Dec 26, 2022

ဤသို့ ဖတ်ရှုလေ့လာခဲ့ရပါသည်။

 ဤသို့ ဖတ်ရှုလေ့လာခဲ့ရပါသည်။

"ပန်းဝတ်မှုံ, ကြာရွက်, ပင့်ကူမျှင်, လှေ, ဆီကျည်တောက်တို့၌ (လိမ္မာသော) ပျားစသည်တို့၏ဖြစ်ပုံကဲ့သို့"
ပန်းဝတ်မှုံ
=====
-မကျွမ်းကျင် မလိမ္မာသော ပျား၏ ပျံသန်းမှု (လျင်မြန်သော အဟုန်ဖြင့် ပျံသောကြောင့် ပန်းပွင့်သော သစ်ပင်ကို ကျော်လွန်သွားကာ တဖန်ပြန်လှည့်ချိန် ပန်းဝတ်မှုံက ကုန်လေပြီ)
-မကျွမ်းကျင် မလိမ္မာသော ပျား၏ ပျံသန်းမှု (နှေးသော အဟုန်ဖြင့် ပျံသောကြောင့် ပန်းဝတ်မှုံ ကုန်ချိန်မှ ရောက်)
-ကျွမ်းကျင် လိမ္မာသော ပျား၏ ပျံသန်းမှု၊ (မနှေးလွန်း မမြန်လွန်းသော အဟုန်ဖြင့် ပျံသောကြောင့် ပန်းဝတ်မှုံကို သယ်နိုင်)
ကြာရွက်
=====
-မကျွမ်းကျင်သော ခွဲစိတ်သင်တပည့် (အဟုန်ဖြင့် ဓါးကိုချသဖြင့် ကြာရွက် နှစ်ခြမ်းဖြတ်မိ)
-မကျွမ်းကျင်သော ခွဲစိတ်သင်တပည့် ( ကြာရွက် နှစ်ခြမ်းဖြတ်မိမည်စိုးသောကြောင့် ခွဲစိတ်ဓါးငယ်ကိုမျှ မကိုင်ဝံ့)
-ကျွမ်းကျင်သော ခွဲစိတ်သင်တပည့်(ကြာရွက်ကို မနှေးလွန်း မမြန်လွန်းသောအဟုန်ဖြင့် ခွဲစိတ်)
ပင့်ကူမျှင်
=====
-လေးလံရှည်သော ပင့်ကူမျှင်ကို ဆောင်ယူမည့် မကျွမ်းကျင်သောယောကျ်ား (ပင့်ကူမျှင်ကို လျင်မြန်စွာ ယူဆောင်သဖြင့် ပင့်ကူမျှင်ပြတ်ကျ)
-လေးလံရှည်သော ပင့်ကူမျှင်ကို ဆောင်ယူမည့် မကျွမ်းကျင်သောယောကျ်ား (ပင့်ကူမျှင်ပြတ်မည်စိုး၍ လက်ဖြင့်ပင် မထိဝံ့)
-လေးလံရှည်သော ပင့်ကူမျှင်ကို ဆောင်ယူမည့် ကျွမ်းကျင်သောယောကျ်ား(မမြန်လွန်း မနှေးလွန်းသော လုံ့လပယောဂဖြင့်ဆောင်ယူ)
လှေ
===
-မကျွမ်းကျင်သော လှေသူကြီး(အားကြီးသောလေလာသောအခါ ရွက်ကို လေဖြင့်ပြည့်စေသောကြောင့် ရောက်လိုသောအရပ် ဆန့်ကျင်ရာသို့ လှေကရောက်)
-မကျွမ်းကျင်သော လှေသူကြီး(အားနည်းသောလေ လာသောအခါ ရွက်ကို ချထားသောကြောင့် လှေက မရွေ့)
