Aug 27, 2021

ရှစ်တန်းဖြေထားသူတယောက် တက်ခဲ့ရတဲ့ သင်တန်း

ပြောရရင် ရှစ်တန်းစာမေးပွဲ ဖြေအပြီး တက်ခဲ့တဲ့ အလယ်တန်းကျောင်းမှာပဲ အဆင့်မြင့်ဗုဒ္ဓဘာသာသင်တန်းဆိုတာကို တက်ဖြစ်ခဲ့တာဟာ အကျိုးများပါတယ်။ 

အတန်းဖော်ထဲက စာတော်တဲ့သူငယ်ချင်းမ တယောက်ပါတာကို မှတ်မိတယ်။ ကျောင်းမှာရှိတဲ့ ဆရာမတွေ အတော်များများလည်း လာတက်ကြတယ်။ ပိုပြီး မှတ်မိတာ ရှိတယ်။ သတ္တမတန်းရော အဌမတန်းမှာပါ ပထဝီဘာသာသင်ခဲ့တဲ့ ဆရာမဒေါ်တင်မြင့်လည်း သင်တန်းတက်ပါတယ်။ ဆရာမနဲ့ အမေနဲ့က ဈေးမှာ  ဈေးဝယ်ရင်း ခေါ်ပြောနှုတ်ဆက်ကြတဲ့သူတွေပါ။ တခါ အမေနဲ​့ဈေးလိုက်သွားရင်း ဆရာမကိုတွေ့လို့ ဒါသားတို့အတန်းပိုင်ဆရာမလို့ မိတ်ဆက်ပေးခဲ့တယ်။ သတ္တမတန်းမှာ ဆရာမက အတန်းပိုင်ဖြစ်ပါတယ်။

အဲဒီ နွေရာသီကျောင်းပိတ်ရက်မှာ တက်ခဲ့ရလိုက်တဲ့ ဘာသာရေးသင်တန်းဟာ အဘိဓမ္မာလေ့လာခြင်းရဲ့ အစလို့ မသိခဲ့ပါ။ ဆရာကြီးကလည်း ဒါတွေဟာ အဘိဓမ္မာတွေပါလို့ မပြောခဲ့ပါ။ အဘိဓမ္မာကို ရှစ်တန်းဖြေထားတဲ့အရွယ်နားလည်အောင် မိတ်ဆက်ပေးခဲ့ပါတယ်။ မဂ္ဂင်ရှစ်ပါးကို နာမည်တွေ သိခဲ့ရတယ်။  

ဆရာကြီးနာမည်က ဂုဏ်တော်ဆောင်ဆရာကြီးဦးလှရွှေ။ 

သိသလောက်ကတော့ အုတ်ကျင်းမဟာဆွေလမ်းပေါ်က အိမ်တအိမ်မှာ နေတယ်။ သစ်လုပ်ငန်းလုပ်ပုံရတယ်။ ကျောင်းကို ကားနဲ့လာပါတယ်။ ပိန်ပိန်ပါးပါး ဘကြီးတယောက်မောင်းပါတယ်။ မြေးဖြစ်မယ်ထင်တဲ့ လူငယ်တယောက်လည်း အမြဲပါပါတယ်။ ဆရာကြီးက အသက်ခြောက်ဆယ်ကျော် ၇၀ နီးပါးရှိပေမယ့် အပြောအဟောကောင်းပါတယ်။ ကတုံးဆံပင်နဲ့ပါ။

ဆရာကြီး စစချင်းမှာ အဓိကသင်ပေးတာက နမောတဿ ဂါထာရဲ့ ဖွင့်ဆိုချက်ပါ။ နမောတဿဂါထာဖြစ်ပေါ်လာပုံကို ပြောပြပါတယ်။ သက္ကပဉှသုတ်ဆိုတာ အဲဒီမှာ ကြားဖူးခဲ့တယ်။ အခုမှ လေ့လာဖို့ ရှိပါတယ်။ 

နမောတဿ အဖွင့်အနက်ပြန်ကို ပြန်ကျက်ရင် အလွတ်ပြန်ရလောက်ပါတယ်။ ဩကာသ ဘုရားရှိခိုးမှာပါတဲ့ တခုချင်းစီကို အနက်ပြန်ပါတယ်။ ရှင်းပြပါတယ်။ 

