိုးရေချိုးကာ ဘောလုံးကန်နေသော ကွင်းပြင်သို့ ပြေးချေသည်။ မိုးကြိုး မကြောက်၊ လျှပ်စီးမကြောက်။ 

ဒေဝေါကြီး ခဏနား။ မိုးရွာတုန်း ရေခံ .. အဲလေ မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ ..
ဟုတ်ပါဘူး ... မိုးသည်းတုန်း ကမြင်းရတာ ဖြစ်လို့ မိုးတိတ်မှာ စိုးရွံ့ကြ။ မိုးတိတ်လို့မဖြစ်။

ဘောလုံးကန်နေတုန်း အုပ်စုထဲက ဘော်ဒါနှစ်ကောင် လက်သွားဆော့ကြသည်။ မလှမ်းမကမ်းက တိုက်ရှေ့မှာ ဒိုင်နာကားက ညအိပ်လေ့ရှိသည်။ ပိုင်ရှင်က အဲဒီတိုက်က နှစ်ထပ်မြောက်မှာ နေသည်။ သူ့အခန်းက မီးကြိုးသွယ်ကာ သူ့ကားကို ညဘက်အတွက် မီးလုံးထွန်းပေးထားသည်။ ကားမီးခွက်တွေ ဘာတွေ ခိုးသည့်ရန်မှ ကင်းဝေးရန်ဖြစ်သည်။

မီးလုံးကို ၀ါးတိုင်ထောင်ထားသည့် အပေါ်တွင် တိုင်ထိပ်နှင့် ချည်ကာ အလင်းပေးသည်။ မနက်က ပိုင်ရှင် အဖိုးကြီး မီးပိတ်ဖို့ မေ့သွားတာ ဖြစ်မည်။ မီးလုံးက မိုးမှောင်မှောင်အောက်တွင် ၀ါထိန်ကာ နေ့ခင်းဖက်တွင် လင်းနေဆဲ။ 

ဘောလုံးကန်နေရင်းမှ ဟိုနှစ်ကောင် ဘာတွေသွားသွားလုပ်နေလည်း လိုက်ကြည့်.... 
သူတို့တွေက ခဲလုံးသေးသေးလေးတွေ ကောက်ကောက်ပြီး အဲဒီမီးလုံးကို တယောက်တလှည့် ပစ်နေကြတာ။ 

နောက်ကနေ ကြည့်လိုက်တယ်။ ဒီကောင်တွေ ပေါက်နေတာဆယ်ကြိမ် မကတော့ဘူး။

တလုံးမှ မထိကြ။ ဒါနဲ့ ကျော်မောင် ပါရပြီပေါ့ .... ပါလေရာ ငါးပိချက် မဟုတ်လား . ...

"ဟေ့ကောင်တွေ ဟေ့ကောင်တွေ တော်တော်လက်မတည့်တဲ့ ကောင်တွေ ... ဒီမှာ ကြည့် ... "

ပြောပြောဆိုဆို ခဲလုံးသေးသေး သုံးလေးလုံး ကောက်ပြီး သေသေချာချာမှန်းပြီး လှမ်းပစ်လိုက်တာမှာ သုံးလုံးမြောက် အရောက် .... 

" ခွမ်း"

"တွေ့လားကွ ... အဲလို လက်တည့်အောင် ပစ်ရတယ်" ဂုဏ်ယူဝ့ံကြွားစွာနဲ့ ပြောလိုက်သည်။ 

ဟိုနှစ်ကောင် ရယ်ဖြဲဖြဲနဲ့ ..." ဟာ ကျော်ကြီး ... ပြေးပြေး .. မီးလုံးကွဲသံကြားလို့ အဖိုးကြီး လသာခန်းဖက် ထွက်လာပြီ၊ မင်း ခွဲတာနော် ... လက်တည့်တယ် လက်တည့်တယ် .. ဟား ဟား ဟား ဟား " ဆိုပြီး ဘောကန်နေရာဖက် ပြေးကြလေသည်။

ဒီတွင်မှ လဒနှစ်ကောင် ကျော်မောင့်ကို ချောက်ချမှန်း ငတုံးက သိပါတော့တယ်။ 

လက်တည့်တဲ့ကောင် ငတုံးကျော်မောင် ....သြော် ဒီလဒတွေ မလွဲ လွဲအောင် ပစ်နေတာကို တော်တော်လက်မတည့်တဲ့ကောင်တွေလို့ အားမလို အားမရဖြစ်ပြီး ဝင်ကြဲတဲ့ ကောင် ... ပြေးပေဦးတော့ ... 

ကျော်မောင်(တိုင်းတာရေး)
၂၃-ဇန်နဝါရီ-၂၀၁၅

Jan 22, 2016

အဖွားနှင့် အတူ စျေးသွားခြင်း

အဖွားဆိုတာက အမေရဲ့ အမေ ဖြစ်ပါတယ်။ အဖွားအကြောင်းကို “အဖွားပြောသော ပုံပြင်” ဆိုတဲ့ ဆောင်းပါးတစောင်မှာ တစွန်းတစ ထည့်ရေးခဲ့ဖူးပါတယ်။ အဖွားက ကျနော့်တို့သိတတ်စအရွယ်လောက်မှာ အသက်ငါးဆယ်ကျော်ကျော်ဖြစ်နေပါပြီ။ အဖွားက သူ့နယ်မှာပဲ သူ့ရပ်ဆွေ ရပ်မျိုးတွေ၊ သားတွေ သမီးတွေ၊ မြေးတွေနဲ့ နေရတာ သဘောကျပုံပါ။ နီးစပ်ရာ ရွာနီးချုပ်စပ်တွေကိုလည်း စက်လှေနဲ့ အလည်အပတ်သွားဖို့ ဝန်မလေးတတ်ပါဘူး။ သာရေးနာရေး လက်မနှေးတတ်သူပါ။ သန်တုန်းမြန်တုန်းမှာ အဘနဲ့ အတူတူ သွားရင်သွား၊ သူတယောက်ထဲလည်း သွားရင်သွားတတ်သူပါ။ ပြန်လာရင် ထိုထိုရွာတွေက အမျိုးတွေ လက်ဆောင်ပေးတဲ့ ပစ္စည်းတွေနဲ့ တနင့်တပိုးပါပဲ။

အဖွားကို သူ့သားတွေ သမီးတွေဖြစ်တဲ့ ကျနော့် အမေ၊ အဒေါ်နဲ့ ဦးလေးတွေက အမလို့ ခေါ်ကြပါတယ်။ ဒါဆို ဘယ်သူ့ကို အမေလို့ ခေါ်တုန်းလို့ မေးကြည့်တဲ့အခါ အဖွားရဲ့ အမေ၊ သူတို့ အဖွားတော်သူကိုမှ အမေလို့ ခေါ်ကြပါသတဲ့။

အဖွားက သမီးကြီး မိသားစုရှိရာ ရန်ကုန်မြို့ကြီးကို လာလည်ခဲပါတယ်။ အဲ လာလည်ပြီဆိုရင်လည်း တလလောက်ပဲ နေတတ်ပြီး သူနေထိုင်ရာ တိုးမြစ်နားက နယ်မြို့လေးကိုဆီ ပြန်တော့တာပါပဲ။ အဲဒီအခါ ကျနော်တို့က နောက်တတ်ပါတယ်။ အဖွားက အဘကို စိတ်မချလို့ထင်တယ်လို့ ပြောတဲ့အခါ ဒီကလေးတွေလို့ အံကြိတ်ကြိမ်းမောင်းတတ်ပါတယ်။

အဖွားက ဟင်းချက်အတော်ကောင်းပါတယ်။ သူ့ချက်တဲ့လက်ရာကို အမေက အတော်မီိပါတယ်၊ အမေ့ထက် ဟင်းချက်ကောင်းသွားသူက ကျနော့်တဝမ်းကွဲအမဖြစ်သူပါ။ သူတို့က အဖိုး အဖွားနဲ့ အတူ နယ်မြို့မှာပဲ အတူတူနေကြတဲ့အတွက် မြေးအဖွားနှစ်ယောက် မီးဖိုချောင်ကိစ္စမှာ အဖွားကို သူက ကူညီရပါတယ်။ ဝမ်းကွဲအမက ဟင်းချက်ပုံ ဟင်းချက်နည်း တော်တော်များများကို လုပ်ရင်းကိုင်ရင်း အဖွားဆီက ဆရာစားမချန် ရခဲ့သူဖြစ်ပါတယ်။ ငါးပြေမဟင်းကို ကန်စွန်းရွက်အုပ်ချက်ထားတဲ့ အဖွားရဲ့လက်ရာ လယ်သူမချက်ဆိုရင် ထမင်းနှစ်ပန်းကန် သုံးပန်းကန်ဆိုတာ ဗိုက်ထဲကို လျှောကနဲပါပဲ။

အဖွားက ရန်ကုန်ကို လာလည်တဲ့အခါမှာလည်း ဟင်းချက်တာကို တာဝန်ယူသူပါ။ အမပဲချက်ပါမယ်၊ ညဉ်းလည်း တောက်လျှောက်ချက်ပြုတ်နေတာ၊ အေးအေးနေပါအေ လို့ အမေ့ကို နားနားနေနေနေခိုင်းပြီး သူပဲ ချက်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်သူဟာ ဟင်းစားကိုလည်း ကို်ယ်တိုင်သွားဝယ်ရတာကိုပဲ နှစ်သက်လေ့ရှိပါတယ်။ အဲဒါကြောင့် အဖွားက နီးရာစျေးကို လှုပ်တုပ် လှုပ်တုပ်နဲ့ သွားပါတယ်။ လှုပ်တုပ် လှုပ်တုပ်လို့ ပြောရတာက အဖွားက အသက်နည်းနည်းရလာတဲ့အခါ ဒူးနာပါတယ်၊ ညောင်းတာ ညာတာ ရှိပါတယ်။ အဖွားကို နင်းပေး နှိပ်ပေး အပူထုတ်ပေးဖူးပါတယ်။ အဖွားဆီက မုန့်ဖိုးရချင်တာလည်း ပါပါတယ်။ အမေတို့ အမလို့ ခေါ်တဲ့ အဖွား စျေးသွားတဲ့အခါ လိုက်ပါပြီး စျေးဝယ်ခြင်းဆွဲရသူကလည်း ကျနော် ကျော်မောင်ပေါ့ခင်ဗျာ။

စစခြင်း တရက်မှာ၊ အဲဒီ တရက်ဆိုတာက အဖွား သဘောင်္နဲ့ ရန်ကုန်ရောက်လာပြီး နောက်တနေ့မနက်မှာ၊ အဖွားက စောစောစီးစီး ရေမိုးချိုးပြီး အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ဝတ်ပြီးတဲ့အခါ စျေးခြင်းဆွဲပြီး စျေးသွားမယ် ပြင်ပါလေရော။ သားကျော်ရေ အဖွားနဲ့ လိုက်သွားလိုက်လို့ အမေက ပြောတဲ့အခါ ဟုတ်ကဲ့ဆိုပြီး အဖွားကို လက်တွဲပြီး စျေးကို လမ်းလျှောက်ကြပါတယ်။ စျေးနဲ့ အိမ်နဲ့က ကျနော်တို့ ကလေးနှုန်းနဲ့ဆို ကြာလှ ဆယ်မိနစ်ပေါ့။ အဖွားနဲ့သွားတဲ့အခါ နှစ်ဆမက ကြာပါတယ်။ ဒါက စျေးအဝ အရောက်ကိုပဲ ပြောတာပါ။

အဖွားမှာ စျေးဝယ်တဲ့စနစ်တခုရှိတာ အဖွား စျေးဝယ်တဲ့အခါ နောက်လိုက်ခြင်းဆွဲလုပ်ရင်းနဲ့ သတိပြုမိပါတယ်။ အဲဒါက ဘာလည်းဆိုတော့ သူက စျေးတန်း စတွေ့တာနဲ့ စဝယ်တာပါပဲ။ သားငါးစျေးတန်းက စျေးကြီးရဲ့ အဆုံးဖက်နားလောက်မှာ ရှိပါတယ်။ ကျနော့်အတွေးက သားငါးက အဓိက၊ စျေးအဆုံးမှာလည်း ရှိတယ်၊ အဲဒီကို အရင်သွား၊အဆုံးကနေမှ တဖြည်းဖြည်းစျေးအဝင်ဖက် ထွက်လာတာမှာ ဝယ်ချင်တာတွေ အဲဒီကျမှ ဝယ်။ အဖွားနဲ့ စျေးစလိုက်တဲ့နေ့မှာပဲ မြေးအဖွားနှစ်ယောက် နောင်ဂျိန်ပါပဲ။ အဖွားနောက်မှဝယ်၊ ပြန်လာမှဝယ်မယ်ဆိုရင်၊ ဒီကလေး မသိဘဲနဲ့၊ ပြန်လာရင် ဒီဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ တို့စရာတွေက ကုန်သွားလောက်ပြီ၊ မကောင်းတာတွေပဲ ကျန်ခဲ့မယ်တဲ့။

အဲဒီတော့ စျေးကို စဝင်ကတည်းက ဟိုဆိုင်တွေ့ ဒါလည်း လတ်လိုက်တာ၊ သမီးစားဖို့ ဝယ်သွားမှ၊ ဒီဆိုင်တွေ့ ဒါလေးဆို ကောင်လေးကြိုက်မှာပဲ၊ အဲ ပြောရဦးမယ်၊ ကောင်လေးဆိုတာ ကျနော့်အဖေကို ခေါ်တာ၊ ဒါတွေက ငါ့မြေးတွေ စားဖို့နဲ့ ၊ စျေးတန်းကလည်း ဘယ်ဖက် ညာဖက်မှာ ဗန်းလေးတွေ အခင်းလေးတွေနဲ့ ချရောင်းနေတဲ့ခေတ်ဖြစ်တဲ့အတွက် အဖွားက ဆိုင်တဆိုင်ရှေ့ရောက်ရင် မြေးရေ ခဏဆိုပြီး ဆောင့်ကြောင့်ထိုင်၊ သူ့စိတ်ကြိုက် ရွေးချယ်ကာ စျေးဆစ် ငွေချေ၊ ပြီးတာနဲ့ အိမ်ကယူလာတဲ့ စျေးဝယ်ခြင်းထဲ ထည့်ပါတယ်။ ကဲ မြေးရေ ဆွဲ ဆိုတာနဲ့ မြေးကျော်မောင်လည်း ဆွဲရပါတယ်။ ဆောင့်ကြောင့်ထိုင်ရာမှ ထဖို့ပြင်တဲ့ အဖွားကိုလည်း လက်တဖက်နဲ့ ထူရပါသေးတယ်။

