Jan 30, 2016

သီချင်းတပုဒ်အား အမြစ်တူးမိခြင်း

ကြားဖူးနေတဲ့၊ သတိရရင်ဆိုဖြစ်တဲ့၊ ဂီတာနဲ့တီးချင်လို့မရရအောင်စာသားရှာပြီးတီးဖြစ်တဲ့ အဲဒီသီချင်း။ မိခင်ဘာသာနဲ့ ဆိုထားတာကိုလည်း သဘောကျတယ်။ ကျနော်တို့ဆီက အဆိုတော်က ကဗျာလည်းရေးတဲ့သူပါ။ 
တရက်မှာ သီချင်းကို အီတာလျံလိုလို ဂျာမန်လိုလို အသံထွက်နဲ့ ဆိုနေတာကြားပြီးကတည်းက မူရင်းကို အနောက််ဖက်ကပဲလို့ ထင်ခဲ့ပါတယ်။ စင်ကာပူက ကုန်တိုက်ကြီးတခုမှာ နေ့ခင်းဖက် နှစ်နာရီခွဲ သုံးနာရီလောက်ဆိုရင် အဲဒီသီချင်းကို ဖွင့်ပါတယ်။ မူရင်းဆိုတဲ့ ဘာသာနဲ့တော့ ဟုတ်ပုံမရဘူး။ အီတာလျံဖြစ်ဖို့များပါတယ်။ အဲဒါကြောင့် ရှာတဲ့အခါ လမ်းလွဲခဲ့တာပါပဲ။ကော်ပီမှန်းသိတယ်။ မူရင်းသီချင်းကို လိုက်ရှာတယ်။ 
ဟော အခု တွေ့ပါပြီ။ တွေ့တာမှ သီချင်းကိုသာမက သီချင်းရဲ့ လွှမ်းမိုးမှုအားကြီးတာကိုပါ တွေ့လိုက်တာပါ။ 
နိုင်ငံခြားဘာသာပေါင်း ၂၆ ဘာသာနဲ့ ပြန်ဆိုသီကျူးကြတဲ့သီချင်းပါ။

အဲဒါ ဘာဖြစ်လို့ပါလည်း။ ၁၉၇၇ မှာ အသံသွင်းပြီး ၁၉၇၈ မှာ ဖြန့်ဝေခဲ့ပါတယ်တဲ့။ လူကြီးတွေ လူလတ်တွေ လူငယ်တွေ အကြောင်း မဟုတ်ဘူးဗျ။ ကဲဗျာ အဲဒီလောက််ဆိုရင် ဘော်ဒါတို့လည်း သီချင်းကို ရှာတွေ့လောက်ပြီ ထင်ပါတယ်။ သဲလွန်စတွေကတော့ အပေါ်က စာသားတွေမှာ ပါပါတယ်။ 
ရှာခဲ့တာက တခြားအကြောင်းအရာတခုအတွက် ရှာတာပါ။

အဲဒီိလိုတမြန်နေ့က ရေးခဲ့တာမှာ ၁၉၇၈ မှာ ထုတ်တဲ့သီချင်း ၊ဘာသာ ၂၆ ဘာသာနဲ့ ပြန်ဆိုတီးမှုတ်ခဲ့တဲ့ သီချင်းအကြောင်းမိတ်ဆက်သဘောလောက်ပဲ ရေးခဲ့ပါတယ်။ ဖေ့ဘုတ်မှာပို့စ်တင်ပြီး မကြာခင်မှာ မိတ်ဆွေအကို တယောက်က Anak လို့ အဖြေမှန်ကို ပေးခဲ့ပါတယ်။ ဘာမဆိုသိနိုင်တဲ့ Google အကူအညီကြောင့်လို့ ဆိုပါတယ်။ သဲလွန်စအနေနဲ့ ကျနော်တို့ဆီက ပြန်ဆိုတဲ့ အဆိုတော်က ကဗျာဆရာလည်းဖြစ်ပါတယ် ဆိုတာ ရေးခဲ့ပါတယ်။ 