-ကျွမ်းကျင်သော လှေသူကြီး (အားနည်းသောလေ လာသောအခါ တရွက်လုံးကို လေဖြင့်ပြည့်စေ၊ အားကြီးသောလေ လာသောအခါ ရွက်တဝက်လွှင့်သဖြင့် လိုရာခရီးရောက်)
ဆီကျည်တောက်
=========
-မလိမ္မာသော တပည့် (အပေါက်ကျဉ်းသော ဆီကျည်တောက်ကို မဖိတ်မလျှံစေပဲ ဆီဖြင့်ပြည့်စေခြင်းပြုရာ လျင်မြန်စွာ လောင်းထည့်သဖြင့် ဖိတ်စင်)
-မလိမ္မာသော တပည့် (အပေါက်ကျဉ်းသော ဆီကျည်တောက်ကို မဖိတ်မလျှံစေပဲ ဆီဖြင့်ပြည့်စေခြင်းပြုရာ ဖိတ်မည်စိုးသဖြင့် လောင်းပင် မလောင်းဝံ့)
-လိမ္မာသော တပည့် (အပေါက်ကျဉ်းသော ဆီကျည်တောက်ကို မဖိတ်မလျှံစေပဲ ဆီဖြင့်ပြည့်စေခြင်းပြုရာ မမြန်လွန်း မနှေးလွန်းသော လုံ့လပယောဂဖြင့် ဆီမဖိတ်စေပဲ လောင်းထည့်နိုင်)
တွန့်ဆုတ်ခြင်း(ဝီရိယလျှော့နည်းခြင်း ပျင်းရိခြင်း)၊ တက်ကြွပျံ့လွင့်ခြင်း(ဝီရိယလွန်)၊ တွန့်ဆုတ်ခြင်းလွတ် တက်ကြွပျံ့လွင့်ခြင်းလွတ်သော မလျော့မတင်းညီမျှသောဝီရိယတို့နှင့် ပတ်သက်သော ဥပမာများဖြစ်ပါသည်။
မနက်က ဖတ်မိခြင်းဖြစ်သည်။ တနေ့တည်းမှာပင် လက်တွေ့သိရသဖြင့်လည်း အကျိုးများခဲ့ပါသည်။ လက်တွေ့သိပုံမှာ အလုပ်တခု လုပ်ရာတွင် အစပိုင်း၌ တွန့်ဆုတ်ခြင်း ပျံ့လွင့်ခြင်း ရေရာမှုမရှိခြင်း မသေချာခြင်း ဟုတ်ပါ့မလားဟု သံသယဖြစ်ခြင်းတို့ဖြစ်ခဲ့ပုံဖြစ်သည်။ လျင်မြန်စွာ လုပ်ဆောင်မည်ဟု လွန်စွာတက်ကြွသောစိတ်ဖြင့် ပြုရာ မအောင်မြင်ခြင်းနှင့်၊ ပြီးမြောက်အောင် ပြုလုပ်ရမည့်ကိစ္စကို ဆက်မလုပ်ချင်အောင် တွန့်ဆုတ်ခဲ့ခြင်းကို ဖြစ်ခဲ့ပါသည်။
အဖြေရှာကြည့်ပြီး တွေ့သည့်အခါတွင် တွန့်ဆုတ်ခြင်းကင်း၍ ပျံ့လွင့်ခြင်းကို ပယ်ကာ လုပ်ကိုင်နေသော အလုပ် အဆင်ပြေခဲ့သည်ဖြစ်၏။
လေ့လာခဲ့သည်ကို မျှဝေခြင်းဖြစ်ပါသည်။
တနည်းမှာ ထိုထိုဥပမာများသဘောကို ကိုယ်တိုင်မှတ်မိနေရန် ပြန်ဖတ်ကာ ကူးရေးခြင်းဖြစ်ပါသည်။
ရည်ညွှန်း -
အဂ္ဂမဟာ ပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား၊ ဝိသုဒ္ဓိမဂ် မြန်မာပြန် (ပဌမတွဲ)၊ ဇူလိုင် ၁၉၇၂၊ နှာ-၄၁၉-၄၂၁။
၂၇-စက်တင်ဘာ-၂၀၂၂