မနေ့ညက တယောက်က မေးတာမှာ အဟံဘန္တေရဲ့ အနက်က ဘာတဲ့လဲ ဆိုတာကြားပြီး 

"ဘန္တေ - အရှင်ဘုရား၊ အဟံ - တပည့်တော်သည် ၊ တိသရဏေန - သရဏဂုံသုံးပါးနှင့် ၊ သဟ - တကွ၊ ပဉ္စသီလံ ဓမ္မံယာစာမိ- ငါးပါးသောသီလတရားတော်မြတ်ကို ရိုသေစွာ တောင်းပါ​၏၊ " 

ဆိုပြီး နှုတ်ကနေ မဆိုင်းမတွ ရွတ်ပြမိခဲ့တာဟာ အဲဒီသင်တန်းတက်ခဲ့ရတဲ့ အကျိုးကျေးဇူးပါပဲ။ 

(တခါမှာတော့ တရားစကားပြောဖန်များလို့ထင့် လူငယ် အင်ဂျင်နီယာတယောက်က ဒီလိုလေး ပြောပါတယ်။ 

ကျနော်တော့ဗျာ ဩကာသတောင် ဆိုနေပေမယ့် အဓိပ္ပါယ်သေသေချာချာမသိပါဘူးလို့ ပြောပါတယ်။ 

အဲဒါနဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ ဩကာသရှင်းတမ်းဆိုတဲ့ စာအုပ်ကိုဖတ်ဖို့ ညွှန်းပေးလိုက်ပါတယ်။ )

အထူးသဖြင့် ဘုရားဂုဏ်တော်ကိုးပါး တရားဂုဏ်တော် ခြောက်ပါး သံဃာဂုဏ်တော် ကိုးပါး ကို သေချာသင်ပေးပါတယ်။ သီလပိုင်းမှာ ပါတဲ့ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလတွေကို ရှင်းပြတယ်။ 

အဲဒီမှာ ကိုးပါးသီလထဲက ကိုးပါးမြောက်သီလဖြစ်တဲ့ မေတ္တာ သဟဂတေန ဆိုတဲ့ သီလရဲ့ အကျိုးကိုလည်း ရှင်းပြခဲ့တယ်၊ ဆောက်တည်ရာ ခက်တာကလည်း အဲဒီသီလပဲဆိုတာ ပြောပါတယ်။ 

၃၁ ဘုံကို ပြောပြပါတယ်။ သင်တန်းတုန်းက မှတ်စုစာအုပ်ကို စာရိုက်မယ်လို့ ဆိုတာ အခုထိ မလုပ်ဖြစ်သေးပါ။

အဲဒီတုန်းက အသံသွင်းထားရကောင်းမှန်း မသိခဲ့ပါ။ 

ဒီစာဖတ်ရသူထဲက ဆရာကြီး ဂုဏ်တော်ဆောင်ဦးလှရွှေရဲ့ အကြောင်းလေးများသိသူရှိရင် မျှဝေစေလိုပါတယ်။ 

ကျေးဇူးပါ။ 🙏🙏🙏 

ဘောစကားများ

Basketball : “အမြင့်မှာထားတဲ့ခြင်းကြားပေါက်ထဲ ငါက အနာခံပြီး ဝင်ပေးရတဲ့ဘော။ အနာခံရတာက မသက်သာလှဘူး။ ကြမ်းပြင်နဲ့ချည်း ဆောင့်ကိုင်ပေါက်ခံနေရတာ လွယ်တယ်မှတ်လား။ basketball လို့ မခေါ်ဘဲ floor-hitting-ball လို့ နာမည်ပြောင်းရမယ်။ တခုပဲ၊ အရှည်တွေပဲ ငါ့ကို ကိုင်ကစားခွင့်ပေးထားသလိုဖြစ်နေတာ တယ်မကြိုက်လှဘူး။"