သားငါးတန်း မရောက်ခင်မှာပဲ စျေးခြင်းက အတော်စုံနေပြီ ဖြစ်ပါတယ်။ ခြင်းဆွဲကလည်း ဘယ်ညောင်းရင် ညာဖက်နဲ့ဆွဲ၊ ညာညောင်းရင် ဘယ် တလှည့်စီ မနိုင်မနင်းဆွဲလို့။ သားငါးတန်းကထွက်၊ ပန်းသည်တွေဆီရောက်တဲ့အခါ ဘုရားကပ်ဖို့ ပန်းတွေ ဝယ်ပါတယ်။ အဲဒီ ပန်းစည်းတွေကို အဖွားက သယ်ပါတယ်။ စျေးကနေ ပြန်ထွက်တဲ့အခါမှာလည်း သူ့စိတ်ထဲ ဝယ်ချင်တာတွေ့ရင် မြေးရေ ပန်းတွေက အပွင့်တွေ လက်နဲ့ မထိစေနဲ့ ရော့ကိုင်ထားလို့ လှမ်းပေးရင်း စျေးဝယ်ပြန်ပါတယ်။

အိမ်ပေါ်ရောက်တဲ့အခါ ခြင်းဆွဲကျော်မောင်လည်း လက်မောင်းတွေ အတော်ညောင်းနေပြီ ဖြစ်ပါတယ်။ နောက်နေ့မနက် အဖွားစျေးသွားမယ်ဆိုတော့လည်း ကျော်မောင်ဆိုတဲ့ မြေးက မညည်းမညူ စျေးခြင်းလိုက်ပါဆွဲပေးလေ့ရှိပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဖွားက ရိုးရိုးအဖွားမဟုတ်ပါ၊ ခေတ်အတော်များများကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်တဲ့အတွက် ဆယ်ကျော်သက်ဝင်စ မြေးကို လွယ်လွယ်လေးပဲ မက်လုံးလေးပေးပြီး စည်းရုံးနိုင်ခဲ့သူပါ။

အဲဒါက စျေးကနေ ပြန်အထွက်မှာ ပြောင်းဖူးပြုတ်တို့၊ ပြောင်းဖူးမီးဖုတ်တို့၊ မုန့်ဆီကြော်တို့၊ ဖီးကြမ်းငှက်ပျောသီးတို့ အစရှိတဲ့ မုန့်ပဲသရေစာ အရောင်းဆိုင်တွေကနေ မြေးကျော်မောင် ကြိုက်ရာ သရေစာတခုထက်မကကို ဝယ်စားခွင့်ပေးထားတာပါပဲ။

မြေးကျော်မောင်ကလည်း အိမ်ရောက်တာနဲ့ ဘယ်အိမ်သားကိုမှ ပေးမကျွေးပါဘူး။ စားချင်ရင် အဖွားနောက်က စျေးခြင်းလိုက်ဆွဲကြလေလို့ ခပ်တင်းတင်း ပြောရင်း ဝယ်လာတဲ့ မုန့်ကို မြိန်ရည်ရှက်ရည် တဖြဲနှစ်ဖြဲဆွဲပါတော့တယ်။

အဲဒီလိုနဲ့ အဖွား ရန်ကုန်ကနေ နယ်မြို့ကို မပြန်မချင်း စျေးခြင်းဆွဲတာဝန်ကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့သောသူဖြစ်ပါကြောင်း ရှေးဟောင်းနှောင်းဖြစ် သတိရစရာအနေနဲ့ ရေးသားလိုက်ရပါတယ်။

အဖွားရဲ့ မြေးရေ ဘာစားဦးမလည်းလို့ မုန့်ဆိုင်ရှေ့ရောက်တိုင်း မေးတဲ့ အသံလေးကို အခုထိ ကြားယောင်နေမိပါကြောင်း။ ။

ကျော်မောင်(တိုင်းတာရေး) (ခ) မြေးကျော်မောင်
၂၂-၁-၂၀၁၆

စာကြွင်း ။ ။ ရသစာပေနွယ်သော ကိုယ်တွေ့ဆောင်းပါးလည်းဖြစ်၊ အဖွားအတွက် အမှတ်တရလည်းဖြစ်တဲ့ ဆောင်းပါးမျိုး ရေးသားခြင်းဖြစ်ပါတယ်။


Jan 18, 2016

ခေါင်းကြီးပိုင်းများ

"တပည့်တို့ စာစီစာကုံး အရေးအသားကောင်းဖို့ဆိုရင် ကောင်းတဲ့ အရေးအသားတွေကို အတုယူတတ်ရမယ်။ လေ့လာတတ်ရမယ်။ စာစီစာကုံးစာအုပ်တွေလည်းဖတ်နိုင်ရင်ဖတ်ပါ။ အကောင်းဆုံးနည်းက သတင်းစာတွေ မဂ္ဂဇင်းတွေမှာပါတဲ့ ခေါင်းကြီးပိုင်းဆိုတာတွေကို ဖတ်ရမယ်။ ဒါတွေက စာစီစာကုံးရေးဖို့အတွက် အထောက်အကူအပြုနိုင်ဆုံး နည်းပဲ။ " မြန်မာစာဆရာကြီးမှ တက္ကသိုလ်ဝင်တန်းကျောင်းသူ ကျောင်းသား ကျနော်တို့အား လမ်းညွှန်ခဲ့သော စကားဖြစ်ပါသည်။ ထိုမတိုင်မီ သတင်းစာဖတ်လျှင် ခေါင်းကြီးပိုင်းဆိုတာတို့ ၊ အယ်ဒီတာ့အာဘော်ဆိုတာတို့ကို ကျော်ကာ လွှားကာ ဖတ်ခဲ့ပါသည်။ ဆရာကြီး ညွှန်းဆိုမှ အိမ်ရောက်ရောက်ချင်း သတင်းစာဟောင်းများအား ပြန်လှန်ကာ ခေါင်းကြီးပိုင်းတွေကို လိုက်ဖတ်ဖြစ်သည်။ ဒီလိုနဲ့ပဲ စာစီစာကုံးတွေမှာ အရေးအသားတွေ တက်လာသည်ဟု ပြောရမည် ဖြစ်ခဲ့သည်။
အခုထက်ထိ သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်ဆိုတာတွေ ဖတ်လျှင် ခေါင်းကြီးပိုင်းကို အရင်ဆုံးစဖတ်သည့် အကျင့်ဖြစ်သွားသည်။

စင်ကာပူနိုင်ငံ မြန်မာ့ရွာဟုခေါ်သောပင်နီစူးလားပလာဇာ(Pennisula Plaza)ရှိ လမ်းပြကြယ်စာကြည့်တိုက်မှ ငှားခဲ့သော စာအုပ်နာမည်က"ဂန ္ထလောက လက်ရွေးစင် ခေါင်းကြီးပိုင်းများ [၁၉၂၈-၁၉၃၅] ” ဆိုတာဖြစ်သည်။ စာအုပ်ခေါင်းစဉ်အောက်မှာ "ရာပြည့်စာတည်းအဖွဲ့ဝင်တစ်ဦး စုစည်းတည်းဖြတ်သည်။"ဟု ပါသည်။ အတွင်းဖက် စာမျက်နှာတွင် ရာပြည့်စာအုပ် ၂၉၈ ဟုရေးထားသည်။ ၂၀၁၀ မေလ ထုတ်ဖြစ်ပြီး ပထမအကြိမ်ထုတ်ဝေတာဖြစ်သည်။ စာမျက်နှာ ၂၄၀ ရှိသည်။ စာရွက်အရွယ်အစားက A4 ဆိုက်ဒ် တဝက်သာသာဖြစ်သည်။ စာအုပ်ကတ်တလောက်အညွှန်းတွင် ၁၃ x ၂၀.၇ စင်တီ ဟုဖော်ပြထားသည်။

"ဂန ္ထလောက" ဆိုသောနာမည်နှင့် ရင်းနှီးကြမည် ထင်သည်။ ဆဌမတန်း မြန်မာ့သမိုင်း သင်ရိုးစာအုပ် တနေရာတွင် "ဂန ္ထလောက" မဂ္ဂဇင်းအကြောင်း လေ့လာခဲ့ရသောကြောင့် ဖြစ်ပါသည်။ ငှားလာခဲ့သော စာအုပ်ကို စဖတ်သောအခါ "ဂန ္ထလောက" ဆိုသော နာမည်ကို လွယ်လွယ်ကူကူ ပြောင်းခဲ့ခြင်း မဟုတ်ကြောင်း ၊ “World of Books" ဟူသော မဂ္ဂဇင်း အမည်မှ လာကြောင်း သိရပါတော့သည်။ မဂ္ဂဇင်း၏  ဆောင်ပုဒ်ဖြစ်သော "မြေအုတ်များ ပြိုလေရာ ကျောက်အုတ်ဖြင့် တည်ဆောက်အ့ံ" ဆိုသည်မှာလည်း တဖြည်းဖြည်း ပြုပြင်ပြောင်းလဲယူလာရသော ဆောင်ပုဒ်တခု ဖြစ်ပေသည်။ မဂ္ဂဇင်းစတင် ထုတ်ဝေသုူမှာ မစ္စတာ ဖာနီဗယ် ဆိုသူဖြစ်သည်။ စာအုပ်ဆိုင်ဖွင့်ရာမှ လစဉ်ထုတ်မဂ္ဂဇင်းတစောင် ထုတ်ဝေဖြစ်ခဲ့ပေသော၊ မြန်မာများအတွက် အသိပညာလမ်းပွင့်စေခဲ့သော သူဖြစ်သည်။ ၁၉၃၀ ဖေဖေါ်ဝါရီလထုတ်မှ စတင်ကာ "ဂန ္ထလောက " အမည်ဖြင့် ထုတ်ဝေသည်။ ၁၉၄၁ နိုဝင်ဘာလအထိ ထုတ်ဝေခဲ့သည်။

"ဂန ္ထလောက လက်ရွေးစင် ခေါင်းကြီးပိုင်းများ [၁၉၂၈-၁၉၃၅] ” စာအုပ်တွင် ခေါင်းကြီးပိုင်း အပုဒ် (၈၀) ပါသည်။ ခေါင်းကြီးပိုင်းတွင် ရေးသော အကြောင်းအရာတွေက စုံလင်လှသည်။ မြန်မာပြည် ပညာပြန့်ပွားရေး အသင်းကြီး အကြောင်း၊ "ဂန ္ထလောက" မဂ္ဂဇင်းအကြောင်း၊ မြန်မာ့ပညာရေးနှင့် ဆိုင်သောအကြောင်း၊ မြန်မာစာပေနှင့် မြန်မာလူမျိုးများတိုးတက်ရေး အကြောင်း စသဖြင့် ပါဝင်သည်။ ခေါင်းကြီးပိုင်း အားလုံးသည် ခေါင်းစဉ်နှင့်ဖြစ်သည်။ ခေါင်းကြီးပိုင်း အဆုံးတွင် ထိုခေါင်းကြီးပိုင်းပါဝင်သော ဂန ္ထလောကမဂ္ဂဇင်း၏ ထုတ်ဝေရာ ခုနှစ်နှင့် လကို ဖော်ပြပေးထားသည်။

ညွှန်းပါရစေ။ အထက်ပါ စာအုပ်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ ဖတ်သင့်သော စာအုပ်ဖြစ်ပါသည်။ အထူးသဖြင့် စာသင်သူ စာသင်သား ကျောင်းနေ ဆယ်ကျော်သက် လူငယ်များ ဖတ်သင့်ပါသည်။ စာအုပ်အရောင်းဆိုင်များတွင် ရှာကာ ဝယ်ဖတ်ပါ။ စာကြည့်တိုက်များတွင် ရှာဖတ်ပါ။ မရှိလျှင် ရအောင် ရှာဝယ်ကာ ကျောင်းစာကြည့်တိုက်များသို့ လှူပါ။ စာအုပ်ပါ ခေါင်းကြီးပိုင်းများ ဖတ်ခြင်းဖြင့် စာစီစာကုံး အရေးအသား အားကောင်းလာမည်သာမက မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ကာလဖြစ်သော (၁၉၂၈-၁၉၃၅) အတွင်း မြန်မာ့အရေးကို တီးမိခေါက်မိ ရှိသွားစေပါသည်။

ကျော်မောင်(တိုင်းတာရေး)
၂၆-ဧပြီ-၂၀၁၅
၂-မေ-၂၀၁၅
၆-ဒီဇင်ဘာ-၂၀၁၅
၁၈-ဇန်နဝါရီ-၂၀၁၆


မှတ်ချက်။   ။ စာအုပ်ငှားရမ်းဖတ်ရှူခွင့်ရခဲ့သော လမ်းပြကြယ်စာကြည့်တိုက်(စင်ကာပူ)အား ကျေးဇူးတင်ရှိပါသည်။

Jan 15, 2016

(ဖတ်ခဲ့ဖူးသော စာတအုပ်) ဧရာဝတီ - တိုက်စိုး

မိုက်တွင်းနက်အောင်
ကိုယ့်ဘာသာ လက်နဲ့တူးကြ
ကျည်တောက်တောင် ကောက်သွားပြီ
ဖြောင့်ချင်ကြဦး
နေ့တိုင်း မိုးခါးရေက ငတ်မပြေ
ဆားနဲ့ ရောသောက်တယ်
မျက်ရည်ဆိုတာ ရယ်တဲ့အခါမှာရော ရတာလား
ပြုံးခဲ့ဘူးတယ်တဲ့ ဒီမျက်နှာ
အခု ဖော်မရခဲ့
ရပြန်တော့လည်း မချိပြုံး၊
လမ်းတလျှောက် လာခဲ့ရတာ မောတယ်
ဦးခေါင်းက ပြည်မယိုချင်ပါဘူး
နောက်ဆုံးကျတော့ မထူးဇာတ်ပဲ ပြန်ကနေကြတာပါလား။ ။

ခုတလော တောအကြောင်း၊ တောင်အကြောင်း၊ မြစ်ချောင်း အင်းအိုင်အကြောင်းတွေ လေ့လာဖြစ်ပါတယ်။ ရုက္ခဗေဒဥယျာဉ်ရောက်သွားခဲ့တာလည်း ပါမပေါ့။ မြန်မာ့ရွာက "လမ်းပြကြယ်" စာကြည့်တိုက်မှာ တရက် စာအုပ်ငှားနေတုန်း အတွေးတစ်ခုဝင်လာတာနဲ့ တာဝန်ကျ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးကို မေးကြည့်ပါတယ်။ ဧရာဝတီမြစ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းများ ရှိမလားဗျာ ဆိုတော့ ဆရာတိုက်စိုးရဲ့ ဧရာဝတီကို ညွှန်းပါတယ်။