ပုံပြောလေ့ကျင့်ခြင်း

ညအိပ်ခါနီးလျှင် ပုံပြောရမည့်အလုပ်ကို သဘောမတူချင်တူချင်ဖြင့် အတင်းကာရောယူထားလိုက်မိတာက စသည်။ အိပ်ရာဝင်ပုံပြင်ပြောရန် ဒီတညအလှည့်ကျသူကတော့ ကျနော် ကျော်မောင်ပဲဖြစ်ပါတယ် ပရိသတ်ကြီးခင်ဗျာ ဟု အစီအစဉ်တင်ဆက်သူလေသံဖြင့် ဟဲပြဖို့မလို။ ပုံပြောရန် ညတိုင်းအလှည့်ကျဖို့ကို မရရအောင်ယူဖြစ်သည်မှာ ပုံပြောလေ့ကျင့်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည့်အကြောင်းရင်းက လှုံ့ဆော်လာ၍ဖြစ်သည်။

ပုံပြောပြဆိုလျှင် ဘာပုံပြောရင်ကောင်းမလဲဟု စိတ်ထဲကနေရှာရသည်မှာ အာရုံများလှသည်။
ငယ်ငယ်ကကြားဖူးသည့်ပုံပြင်၊ ဖတ်ဖူးသည့်ပုံပြင်၊ ကြီးလာသောအခါ ကလေးကိုပြောပြဖို့သပ်သပ်ဖတ်သောပုံပြင် ထိုထိုပုံပြင်တွေအထဲက ပြောမည့်ညအတွက် ပုံပြင်ကိုရွေးရသည်။ ဒါက လေ့ကျင့်မည်ဟု မပိုင်းဖြတ်မီက ပြင်ဆင်ပုံဖြစ်သည်။
လေ့ကျင့်မည်ဟု ပိုင်းဖြတ်ပြီးသောအခါ ရက်စွဲရေးကာ ဒီညတွင် ဒီပုံပြင်ပြောခဲ့သည်ဟု ရေးမှတ်ထားသည်။ အလုပ်မှ အိမ်သို့အပြန်ခရီးတွင် ဒါလေးတော့ ဒီညပြောမည်ဟု တေးမှတ်လိုက်တာမျိုး၊ ထိုပြောမည့်အပိုင်းနှင့်ပတ်သက်ပြီး ပြန်လေ့လာဖတ်ရှုတာမျိုး ကြိုလုပ်ထားသည်။
ပြောဖူးပြီးသားပုံပြင်ကိုပင် အနည်းငယ်ပြင်ဆင်ကာ အသံနေအသံထားဖြင့် ပြောဖို့ပြင်သည်။ တချို့ပုံပြင်ဇာတ်လမ်းတွေ ဇာတ်တော်တွေထဲက အများသိပြီးသားအပိုင်းကို ဖော့ကာ ဇာတ်လမ်း၏ အနှစ်သားဖြစ်သည့်အပိုင်းကို ပြန်ဖတ်ကာ ပြောဖို့ပြင်သည်။
ဥပမာပေးရလျှင် မဟာဇနကဇာတ်တော်ကြီးပြောမည်ဆိုလျှင် ဇနကမင်းသားသမုဒ္ဒရာထဲရေကူးခန်း၊ နတ်သမီးမှ အင်တာဗျူးခန်းတို့ကို လူသိများသည်။ သို့သော် ဇနကမင်းသားမှ ဇနကမင်းကြီးဖြစ်လာပြီးနောက် သရက်ပင်နှစ်ပင်ဖြစ်ရပ်ကြောင့် သံဝေဂရကာ တောထွက်ခန်းမှာ မှေးမှိန်နေသလောက်ရှိသည်။ ထိုအပိုင်းကို အဓိကထားပြောပြသည်။
သရက်ပင်ဥပမာကို ပြောနေစဉ်တွင် "စစ်နှင့်ငြိမ်းချမ်းရေး" စာအုပ်ထဲမှ အပိုင်း(၆) အခန်း(၁)တွင်ပါသော မင်းသားအင်ဒရေ၏ဝက်သစ်ချပင်အိုကြီးကိုကြည့်ပြီး စဉ်းစားတွေးတောခန်းကို ခပ်ပါးပါးလေး ပြောပြချင် ပြောပြသည်။
ရွဲကုန်သည်ဇာတ်ကို ပြောပြီးသည့်အခါ ပေးချင်သည့် သင်ခန်းစာမှာများစွာရှိပါကြောင်း ပြောဖို့ ကြိုးစားရသည်။ ရွဲကုန်သည်ဇာတ်စပြောလျှင် စစချင်းကြုံရသည့်အခက်အခဲမှာ ရွဲဆိုသည်မှာ ဘယ်အရာကို ဆိုသနည်းဟူ၍ဖြစ်သည်။ ရွဲဆိုတာ ဘာလဲဆို၊ တိတ်တိတ်နေ နောက်မှပြောပြမယ်၊ ရွဲလို့ပဲမှတ်ထားဟု ပြောလိုက်လျှင် ပုံပြင်ပြောသူသည် အသုံးမကျသူဖြစ်ပေချိမ့်မည်။