Volleyball : "ဒီဖက်ကလည်း သူ့ဖက်ကျမှာစိုးလို့ ဒိုင်ဗင်ထိုးပြီး ဆယ်လိုဆယ်၊ ဟိုဖက်ကလည်း တဖက်အသင်းပေါ်ကျအောင် တဗြောင်းဗြောင်း တဘုတ်ဘုတ်ရိုက်နဲ့ လက်ဝါးတွေ လက်သီးတွေရဲ့ ပုတ်ထုတ်ခြင်းကို ခံရတာ ငါပါကွာ။ သဲသောင်ပြင်ပွဲတွေမှာတော့ သဲအရသာလေး ခဏတဖြုတ်ရတာပေါ့။ ငါနဲ့ပတ်သက်ပြီး စကားတခုတောင် ရှိသေး၊ တယောက်နဲ့တယောက် ဘောလီဘောပုတ်နေတာ ဆိုတာလေ။"

Football : “ငါက ခြေထောက်နဲ့ ကန်ခံရတယ်ဆိုပေမယ့် လူကြည့်အများဆုံး ဘောပါကွ။ လူတိုင်းနီးပါးလည်း ကစားလို့ရတယ်။ ဂိုးသမားနှစ်ယောက်ကတော့ ငါ့ကို သူတို့ချစ်သူတွေလို မကြာခဏ ပွေ့ဖက်ထားကြပါတယ်။ သူတို့မုန်းတဲ့လူတွေလိုပဲ ခြေထောက်နဲ့ အဝေးဆုံးရောက်အောင်ကန်တာလည်း အဲဒီဂိုးသမားတွေပဲ။ သူတို့လက်အိတ်တွေကို ပြတိုက်တွေမှာထားကြတယ်တဲ့။ ငါတို့ဘောတွေကိုလည်း ပြတိုက်တွေမှာ အမှတ်တရပြထား မထား ငါမသိ။"

ဒါတွေကတော့ ဘောသုံးဘောရဲ့ ပြောစကားများပါပဲ ခင်ဗျာ။ 

ဟုတ်ကဲ့ ဘောအကြောင်းများကို ထပ်မံရေးသားသွားဖို့ ရှိပါတယ်။ 

၂၆-ဩဂုတ်-၂၀၂၁

⚽️ ဘောအကြောင်း မိတ်ဆက် ⚽️

ဘော ဆိုသည့်အခါ B for Ball ဟူ၍ အသံကျယ်ကျယ်ဆိုခဲ့တာ သတိရမိသည်။ သည်က စ၍ ဘောကို သိခဲ့သည်ဆိုပါက မှားပေလိမ့်မည်။ B for Ball ဟု မဆိုခင်ကပင် ဘောလေးကန်လိုက်ပါဦးကွ အဲဒီဘောလေး လှိမ့်လိုက်စမ်းပါဦးကွ ဆိုပြီး လမ်းလျှောက်တတ်လာစ ကလေးငယ်ကို ဘောနဲ့ ကစားစေကြသည်။ အထူးသဖြင့် သားယောကျ်ားလေးများကို ဘောနဲ့ကစားခိုင်းကြသည်။ သမီးလေးရေ အဲဒီက ဘောလေး ကန်လိုက်စမ်းပါဟု မပြော၊ အဲဒီက ဘောလေးပုတ်ထုတ်လိုက်စမ်းပါဟု ပြောကြသည်။ ထို့ကြောင့် ဖြစ်မည်၊ ယောကျ်ားလေးများက ဘောတွေ့တာနဲ့ ခြေထောက်သုံးပြီး ကန်မည်ဆိုသည်က များပြီး မိန်းကလေးများကမူ ဘောတွေ့တာနဲ့  ပုတ်ထုတ်ကြသူက များလေသည်။ 

ဘောနဲ့ပတ်သက်သော ကစားနည်းများတွင် Ball Badminton ဆိုတာ သွားတွေ့ရသည်။ တဖက်တွင် ကစားသမားငါးဦးစီ ကစားကြသည့် ကစားနည်းဖြစ်သည်။ သေချာမလေ့လာအားသေးသောကြောင့် ball badminton အကြောင်း ခဏထားခွင့်ပြုပါ။ 

လုံးသောဘောဖြစ်သော ဘောလုံးကစားနည်းနှင့်ပတ်သက်ပြီး အဖေက မေးဖူးသည်မှာ ဘောလုံးကစားတာမှာ အခု ရှိတဲ့ဂိုးပေါက်တွေကို နည်းနည်းလောက်ချဲ့လိုက်ရင် ဘယ်လိုဖြစ်သွားမလဲဟု ဖြစ်သည်။ 

