Johannes Vermeer ဆိုသည့်နာမည်ကို အရင်က မကြားဖူးခဲ့။ Girl with Pearl Earring ကောင်မလေးကိုတော့ ရင်းရင်းနှီးနှီးမြင်ဖူးနေသည်။ မြင်ဖူးဆို Google မှာ classic paintings ဟု ရိုက်ရှာတိုင်း မိုနာလီဇာနှင့်အပြိုင် တွေ့ရမြဲဖြစ်လို့ ဖြစ်မည်။မိုနာလီဇာက ကိန်းခန်းကြီးပြီး ပုလဲနားဆွဲနှင့်ကောင်မလေးက နှစ်လိုဖွယ်ရှိသည့်အကြည့်ကို မိုနာလီဇာထက် ပိုင်ဆိုင်ထားသူဟု နှိုင်းယှဉ်မိပါသည်။
Johannes Vermeer ရေးသည့် ပန်းချီကားတွေအကြောင်း သိချင်လာသည်ကလည်း ပုလဲနားဆွဲကောင်မလေးပန်းချီကားကြောင့်ပင်ဖြစ်ပါလိမ့်မည်။
ဆရာပေါ်သစ်ရေးထားသည့် ဆောင်းပါးတွေထဲ ရှာကြည့်မိသည်။ "အလှရှာတော်ပုံ" (တတိယအကြိမ်ထုတ်) ၏ စာမျက်နှာ ၁၂၀ တွင် ပန်းချီကားပုံတစ်ပုံနှင့်အတူ ဗာမီယာအကြောင်းကို ဆရာပေါ်သစ်က စာကြောင်းလေးကြောင်းဖြင့် မိတ်ဆက်ပေးခဲ့ပါသည်။ ပန်းချီကားပုံမှာ The Milkmaid ဖြစ်သည်။
ပန်းချီကားနှစ်ကားထဲမှ တစ်ကားရမည်ဆ်ိုပါလျှင် မည်သည့်ပန်းချီကားကို ရွေးချယ်ပါမည်နည်း။
"မျက်သွယ်" သီချင်းနားထောင်ပြီး Girl with Pearl Earring ပန်းချီကားကို ခံစားပါမည်လော။
ပေါင်မုန့်နှင့် နွားနို့ပူပူလေးသောက်ကာ The Milkmaid ပန်းချီကားကို ခံစားပါမည်လော။
ကျနော်ကတော့ ဖြစ်နိုင်လျှင် ပန်းချီကား နှစ်ကားစလုံးကို နံရံတွင် သေသေချာချာ ကျကျနနကြီး ချီတ်ဆွဲထားချင်မိပါသည်။ ထိုပန်းချီကားနှစ်ချပ်အကြောင်း တချိန်ချိန်တွင် အကျယ်ရေးဖြစ်ဦးမည်ဟု မျှော်လင့်မိပါသည်။
ကျနော်က စာရေးနေရသည်ကို ပျော်နေသူတစ်ယောက်သာ ဖြစ်ပါသည်။
ကျော်မောင်(တိုင်းတာရေး)
၁၂-နိုဝင်ဘာ-၂၀၂၁
(စာကြွင်း - ပူးတွဲပါ ပုံနှစ်ပုံမှာ အင်တာနက်ထဲမှ ရှာထားသောပုံများသာ ဖြစ်ပါသည်။)
Nov 13, 2021
✍️ ✍️ စာရေးရတာ ✍️ ✍️
ရှည်ကြာစွာ စွဲမြဲနေတဲ့ အယူအဆ(ဟောင်း)တွေ အတွေးအခေါ်(ဟောင်း)တွေဟာ လွယ်လွယ်ကူကူနဲ့ ဖျောက်ဖျက်ပစ်နိုင်ဖို့ ခဲယဉ်းကောင်း ခဲယဉ်းနေလိမ့်မယ်။ တုံးတုံးတိတိကြီး လုပ်ဖြစ်နိုင်ဖို့ဆိုတာ ရိုးရိုးလူတွေ လုပ်နိုင်တဲ့ ကိစ္စဟုတ်ဟန် မတူ။ဒါဆို ရိုးရိုးလူနဲ့ ဆန်းဆန်းလူ ဘာကွာနေသတဲ့လဲ။