သမားရိုးကျပုံပြင်များပြောနေသည်မှာ ရိုးလာလျှင် မြန်မာကျော်ဝတ္ထုတို/ရှည်များ ကမ္ဘာကျော်ဝတ္ထုတို/ရှည်များ ရုပ်ရှင်ဇာတ်လမ်းများကို အကျဉ်းချုံ့ပြီး ပုံပြောသလိုမျိုးပြောသည်။ အကျဉ်းချုံးထားပြီးသား စာအုပ်များကို ပြန်ဖတ်ပြီး အလွတ်ပြောသည်။
"မောင်ရင်မောင် မမယ်မ" ဝတ္ထုကို ပြောသည့်အခါ နားထောင်သူအတွက် အချိန်သက်သာအောင် အကျဉ်းချုံးပြောရသည်။ ဘယ်လိုပြောမည်နည်း။ ထို့အပြင် နားထောင်သူမှာ လူငယ်မဟုတ် ကလေးအရွယ်ဖြစ်နေသည့်အခါ ထိုသို့သော ဝတ္ထုပြောပြခြင်းမှ ဘယ်သင်ခန်းစာကို ပေးမည်ဟုရည်ရွယ်ပြောပါမည်နည်း။ "မင်းကတော်" ဝတ္ထုတိုကို ပြောလျှင်လည်း ထိုနည်းလည်းကောင်းဖြစ်ပါလိမ့်မည်။
ခေါင်းစဉ်တွင်ပါသည့်စာသားအတိုင်း ပုံပြောလေ့ကျင့်ခြင်းဖြစ်သည့်အတွက် ပြောစရာရှိသည်တို့ကို အသံနေအသံထားဖြင့် မတိုးမကျယ်ပီပီသသဖြင့် ပြောသွားဖို့သာရှိလေသည်။
ရည်ရွယ်ရမည်မှာ နားထောင်နေသည့်ကလေး အိပ်ပျော်သွားဖို့က ပထမအချက်ဖြစ်သည်။ ပုံပြင်တဝက်တွင် သို့မဟုတ် ပုံပြင်မဆုံးမီတွင် ကလေးအိပ်ပျော်သွားသည့်အခါ ပုံပြောသမားအများစုမှာ ပုံပြင်ကို အဆုံးမသတ်တော့ဘဲ သူတို့ပါ အိပ်ရာဝင်တတ်ကြလေ့ရှိသည်။
သင်သည် ကျနော်ကဲ့သို့ ပုံပြောလေ့ကျင့်နေသူတစ်ယောက်ဖြစ်ပါက ပုံပြင်ကို ပြီးဆုံးသည်အထိ သေသေချာချာပြောပါလေ။ နားထောင်သူ အိပ်ခြင်း မအိပ်ခြင်းမှာ ပုံပြောသူနှင့်မဆိုင်၊ ပြောနေသောပုံပြင်ကို အပြီးသတ်အထိ ပြောဖို့သည်သာ ပုံပြောနေသူ ဇာတ်လမ်းပြောနေသူနှင့် ဆိုင်ပေသည်။
ပုံပြောပြခြင်းသည် နားထောင်နေသူအတွက်သာမဟုတ်ဘဲ ပြောပြနေသူကိုယ်တိုင်အတွက် ရစရာများစွာ ရလာနိုင်သည့်ကောင်းကျိုးရှိပါသည်။ ယုတ်စွအဆုံး အသံနေအသံထားဖြင့် ပြောပြနိုင်ခြင်းတည်းဟူသော အကျိုးကို ရပါလိမ့်မည်။
ဤစာဖတ်ရခြင်းဖြင့် ပုံပြောတော်သူတစ်ယောက်ဖြစ်လာရန် တစုံတရာအထောက်အကူပြုသည်ဟု ယူဆပါက ကျနော့်အား ကျေးဇူးတင်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ကျနော်သည် ပုံပြောတော်သူများကို မွေးထုတ်ပေးနေသော ရိုဘော့စက်ရုပ်မဟုတ်သောကြောင့်ဖြစ်ပါသည်။
ကျော်မောင်(တိုင်းတာရေး)
၁၂-စက်တင်ဘာ-၂၀၂၂