ကောင်းတယ် အဖေ၊ ခြင်းပေါက်ကြီးထဲ ဘောတွေပစ်ပစ်ထည့်ကစားတဲ့ ဟိုကစားနည်းလို တဒိုင်းဒိုင်းနဲ့ သွင်းလိုက်ကြမယ့်ဂိုးတွေဟု အားပါးတရဖြေတော့၊ မဟုတ်ဘူးကွ မင်း အခုလေ့လာကြည့်လေ၊ အသင်းနှစ်သင်းညီနေရင် ဂိုးရဖို့ ခက်တယ်၊ ပြိုင်ပွဲကြီးတွေမှာဆို ဂိုးပေါက်ပိတ်ပြီး ကစားနေကြတာ၊ ပွဲကြည့်သူက ဂိုး ဂိုး ဆိုင်္ပြီး အော်ဟစ်အားပေးရတာ ကြိုက်တယ်ကွ။ တဖက်နဲ့တဖက် အပြန်အလှန်သွင်းနိုင်အောင် ဂိုးပေါက်နည်းနည်းချဲ့ရမယ်ဟု ပြောပါသည်။ 

သူက သင်္ချာအတွက်အချက်သမားဖြစ်သောကြောင့် သေချာတွက်ချက်လေ့လာပြီး ပြောပုံရသည်။ ဘယ်လောက်လောက် ချဲ့ရင် ရမလဲဆိုတာ ဆက်မဆွေးနွေးမိ။ ဒါကို ဖီဖာသို့ မတင်ပြမီ ဂိုးပေါက်ချဲ့ရေးအတွက် နီးစပ်ရာ အမာခံဘောပရိသတ်များထံမှ သဘောထားတောင်းခံဖို့ ရှိသည်။ သူတို့ကတော့ ဟကောင်ရာ တိုက်စစ်မှူးတွေ ဒီလောက် ဂိုးသွင်းနိုင်နေတာ မသိရော့လေသလား၊ ငါတို့က ဂိုးပေါက်တောင်ကျဉ်းစေချင်ကြတာဟု ဆိုချင်ဆိုပါလိမ့်မည်။ 

မှတ်မှတ်ရရ ကြည့်ခဲ့ဖူးသော ဘောပွဲနှစ်ပွဲရှိပါသည်။ သားတို့လိုက်ခဲ့ကွာဟု အဖေကခေါ်သောကြောင့် ညီအစ်ကိုနှစ်ယောက် သုဝဏ္ဏကွင်းသို့ ပထမဆုံးအကြိမ်ရောက်ဖူးခဲ့သည်။ နောက်ပိုင်းလည်း မရောက်ဖူးပါ။ ကြည့်မယ့်ကြည့်တော့လည်း အပေါ်အဆင့်မြင့်မြင့်မှ ကြည့်ရသည်။ အောက်တွင် လူပြည့်နေသောကြောင့်မဟုတ်ပါ။ တက်ရင်းတက်ရင်း အပေါ်ဆုံးသို့ ရောက်သွားသည့်သဘောမျိုးဖြစ်သည်။ ဘောလုံးကိုတောင် ဘယ်မှာလဲဟု လိုက်ရှာနေရသည်။ ကစားသမားများကား လှုပ်နေသည်သာ မြင်ရသည်။ အားပေးသောဘက်မှအသင်း အကြီးအကျယ်ရှုံးပါသည်။ နိုင်ပါက သူတို့ကိုအားကျပြီး ဘောသမားဖြစ်ခဲ့ကောင်း ဖြစ်ခဲ့ပေမည်။ ရှုံးအောင်ကန်သည့်အတွက် ကျေးဇူးတင်ရမလိုဖြစ်နေသည်။ 

နောက်တပွဲက အောင်ဆန်းကွင်းမှာ ဖြစ်သည်။ ဦးလေးက တူကြီးလာ ဘောပွဲဝင်ကြည့်မယ်ဟု ပြောပြီးလက်မှတ်ဖြတ်ကာ ရှောင်တခင် ဝင်ကြည့်ဖြစ်သည့်ပွဲဖြစ်သည်။ 