ငှားပြီး ဖတ်နေတုန်း နှစ်ပတ်ပြည့်လို့ ရက်ထပ်တိုးတဲ့ အခါမှာ ဧရာဝတီနဲ့ ဆိုင်တာ နောက်တအုပ်တွေ့ပြန်ပါတယ်။ ဧရာဝတီကိုတော့ မလွမ်းချင်ပါ ဆောင်းပါးများနှင့် ရသစာစုများ ဆိုတဲ့ စာအုပ်ပါ။ ဖတ်လို့မပြီးသေးပါ။ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက် အတွေးတွေ ဝင်လာလိုက်၊ နောက်တစ်ပုဒ် ဖတ်လိုက် နောက်ဆက်တွဲ အမြင်တွေ ပေါ်လာလိုက်နဲ့။ ကဲ ရေးမယ်ဆိုပြီး မြေပုံလိုက်ရှာပါတယ်။ မြန်မာနိုင်ငံမြေပုံ။ ပြန်တုန်းက ဝယ်ခဲ့တာ၊ အခုသုံးရတော့မယ်။ မြေပုံမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဟိုးမေခ မလိခကစပြီး မြစ်ဝကျွန်းပေါ်အထိ။မေခ မလိခ မြစ်နှစ်မြွှာ ပေါင်းဆုံ ဧရာဝတီ ဆိုတာပေါ်လာ။

တောက်လျှောက် စီးဆင်းလာလိုက်တာမြစ်ဝကျွန်းပေါ်မှာ မြစ်ခွဲတွေ မြစ်လက်တက်တွေ ချောင်းတွေ ဖြစ်သွားတယ်။ စဉ်းစားကြည့်ရင် အဲဒီ မြစ်ချောင်းတွေက ဘယ်ကဖြစ် ဘယ်ကလာ။ ဧရာဝတီကဖြစ်၊ ဧရာဝတီကလာပါတယ်။ ဒါကြောင့် ခေါင်းစဉ်ကို ဧရာဝတီမြစ်ဆီက လာတယ်လို့ ဆိုခဲ့တာပါ။ မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာတစ်နိုင်ငံလုံးမှာ ဆန်စပါးအတွက် အားအထားရဆုံးဖြစ်ပါတယ်။ မေခ မလိမ ရှိလို့ ဧရာဝတီရှိလာပါတယ်။ တနည်းပြောရရင် မြစ်ဆုံရှိလို့။ ဧရာဝတီရှိလို့ မြစ်ဝကျွန်းပေါ်ဖြစ်လာပါတယ်။ မြစ်ဝကျွန်းပေါ်ရှိတာဟာ မြန်မာတွေ ထမင်းငတ်မသေဘူးလို့ ပြသနေသလိုပါပဲ။ လယ်ရှိရင် စပါးရှိမယ်၊ စပါးရှိရင် ဆန်ရနိုင်တယ်။ ဆန်ရရင် ထမင်းမငတ်တော့ပါ။ ပြောင်းပြန်ပြန်တွေးကြည့်တော့ ဧရာဝတီသာ တစ်ခုခုဖြစ်လို့ကတော့ ထမင်းငတ်ပြီပေါ့။

အဲဒါနဲ့ပဲ ဆရာတိုက်စိုးရဲ့ ဧရာဝတီ စာအုပ်ကို ရုံးပိတ်ရက် စနေ တနင်္ဂနွေမှာ ဖတ်လိုက် စဉ်းစားလိုက်နဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေလောက်မှာ တအုပ်လုံး ဖတ်ပြီးသွားပါတော့တယ်။ ဖတ်တာကလည်း အိမ်မှာ စိမ်ပြေနပြေ ထိုင်ပြီး ဖတ်တာမဟုတ်။ ရုံးပိတ်ရက်တွေမှာ ဖွင့်ရက်ထက် အလုပ်များပါတယ်။ သွားစရာတွေ လုပ်စရာတွေက တန်းစီးထားတာဖြစ်တယ်။ ဆိုတော့ စာအုပ်ကို သွားလေရာ တပါတည်းယူ ရထားပေါ်လည်းဖတ်၊ ကားပေါ်လည်းဖတ်။

စာအုပ်က ဒုတိယအကြိမ် ပြန်ထုတ်ဝေထားတာပါ။ ၂၀၀၃ ဒီဇင်ဘာလက ဒုတိယအကြိမ်။ ၁၉၈၀ မှာ ပထမအကြိမ်ထုတ်ဝေခဲ့တယ်လို့ စာအုပ်ရေးသူ ဆရာတိုက်စိုးက နိဒါန်းရေးပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် နှစ်ဆယ့်သုံးနှစ်ကြာခြားပါတယ်။ အခုတခါ ၂၀၁၅ ယခုနှစ်စပိုင်းမှာမှ ကျွန်တော်ဖတ်ရတော့ ၃၅ နှစ်လောက်ရှိပြီပေါ့ မူရင်းစာအုပ်သက်တမ်းက။ ဧရာဝတီလည်း ပြောင်းလဲခြင်းမက ပြောင်းလဲလို့နေပါတယ်။ ဆရာတိုက်စိုးသာ ရှိသေးရင် ဧရာဝတီနောက်ဆက်တွဲဆိုပြီးရေးဖြစ်မည်ထင်ပါတယ်၊ ဖြစ်ရပ်တွေက များမှများ ဖြစ်နေပြီကိုး။

ဆရာတိုက်စိုးက သူ့စာအုပ်ကို အပိုင်းသုံးပိုင်းခွဲထားပါတယ်။ ဧရာဝတီအစကနေ မြစ်ကြောင်းအတိုင်း တောက်လျှောက်ဆင်းလာလိုက်တာ မြစ်ကြောင်းတလျှောက်တွေ့ရတဲ့ မြို့့တွေ နယ်တွေအကြောင်း တချို့လည်း ခပ်ပါးပါး၊ တချို့လည်း အကျဉ်းလောက် သိသင့်တာတွေ ရေးပြသွားပါတယ်။ ဆိုင်ရာဆိုင်ရာ မြို့နယ်တွေရဲ့ သက်ဝင်လှုပ်ရှားပုံတွေကို စာပန်းချီခြယ်ပြခဲ့ပါတယ်။ သမိုင်းလိုရင် သမိုင်းထည့်၊ ပုံတိုပတ်စလိုရင် ပုံတိုပတ်စထည့်ဖြင့် စာဖတ်သူ လက်ကမချချင်လောက်အောင် ရေးသားခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်အထိရေးသွားပြီးမှ အပိုင်းတစ်ကို အဆုံးသတ်ပါတယ်။ အပေါ်မှာ ကျွန်တော်ရေးခဲ့သလို မြန်မာနိုင်ငံမြေပုံလေးကြည့်ပြီး ဖတ်နိုင်ရင် ၊ ဒါမှမဟုတ် အင်တာနက်ကနေ Google Map သုံးပြီး ဧရာမြစ်ကြောင်းတလျှောက်ကြည့်ပြီး ဖတ်သွားရင်တော့ ပိုကောင်း ပိုအသက်ဝင်မယ်ထင်ပါတယ်။

အပိုင်းနှစ်မှာ မြစ်ဧရာကို အခြေတည်ကာ ဖြစ်ပျက်ကြသော မြန်မာသမိုင်းကြောင်းကို ရေးပြထားပါတယ်။ ဒီနေရာမှာ စောဒကတက်နိုင်တာက စာအုပ်ခေါင်းစဉ်က "ဧရာဝတီ" ဆိုပြီး တပ်ထားပေမယ့် ဒီအပိုင်းမှာ မြစ်အကြောင်းမပြောတော့ဘူးလို့ တက်စရာရှိပါတယ်။ ဆရာတိုက်စိုးက ဧရာဝတီမြစ်ဝှမ်းကို အခြေပြုပြီး စစ်တွေဖြစ် မင်းတွေပြောင်း ခေတ်တွေပြောင်း ဒါတွေကို သိစေချင်လို့ တင်ပြခဲ့တယ်လို့ မှတ်ယူပါတယ်။ စစ်တိုက်တော့လည်း ဧရာဝတီပါရတာပါပဲ။ သူ့ကျွန်အောက် ရောက်ခဲ့ရတော့လည်း ဧရာဝတီပါရတာပါပဲ ဆိုတာကို သိစေ မြင်စေချင်လို့ ဖြစ်မည်ထင်ပါသည်။ ပျူ ခေတ်မှ စကာ ပု၊ပင်း၊အင်း၊တောင်၊ညောင်ရမ်းနောင်၊ ကုန်းဘောင် ကိုလိုနီ ဟူသော ခေတ်တွေကို တခေတ်ချင်း ပြသွားပါတယ်။

နောက်ဆုံး အပိုင်းသုံးတွင် ဧရာဝတီရေကြီးမှုကို ဖော်ပြခဲ့ကာ စာအုပ်ကို အဆုံးသတ်ခဲ့ပါတယ်။

စာအုပ်ဖတ်ပြီးတော့ အောက်ပါအချက်လေးတွေ ရပါတယ်။ အရင်က မသိခဲ့တာတွေပေါ့ ..
-ဧရာဝတီ ဖြစ်ပေါ်လာတာနဲ့ ပတ်သက်သော ကချင်ရိုးရာပုံပြင်
-ဒုတိယမြစ်ကျဉ်းနှင့် ဆက်စပ်သော စမ္ပာယ်နဂိုရ် ပုံပြင်
-ဒုတိယဘုရင်ခံ၏ အမဲလိုက်ခြင်း
-အောင်လံမြို့အကြောင်း
-တခေတ်တခါက အညာမှ ကုန်လှေများ အောက်ပြည်အောက်ရွာသို့ လာရောက်စျေးရောင်းကြပုံ
-ဝပ်ဆင်ကုမ္ပဏီရဲ့ ကုန်ရောင်းနည်း
-ပုဂံခေတ် ကျန်စစ်သားလက်ထက်က အဖြစ်တခု.. ရာဇကုမာရကို ကျန်စစ်သား၏သားလို့ ဆရာတိုက်စိုးက မဆိုခဲ့။ ကျန်စစ်သား၏ကျေးဇူးရှိခဲ့ဖူးသော အမတ်ဟုသာ ရေးသည်။ သမိုင်းအထောက်အထား မခိုင်လုံလို့ မရေးတာလားဟု စဉ်းစားဖွယ်ဖြစ်ပါတယ်။
-နရသူမင်းကို ပ့ံသကူမထေရ်မိန့်ဆိုသော စကား "လူ့ပြည်တွင် နင့်ထက်ဆိုးဝါး ညစ်ညမ်းသူ မရှိ"
-မွန်သူရဲကောင်း လဂွန်းအိန်
-မြန်မာ အင်္ဂလိပ် ဆက်ဆံရေးမှသည် သူ့ကျွန်အောက်ရောက်သည်အထိ .. အချို့အချက်များမှာ ငယ်စဉ် အတန်းကျောင်းနေတုန်းက မြန်မာသမိုင်းမှာ မထည့်ထားတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

ညွှန်းပါရစေ ….

ဒီစာအုပ်သည် မြန်မာပြည်သူများ ဖတ်သင့်သော စာအုပ်ဖြစ်ပါတယ်။ စာဖတ်တတ်သော ကလေးအရွယ်မှ မှန်ဘီလူးကိုင်ကာ စာဖတ်ဆဲရှိသော လူကြီးများအထိ မဖတ်ရသေးလျှင် ဖတ်ကြပါ။ စာအုပ်အရောင်းဆိုင်များမှာ ရှာကာ ဝယ်ဖတ်ပါ။ စာအုပ်အငှားဆိုင်များတွင် ရှိပါလျှင် ငှားဖတ်ပါ။ စာကြည့်တိုက်များတွင် ရှာဖတ်ပါ။ မရှိလျှင် ဝယ်လှူနိုင်က ဝယ်လှူပါ။ သို့မဟုတ် စာကြည့်တိုက်များကို ထိုစာအုပ်ဝယ်ရန်တိုက်တွန်းပါ။ ကျောင်းစာကြည့်တိုက်များကို လှူပါ။ ကလေးများ ဖတ်ပါစေ။

ဒီစာအုပ်ဖတ်ပြီးလျှင် ဘာကြောင့် ဧရာဝတီဟာ အရေးပါရသလဲ အရေးကြီးရသလဲဆိုတာ သဘောပေါက်နိုင်ပါသည်။ ကလေးများအား မြေပုံနှင့်တကွ ရှင်းပြပါ။

စာအုပ်ဖတ်ပြီး မြစ်ဧရာကို ချစ်သူများ တိုးပွားကာ မြစ်ဧရာ အဓွန့်ရှည်ရန် ကြိုးပမ်းသူများ များပြားလားနိုင်ပါစေကြောင်း အကျိုးမျှော်ကာ ဆရာတိုက်စိုး၏ "ဧရာဝတီ" စာအုပ်အား မှီသမျှ ဉာဏ်ဖြင့် ညွှန်းဆိုလိုက်ရပါကြောင်း ။ ။

ကျော်မောင်(တိုင်းတာရေး)
၁၃-ဇန်နဝါရီ-၂၀၁၅
မှတ်ချက်။ ။လွန်ခဲ့တဲ့ တနှစ်က ရေးခဲ့တာဖြစ်ပါတယ်

မြန်မာတွေ စာဖတ်ကြပါတယ်

လွန်ခဲ့တဲ့နာရီဝက်လောက်က မိတ်ဆွေတယောက်မျှဝေထားတဲ့ သတင်းစာစုလေးကိုဖတ်ပြီး ဒီစာကို ရေးဖြစ်ပါတယ်။ရန်ကုန်က နာမည်ရ စာအုပ်အရောင်းဆိုင်တဆိုင်ပိတ်သိမ်းတဲ့ သတင်းပါ။အရှုံးပေါ်တဲ့လများတယ်၊ကြာကြာရပ်တည်ဖို့ ခက်ခဲတယ်ဆိုပြီး အပြီးအပိုင်ပိတ်သိမ်းသွားတဲ့ စိတ်မကောင်းစရာသတင်းပါ။ တခြားဆိုင်များလည်းပိတ်သိမ်းကြဖို့ စိုင်းပြင်းနေတယ်လို့ဆိုပါတယ်။ ဒါကောင်းတဲ့သတင်းတော့ မဟုတ်ပါ။