ဘာက အရင်

 မေး။ ။ "ဘာဖြစ်လို့ ကော်ဖီထုပ်ထဲက ကော်ဖီမှုန့်နဲ့ ကော်ဖီဖျော်တဲ့အခါ ခွက်ထဲကို ကော်ဖီမှုန့်တွေ အရင်ထည့်ပြီးမှ ရေနွေးကို နောက်မှ ရောရတာလဲ၊ ရေနွေးအရင်ထည့်လို့မရဘူးလား"

ဖြေ။ ။ "သံပရာသီးကို ဓါးနဲ့ထက်ဝက်ခြမ်းပြီး သံပရာရည်ဖျော်တဲ့အခါ ခွက်ထဲကို သံပရာရည်မညှစ်ထည့်ခင် သကြားနှစ်ဇွန်းလောက် အရင်ထည့်ပြီးမှ အဲဒီသကြားပုံပေါ်ကို သံပရာရည်ညှစ်ထည့်ရသလိုပေါ့"
မေး။ ။ "ဟုတ်ပါပြီ။ ခုနမေးတာက ကော်ဖီဖျော်တာ၊ သံပရာရည်ဖျော်တာ မဟုတ်ဘူးလေ"
ဖြေ။ ။ "သဘောတရားတွေက အတူတူပဲဆိုတာ ပြောချင်လို့ သံပရာသီးနဲ့ ရှင်းပြတာ။ နားလည်သွားတဲ့အခါ ကော်ဖီရော သံပရာရည်ရော နှစ်မျိုးရသွားတယ်မဟုတ်လား"
မေး။ ။ "ရေအရင်ရောပြီး ဖျော်ထားတဲ့သံပရာရည်တခွက်လောက် "
ဖြေ။ ။ 😛

Sep 2, 2022

ကြည်နူးရသည်


ခင်မင်ရင်းနှီးတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များထဲကနေ သူတို့ ဒီဘဝ ဒီလောကမှာ မရှိတော့တဲ့နောက် သူတို့တွေဆီကနေ တိုက်ရိုက်နည်းဖြင့်သော်လည်းကောင်း သွယ်ဝိုက်နည်းဖြင့်သော်လည်းကောင်း လောကီ လောကုတ္တရာနဲ့ဆိုင်တဲ့ အကျိုးရှိရာ တခုခုကို ရယူတတ်ကြဖို့လိုပါတယ်။