သူက ဘောပွဲကြည့်ချင်လို့မဟုတ်၊ လူတယောက်ကို တွေ့လိုတွေ့ငြား ဘောပွဲတွင် လာရှာခြင်းဖြစ်သည်။ ဘောလုံးလောင်းကြသည့် ပွဲကြည့်စင်ရှိရာဖက်ကို သွားကြသည်။ ပွဲက စနေပြီ။ဘယ်အသင်းနဲ့ ဘယ်အသင်းကန်နေလဲဆိုတာ သိချင်သောကြောင့် ဦးလေးသွားရာနောက်လိုက်နေရင်း ကြည့်မိသညိ။ ဝန်ကြီးဌာန အမျိုးသမီးဘောလုဲးဗိုလ်လုပွဲ ဖြစ်လေသည်။ 

လောင်းကြေးများ သူလောင်း ကိုယ်လောင်းဖြင့် မကြားဖူးသည့် အသုံးအနှုန်းများကို ကြားရသည်။ မှတ်မိသည်မှာ ထိုပွဲတွင် အနိုင်ရသွားသည့် အသင်းမှ ဂိုးမကြာခဏသွင်းသည့် တိုက်စစ်မှူး(မ)သည် လောင်းကြေးရှုံးသည့်ဘက်မှ မကျေမနပ်အော်ဟစ်ခြင်းကိုခံရသည်။ ဦးလေးလည်း သူရှာနေသောလူကိုတွေ့ပြီး အနားခေါ်ကာ ဆူညံနေသောပတ်ဝန်းကျင်တွင် ဆုံးမစကားပြောနေသည်။ အားရအောင် ပြောပြီးသောအခါ လာ တူကြီး ငါတို့ ပြန်မယ်ဟု ထပြန်ကြသည်။ ပွဲက မပြီးသေး။ 

နောက်တနေ့သတင်းစာတွင် အားကစားသတင်းကို ပြပြီး ဒါ သားတို့သွားကြည့်ခဲ့တဲ့ပွဲဟု အိမ်ကလူတွေကို ကြွားခွင့်ရသည်။ 

ဒီညတော့ ဘောအကြောင်း မိတ်ဆက် ဖတ်ပြီး အိပ်စက်ကြဖို့ တောင်းပန်ပါရစေ။ အိပ်မက်ထဲ ဘောတဒိုင်းဒိုင်းကန်နေကြပါလျှင် ရေးရသော လက်ချောင်းလေးများ ပင်ပန်းရတာ တန်ပါလိမ့်မည်။ 


၂၃-ဩဂုတ်-၂၀၂၁

⚽️ 🏀 🏈 🎾 ဘော နိဒါန်း

ဘောအကြောင်း မိတ်ဆက်ကို ဖတ်ပြီးကြပြီလို့ ယုံကြည်ပါတယ်။ မဖတ်ရသေးရင်လည်း ရှာဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဘဝဆိုတာ ဘောနဲ့ တယ်ကင်းတယ် မရှိလှတာကြောင့်ပါပဲ။ ဘဝကို စာလုံးပေါင်းတဲ့အခါ ဘကုန်းပါသလို ဘောဆိုတာကလည်း ဘကုန်းနဲ့ ဘောတာဖြစ်လို့ပါပဲ။ ဒါဟာ ဘဝသည် ဘောနဲ့မကင်းဆိုတာကို သက်သေပြချက်တခုလို့ မှတ်နိုင်ပါတယ်။ 


မိတ်ဆွေစာဖတ်သူရဲ့ ဘဝကို ပြန်တွေးကြည့်စမ်းပါ။ ဘောဆိုတာနဲ့ ကင်းခဲ့ဖူးတာများ ရှိသလားဆိုတာ။ လူငယ်နှစ်ယောက်က ဘောလုံးတလုံး (ဟိုတုန်းက အခေါ်က ခြင်းကြား)ကို အပြန်အလှန်ဟိုဖက်ဒီဖက်ကန်နေတဲ့ကြားထဲ ကလေးတယောက်က ဖြတ်ပြေးမိတယ်။ ဘောမှန်ပြီး လဲကျတယ်။ ဒါဆို အဲဒီကလေးနဲ့ ဘော ပတ်သက်မှုက ဘောမှန်ရလောက်တဲ့အထိ ဖြစ်သွားပြီ။ ဘောမှန်ဖူးသူ လက်ညှိုးထောင်ဆို ဒီကလေး အရင်ထောင်လိမ့်မယ်။ 