မြန်မာလူမျိုးတွေဟာစာဖတ်တဲ့လူမျိုးတွေ ဖြစ်ပါတယ်။ကားစီး၊ ရထားစီး၊ သင်္ဘောစီး၊လေယာဉ်စီး၊ ဘာပဲ စီးစီးဖတ်စရာတခုခုကို ကိုင်ဖတ်နေတတ်တဲ့လူမျိုးပါ။ ဝတ္ထုစာအုပ်ဖတ်ရင်ဖတ်၊မဂ္ဂဇင်းဖတ်ရင်ဖတ်၊ကာတွန်းစာအုပ်ဖတ်ရင်ဖတ်၊သတင်းစာဖြစ်ဖြစ်၊ ဂျာနယ်ဖြစ်ဖြစ်ဖတ်ရင်ဖတ်၊ အနည်းဆုံးလေးငါးခေါက် ဖတ်ဖူးနေကြစာအုပ်ကိုပဲ ထပ်ဖတ်ကြတာမြန်မာလူမျိုးတွေပါ။ မြန်မာတွေစာဖတ်ကြပါတယ်။

စာဖတ်တဲ့မြန်မာတွေရှိရဲ့သားနဲ့ဘာကြောင့် စာအုပ်ဆိုင်တွေပိတ်ကုန်ရပါသလဲ။

မြန်မာတိုင်းစာဖတ်ချင်ပေမဲ့ ဖတ်ဖို့စာသည်အလကားမရပါ။ ငွေနှင့် ဝယ်ယူရပါသည်။ထိုအချက်က စာအုပ်ဆိုင်များပိတ်သိမ်းဖို့ အကြောင်းစလာခြင်းဖြစ်သည်။စာအုပ်ဆိုင်တော်တော်များများ၏ပုံမှန်ဖောက်သည်များမှာစာအုပ်အငှားဆိုင်များဖြစ်ပါသည်။ဒါက ယခင်က ဖြစ်သည်။ ယခုစာအုပ်အငှားဆိုင်တွေအလုပ်မဖြစ်တော့။ ဖတ်သူနည်းသွားသဖြင့်(တနည်း)ငှားရမ်းသူနည်းသွားသဖြင့် စာအုပ်အငှားဆိုင်အလုပ်မှအခြား စီးပွားဖြစ်ရာ အလုပ်သို့ပြောင်းကြလေသည်။ ထိုအငှားဆိုင်များတဖြည်းဖြည်း ဆိတ်သုဉ်းတော့အနှီ စာအုပ်အရောင်းဆိုင်များကြာရှည်မခံတော့ပေ။

ပြောစရာရှိသည်။တခြားနိုင်ငံတွေမှာ ပုံနှိပ်တွေကရှိဆဲပဲ၊ စာအုပ်တိုက်တွေကရပ်တည်နေဆဲပဲ၊ စာအုပ်အရောင်းဆိုင်တွေကရောင်းနေဆဲပဲဟု။ မှန်သည်။သူတို့ဆီက စာအုပ်တွေကိုသူတို့တွေဆီက စာကြည့်တိုက်များကထောက်ကန်ပေးထားသည်ဟုဆိုသည်။မြန်မာတွေ စာဖတ်ကြပါသည်။ဖတ်ချင်သော စာအုပ်တွေစာကြည့်တိုက်တွေဆီမှာ မရှိ။စာကြည့်တိုက်တွေမှာ မရှိတဲ့အခါကိုယ်တိုင်ဝယ်ဖို့သည်တော်ရုံတန်ရုံသတ္တိရှိမှရမည်။စာအုပ်စျေးက ကြီးမြင့်လာသည်။စာအုပ်အရောင်းဆိုင်များကလည်းဆိုင်ခန်းခ၊ ဝန်ထမ်းစရိတ်စတာတွေ တွက်ချက်ပြီး စာအုပ်စျေးကိုသတ်မှတ်ရသည်မို့ မလွယ်လှ။

စာကြည့်တိုက်ကောင်းကောင်း များများစားစား မရှိခြင်းသည်စာအုပ်အရောင်းဆိုင်များကျရှုံးခြင်း၏ ပထမအချက်ဖြစ်ပါသည်။ငြင်းလိုသူများ ရှိနိုင်ပါသည်။နိုင်ငံအဝန်း စာကြည့်တိုက်များများစွာရှိနေသည်ဟု။ မေးပါရစေ။စျေးကွက်တွင် တလအတွင်း ထွက်သောစာအုပ်အသစ်များကို သေသေချာချာစိစစ်ကာ ဝယ်ယူနိုင်သောစာကြည့်တိုက် များများစားစားရှိမည်ဟု ထင်ပါသလား။

နောက်တချက်မှာ စာဖတ်သူ မြန်မာလူထု စာဖတ်ရန်အချိန်လုနေရခြင်းဖြစ်ပါသည်။မြန်မာများ စာဖတ်ကြသော်လည်းစားဝတ်နေရေးအတွက် နေ့စဉ်လုံးပမ်းနေရပါကစာကြည့်ချိန် စာဖတ်ချိန်ရမည်မဟုတ်။ ပြေးပြေးလွှားလွှားသွားသွားလာလာ ဖတ်ဖို့ ဝတ္ထုရှည်စာအုပ်ကြီးများသည် အံမဝင်တော့။

တတိယအချက်မှာပုံနှိပ်စာအုပ်စာပေများဖတ်ရသည်ထက်အလွယ်တကူ သယ်ယူနိုင်သောအွန်လိုင်းစာပေများဖတ်ရသည်ကပိုစားသာသည်ဟု မှတ်ယူကြခြင်းဖြစ်သည်။

ထို့ပြင်ရသစာပေထက် သုတစာပေကိုပိုမိုအားသန်လာသည်ကလည်းအကြောင်းတချက်ပင်။

မြန်မာတွေအင်တာနက်သုံးသော်လည်း Facebookကဲ့သို့socialnetworking site များတွင်အချိန်ကုန်နေသည်ကလည်းတချက်ဖြစ်သည်။

စာပေမူပိုင်ခွင့်ကလည်း စကားပြောပါသည်။

မြန်မာတွေစာဖတ်ကြပါသည်။ သို့သော်ဖတ်ဖို့စာက အလကားမရပါ။စာဖတ်သန်သော မြန်မာများအတွက်စာဖတ်လွယ်အောင် ကြံဆောင်နိုင်ပါကစာအုပ်အရောင်းဆိုင်များအသက်ဆက်နိုင်မည် ဖြစ်ပါကြောင်း။ ။

ကျော်မောင်(တိုင်းတာရေး)
၅-ဧပြီ-၂၀၁၅


Jan 13, 2016

ဟိုက်ဂျင်းန်

တက္ကသိုလ်ဝင်တန်းပြီး တက္ကသိုလ်တက်ချိန်မှာ ကြုံရတာကို ပြန်ရေးပါတယ်။ ကျောင်းသွားတဲ့အခါ လိုင်းကားစီးနေကြ။ စီးရင်လည်း ကျောင်းချိန်မမီမှာ စိုးတဲ့အတွက် တွေ့တဲ့ကားနောက်က ခိုစီး တွယ်စီးတာပါပဲ။ ဒိုင်နာကားတွေရဲ့ နောက်က တွယ်စီးတာများပါတယ်။ ကားထဲမှာ စီးရင်လည်း မတ်တပ်ရပ်စီးတာများပါတယ်။

တရက် ကားစီးတဲ့အခါ ကျောင်းက သူငယ်ချင်းတယောက်နဲ့ အတူစီးလျက်သားဖြစ်တယ်။ အဲဒီလူက ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်နေကြ။ ကားမမောင်းဘဲ လိုင်းကားဘာကြောင့်လာစီးလည်း ဆိုတာ မမေးမိဘူး။ အဲဒါနဲ့ ကျောင်းနားက မှတ်တိုင်အထိ စီးကြရောဆိုပါစို့။ ဒိုင်နာဆိုတဲ့ ကားကလည်း ရန်ကုန်အမြန်ယာဉ်ဖြစ်တဲ့အတွက် ခရီးသည်အားလုံး လက်လှမ်းမီရာ ကိုင်ထားကြရတာပါပဲ။ စကောထဲ ဆီးသီးတွေ လှိမ့်သလိုပေါ့။

ကားပေါ်ကဆင်း၊ ကျောင်းထိရောက်အောင် လမ်းလျှောက်၊ ပြီးတော့ စာသင်ဆောင်ပေါ်တက်ကြတယ်။ စာသင်ခန်းမရောက်ခင်မှာ သန့်စင်ခန်းရှိပါတယ်။ အဲဒီမှာ ခုနက ပုဂ္ဂိုလ်က သန့်စင်ခန်းဝင်ပြီး လက်သွားဆေးမယ်တဲ့။ ခင်ဗျား မဆေးဘူးလားဆိုပြီး တအံ့တသြမေးပါတယ်။ ဆေးတာပေါ့ဗျာ ဆိုပြီး လက်ကို ဆပ်ပြာနဲ့ ဆေးပါတယ်။ ဆေးနေတုန်းမှာ တွေးမိပါတယ်။ ဟာ ဒီလူ တော်တော် ကြီးကျယ်တဲ့လူပဲ၊ ဘာလည်းဗျာ လိုင်းကားစီးပြီး လက်ဆေးရတယ်လို့။

အိမ်ပြန်ရောက်တဲ့အခါ အဲဒီအကြောင်း ပြန်ပြောရင်း ဆွေးနွေးကြပါတယ်။ ဟိုတယောက်ရဲ့အပြုအမူက နည်းနည်းပိုသလားလို့ပေါ့။ အဲဒီမှာ လူကြီးတွေက ဘာပြောလည်း ဆိုတော့ ဟိုလူလုပ်တာ မှန်တယ်။ ရေလည်း ရှိမယ် ဆပ်ပြာလည်း ရှိမယ်ဆိုရင် ဒါလုပ်သင့်တယ်။ ဆပ်ပြာမရှိတောင် ရေဆေးပြီး သန့်စင်လိုက်တာ ကောင်းတယ်။ လိုင်းကားက တန်းတွေဆိုတာ လူတကာ ကိုင်နေတာ။ အဲဒါကြောင့် လိုင်းကားစီးပြီး ပြန်လာရင် လက်ဆေးကြ။

အဲဒါ ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ ဟိုက်ဂျင်းန် အတွေ့အကြုံပဲ။ ဒါပေမဲ့ ဟိုက်ဂျင်းန် ဆိုတာမှန်း မသိသေးဘူး။

စလုံးမှာ ကျောင်းပိတ်ရက် အချိန်ပိုင်းလုပ်ဖို့ အဲဒီကုန်တိုက်ကြီးမှာ လုပ်နေတဲ့ တအိမ်တည်းနေ အကိုကြီးတယောက်က မန်နေဂျာဆီ လိုက်ပို့တယ်။ မန်နေဂျာ အန်တီကြီးက စစချင်းပဲ မေးခွန်းတခု မေးပါတယ်။ မင်းတို့ ဟိုက်ဂျင်းန် ဆိုတာကြားဖူးလား သိသလားတဲ့။ သူတို့ ကုန်တိုက်မှာ အဲဒီ ဟိုက်ဂျင်းန် ဆိုတာ အလွန်အရေးကြီးပါတယ်ဆိုပြီး ဟိုက်ဂျင်း လက်ချာပေးပါတယ်။
ဒါက ဒုတိယအကြိမ်ကြုံရတဲ့ ဟိုက်ဂျင်းန် အတွေ့အကြုံပါ။

အဲဒါပါပဲ။ ဟိုက်ဂျင်းန် ဆိုတာ စာလုံးပေါင်းပြရရင် hygiene ကိုဆိုလိုတာဖြစ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၄-စက်တင်ဘာ-၂၀၁၅

ဟိုက်ဂျင်းန် နောက်ဆက်တွဲ

ကုန်တိုက်ကြီးက အန်တီကြီးရှင်းပြတာမှာ သူတို့ကုန်တိုက်ဟာ ဟိုက်ဂျင်းန်းကို အလွန်ဂရုစိုက်ကြောင်း၊ တကိုယ်ရည်သန့်ရှင်းမှုသည် ကုန်တိုက်ရှိ ဝန်ထမ်းများ အားလုံးလိုက်နာကျင့်သုံးရမည်ဖြစ်ပြီး ကုန်တိုက်ရှိ ကုန်စို၊ ကုန်ခြောက်၊ အသင့်စားနိုင်သော စားသောက်ကုန်ပစ္စည်းများတွင် ဝန်ထမ်းဖြစ်သူများ ဂရုမစိုက်မှုကြောင့်ဖြစ်စေ၊ ထုပ်ပိုးမှုလုပ်ရာတွင် သုံးသော ကိရိယာများ မသန့်ရှင်းမှုကြောင့်ဖြစ်စေ စျေးဝယ်သူများတွင် အစာအဆိပ်တောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက သူတို့ကုန်တိုက်အနေဖြင့် ရှိဆဲအဆင့်ဖြစ်သော သန့်ရှင်းမှု ပထမအဆင့်မှ ကျသွားနိုင်ပါကြောင်း ရှင်းပြပါတယ်။

အဆင့်ကျတာအရေးမကြီး၊ စျေးဝယ်သူတွေ အတွက် လုံခြုံစိတ်ချရတဲ့ အစားအသောက် သန့်ရှင်းမှုဆိုတဲ့ အချက်ကို သူတို့ ကုန်တိုက်မှ အလွန်အလေးထားပါကြောင်း ပြောပါတယ်။ အပေါ်မှာ အဖြူရောင်တီရှပ်ဝတ်ရမယ်။ ပလတ်စတစ်လက်အိတ်သုံးရမယ်။ ဦးထုပ်ဆောင်းရမယ် ဆိုတာပါပဲ။ ရှေ့ကနှစ်ချက်ကို သဘောတူပေမယ့် ကုန်တိုက်ထဲ ဦးထုပ်ဆောင်းရမယ့်အချက်ကို သဘောမကျပါ။

တအိမ်တည်းနေ သူငယ်ချင်းတယောက်နဲ့ အချိန်ပိုင်းဝင်လုပ်ကြတာဖြစ်လို့ သူတို့မှာ အချိန်ပိုင်းအလုပ်သမား နှစ်ယောက်တိုးပါတယ်။ အလုပ်လုပ်ရမယ့် နေရာက သက်ဆိုင်ရာမန်နေဂျာကနေ ဟိုက်ဂျင်းန်ဆိုတာနဲ့ ပတ်သက်လို့ ထပ်ရှင်းပြပါတယ်။ အဲဒီမှာမှ ဘာကြောင့် ဦးထုပ်ဆောင်းရသလဲဆိုတာ နားလည်သွားပါတယ်။ လေအေးစက်တွေ အေးနေအောင်ဖွင့်ထားတဲ့ ကုန်တိုက်ထဲမှာ နေလည်းမပူဘဲနဲ့ ဘာကြောင့်ဦးထုပ်ဆောင်းရသလဲဆိုတော့ ဝန်ထမ်းဆီက ဆံပင်တွေဖြစ်ဖြစ်၊ ဗေါက်တွေဖြစ်ဖြစ်၊ ဦးခေါင်းထက်မှာ ရှိနိုင်တဲ့ ပိုးမွှားတွေ မကျရောက်အောင် ကာကွယ်တာဖြစ်ပါသတဲ့။ အလုပ်ဆင်းတဲ့အခါတိုင်း မန်နေဂျာက သူ့ဝန်ထမ်းတွေ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းရှိတာကို အမြဲမြင်ချင်သူဖြစ်ပါတယ်။