ပြန်တွေးမိတဲ့ အခါတိုင်း (ပြန်တွေးတယ်ဆိုတော့ မြင် ကြား နံ စား ထိတွေ့ မဟုတ်တော့ မနောဓါတုယာ) ကြည်နူးရတဲ့ အဖြစ်အပျက်လေး တခုရှိပါတယ်။
မတ္တရာဆရာတော်လို့ အဖေ အမေက သုံးနှုန်းပါတယ်။ မတ္တရာဘက်ကလို့ သိထားကြလို့ပါ။ ရပ်ကွက်ပဌာန်းပွဲကျင်းပရာကနေ သိကျွမ်းလာခဲ့တဲ့ ဆရာတော်ပါပဲ။ မြို့ကြီးပြကြီးကမဟုတ်လေတော့ နယ်ဘုန်းကြီးပေါ့။ သို့သော်လည်း တခါလောက် ပဌာန်းရွတ်တာကနေ နယ်ဘုန်းကြီးဟာ စာတတ်ပေတတ်ပုဂ္ဂိုလ်မှန်း ရပ်ကွက်ကသိရာကနေ ပဌာန်းပွဲသိမ်းတရားပွဲမှာလည်း တရားဟော အင်မတန်ကောင်းတဲ့ ဆရာတော်အနေနဲ့ မှတ်မိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဆရာတော်ဟာ ရန်ကုန်ကြွလာရင် အိမ်မှာ သီတင်းသုံးပါတယ်။ အဖေ အမေတို့ကိုတော့ တရားစကားနဲ့ ဆက်စပ်တာတွေ ဟောကောင်းဟောပါလိမ့်မယ်။ ကိုယ်တိုင်ကတော့ တက်ကြွတဲ့ ကြက်ဖအရွယ်ဖြစ်လေတော့ ဝတ္ထုကာတွန်းဖတ်တာကိုပဲ ပျော်မွေ့ခဲ့လေသည်ပေါ့။
နှစ်အတော်ကြာလို့ တရက်မှာ ဆရာတော်က အိမ်ကို ကြွလာတယ်။ အဖေ အမေတို့ကလည်း မတွေ့တာကြာပြီဖြစ်တဲ့ ဆရာတော်ကို ဝမ်းသာအားရ ဖူးကြပြီး ဆရာတော် သီတင်းသုံးဖို့ နေရာထိုင်ခင်းကို ပြင်ဆင်တော့ ဆရာတော်က ဒကာကြီး ဒကာမကြီးတို့ အခုလာတာက ဘယ်ရိပ်သာမှာ တရားအားထုတ်ဖို့ လာတာ၊ အခု အဲဒီမသွားခင် ခင်ဗျားတို့ဆီ လာတာပဲလို့ ပြောတယ်။ ပြောပုံဆိုပုံဟာ အရင်အခေါက်တွေတုန်းက အတိုင်းပါပဲ။ ခင်ခင်မင်မင်ရင်းရင်းနှီးနှီးဆိုပါစို့။ အဖေနဲ့အမေကလည်း ဒိလိုဆိုရင်ဖြင့် အရှင်ဘုရား တရားအားထုတ်ပြီး နယ်ပြန်မကြွခင် အိမ်ကို ကြွဖြစ်အောင် ကြွပါဘုရားလို့ လျှောက်ကြတယ်။
မှတ်မိသလောက်ကတော့ နှစ်လ သုံးလ မကဘူးထင်တယ်။ အဲဒီလောက်ကြာပြီးတဲ့အခါမှာ ဆရာတော်က လက်ဆွဲအိတ်လေးဆွဲပြီး အိမ်ကို ကြွလာတယ်။ အဖေနဲ့အမေရော တအိမ်သားလုံးရော ဝမ်းသာကြတာပေါ့။ ဆရာတော်ဟာ သူ့ရပ်ရွာ ပြန်မကြွခင် အိမ်ကြွလာတယ်ဆိုတော့ ဝမ်းသာကြတာပေါ့။
အဖေက လျှောက်တယ်ထင်တယ်။ အရှင်ဘုရား တရားစခန်းက အတော်ကြာတာဘုရား ဆိုတော့ ဆရာတော်က အေးဗျာ တရားအားထုတ်ပြီးတဲ့အခါမှာလည်း တရားပြ တရား စစ်ပေးတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဆောင်ရွက်ရတာဖြစ်လို့ ယခင်မှန်းထားတာထက် ကြာသွားတယ်လို့ တည်တည်ငြိမ်ငြိမ်ဖြေပါတယ်။ အဲဒီတုန်းက တရားနဲ့ ပတ်သက်လို့ သဒ္ဓါစိတ်လောက်သာ ရှိတဲ့ လူငယ်တယောက်ရဲ့ စိတ်မှာ ဘယ်လိုခံစားမိသလဲဆိုရင် ဆရာတော်ဟာ တရားစခန်းက အပြန်မှာ အရင်ကနဲ့ မတူဘူးဆိုတာပါပဲ။ ဒီထက်ပိုပြီး မသိပါ။