ကုန်တိုက်ကြီးတခုမှာ အချိန််ပိုင်း လုပ်နေတဲ့ ကာလအတွင်း အဲဒီသီချင်းကို သတိထားမိပါတယ်။ နေ့ခင်းပိုင်း ထမင်းစားပြီးချိန်ဆိုတာ အလွန်အိပ်ငိုက်လို့ကောင်းတဲ့အချိန်။ စျေးဝယ်သူလည်း ပါးပါတယ်။ အဲဒီနောက်ပို်င်း နှစ်နာရီခွဲ သုံးနာရီလောက်မှာဆိုရင် သီချင်းပြောင်းဖွင့်ပါတယ်။ တခြားအချိန်မှာတော့ မြူးမြူးကြွကြွလေးတွေဖြစ်ချင်ဖြစ်မယ် တီးလုံးလေးတွေပဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ခုနကပြောတဲ့ နှစ်ခွဲ သုံးနာရီလောက်မှာ အဲဒီသီချင်းကိုပဲ ပုံမှန်ဖွင့်တယ်။ အီတာလျံလိုဆိုထားတာလား၊ ဂျာမန်လိုဆိုထားတာလား မသိပါ။ ဖွင့်နေတဲ့အချိန်မှာ စျေးဝယ်ကျလာလေ့ရှိပါတယ်။ လာဘ်ခေါ်သီချင်းလားဆိုပြီး တွေးမိပါသေးတယ်။ ကြားမိတဲ့အခါ ဒီသီချင်းဟာ ဒို့ဆီက ကဗျာဆရာအဆိုတော် သီဆိုထားတဲ့ သီချင်းဆိုပြီး ရင်းနှီးနေတဲ့ သီချင်းဖြစ်နေပါတယ်။ ဗမာလိုဆိုတဲ့သီချင်းကိုလည်း အစအဆုံး အကုန်မရပါ။ သီချင်းနာမည်လည်း မသိပါ။ 

ဗမာအဆိုတော်သီချင်းကို ယူကျူမှာ လိုက်ရှာပါတယ်။ တပုဒ်ဖွင့်လိုက် နောက်တပုဒ်ဖွင့်လိုက်နဲ့ အချိန်သာကုန်ပြီး လိုချင်တဲ့သီချင်းကို မရပါ။ တရက်ညီဖြစ်သူနဲ့ အွန်လို််င်းပေါ်မှာ စကားပြောနေတုန်း သူ့ကို မေးကြည့်မိပါတယ်။ လူငယ်ကလည်း လူငယ်၊ ခေတ်ကလည်း ရှေ့ပဲပြေးတာကြိုက်တဲ့ ပုဂ္ဂိုလ်လေးဆိုတော့ သိမှာတော့မဟုတ်ဘူးလို့ မရဲတရဲ ထင်မိပေမယ့် မသေချာတဲ့ ရာခိုင်နှုန်းကို စမ်းကြည့်တာပေါ့ဆိုပြီး ညီရေ ဟိုအဆိုတော်ဆိုတာလေကွာ သူု့သီချင်းသံစဉ်ကဒီလိုကွနဲ့ ရထားတဲ့ စာသားကို ဆိုပြ ပါးစပ်ဆိုင်းတီးပြနဲ့ ခေတ်လူငယ်ကလည်း သူလည်း ကြားဖူးတယ် အဲဒီသီချင်း သေချာအောင် သူ့ရဲ့ ဂီတာနည်းပြဆရာကို မေးပေးပါမယ်ဆိုလာတာနဲ့ အားတက်၊ နောက်တရက်မှာ သီချင်းနာမည်ပြောပါတယ်။ "သီချင်းများနဲ့လူ"။ ခေါင်းစဉ်သိတာနဲ့ ယူကျူ့မှာ သီချင်းများနဲ့လူလို့ ရိုက်ပြီး ရှာပါတယ်။ ကိုပလေးဘွိုင်သန်းနိုင်က အရင်ဆိုတာဖြစ်ပြီး ကိုထူးအိမ်သင်က နောက်မှ ပြန်ဆိုတာဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ 

ကျနော်သိတာက ကိုထူးအိမ်သင် သီဆိုတာကို ကြားဖူးတာပဲဖြစ်ပါတယ်။ အဲဒီသီချင်းမှာပဲ မူရင်းအဆိုတော်ဟာ Freddie Aguilar ဖြစ်ပြီး သီချင်းနာမည်က Anak ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ Anak ဆိုတဲ့ စကားလုံးကို ဂူးဂဲလ်လိုက်တဲ့အခါ Anak (song) ဆိုပြီး Wikipedia မှာဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီကပဲ Anak သီချင်းရဲ့ အောင်မြင်မှုကို သိခွင့်ရခဲ့ပါတယ်။ 

ကျော်မောင်(တိုင်းတာရေး)
၃၀-၁-၂၀၁၆

Jan 27, 2016

ခေတ်မီ နည်းပညာရပ်တွေ သုံးမရတော့တဲ့အခါ

ရှစ်ထပ်မှာ နေတဲ့ ကောင် ဓါတ်လှေကားပျက်တာ အခုမှ ကြုံဖူးတဲ့အခါ ရိုးရိုးလှေကားအတိုင်း အပြေးတပိုင်း ဆင်းခဲ့ပါတယ်။ သုံးထပ်မှာ ပေါက်ဖော်တယောက် ဓါတ်လှေကားခလုတ် နှိပ်နေတာမြင်လို့ ဟေ့လူ အဲဒါပျက်နေတာလို့ အော်ပြောပြီး ဆက်ဆင်းတယ်။ ဟိုလူလည်း စပွိုင်းလား ဆိုကာ နောက်က လိုက်ဆင်းတယ်။ ဓါတ်လှေကားက နံပါတ်ပြတဲ့နေရာမှာ 10 out of order လို့ရေးထားတာ။ 