ဒါက အဲဒီကုန်တိုက်မှာ ဘာကြောင့် ဟိုက်ဂျင်းန်ဆိုတာ သူတို့ အလေးထားသလဲဆိုတာဖြစ်ပါတယ်။

ကြုံလို့ မနေ့က အတွေ့အကြုံတခု ပြန်လည်ဖောက်သည်ချပါရစေ။

အပြင်မှာ အလုပ်တခုပြီးတဲ့အခါ ထမင်းစားချိန်ဖြစ်လို့ နီးစပ်ရာ စားသောက်ဆိုင်တန်း (ဒီက အခေါ် Food court) မှာ စားဖို့ စားပွဲလိုက်ရှာတဲ့အခါမှာပေါ့။ အဲဒီမှာ စားပြီးသောက်ပြီး ပန်းကန်ခွက်ယောက်တွေကို လိုက်သိမ်းနေတဲ့ လူကြီးတယောက်ရှိတာတွေ့ရတယ်။ တချက်မှာ အဲဒီလူကြီးက သူ့ခြေထောက်တဖက်ကို ထိုင်ခုံပေါ်တင်လိုက်ပြီး သူ့ခြေထောက်မှာ ဝတ်ထားတဲ့ ခြေအိတ်ရှည်ရှည်ကြီးကို လက်ဗလာနဲ့ ဆွဲတင်လိုက်တာ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီလက်နဲ့ပဲ ဟိုခုံရှည်ကိုထိ ဒီခုံရှည်ကိုထိတာပါ။ တဆိုင်ချင်းစီမှာ NEA (National Environment Agency) ကစစ်ဆေးပြီး ပေးထားတဲ့ လက်မှတ်တွေရှိပါတယ်။ သန့်ရှင်းမှု ပထမအဆင့်၊ သန့်ရှင်းမှု ဒုတိယအဆင့် ဆိုတာမျိုးပေါ့။ ဒါပေမယ့် စားသောက်ဆိုင်တန်းတခုလုံးစာအတွက် သတ်မှတ်ပေးထားတာ မရှိပါ။ ဆိုင်တခုချင်းစီမှာပဲ တွေ့ရပါတယ်။

အစားအစာတခုစားပြီး ဝမ်းလျှောဝမ်းပျက်ကြပြီဆိုရင် စဉ်းနှီတုံးမသန့်လို့လား၊ ခုနက သုံးတဲ့ ပန်းကန်ခွက်ယောက်တွေ မသန့်လို့လား စသည်ဖြင့် မီးခိုးကြွက်လျှောက်လိုက်ကြပါတယ်။ သစ်သီးတွေ စိတ်ရာမှာသုံးတဲ့ စဉ်းနှီတုံးဟာ အသားတွေတုံးတဲ့ စဉ်းနှီတုံးဖြစ်တဲ့အတွက် အစာအဆိပ်သင့်ပြီး ဒုက္ခရောက်ကြတာတွေ ရှိပါတယ်။ ပိုမိုလေ့လာနိုင်အောင် အောက်က အင်တာနက်စာမျက်နှာတွေမှာ ဖတ်ကြည့်နိုင်ကြပါတယ်။

(1) http://www.nea.gov.sg/…/guidelines-on-proper-usage-and-clea…(2) http://www.nea.gov.sg/…/nea-food-hygiene-newsletter-2014-is…

ကျော်မောင်(တိုင်းတာရေး)
၄-၉-၂၀၁၅

Jan 12, 2016

ကြည့်ခဲ့မိသော ရုပ်ရှင်ကား (Unbroken)

သူငယ်ချင်းက ပြောထားတာကြာပြီ။ လက်မှတ်နှစ်စောင် ရုံးက ရထားတယ်။ ကားကောင်းရှိရင် ကြည့်မယ်ဗျာတဲ့။ မနေ့ ည(၆)နာရီလောက်မှာ ဖုန်းခေါ်တယ်။ ကွန်ပျူတာသုံးပြီး GV Yishun မှာ ပြနေတဲ့ရုံတင်ကားနဲ့ အချိန်ကို ကြည့်။ အိုကေ Unbroken ကြည့်မယ်။ ဒါရိုက်တာက ဂျိုလီ ဗျ။ ဇာတ်ကားထဲ သူမပါဘူးလား။ ပါနိုင်မယ် မထင်ဘူး။ နောက်ပြီး အဲဒီကားက ဖြစ်ရပ်မှန် လို့ပြောတယ်။ ဒါနဲ့ ကြည့်ဖြစ်တယ် ဆိုပါတော့။

ဆိုးဆိုးပေပေ ကောင်လေးတယောက် ၊ သိပ်အဆိုးကြီးတော့ မဟုတ်ဘူး၊ သူ့အဖေ ရိုက်လောက်တဲ့ အထိလောက်ပဲ။ ဘယ်အဖေက ကိုယ့်သားသမီးကို ရိုက်ချင်မလဲဗျာ။ ဒါပေမယ့် သူ့အကို လေ့ကျင့်ပေးလို့ အိုလံပစ်မှာတောင် အပြေးသမားလေး ဖြစ်ခဲ့သူ။ စစချင်း အပြေးလေ့ကျင့်နေတုန်း သူက ဆက်မပြေးချင်တော့ဘူး။ အားလျှော့ချင်လာတယ်။ စက်ဘီးပေါ်က နည်းပြတဖြစ်လဲ သူ့အကို ပီတာ က စကားတခွန်းပြောတယ်။ "IF YOU TAKE IT, YOU CAN MAKE IT" တဲ့။ ဒီစကားကို ဇာတ်လိုက် Louis Zamperini (လူဝီ ဇန်ပါရီနီ) က ဇာတ်ဝင်ခန်းတနေရာမှာ တခြားတယောက်ကို ပြောခဲ့ပါသေးတယ်။ ဘာသာပြန်ကြည့်တယ် "မင်း အဲဒါကို ရွေးလိုက်ရင် မင်းလုပ်နိုင်တယ်" ။ သိပ်တော့ မဟုတ်သေးဘူး။ ပြန်ပုံကြီးက ထောက်နေပါသေးတယ်။ မိတ်ဆွေများ ပြန်ကြည့်ကြပါ။

အိုလံပစ်ပွဲက ဘာလင်မြို့မှာ ကျင်းပတာ။ နာဇီအလံတွေ တလူလူနဲ့ပါ။ လူဝီရဲ့ အပြေးဝတ်စုံမှာ Tornado လို့ တွေ့ရတယ်။

ဒုတိယကမ္ဘာစစ်မှာ လေတပ်စစ်သားလေး၊ ဗုံးကြဲလေယာဉ်ပေါ်မှာ၊ ရွပ်ရွပ်ချွံချွံ အမှုထမ်းတယ်။ တိုက်ပွဲ အတွင်းမှာပဲ ဟိုတုန်းက အကြောင်းတွေ ပြန်စဉ်းစားမိတာလေးတွေ၊ တိိုက်ပွဲကို ပြန်ရောက်သွားပုံလေးတွေပြတာ အချိတ်အဆက်မိတယ်။

ရေမျောနေကြရင်း ဖြစ်ပျက်ကြတာလေးတွေက ဖတ်ခဲ့ရတဲ့ "တိုက်ရေယာဉ် ၁၀၃" စာအုပ်ပါ ဆရာမောင်သော်က ရေးတဲ့ အချက်တွေကို မြင်ယောင်မိတယ်။ ဘဝဆိုတာ မှန်းလို့မရဘူး။ ဖြစ်သွားနိုင်တယ်။ ကိုယ်ရှင်သန်ဖို့ သူတပါးအသက်ကို သတ်ရတာလည်း ရှိမယ်။ မညှာမတာပေါ့။ အဲဒီ ဘဝတွေ မရောက်သေးတာဘဲဲ ကံကောင်းတယ်မှတ်ပါတယ်။

အသက်ကယ်လှေပေါ်မှာ သုံးယောက်သားမျောနေတုန်း၊ လေယာဉ်တစင်းတွေ့ ၊လက်တွေ ရမ်းပြကြ မီးကျည်သေနတ်ပစ်ဖောက်ကြ၊ လေယာဉ်လှည့်လာတော့ ကယ်တင်သူမဟုတ်ဘဲ ပစ်သတ်သူဖြစ်နေတယ်။ ရေထဲဆင်းပြေးတော့ ရေထဲမှာကလည်း ငါးမန်းတွေကရှိ။ လှိုင်းကြီးတဲ့ ပုံစံ ရိုက်ပြတာ မဆိုးပါ။

နိပွန်စစ်ဗိုလ်လေးနဲ့ ဆုံပုံက နေရာ နှစ်ခုမှာတောင်ပါ။ တကယ့်အဖြစ်အပျက်ကလည်း တကယ့်အဖြစ်အပျက်ဆိုတော့ အတော် ဝဋ်ကြီးတာပါပဲ။ နိပွန်လေးကို စိတ်ဓါတ်ရေးရာအရရော၊ လုပ်နိုင်စွမ်းအရရော အနိုင်ရခဲ့ပုံက လွယ်လွယ်လေးတော့ မဟုတ်ပါ။

တကားလုံး ပြန်ဝေဖန်ရရင် ဂျိုလီရဲ့ ကင်မရာအယူအဆတွေ၊ ရိုက်ချက်တွေ၊ ဇာတ်ကွက်တွေ မဆိုးလှပါ။ အကောင်းကြီးတော့ မဟုတ်ပါ။ သူလည်း စွမ်းနိုင်သလောက် ကြိုးစားကြည့်တာဖြစ်မှာပါ။ ဖြစ်ရပ်မှန်မှာ ဟိုဟာထည့် ဒီဟာထည့်ပြီး ကြည့်ကောင်းအောင် တန်ဆာဆင်လို့မရပါ။ ဒါကို သူငဲ့ပုံ ရပါတယ်။ ပင်လယ်မှာ မျောနေတဲ့ အခန်းကို အနည်းငယ်ချုးံပြီး စစ်သုံ့ပန်း ဘဝကို ဒီထက်ပိုရိုက်ပြတာမျိုး၊ စစ်ထဲမဝင်ခင် ဘဝကို ရိုက်ပြတာမျိုးဆို ပိုသင့်မှာပါ။ အချစ်အကြောင်း မပါတဲ့ ဇာတ်ကားလေးပေါ့ဗျာ။ ဒါပေမယ့် မိဘမေတ္တာလေးတွေ၊ အကိုတယောက်ရဲ့ ထားရှိတဲ့ စေတနာလေးတွေ တွေ့ရပါတယ်။

တွေးကြည့်ပါသေးတယ်။ အကိုလုပ်သူသာ မလေ့ကျင့်ပေးခဲ့ရင် သူဘာဖြစ်သွားမလည်း ဆိုတာပါပဲ။ လူဝီရဲ့ အကို ပီတာရဲ့ စိတ်ဓါတ်ကို အားကျမိပါတယ်။

မိဘတွေက သူတို့သားလေး အိုလံပစ်အပြေးပြိုင်ပွဲ တိုက်ရိုက်သတင်းကို ရေဒီယိုက နားထောင်၊ တမိသားစုလုံး စိတ်ပါဝင်စားစွာနဲ့ပါ။ အဲဒီရိုက်ချက်လေးကလည်း တကယ့် ကောင်းတဲ့ ပြကွက်ပါပဲ။ အမေလုပ်သူရဲ့ အားမာန်တွေ၊ အဖေလုပ်သူက ရှူးတိုးတိုးလို့ ပြတာတွေဖြစ်ပါတယ်။ လူဝီက kill in action လို့ခေါ်တဲ့ တိုက်ပွဲမှာကျဆုံးဆိုပြီး စာရင်းပါခဲ့ပြီး သေရွာပြန်ဖြစ်ခဲ့တဲ့ သူတယောက်ဖြစ်ပါတယ်။

လူဝီသည် နုုိင်ငံ့အတွက် သစ္စာရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဂျပန်တွေ အသံလွှင့်ရုံမှာ မဟုတ်တာ ပြောခိုင်းမယ် ဆိုတော့ သူတုံပြန်ခဲ့ပုံကို သူရောက်သွားတဲ့ နေရာပြရင်း ရိုက်ကွက်လေး ဖော်ကျူးတာက သင့်လှပါတယ်။

ရယ်လည်းရယ်ရ၊ ဂရုဏာလည်း သက်ရတဲ့ ဇာတ်ဝင်ခန်းက နိပွန်စစ်ဗိုလ်နဲ့ ဒုတိယအကြိမ် ပြန်ဆုံတဲ့ ပြကွက်မှာပါပဲ။ ကြည့်နေတဲ့ သူအားလုံးနီးပါးရယ်ကြပါတယ်။ စိတ်ထဲတွေမှာလည်း ဟာ လူဝီတော့ ခံရဦးမှာပဲလို့ သနားမိပြန်ပါတယ်။

ဇာတ်ကားပြီးသွားတော့ အပြင်က တကယ့် လူဝီ အဖိုးကြီးကို ရိုက်ပြပြီး စာတန်းတွေ ထိုးပါတယ်။ သူက အာဃာတတွေ မထားတော့တဲ့ အပြင် သူ့ကို ကောင်းကောင်းနှံခဲ့တဲ့ နိပွန်ကို တွေ့ဖို့တောင်းဆိုခဲ့ပါသေးတယ်။ ဟိုက အတွေ့မခံခဲ့ပါ။ ဒါလည်း သဘာဝကျပါတယ်။ အတော်လေးကို နှိပ်စက်ခဲ့တာမှာ သူ့တယောက်ကိုမှ ရွေးပြီး နှိပ်စက်ခဲ့တာလည်း ပါပါတယ်။ ရုပ်ရှင်ရုံက အထွက် အပြန်မှာ သူငယ်ချင်းက မေးပါတယ်။ ဘာကြောင့် နိပွန်စစ်ဗိုလ်က သူ့တယောက်တည်း (လူဝီ)ကို မျက်မုန်းကျိုးပြီး နှိပ်စက်ရတာလည်းတဲ့။ ပြန်ဖြေခဲ့တာက သူတယောက်တည်းကိုတော့ မဟုတ်ဘူး။ သူတို့ သဘောတရားအရ တယောက်ကို အပီအပြင် ကျွေးပြလိုက်ရတယ်။ ဒါမှ ကျန်လူတွေ ဖြုံသွားပြီး မလှုပ်ရဲတော့မှာလို့။ အခုပြန်တွေးကြည့်တော့ အတော်ဆိုးတဲ့ ဘဝပါ။ သူ့ကိုမှ အမျိုးမျိုးနှိပ်စက်ချင်လာအောင် သူ့ရဲ့ ကံကလည်း ထူးပေစွ။