ဆရာတော့်ကို ကန်တော့ကြပြီးတဲ့အခါ အဖေက ဟေ့ သား ဆရာတော့်ကို ကားမှတ်တိုင်လိုက်ပို့ ခေါင်းခန်းကနေ ရအောင်စီစဉ်နော်ဆိုပြီး ကားခပါ ပေးလိုက်ပါတယ်။ ဆရာတော့်အိတ်ကို ဝမ်းသာအားရဆွဲပြီး ဆရာတော်နဲ့အတူ ကားမှတ်တိုင်ရှိရာဆီ လမ်းလျှောက်သွားကြပါတယ်။ ဆရာတော်က လမ်းလျှောက်ရာမှာ တရားမှတ်ပြီး လျှောက်နေချင် လျှောက်နေပေမယ့် အိတ်ဆွဲပြီး လျှောက်နေတဲ့ ခေတ္တဘုန်းကြီးကျောင်းသားကတော့ စိတ်ထဲမှာ ပူပန်မှုနဲ့ပါ။
ပူပန်စိုးရိမ်တာက ဒီလို။
ကားခေါင်းခန်းဆိုတာ အင်းစိန်လမ်းမကြီးမှာ အဲဒီတုန်းက ပြေးဆွဲတဲ့ လိုင်းကား (၄၈) ကားရဲ့ ခေါင်းခန်း။ ကားဆရာက ရှေ့ခန်းဆိုရင် နှစ်ဦးတင်တယ်။ များသောအားဖြင့် ပိုက်ဆံရှိတဲ့ ကောင်မလေးတွေသာ ခေါင်းခန်းစီးကြတာများတယ်။ အဲဒီတော့ ခေါင်းခန်းမှာ ဆရာတော်နေရာရဖို့ဟာက အတော်ခက်ခဲလိမ့်မယ်။ ဒီလိုတွေးပြီး စိုးရိမ်ပူပန်နေတာ။
ကားမှတ်တိုင်ရောက်၊ (၄၈) ကားထိုးရပ်၊ ကားခေါင်းခန်းလှမ်းကြည့် ဦးဇင်းတပါးတွေ့၊ ကားဆရာကို မေးတော့ ကားဆရာက လက်အုပ်လေးချီ အရှင်ဘုရား ကြွပါဘုရားတဲ့၊ ထိုင်နှင့်နေတဲ့ ဦးဇင်းကလည်း ဆရာတော်ကို လက်အုပ်ချီပြီး နေရာပေး၊ ကဲ ကားဆရာ ကျေးဇူးပဲဗျာ ရော့ ဆရာတော့်အတွက် ကားခဗျို့ ဆိုတော့ သူ လှူပါရစေတဲ့။
ဆရာတော့်ကို လက်အုပ်ချီနှုတ်ဆက် အိမ်ပြန်ရောက်တဲ့အခါ အဖေနဲ့ အမေကို အဲဒိအကြောင်းလေး ပြောပြတော့ သူတို့မှာ ဝမ်းသာကြတယ်။
ဒီဖြစ်ရပ်လေးဟာ အဖေတို့ အမေတို့နဲ့ messenger ကနေတဆင့် စကားပြောကြတဲ့အခါ ဆက်စပ်မိတဲ့အခါတိုင်း ပြန်ပြောင်းပြောမိတဲ့အဖြစ်အပျက်လေးပဲ။ ပြောတဲ့အခါတိုင်း ကြည်နူးခြင်း ဖြစ်ရတယ်။ အခု ဒါကို ပြန်ရေးတဲ့အခါမှာလည်း ကြည်နူးခြင်းဖြစ်ရတယ်။
ပထမဆုံးအပိုဒ်မှာ ရေးခဲ့သလိုပါပဲ။ တခုခုရအောင် ယူတတ်ရင် အကျိုးရှိပါလိမ့်မယ်။ တခုထက်မက ရသွားရင်တော့ သာဓုခေါ်ဆိုရပါလိမ့်မယ်။ ဒီစာဖတ်ပြီး ကြည်နူးခြင်းဖြစ်ရတယ်ဆိုရင် ပြန်ရေးပြတဲ့သူလည်း ကြည်နူးနေရမှာပါပဲ။ အဖေ အမေ အစ်ကို မရှိတော့တဲ့နောက် ပထမဆုံးရေးဖြစ်တဲ့ စာပါ။ သူတို့က ကျနော်စာရေးရင် သဘောကျတယ်၊ ကြည်နူးကြတယ်လေ။
ကျော်မောင်(တိုင်းတာရေး)
၁၀-ဩဂုတ်-၂၀၂၁
(မနှစ်က ရေးတဲ့စာ၊ ပြန်ဖတ်ရင်း ကြည်နူးရလို့ ပြန်တင်တယ်)