ဥပမာအားဖြင့် နတ်ကိုးကွယ်မှုလို ဘိုးတော်ကိုးကွယ်မှုလို ဗေဒင် လက္ခဏာ နက္ခတ် အစီအရင် စတာတွေလိုကနေ နိမိတ်ကောက်တာတွေဟာ လက်ခံကျင့်သုံးနေသူပေါ် မူတည်ပြီး တည်တံ့နေတယ်။
မတတ်ကောင်းတဲ့ အရာ ဘာမှ မရှိ။
နေရာမှန်မှာ အသုံးချတတ်ဖို့ လိုပါလိမ့်မယ်။
ခက်ခဲနက်နဲတဲ့ ရှေးဟောင်းသီချင်းကြီးတပုဒ်ကို ရှေးဟောင်းသီချင်းကို လက်ခံတဲ့ အသိုင်းအဝန်းမှာ ပိုင်နိုင်စွာ ဆိုပြနိုင်ရင် ချီးကျူးခံရနိုင်ပေမယ့် လမ်းမပေါ်ဖြစ်ဖြစ် ကားဂိတ် ဘူတာ သင်္ဘောဆိပ်လိုနေရာမျိုးမှာ ဖြစ်ဖြစ် ဆိုပြနေရင် အကျိုးမဲ့ပဲ ဖြစ်ပါလိမ့်မယ်။
ဘားဆိုင်မှာ တယောက်တည်း သောက်နေတဲ့ ဇာတ်လိုက်ရဲ့ စားပွဲရှေ့ လူတယောက်ရောက်လာပြီး လွတ်တဲ့ထိုင်ခုံမှာ ထိုင်ခွင့်တောင်းပါတယ်။ ရောက်လာတဲ့သူက သူ့ကိုယ်သူ မိတ်ဆက်ရင်း သူဟာ ဒီမြို့မှာ တာဝန်ယူရမယ့် အလုပ်လေးတခုရှိလို့ လာတာပါလို့ပြောတယ်။ အဲဒီမြို့မှာက မနက်ဖန် မနက်ဆိုရင် ရာဇဝတ်ကောင် လေးယောက်ကို ကြိုးပေးဖို့ ရှိတယ်။ ဒီလူက ကြိုးပေးသမား ပါးကွပ်သား ဖြစ်တယ်။ သူက စားပွဲကနေ ထတော့ ဇာတ်လိုက်ကို နှုတ်ဆက်တယ်။
"I hope to see you again, Sir.
Of course not professionally” တဲ့။
ညမအိပ်ခင် စာရိုက်တယ်။ အရေးကြီးတာ အရင်လုပ်ဆိုတဲ့အတွက် အရေးကြီးတာတွေ ချရေးရင်း အရေးမပါတဲ့ အကြောင်းအရင်းတွေကို အခန်းထောင့်မှာ လုံးထွေးပြီး ပုံထားလိုက်တယ်။ ပြီးတဲ့အခါ စာရွက်လွတ်တရွက်ပေါ်မှာ ချရေးလိုက်တယ်။
"အရေးမပါသော အကြောင်းအရင်းများအား ဖယ်ထုတ်လိုက်နိုင်ခြင်း (မှတ်ချက် - လုပ်ဆောင်ပြီး)"
သက်ပြင်းရှည်ကြီးတခု အသံထွက်အောင် အောက်ကိုဆွဲချလိုက်ပါလေရော။ ဘေးအိမ်က ရုပ်ရှင်ကြည့်နေကြတဲ့အတွက် ရုပ်ရှင်ထဲက အသံပေါင်းစုံဟာ ပိတ်ထားတဲ့ ပြတင်းပေါက်မှန်ကို ဖြတ်ပြီး တချက်တချက်မှာ ကြမ်းကြမ်းတမ်းတမ်း ပြေးဆောင့်နေတယ်။
နင်တို့ ပိတ်မှ ငါလည်း အိပ်တော့မယ်လို့ အောက်ထပ်က အဘိုးအိုက ဒေါသတကြီး အော်ဟစ်နေတာ သုံးခါမက။
ဒီလိုနဲ့ တရက်ကုန်ခဲ့ပြန်တယ်။
စာရေးရတာ ပျော်တယ်။
I hope to see you again, Sir.