ဘောလုံး ဘောလီဘော ဘတ်စကက်ဘော တင်းနစ်ဘော ဆိုတာတွေက ဘောတွေပါပဲ။ golf ball ဆိုတဲ့ ဂေါက်သီးဟာလည်း ဘောအမျိုးအစားတခုပါပဲတဲ့။ ဒါဆို ပင်ပေါင်လည်း ထည့်လို့ရမလားဆိုတော့ ဟာ ရတာပေါ့၊ ခေါ်တဲ့ အခေါ်အဝေါ်ကိုက Table Tennis ball ဆိုပဲ။ Ping Pong (ပင်ပေါင်) ဆိုပြီး ဘာကြောင့်ဆိုလဲဆို ရိုက်တဲ့အခါ ပင်ပေါင်လို့ မြည်တာကို အစွဲပြုတယ်လို့ ဆိုတယ်။ အသံတွေ ကြားတာကတော့ အောက်အီးအီးအွတ် နဲ့ cock-a-doodle-do လိုမျိုးဖြစ်မှာပါပဲ။ 


ဂေါက်သီးအကြောင်းဆိုလို့ နယ်မြို့လေးရဲ့ တခုတည်းသော ဘောလုံးကွင်းထဲ ဂေါက်လာရိုက်တဲ့ လူကြီးတယောက် တွေ့ခဲ့ဖူးတယ်။ ဘောလုံးကွင်းထဲ ဘောလုံးမကန်ဘဲ ဘယ့်နှယ် ဂေါက်လာရိုက်ရပါလဲပေါ့။ ဂေါက်ရိုက်အိတ်ထမ်းတဲ့ သူ့တပည့်လည်း ပင်ပန်းနေပုံရတယ်။ အဲဒီတော့မှ ဘောကွင်းထဲမှာ ဂေါက်သီးတလုံးစ နှစ်လုံးစ တွေံပြီး ကောက်ခဲ့ဖူးရင်း ဘောကွင်းထဲ ဘယ်ကဘယ်လို ဂေါက်သီးက ရောက်လာရသလဲဆိုတာ အဖြေမရခဲ့တာဟာ ရှင်းသွားတယ်။ 


ဒီလိုပဲ တင်းနစ်ဘောလုံးလေးတွေ ရတုန်းကလည်း သိမ်းထားမိခဲ့တာပါပဲ။ 


နဝမတန်းတုန်းက ဘေးနားကပ်ထိုင်ရတဲ့ ဘော်ဒါက အမျိုးသားဘောလီဘောအသင်းနဲ့ အတော်ရင်းနှီးပုံရတယ်။ နေ့တိုင်းနီးပါး ကစားသမားတွေအကြောင်း ပြောတယ်။ သူကိုယ်တိုင်လည်း ကစားတယ်။ အဲဒါနဲ့ အားကျပြီး ဘောလီဘောကစားရအောင် ဘောလီဘောတလုံးကို မုန့်ဖိုးထဲကနေ ငွေစုပြီးဝယ်တယ်။  အကျိုးဆက်ကတော့ ရပ်ကွက်ထဲက ဘောလုံးကွင်းငယ်ဟာ ဘောလီဘောကွင်းဖြစ်သွားတယ်။ ဦးလေးအလတ် ဝင်ကစားရင်း လက်ပြုတ်လို့ အရေးပေါ်မှာ ထုံဆေးနဲ့ ပြန်တင်ရတယ်။ နောက်ပိုင်း မကစားဖြစ်။ 


ဘောကန်မယ်ဆိုပြီး ဘောကန်ဖိနပ်ဝယ်တယ်။ ကွင်းထဲ မနက်တိုင်း တဘုတ်ဘုတ်နဲ့ နည်းပြမရှိဘဲ ထရိန်နင်ဆင်းတယ်။ ကြာတော့ အနီးအနားရပ်ကွက်အိမ်တွေက မနက်တိုင်းအိပ်မရ၊ ဒါနဲ့ပဲ ဘောသမားအိပ်မက်ဟာ လွယ်လွယ်နဲ့ ပျက်ခဲ့ရတယ်။ 


ဘောအကြောင်း ဆက်ရေးပါမယ်။ 

အားပေးနေရင် ဖတ်နေရင် ရေးရကျိုးနပ်ပါတယ်။ 

ရေးဖြစ်တာပေါ့။ 


၂၅-ဩဂုတ်-၂၀၂၁