မှတ်တိုင်ရောက်တော့ နံပါတ် ၈၀၀ ဘတ်စ်ကားက ဆိုက်နေပြီ။ ကားမှတ်တိုင်မှာ တန်းစီစနစ်မသုံးတဲ့အခါ ဦးရာလူ တက်ပဲ။ တုတ်ကောက်ကိုင်ထားတဲ့ အဘိုးကြီးတယောက် မြည်တွန်တောက်တီးပြီး ကားပေါ်တက်သွားတယ်။ သူ့နာမည်က ဦးရာလူဖြစ်မယ်။ကားနောက်ဖက် တိုးကြလို့ ပြောတာထင်ပါတယ်။

ကားသမားက ရှေ့တံခါးမပိတ်ခင် ကားပေါ်တက်ဖို့ပြင်နေသူတွေကို လှမ်းပြောတယ်။ နောက်ကားလာပြီ အဲဒါ စောင့်စီးကြတဲ့။ ဟိုကားက မီးပွိုင့်မိနေတယ်။ 

ရထားစောင့်တဲ့ဆီကိုသွားဖို့ လမ်းမှာ စက်လှေကား လေးစင်း စီးရတယ်။ ပေါက်ဖော်ကြီးတွေနိုင်ငံမှာ စက်လှေကားသတင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့အပြီးမှာ ဒီကလူတွေလည်း စက်လှေကားဆိုတာကို သတိလက်လွတ် ဖုန်းလေးပွတ်ပြီး မစီးရဲကြတော့ဘူး။ 

ရထားစီးနေရင်း လမ်းမှာသာ ရထားပျက်နေရင် ဘာလုပ်ကြမလဲဆိုတာကို တွေးမိသွားသေးတယ်။ ကိုယ်စီးတာ မပျက်ရင်တောင် ရှေ့က ရထားပျက်ရင်လည်း နှောင့်နှေးတာပါပဲ။ 

ရထားဘူတာကထွက်ပြီး ကားစီးရပြန်တယ်။ နှစ်ထပ်ကားဖြစ်တယ်။ အပေါ်ထပ်တက်မယ့်လှေကားနံရံမှာ အပေါ်ထပ်ရှိ ကျန်သေးတဲ့ ခုံနေရာလွတ်အရေအတွက်ပြတဲ့ စက်က ပျက်နေတယ်။ ပါးတဲ့ကားစီးခရီးသည်တွေက ဘတ်စ်ကား မောင်းသူရဲ့ရှေ့ခေါင်းပေါ်မှာရှိတဲ့ CCTV ကို လှမ်းကြည့်ပြီးမှ အပေါ်ကိုတက်ကြတယ်။ CCTV က အပေါ်က ခရီးသည်တွေကို ရိုက်နေတာ။ ခုံလွတ်ရှိရင် လှမ်းမြင်ရတယ်။ ဟင် ခင်ဗျားက အခုမှသိတာလား။ ကျနော်လည်း သူများတွေ အဲဒီလိုကြည့်ကြတာမြင်လို့ သိသွားတာ။

ခေတ်မီနည်းပညာရပ်တွေ သုံးမရတဲ့အခါ ခေတ်ဟောင်းနည်းပညာရပ်တွေ ပြန်ခေတ်စားလာတယ်။ 

ဘာပဲပြောပြော ရေကူးတတ်အောင် လုပ်ရဦးမယ်။ လှေလှော်တတ်အောင်လည်း ကျင့်ဦးမှ။ 

ကျော်မောင်(တိုင်းတာရေး)