စစ်အတွင်းက ရာဇဝတ်ကောင်တွေ အကျဉ်းခံရာနေရာကို လူဝီကြီး သွားတွေ့တော့ ယခင် သူ အကျဉ်းကျခဲ့ရာမှာ အမှုထမ်းခဲ့တဲ့ ဂျပန်စစ်မှုထမ်းတွေက သူတို့ လူဝီကြီးကို သိကြောင်း ရှေ့ထွက်ပြီး အသိအမှတ်ပြုကြပါတယ်။ ဂျပန်မှာ (၁၉၉၈) မှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်မှာ မီးရှုးတိုင်ကိုင်ပြီး ပြေးခဲ့ပါသေးတယ်။ (၂၀၁၄) ဇူလိုင် (၂)၊ အသက် (၉၇) မှာ နမိုးနီးယားနဲ့ ဘဝတစ်ပါးပြောင်းခဲ့ပါတယ်။

ဇာတ်သိမ်းသီချင်းလေးကလည်း နားထောင်လို့ကောင်းဗျာ။

အပျော်သက်သက် သွားကြည့်မိပေမယ့် တကယ့်ဖြစ်ခဲ့တဲဲ့ ဘဝတွေ တွေ့ခဲ့ပါတယ်။ လူဝီ အဖို့ နိပွန်စစ်ဗိုလ်ကို ဘယ်လောက်မုန်းလည်းဆိုရင် "I want to kill him" လို့ အကျဉ်းကျဖက်် အရာရှိကို နှုတ်က ဖွင့်ပြောမိတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူခွင့်လွှတ်နိုင်တဲ့ အချိန်မှာ ဟိုတယောက်ကလည်း အတွေ့ကို မခံတော့ပါ။ ဘယ်လို မျက်နှာနဲ့ တွေ့နိုင်ပါမည်နည်း။ နိပွန်စစ်ဗိုလ် တဖြစ်လဲ ဂျပန်ကြီးလည်း တနု့့ံနု့ံနဲ့ ခံစားသွား မသွားမသိပါ။ မျက်နှာပြောင်တိုက်ပြီး အတွေ့မခံတာကလည်း သူမှားခဲ့တာကို ဝန်မခံရဲလောက်အောင် ဖြစ်သွားလို့လား ယူဆမိပါတယ်။ ချီးကျူးစရာပါ။ ဒါလေးတချက် တွေးမိပါတယ်။ မျက်နှာပြောင်မတိုက်တာလေးကိုပါ။ နောက်တချက်က ကိုယ်တိုင်ကလည်း အပြေးသမား ဖြစ်လို့လားမသိပါ၊ ဇာတ်လိုက်ဖြစ်သူ အပြေးသမားဖြစ်နေတာကိုက ဇာတ်ကားကို ပိုသဘောကျစေပါတယ်။

စစ်ဆိုတာ ကောင်းကို မကောင်းပါ။ ကိုယ် မသတ်ရင် သူက ကိုယ့်ကို သတ်မှာပါပဲ။ အဲဒီခေတ်တွေမှာ အသက်တိုတာများပါတယ်။ ဘဝ ဆိုတာ အနန ္တသူရိယအမတ် ဖွဲ့ခဲ့သလို "သမုဒ္ဒရာ ရေမျက်နှာထက် ခဏပွက်သည့် ရေပွက်ပမာ" ဆိုသလိုပါပဲ။

ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ကားလေးတကား ကြည့်ဖြစ်လို့ ရေးကြည့်မိတာပါ။ လိုက်ပြတဲ့ သူငယ်ချင်းကို လည်း ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်း (Unbroken) အကြောင်းနဲ့ တကယ့်ပုဂ္ဂိုလ် Louis Zamperini (လူဝီ ဇန်ပါရီနီ) အကြောင်း ပြည့်ပြည့်စုံစုံသိချင်ရင် အင်တာနက်မှာ ရှာနိုင်ပါတယ်။ Wikipedia ပေါ့ဗျာ။

ဇာတ်ကားကတော့ ကြည့်သင့်တဲ့ ကားကောင်း တခုဖြစ်ပါကြောင်း ။ ။

ကျော်မောင်(တိုင်းတာရေး)
၇-၂-၂၀၁၅

စာကြွင်း ။ ။ Unbroken ကို "မသေကောင်း မပျောက်ကောင်း" လို့ ဘာသာပြန်ရင် ကောင်းမလားပဲ။ ရုပ်ရှင်လိုက်ပြတဲ့ ဘော်ဒါကြီးက Unbroken ကို "မသေကောင်း မပျောက်ကောင်း" ဆိုတာထက် ကြ့ံကြံ့ခံနိုင်တဲ့ ပုံစံဖြစ်လို့ တခြားဘာသာပြန်စကားလုံးကောင်းကောင်းလေး မရှိဘူးလားလို့ ပြောပါတယ်။

အဲဒါနဲ့ စဉ်းစားလိုက်တဲ့အခါ "မယိမ်းမယိုင်" ဆိုရင်ဘယ့်နှယ်နေမလည်းဗျပေါ့။

တွေးမိလေသော (၄) - အတန်း

ကိုးတန်းကျောင်းသားဘဝက ကြုံခဲ့ရတာ ပြန်တွေးမိတယ်။

စာသင်ခန်းထဲမှာ ကျောင်းသူကျောင်းသား ၅၀ ကျော်လောက်ရှိတယ်။ ခုံရှည်တွေမှာ သုံးယောက်တတွဲ ထိုင်ရတယ်။ ရှေ့ဆုံးတန်း နှစ်တန်းက လူကြိုက်များတယ်။ အကြောင်းရင်းဆန်းစစ်ကြည့်တော့ အဲဒီအတန်းနှစ်တန်းက အပေါက်ဝနဲ့နီးတယ် အဝင် အထွက်လွယ်တယ်။ စာသင်ဆောင်ရဲ့ ထိပ်ဆုံးခန်းဖြစ်ပြီး ဒုတိယအထပ်မှာရှိတယ်။ တခြားစာသင်ခန်းတွေနဲ့မတူတာက ဝင်ပေါက် ထွက်ပေါက်တခုတည်း။ အဲဒါကြောင့် ရှေ့ဆုံးအတန်းတွေက လူတကာထိုင်ချင်တယ်။

အတန်းပိုင်ဆရာမက စနစ်တခုလုပ်ထားတယ်။ ဒါလည်း ဟိုတုန်းကတည်းက ရှိနေတဲ့စနစ်ပဲ။ နေ့တိုင်း အတန်းပြောင်းထိုင်။ ပထမတရက်မှာ ရှေ့ဆုံးတန်းမှာ ထိုင်ရင် ဒုတိယရက်မှာ ဒုတိယအတန်းမှာ ဆင်းထိုင်။ နောက်ဆုံးတန်းရောက်ပြီး နောက်တရက်ဆို ရှေ့ဆုံးကိုပြန်ရောက်တယ်။

ကိုးတန်းမှာ ကျောင်းအပ်တာ တလနီးပါးနောက်ကျတယ်။ ဘော်ဒါတွေ အကုန်လုံးက တက်နေကြပြီ။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းတက်လာတော့ အစမှာ ကိုယ့်ကျောင်းအုပ်စုနဲ့ကိုယ်။ နောက်ကျတဲ့ ကျောင်းသားကို ဆရာမက နေရာပေးတယ်။ ရှေ့ဆုံးတန်းမှာ။ ဒီကျောင်းသားသစ် ဘယ်လိုကျောင်းသားမျိုးလည်းဆိုတဲ့ စရိုက်ကို အနီးကပ် လေ့လာလို့ရအောင်ဖြစ်နိုင်တယ်။

ဆရာမက သမိုင်းသင်ပါတယ်။ သူ့အတန်းချိန်အပြီးမှာပဲ အလယ်တန်းကျောင်းက ဘော်ဒါက လာပြောတယ်။ ဟေ့ ငါ့ဘေးမှာ တနေရာလွတ်တယ်။ လာထိုင်။ သူက ဘော်ဒါတွေနဲ့ နောက်တန်းလောက်မှာ ရောက်နေတာ။ အေးကွာ ထိုင်တာပေါ့ဆိုပြီး လွယ်အိတ်ယူပြီး အတန်းပြောင်းထိုင်တယ်။ လက်ရှိထိုင်နေတာက ဘော်ဒါအသစ်တွေနဲ့ဖြစ်ပါတယ်။ သူတို့ကို ငါ နောက်မှာ သွားထိုင်မယ်ပြောလိုက်တယ်။ တနေ့လုံး နောက်တန်းမှာ ဟေးလားဝါးလားနဲ့ သူငယ်ချင်းတွေ စာကိုပျော်ပျော်သင်ကြတယ်။

နောက်တနေ့ ကျောင်းမတက်ခင်မှာ တတန်းဆင်းရတဲ့အခါ နောက်ဆုံးတန်းရောက်သွားတယ်။ အတန်းပိုင်ဆရာမဝင်လာပြီး ဆရာမကို ဂါရဝပြု နှုတ်ဆက်ပြီးတဲ့အခါ ဆရာမ ဟိုဟိုဒီဒီကြည့်တယ်။ ကျောင်းသားသစ်ကို ထိုင်ရမယ့် ဒုတိယအတန်းမှာ မတွေ့ဘဲ နောက်ဆုံးတန်းမှာတွေ့တဲ့အခါ

"ဟို အကောင် ကိုယ့်အတန်းနဲ့ကိုယ် ဘာကြောင့်မနေတာလည်း။ လာ ကိုယ့်အတန်းမှာ ကိုယ်ပြန်ထိုင်။"

ဘော်ဒါက တိုးတိုးလေးပြောတယ်။" ဟေ့ကောင် သွားပြန်ထိုင် ဆရာမအချိန်ပြီးရင် ပြန်လာထိုင်လို့ရတယ်။ "
"အေး ငါလည်း အဲဒီလို တွေးတာပဲ။ ဂိုး ပြီ"

ထိုင်ရမယ့် အတန်းမှာ ပြန်ထိုင်ပြီးတာနဲ့ ဆရာမက တခွန်းတည်း ထပ်ပြောပါတယ်။

"တခြား ဆရာတွေ ဆရာမတွေကိုလည်း ပြောထားလိုက်ဦးမယ်။ ကျောင်းသားသစ် ထိုင်တဲ့နေရာကို" ။ ။

ကျော်မောင်(တိုင်းတာရေး) ၂-၉-၂၀၁၅

မှတ်ချက်။ ။ မြန်မာ့သမိုင်းဘာသာရပ်သင် အတန်းပိုင်ဆရာမ ဒေါ်ခင်သန်းညွန့် အမှတ်တရပါ။ ဆရာမ ကျန်းမာရွှင်လန်းပါစေ။


Jan 11, 2016

တွေးမိလေသော ပြောင်းပြန်အတွေးများ

တခါတလေ တွေးမိတာတွေမှာ ဇောက်ထိုးအတွေးတွေ၊ ပြောင်းပြန်အတွေးတွေ ဖြစ်ဖြစ်သွားလေ့ရှိတယ်။ အကျိုးနဲ့အကြောင်းမှာ ဒီအကျိုးရရှိတာဟာ ဒီအကြောင်းတွေကြောင့်ပဲလို့သိရတဲ့အခါမှာ ဒီအကြောင်းတွေလုပ်ရင် ဒီအကျိုးတွေ ရမှာပေါ့လို့ ပြန်လှန်တွေးရမယ့်အစား ဒီအကြောင်းတွေသာ မလုပ်ခဲ့ရင် ဘယ်အကျိုးတွေများရသွားမလည်းဆိုတာမျိုး တွေးမိတာ ဖြစ်ပါတယ်။

စာဖတ်ကြပါ စာဖတ်ကြပါလို့ ကိုယ်တိုင်လည်း ဖတ်၊ သူများတွေလည်း ဖတ်ဖြစ်အောင်တိုက်တွန်းနေရင်းနဲ့ ပြောင်းပြန်အတွေး၊ ဆန့်ကျင်ဖက်အတွေးကို တွေးမိပြန်ပါတယ်။ 

စာမဖတ်နဲ့ စာမဖတ်နဲ့လို့များ တိုက်တွန်းခဲ့ရင် ဘယ်လိုများဖြစ်မလဲဆိုတာပါပဲ။ အဲဒါနဲ့ ချရေးကြည့်တယ်။ 
စာမဖတ်ရင် ဒါတွေရမယ် ဆိုပြီး
၁) အချိန်ကုန်သက်သာသွားတယ်။ ဟုတ်တယ်လေ။ စာဖတ်ဖို့ဆိုတာ အချိန်လေး ဘာလေးပေးနိုင်မှ ဖတ်နိုင်တာ။ စာဖတ်ဖို့ အချိန်ဖဲ့မပေးနိုင်ဘူး။ စာအုပ်ရှိတဲ့နေရာ စာအုပ်ရောင်းတဲ့နေရာတွေ လိုက်ရှာစရာ သွားစရာ မလိုတော့ဘူး။ ဖတ်စရာမှတ်စရာ ဘာမှ မဝယ်တဲ့အတွက် အချိန်သာမက ငွေကုန်ပါသက်သာစေတယ်။ စာကြည့်တိုက်တွေမှာလည်း အသင်းဝင်စရာမလိုတော့တဲ့အတွက် ငွေကုန်ကြေးကျ မရှိတော့ပြန်ဘူး။ 

၂) မျက်စိညောင်းသက်သာစေတယ်။ စာဖတ်တယ်ဆိုတာ မျက်စိနှစ်လုံးကို အနားမပေးဘဲ အလုပ်လုပ်ခိုင်းရတာ။ သက်သာတယ်ကို မရှိဘူး။ အိပ်ချိန်မှပဲ အနားပေးရတယ်ဆိုတာ မဖြစ်သင့်ဘူး။ 