Of course not professionally ဆိုတာပဲ ပြန်ပြန်ရွတ်မိနေတော့တယ်။
ကျော်မောင်(တိုင်းတာရေး)
၁၁-၁၁-၂၀၂၁
(ပုံကတော့ ဖြည့်စွက်အနေနဲ့ ထည့်လိုက်တာပါ၊ ပလာတာဆိုတာ အပူပေးလိုက်ရင် ပွလာတဲ့ဝါးစရာပဲ၊ မတူးဖို့တော့ ကျွမ်းကျင်ရမှာပေါ့၊ လေးငါးခုလောက် မလှမပဖြစ်ပြီးရင် ပလာတာအပူပေးရာမှာ ပရို ဖြစ်နိုင်တဲ့အခွင့်အရေးရရှိနိုင်ပါတယ်)
လေ့ကျင့်ပါ
လေ့ကျင့်တာနဲ့ ပတ်သက်လို့ စနစ်တခုထားပြီး ဆောင်ရွက်ရင် အတိုင်းအတာတခုအထိ ထိရောက်မှုရှိတာတွေ့ရတယ်။
ဂိုးပေါက်ထဲ ဘောလုံးရွှတ်ကစားကြတာကို အပျော်ဆော့ကြပေမယ့် ကလေးတယောက်ကတော့ ကစားပွဲပြီးတာတောင် အိမ်မပြန်သေးဘဲ ညမှောင်တဲ့အထိ တယောက်ထဲ လေ့ကျင့်တယ်။
နောက်နေ့တွေမှာလည်း ညမှောင်တဲ့အထိ ထပ်လေ့ကျင့်တယ်။
ရက်အနည်းငယ်အတွင်းမှာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ဟာ တက်လာတာ တွေ့ရတယ်။
အရုပ်ထောင်ပစ်တဲ့ ကစားနည်းမှာ တော်တော်များများဟာ ကစားပွဲမှာပဲ ကိုယ့်မှာရှိတဲ့အရုပ်နဲ့ရင်းပြီး အတွေ့အကြုံယူကြပါတယ်။ ကလေးတယောက်ကတော့ သူ့ဖာသာသူ သူ့အရုပ်လေးတွေထောင်ပြီး လေ့ကျင့်ပါတယ်။ တပတ်လောက် စိတ်တိုင်းကျ လေ့ကျင့်ပြီးတဲ့အခါမှ ကစားပွဲကို ဝင်ကစားပါတယ်။ သူ အမြဲနိုင်လေ့ရှိပါတယ်။
သံပရာရည်ဖျော်သောက်လေ့ရှိတဲ့ ဦးလေးတယောက်ဟာ သံပရာရည်မဖျော်ခင်မှာ သံပရာသီးနှစ်လုံးကို လက်တဖက်တည်းနဲ့ တလှည့်စီ မြှောက်လိုက် ဖမ်းလိုက် ကစားပြလေ့ရှိတယ်။ သူ့တူတယောက်က ဒါကိုသဘောကျပြီး လိုက်လေ့ကျင့်တယ်။ အစပိုင်းမှာ ခက်ခဲတယ်။ နောက်ပိုင်းမှာ ကျွမ်းကျင်သွားပြီး နှစ်လုံးမြှောက်ကစားရတာကို ငြီးငွေ့လာတဲ့အခါ သုံးလုံးမြှောက်ကစားဖို့ ကြိုးစားတယ်။ နှစ်လုံးတုန်းက တွေ့ကြုံခဲ့တဲ့အခက်အခဲကာလလိုမျိုးကိုလွန်မြောက်ပြီး သုံးလုံးကစားတာကို အတော်ကစားနိုင်လာခဲ့တယ်။
အလေ့အကျင့်ပါပဲ။
တခါတရံမှာ နေ့တိုင်းလေ့ကျင့်နေပေမယ့် မတိုးတက်သလို ဖြစ်လာရင် စနစ်မှာ ပညာပံ့ပိုးလိုက်ဖို့လိုပါတယ်။ ရိုးရာခြင်း အတော့ လေ့ကျင့်သလို တချို့နေရာတွေမှာ လိုက်နာရမယ့် ပညာ(အထာ) လိုပါတယ်။
လေ့ကျင့်ပါ။
ပုံမှန်လေ့ကျင့်ပါ။
အခက်အခဲဖြစ်လာရင် ရအောင် ကျော်လွှားပါ။
ကစားရတာ ငြီးငွေ့လာတဲ့အခါ တဆင့်ခက်တဲ့ကစားနည်းကို ဆက်လေ့ကျင့်ပါ။
ကျော်မောင်(တိုင်းတာရေး)
၉-နိုဝင်ဘာ-၂၀၂၁
ပုံကတော့ ကန်တမာ့ (kentama) ခေါ်တဲ့ ကစားနည်းက ကစားစရာပုံပါ။
Subscribe to:
Posts (Atom)