၃) စာမဖတ်တဲ့အတွက် အဲဒီက ရလာမယ့် နောက်ဆက်တွဲ စဉ်းစားစရာတွေ မရှိတော့ဘူး။ ထပ်ဆင့်အတွေးတွေ မပေါ်တော့တဲ့အတွက် စာဖတ်တဲ့တခြားသူတွေနဲ့ ဆွေးနွေးစရာ မလိုတော့ဘူး။ သူတို့နဲ့ ထွေရာလေးပါး ပြောဆိုစရာ အကြောင်းမရှိတော့ဘူး။ သူတို့ကလည်း ကိုယ် စာမဖတ်ဘူးဆိုတာ သိတဲ့အတွက် စာအကြောင်းပေအကြောင်း တကူးတက ပြောကြဆိုကြစရာမလိုတော့ဘူး။ အဲဒီအတွက် စာဖတ်တယ်ဆိုတဲ့သူတွေရဲ့ ရန်မှ ကင်းဝေးသွားမယ်။ တနည်းအားဖြင့် နားငြီးသက်သာသွားမယ်။ 

၄) စာ ဆိုတာတွေဟာ ဘဝတွေထဲက ရေးတဲ့စာ အများအားဖြင့် ဖြစ်တတ်တယ်။ စိတ်ကူးယဉ်ရေးတာတွေလည်း ရှိမယ်။ အဲဒီစာတွေမဖတ်တဲ့အတွက် ရသတွေ အလင်္ကာတွေ ဂုဏ်မြောက်တဲ့ အဖွဲ့တွေ အနွဲ့တွေ သိရန်မလိုတော့ဘူး။ မသိတဲ့အတွက် ခေါင်းထဲမှာ ဦးဏှောက်ထဲမှာ နေရာအတော်များများ ရှိနေနိုင်တယ်။ စာတွေ ကဗျာတွေ ဝတ္ထုတွေနဲ့ ခေါင်းထဲမှာ ပြည့်နှက်မနေတော့ဘူး။ အကန့်အသတ်တွေ မရှိနေနိုင်တော့ဘူး။ 

၅) စာတွေ အတော်များများဟာ အစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ စည်းမျဉ်းတွေကို ပါးပါးလေးထည့်ထားတာတွေရှိတယ်။ တချို့ကလည်း အသစ်အသစ်သော စည်းမျဉ်းတွေကို စတင်ထည့်သွင်းကြတယ်။ စာဖတ်တဲ့သူတွေက ဒါတွေဖတ်ပြီး လိုက်နာကြတယ်။ ဂိုဏ်းတွေကွဲကုန်တယ်။ တူရာတူရာတွေ စုကြတယ်။ မတူတာတွေ တဖက်နဲ့တဖက် တိုက်ခိုက်ကြတယ်။ စာမဖတ်တဲ့အတွက် အဲဒီအဖွဲ့အဖွဲ့တွေထဲမှာ ကိုယ်မပါတော့ဘူး။ ရန်မရှိတဲ့ ငြိမ်းချမ်းတဲ့ဘဝကို ခံစားနိုင်တယ်။ 

၆) တစပေါ်လျှင် ချည်စငင်သို့၊ သဘင်ပွဲမှောက် ဆိုရေးရောက်က ဆိုတာတို့၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး ဆိုတာတို့ ဆိုတာက စာဖတ်သူတွေအတွက် သတ်မှတ်ထားပေးတာ၊ စာမဖတ်တဲ့အတွက် ချည်စငင်စရာလည်း မလိုဘူး၊ ပုစွန်တွေဝါးစားနေစရာလည်း မလိုဘူး။ တချောင်ချောင်မှာ ထိုင်ပြီး ပြုံးပြနေလိုက်ရုံပဲ။
  
၇) ကိုယ့်လိုပဲ စာမဖတ်တဲ့သူတွေများလာရင် စာကြည့်အသင်းတို့၊ စာဖတ်အသင်းတို့နေရာမှာ စာမကြည့်ရအသင်း၊ စာမဖတ်ရအသင်းတွေ ဖွဲ့နိုင်တယ်။ အဲဒီအခါ ဘာဆိုဘာမှ မဖတ်တဲ့သူကို ခေါင်းဆောင်တင်ရမှာပဲ။ 

ခင်ဗျားလည်း အခု ကျနော့်စာစုတိုကို ဖတ်ပြီးသွားရင် ဘယ်စာမှ ဖတ်မနေတော့နဲ့။ ကျနော့်စာလည်း မဖတ်နဲ့။ တခြားသူတွေရေးတဲ့စာလည်း မဖတ်နဲ့။ ကြာလာတဲ့အခါ စာမဖတ်အသင်းမှာ ခင်ဗျားလည်း ခေါင်းဆောင်တွေ ဘာတွေဖြစ်လာမှာပဲ။ အဲဒီတော့မှ ကျနော့်ကျေးဇူးကို သတိရရင်ရ၊ မရလည်း ကိစ္စမရှိဘူး။ ဘာလို့လည်းဆို ကျေးဇူးရဲ့အကြောင်းကို စာတွေထဲဖတ်မှ ပိုသိမှာ။ စာမဖတ်တဲ့အတွက် ခင်ဗျား သိမှာမဟုတ်ဘူး။ ကျနော်လည်း အဲဒီအချိန်မှာ စာမဖတ်အသင်းမှာ ခင်ဗျားထက်ကြီးတဲ့ ရာထူးကြီးကြီး ရချင်တောင် ရနေမှာ။ 

ကျော်မောင်(တိုင်းတာရေး)
၁၅-၁၂-၂၀၁၅

ကလေးငယ်နှင့် သစ်သီးများ

စစားမိခဲ့တာက ဖီးကြမ်းပဲ။ ငှက်ပျောသီးအမျိုးအစားထဲမှာ ဒီအမျိုးအစားက ရွှေပြည်ကြီးမှာ ပေါတယ်။ ပေါပေါလောလောကို ပြောတာပါ။ စျေးနှုန်းတော့ ပေါမယ်မထင်။ အရည်အသွေးကောင်းပါတယ်။ အခု စလုံးက အစိုစျေး (Wet Market) တွေမှာ တွေ့တဲ့ ဖီးကြမ်းက အပြင်ပန်းကလည်းမလှ၊ အတွင်းဖက်ကလည်း စားမကောင်းပါ။ ဒါကြောင့် ကလေးငယ်အတွက် ဖေဖေနဲ့မေမေက ဝယ်ပေးခဲပါတယ်။ ကလေးငယ်ကလည်း ရွှေပြည်ကြီးက ဖီးကြမ်းပဲ ကြိုက်ပါတယ်။ တခါတလေ ရွှေပြည်ကြီးက ဖိုးဖိုးဖွားဖွားတွေ ပို့ပေးရင် စားရတာပါပဲ။ ဖေဖေကလည်း ဗမာ့ရွာသွားရင် ဝယ်ဖြစ်ခဲ့တာလည်း စားရတာပါပဲ။

ပန်းသီးကို မေမေက စကျွေးတဲ့အခါ သွားတွေကလည်း ဟိုကပေါက် ဒီကထွက်စတွေဆိုတော့ ဖန်တန်တန်အရသာလေးကို စွဲမိသွားပြန်ပါတယ်။ အဲ ပန်းသီးစားရင် သနပ်ခါးမလိမ်းနဲ့ ဆိုပြန်တော့ ခက်ပြန်ရော။ မေမေက သနပ်ခါးလိမ်းတယ်။ ကလေးငယ်ကိုတော့ မလိမ်းပေးဘူး။ ပန်းသီးစားလို့တဲ့။ ဖေဖေကတော့ ပြောတယ်၊ ဟုတ်ပါ့မလားကွာတဲ့။ ကဲ ကလေးငယ်အဖေရေ စမ်းကြည့်လေလို့ မေမေကပြောတဲ့အခါ အားတဲ့အခါမှပေါ့ကွာတဲ့။

နောက်အသီးတသီးက သင်္ဘောသီးတဲ့၊ မှည့်ဝင်းနေတဲ့အတွက် ကလေးငယ်စားရတာ အငမ်းမရပါပဲ။ ဖေဖေ့ကိုလည်း စားပါဦးလို့ မကျွေးမိ။ သူကလည်း ကြိုက်ပုံရတယ်။ ကလေးငယ်စားနေတဲ့အခါ ပန်းကန်ထဲက ခပ််တည်တည်နဲ့ ယူစားတယ်။ ဗြဲလို့ ငိုပြလိုက်ရင် သူလည်း လက်တွန့်သွားရော။ အဲဒါမှ ဖေဖေမှတ်မှာ။

တရက်မှာ ဖေဖေ့ စာပေမိတ်ဆွေမိသားစုနဲ့ စားသောက်ဆိုင်ထဲ စကားပြောကြတဲ့အခါ ကလေးငယ်လည်း မေမေနဲ့အတူ လိုက်သွားတယ်။ ဖေဖေ့မိတ်ဆွေမိသားစုက တည်ခင်းတဲ့အထဲမှာ သစ်သီးစုံ တပန်းကန် အစိပ်လေးတွေနဲ့ ကလေးစားဖို့ဆိုတာပါတယ်။ အဲဒီမှာ နဂါးမောက်သီး အဖြူရောင်ကို စစားဖူးတာပဲ။ မေမေနဲ့ ဖေဖေဆို သူတို့ကို ကျေးဇူးတင်နေတာပေါ့။ ကလေးငယ်အတွက် စားဖို့ အသီးတမျိုးတိုးလာတာပေါ့။

အဲဒီနောက် တရက်မှာ မေမေက နဂါးမောက်သီး ဝယ်လာတယ်။ အခွံတွေကို ခွာလိုက်တဲ့အခါ စားလို့ရတဲ့ အသီးရလာတယ်။ မေမေက ဓါးနဲ့လှီးလိုက် စိပ်လိုက်ပြီးတဲ့အခါ ပန်းကန်ထဲထည့်ပြီးတာနဲ့ ခရမ်းရောင်အသားတွေကို လက်နှစ်ဖက်နဲ့ကိုင်ပြီး အားပါးတရ စားပါတယ်။ ပါးစပ်တွေ ပါးတွေမှာ နီရဲနေတာပေါ့။ ကလေးငယ်က အဲဒီလို စားရတာကို ပျော်လို့ ရွှင်လို့။ နောက်ပိုင်း ကလေးငယ်စားတာမှာ တပန်းကန်ပြီး တပန်းကန်ပါပဲ။ စားပြီးတာနဲ့ အဝတ်စအစားလဲတာတို့ လက်ဆေး ပါးစပ်ဆေးတာတို့ကို မေမေက လုပ်ပေးပါတယ်။ အဲဒါကြောင့် မေမေ့ကို ချစ်ရတာပါပဲ။

မနေ့တနေ့က ဖေဖေနဲ့မေမေတို့ရဲ့ မိတ်ဆွေ ဦးဦးနဲ့ ဒေါ်ဒေါ်တို့ အိမ်လာလည်ကြတယ်။ ဦးဦးနဲ့ ဒေါ်ဒေါ်က သစ်သီးလက်ဆောင်ပေးတယ်။ ချယ်ရီသီးဆိုတာကို ကလေးငယ်ကျွေးကြည့်ရအောင်လို့ မေမေပြောနေတာ ကြားရတယ်။ တဝက်ဝက်ပြီး အစေ့ထုတ်ထားတာကို ကလေးငယ်စားရတယ်။ တခြမ်းစီကို လက်တဖက်စီက ကိုင်ထားလိုက်တယ်။ ပါးစပ်ထဲကို ဘယ်ညာရောက်သွားပြီး လက်နှစ်ဖက်မှာ အသီးမရှိတော့ရင် အသီးထည့်ထားတဲ့ ပန်းကန်ကို လှမ်းကြည့်လိုက်တာပေါ့။ မေမေက ထပ်ပေးပါတယ်။ အဲဒါနဲ့ ကလေးငယ် စားဖို့ ချယ်ရီသီးဆိုတာလေး တိုးလာတာပေါ့။ ဦးဦးနဲ့ ဒေါ်ဒေါ်တို့တော့ ကလေးငယ် ချယ်ရီသီးစားတာကြားရပြီး ပျော်နေမှာပဲ။

ဒီညမှာ ဖေဖေက စတော်ဘယ်ရီသီး နှစ်လုံး ယူလာတာတွေ့တယ်။ ကလေးငယ်ကို ကျွေးတော့ စစခြင်းမှာ မကြိုက်ဘူး။ ဖေဖေက ကလေးလေးရေ ဒီအသီးက ချိုတယ် စားပါဦးလို့ နည်းနည်းဖဲ့ကျွေးတာမှာ အရသာတွေ့သွားပြီး ဖေဖေကျွေးတာကို ကုန်တဲ့အထိ စားလိုက်ပါတယ်။ ဖေဖေခမျာ လျင်လို့သာပေါ့။ ခစ်ခစ်မကျွေးခင်မှာ သူက တလုံးစားထားလိုက်တယ်လေ။

ဖေဖေက ကလေးရေတဲ့ ဒါလေးလည်း မြည်းကြည့်ပါဦး၊ ကလေးလေး သွားတွေ ခိုင်အောင်ဆိုပြီး အစိပ်ကလေးတွေ လာကျွေးပြန်တယ်။ အတော်ချဉ်တဲ့ အသီးပဲ။ ကလေးငယ်လည်း မျက်နှာရှုံ့မဲ့ပြပြီး ခေါင်းခါပြလိုက်တာပေါ့။ မေမေက အခန်းထဲဝင်လာပြီး မေးတယ်။ ဆန်းကစ်လိမ္မော်သီး ကလေးစားရဲ့လားဆိုပဲ။ ဖေဖေက ပြန်ဖြေတယ်။ ချဉ်လို့ မစားတာဖြစ်မယ်။ နောက်တော့ စားလာမယ် ထင်တာပဲတဲ့။

ကလေးငယ်ကတော့ အသီးတွေ စစားနေပါပြီ။ မေမေကပြောတယ်။ ကလေးလေးက ဖရဲသီးလည်း စားတယ်၊ သခွားမွှေးလည်း စားတယ်၊ စပျစ်သီးလည်း စားတယ်၊ အဲ နာနတ်သီးတော့ မစားသေးဘူးတဲ့။ နာနတ်သီးက ဖေဖေ့အကြိုက်ပဲ။

သွားတွေလည်း စုံပါတော့မယ်၊ 
အသီးတွေလည်း ကုန်ပါတော့မယ်၊ 
ကလေးငယ်ကိုတော့ ဖေဖေနဲ့ မေမေက တုန်နေအောင် ချစ်ကြသလားဆိုတာတော့ သူတို့ပဲ သိမယ် ထင်တာပါပဲ။ လမ်းကြုံရင် မေးကြည့်လိုက်ပေါ့။

ကလေးငယ်တော့ ဖေဖေ အသီးတွေအကြောင်းရေးနေတာသိလို့ မအိပ်သေးဘဲ အိပ်ရာပေါ် ဟိုလိမ့်ဒီလိမ့်နေပါတယ်။ ဖေဖေရေးပြီး ဖန်သားနံရံပေါ်တင်မှ ကိုယ့်အကောင့်ထဲကနေ ဝင်ကြည့်လိုက်ဦးမယ်။ ကလေးငယ် အကောင့်က ကလေးငယ်ပဲ သိတယ်။ ကဲ ညဉ့်နက်နေပြီ၊ အိပ်ချင်ယောင်ဆောင်လိုက်ဦးမယ်။
ဂွတ်နိုက်။ ။

အတွေးမငယ်တဲ့ ကလေးငယ်
၂၈-၁၂-၂၀၁၅

ရေးပြီးတဲ့အခါမှာတော့ ကလေးငယ်လည်း အတွေးမကြွယ်နိုင်တော့ဘဲ မေမေ့နားမှာ မော်တော်မောင်းနေပြီ ဖြစ်ပါတယ်။

Jan 4, 2016

အသုံးကျရဲ့လား - အလွတ်ကျက် အသေမှတ် (၂)

အချိန် နှင့် နေရာ ။ ။ ၈၈ မတိုင်ခင်လောက်က ဇာတိမြို့လေးမှာ။
ဇာတ်လမ်းက ဒီလို….
နွေရာသီကျောင်းပိတ်ရက်တိုင်း နယ်ရောက်ဖြစ်နေကြတာဖြစ်လို့ အဲဒီတနှစ်မှာလည်း နယ်မှာ အလည်ရောက်နေပါတယ်။ အဘနဲ့အဖွား ထောက်ခံမှုနဲ့ အနီးအနားက ကျောင်းဆရာကြီးဆီမှာ အတန်းကြိုကျူရှင် သွားတက်ဖြစ်ပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္ သုံးဘာသာပါ။ (သချာင်္ကိုတော့ နောက်က စာ ဆိုတာ မလိုက်တော့ဘူး၊ လိုက်ရင် သချာင်္စာ ဖြစ်မှာ။ သချာင်္လို့ အမည်မတပ်ဘဲ ဂဏန်းလို့ တပ်ရင် ဂဏန်းစာ ဆိုပြီး တွင်ရင်တွင်မှာ)

စတက်တဲ့နေ့မှာပဲ ရန်ကုန်သား ဆလံသခဲ့ရတာပါပဲ။ ဆရာကြီးက ပြောတယ်။ အဲဒါ အိမ်ကနေကျက်ခဲ့တဲ့။ အဲဒါ ဆိုတာကို မြန်မာစာဖတ်စာအုပ်မှာ ကြည့်လိုက်တော့ မိတ်ဆွေသုံးဦးတဲ့ ခေါင်းစဉ်က။ အမ် အများကြီးကျက်ရမှာလားဆိုတော့ အေး ဟုတ်တယ်ကွတဲ့။ ကျနော်တို့ ရန်ကုန်မှာ ဆိုရင်လို့ စကား စကာရှိသေး၊ ဒီနေ့မှ စသိ စခင်တဲ့ ဘော်ဒါက ပြောင်ဖြီးဖြီးနဲ့ လှမ်းပြောတယ်။ ဒါ ရန်ကုန်မဟုတ်ဘူးတဲ့။

ကျူရှင်က အပြန် အိမ်ရောက်တော့ အကိုတွေက လောက်စာလုံး လုံးနေကြတယ်။ လုံးပြီးသားတွေကို စလောင်းဖုံးပေါ်မှာ စီစီရီရီထားပြီး နေလှန်းဖို့ ပြင်နေကြတယ်။ ဟေ့ကောင် လာလုံးပေးဦး။ ညနေ လောက်စာလုံးဖို ပစ်ကြမှာ။ လောက်စာလုံးဖိုဆိုတာ လောက်စာလုံးသုံးလုံးကို ဖိုခနောက်လို ဆိုင်ထားလိုက်ပြီး သုံးလုံးဆိုင် ဖိုခနောက်ပေါ်မှာ လောက်စာလုံးတလုံးထပ်တင်ထားတာ။ လောက်စလုံးဖိုတွေ တန်းစီထားပြီး ခပ်ဝေးဝေးကနေ ကျောက်ဒိုးလို့လည်း ခေါ်ရဲ့ ဂေါ်လီလို့လည်းခေါ်ရဲ့ အဲဒါနဲ့ ထိအောင် ပစ်ကြရတာ။ ကစားတဲ့သူတွေက လွယ်အိတ်အစုတ်လေးတွေကိုယ်စီနဲ့။ လွယ်အိတ်ထဲမှာ လောက်စာလုံးထည့်ထားတာ။ ရန်ကုန်မှာက လောက်စာလုံးဆိုတာ မြေရှားတဲ့အတွက် မလုံးနိုင်ကြဘူး။ အဲဒီအစား ပလတ်စတစ်အရုပ်လေးတွေ ထောင်ပစ်ကြတယ်။

အကိုတွေခေါ်တော့လည်း ဟန်ပြအနေနဲ့ သူတို့ခူးထားတဲ့ ရွှံ့တုံးကို ဖဲ့ဖဲ့ပြီး လေးငါးဆယ်တုံးလောက် လုံးလိုက်တယ်။ အကိုဝမ်းကွဲက အဲဒီနယ်သား။ ခုနက ကျောင်းဆရာကြီးအကြောင်း သူသိတယ်။ သူ့ကိုပြောပြတယ်။ ဆရာကြီးကကွာ စာပုဒ်အရှည်ကြီးကို အိမ်စာကျက်ခိုင်းတယ်။ ဒို့ရန်ကုန်မှာဆို အမေးအဖြေလောက်ပဲ အလွတ်ကျက်ရတာ။ အဲဒီမှာ ရယ်ပါလေရော။ ကျော်ကြီးရေ မင်း မနက်ဖြန် စာမရရင်တော့ သူနဲ့တွေ့မှာပဲ။ ကျော်ကြီးတော့ ဆော်ပလော်တီးခံရတော့မယ်ဟေ့လို့ ခပ်ကျယ်ကျယ်ပြောပါတယ်။

ဘာမှ စစ်ကူမရတော့ လက်ဆေးပြီး အိမ်ပေါ်တက် စာအုပ်ကိုင်ကာ စာကျက်ရပါတော့တယ်။ ကျက်နေရင်းက ဒီလောက်စာအများကြီးကို အလွတ်ကျက်ခိုင်းတာ ဘယ်လိုမျိုးကြီးလည်းလို့ အတွေးက ဝင်လာပါသေးတယ်။ ရေမိုးချိုး ထမင်းစားပြီးလည်း အကိုတွေ နှမတွေနဲ့ မကစားနိုင်၊ လူကြီးပိုင်းတွေ စကားဝိုင်းလည်း ဝင်နားမထောင်နိုင်ဘဲ မိတ်ဆွေသုံးဦး ရဖို့အရေးအတွက် အခေါက်ခေါက်အခါခါ ဆိုရပါတယ်။

နောက်တနေ့ ကျူရှင်တက်၊ စာပြန်ခိုင်းတော့ အတော်ဆိုနိုင်ပါတယ်။ ရန်ကုန်သား ရန်ကုန်သားဆိုပြီး နာမည်တလုံးရသွားသပေါ့။ မရတဲ့ ဘော်ဒါတွေကို ဆရာကြီးက ပြန်ခွင့်မပေးဘဲ ကျူရှင်မှာပဲ အပြီးရအောင် ဆက်ကျက်ခိုင်းပါတယ်။

ရန်ကုန်သားလည်း ဇွဲက သိပ်မရှိတော့ နောက်နှစ်ရက် သုံးရက်လောက်မှာပဲ အဖွားနဲ့ အကျေအလည်ဆွေးနွေးပြီး ကျူရှင်ပြေးပါတော့တယ်။ အဘက ဟဲ့ နင့်မြေး ကျောင်းသွားမတက်ဘူးလား မေးတဲ့အခါ ရှင့်မြေး ရန်ကုန်သားက ရန်ကုန်ကသင်တဲ့ပုံစံလိုမဟုတ်လို့ စာမလိုက်နိုင်ဘူးတဲ့လေ ဆိုတာနဲ့ အဘလည်း ဆက်မမေးတော့ပါ။ ဒီ ရန်ကုန်သားတွေကွာ ဆိုပြီး ကွမ်းလေးတမြုံ့မြုံ့နဲ့ပါပဲ။

ရန်ကုန်မှာ ကျောင်းတွေဖွင့် ကျောင်းစတက်ရတဲ့အခါ မိတ်ဆွေသုံးဦး သင်ခန်းစာကို ရောက်လာပါတယ်။ ရန်ကုန်သားတဖြစ်လဲ ကျော်ကြီးကလည်း ရန်ကုန်ဘော်ဒါတွေကို ဖတ်စာအုပ်ကိုင်ခိုင်းပြီး မိတ်ဆွေသုံးဦးပုံပြင် အရှည်ကြီးကို အလွတ်ဆိုပြသပေါ့။

အဲဒီနှစ်တုန်းက ရန်ကုန်သား ကျော်ကြီးကို ရန်ကုန်သူ ရန်ကုန်သား အတန်းဖော်တွေ ဆလံသ အားကျခဲ့တယ်ဆိုတာ အခုရေးပြရင် ကြွားသလိုလည်း ဖြစ်မှာစိုးလို့ နောက်ကြုံတော့မှ အသေးစိပ်ရေးပြပါတော့မယ်။

ကျော်မောင်(တိုင်းတာရေး)
၂၀-၁၂-၂၀၁၅


အလွတ်ကျက် အသေမှတ် (၁) အသုံးကျရဲ့လား - အလွတ်ကျက် အသေမှတ် (၁)

တခေါက်မှာ စီနီယာကြီးက ဟေ့ဒါလေးက အုမ်း ဘယ်လောက်ရှိလဲလို့ မေးလာပါတယ်။ သူပြတဲ့ ဒါလေးဆိုတာကို သွားကြည့်တော့ ပစ္စည်းတခုမှာ ရှိတဲ့ resistor လေး တလုံးဖြစ်နေတယ်။ Resistor ရဲ့ resistance တန်ဖိုးကို ohm နဲ့ပြောကြတယ်။ အခု resistor က လောင်ထားတဲ့ပုံစံ အရောင်ညိုနေတယ်။ ကံကောင်းတာက သူ့မှာရှိတဲ့ အဝန်းလေးတွေ (Band) ရဲ့အရောင်တွေကို မထိထားဘူး။ သေသေချာချာဖတ်လို့ရတယ်။ ပိုသေချာအောင် မှန်ဘီလူးသွားယူပြီး အဝန်းတွေရဲ့အရောင်တွေကို ဖတ်လိုက်တယ်။ ပြီးတာနဲ့ သင်ခဲ့တုန်းက စာချိုးလေးကို လက်ချောင်းလေးတွေချိုးကာ ရွတ်ဆိုလိုက်တယ်။

ညို နီ လိမ် ၀ါ စိမ်း ပြာ ရမ်း ခိုး ဖြူ နက် ရွှေ ငွေ ။

စီနီယာကြီးကို ပြောလိုက်တယ်။ ဒီ resistor ရဲ့တန်ဖိုးက ဒီလောက်ရတယ်။ အဲဒါ ဝယ်ပြီး အစားထိုးနိုင်တယ်။ သူက ဟုတ်လားလို့ပဲပြောတယ်။ ဆယ်မိနစ်လောက်အကြာမှာ မန်နေဂျာကို သူသွားပြောတယ်။ မန်နေဂျာလာတယ်။ Resistor ကိုဖတ်တယ်။ တန်ဖိုးကို ပြောပြီး ထွက်သွားတယ်။ ကျနော်ပြောခဲ့တာနဲ့ တူတဲ့အခါမှာ ခုနက စီနီယာရဲ့ အခုလိုမေးတယ်။
မင်း ဘယ်လိုသိသလဲ။ 

လက်ချောင်းချိုးတာနဲ့ သိသလား။ 
ဟုတ်တယ် လက်ချောင်းချိုးတာနဲ့ သိတယ်။ ဒါပေမဲ့ ပါးစပ်က ရွတ်တာတွေ့တယ်မလား။ အဲဒါ ငယ်ငယ်တုန်းက ကျက်ခဲ့ရတာကို ရွတ်တာ။ တက္ကသိုလ်မှာ ဆရာတွေ ဆရာမတွေ ကျက်ခိုင်းတုန်းက ရွတ်လို့ကောင်းလို့ အခေါက်ခေါက်အခါခါ ဆိုရင်း အလွတ်ရသွားတာ။ အင်တာနက်မှာ resistance တန်ဖိုးကြည့်နည်းရှိတယ်။

သူသွားကြည့်တယ်။ 

မင်းကိုငါမေးတုန်းက မင်း အင်တာနက်မှာ ဘာလို့မကြည့်တာလဲ။ 
အင်တာနက်ကြည့်တာထက် ကျက်ခဲ့ရတဲ့စာကို ရွတ်ပြီး ပြောလိုက်တာက ပိုမြန်တယ်။

အဲဒါ by heart ဆိုတဲ့ အလွတ်ကျက် အသေမှတ်ရဲ့ ကောင်းကျိုးထဲက မှတ်မှတ်ရရ အတွေ့အကြုံတခုပါပဲ။
By heart သင့်တာဆိုရင် တွေဝေမနေနဲ့ ငေးမောမနေကြပါနဲ့။ By သာ heart ကြပါ မိတ်ဆွေတို့ဟု တိုက်တွန်းလိုက်ရပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၁၈-၁၂-၂၀၁၅

မှတ်ချက်။ ။ အဲဒီ resistor တွေ ဖတ်ပုံဖတ်နည်း သင်ပေးခဲ့တဲ့ တက္ကသိုလ်က ဆရာများထဲက တယောက်ဖြစ်တဲ့ တီချယ်ကို ရန်ကုန်ပြန်တုန်းက တခေါက်မှာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အားရဝမ်းသာ ပြောဖြစ်ခဲ့ဖူးပါတယ်။ သင်ခဲ့တာက လက်တွေ့ချိန်တွေမှာဖြစ်ပါတယ်။ အခု အဲဒီတီချယ်ကပဲ resistor တွေအကြောင်းနဲ့ ပတ်သက်လို့ တယောက်ရေးထားတဲ့ ပို့စ်ကို မျှဝေတဲ့အခါမှာ မိတ်ဆွေများလည်း သိစေရန် အထက်ပါစာစုတိုကို ရေးခြင်းဖြစ်ပါတယ်။