Jan 24, 2016

တွေးမိလေသော - ခြင်ချော်လဲ

စခဲ့တာက အဖွားရဲ့ အိမ်ဦးနတ်ဖြစ်တဲ့ အဘပါပဲ။ အဘက ဆံပင်တိုတိုထားတဲ့သူ။ ဒါပေမဲ့ ဆံပင်ကို အုန်းဆီအမြဲလိမ်းတယ်။ သူတို့ခေတ်မှာ အုန်းဆီအပြင် တခြားခေါင်းလိမ်းဆီတွေ ရှိပေမယ့် သူကတော့ အုန်းဆီမှ အုန်းဆီပါပဲ။ ငါးကျပ်သားလောက်ထည့်နိုင်တဲ့ ပုလင်းထဲက အုန်းဆီကို လက်ဝါးနှစ်ဖက်ထဲထည့်ပြီး အကျအန လိမ်းပါတယ်။ ပြီးတော့မှ အနီးအနားမှာရှိတဲ့ မြေးဖြစ်သူတွေကို ငါ့မြေးတွေ လာစမ်းဆိုပြီး အုန်းဆီလိမ်းပေးပါတယ်။ အဲဒီက စတာပါပဲ။ တခြားမြေးတွေတော့မသိ။ ကျော်မောင်ဆိုတဲ့ "စကားများ "က အဘလိုပဲ အုန်းဆီမှ အုန်းဆီဖြစ်သွားပါတယ်။ 

ဘာကြောင့် အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်သုံးရသလဲဆိုတာ တတ်သမျှဉာဏ်နဲ့ တွေးကြည့်မိပါတယ်။ ဦးခေါင်းဟာ လူရဲ့ကိုယ်မှာ အပေါ်ဆုံးအပိုင်းဖြစ်ပါတယ်။ ဆံပင်က အဲဒီဦးခေါင်းမှာရှိတာပါ။ အုန်းဆီကို အုန်းသီးကနေ ရပါတယ်။ အုန်းသီးဆိုတာ လူထက်မြင့်တဲ့ အုန်းပင်မှာ သီးပါတယ်။ အုန်းပင်ပုတွေ မပါပါ။ 

နောက်တခါ အုန်းဆီသည် သူ့အလိုလိုက ဘာမှ မရောစပ်ရပဲ မွှေးပြီးသား ဖြစ်ပါတယ်။ 

ကြုံခဲ့ရတာလေးက ဒီလိုပါ။ 

အလယ်တန်းကျောင်းသားဘဝ ကျောင်းပိတ်ရက်အတွင်း ကျောင်းမှာ ကြက်ခြေနီသင်တန်းတက်ပါတယ်။ ပတ်တီးစည်းနည်းအမျိုးမျိုးကို သင်ယူရပါတယ်။ တခြားဟာတွေလည်း ပါသပေါ့။ သင်တန်းမှာ နည်းပြဆရာမက ဘယ်လိုအခြေအနေမှာ ဘယ်စည်းနည်းဟာ ဆောင်ရွက်ဖို့ခက်ခဲကြောင်း ဉာဏ်သုံးရကြောင်း သင်ပါတယ်။ ဥပမာအားဖြင့် မျက်လုံးတဖက် ထိခိုက်သွားသူကို ပတ်တီးစည်းရမယ်ဆိုရင် ပုံမှန်ဆိုရင်တောင် ခက်ခဲကြောင်း တခါတလေမှာ လူနာက ခေါင်းလိမ်းဆီ လိမ်းထားရင် အတော်မလွယ်ကြောင်း ဟာသနှောကာ ပြောပြပါတယ်။ ရယ်စရာအဖြစ် သဘောထားကာ နေခဲ့ပါတယ်။ 

အဲ စာမေးပွဲ စာတွေ့အပြီး လက်တွေ့မှာ မေးမယ့် ဆရာမဆီကို နှစ်ယောက်တတွဲ ဝင်ရတယ်။ အဲဒီမှာ တွဲဖက်ကျတာက အငယ်တန်းက ချောင်ယွန်ဖတ်ပဲ။ တရုတ်မင်းသား ချောင်ယွန်ဖတ်ပုံစံဖမ်းပြီး ကေ တော်တော်သတဲ့ သူဖြစ်လို့ သူ့ဆံပင်က အမြဲတမ်း ပြောင်လက်နေပါတယ်။ 

ကဲ စမေးပြီ ဘာနည်းကို ချည်ပြဆိုတော့ ချောင်ယွန်ဖတ်ကို လုပ်ခိုင်းတာက လွယ်တယ်ထင်ပါတယ်။ ကျော်မောင့်အလှည့်မှာ ချောင်ယွန်ဖတ်ကို မျက်လုံးတဖက်စည်းပေးရမယ်တဲ့။ အဲဒီအခါမှ သူဖက်လှည့်ပြီး စည်းဖို့ ပတ်တီးပြင်တဲ့အခါ ခါတိုင်းထက် ပိုပြောင်တဲ့ သူ့ဆံပင်ကိုတွေ့ရပါတယ်။ ခြင်နားရင်တောင် ချော်လဲသွားနိုင်ပါတယ်။ ကြိုးစားပြီး စည်းပါတယ်။ မရပါ။ 

ဆရာမက ပြုံးပြီးကြည့်နေပါတယ်။ ဉာဏ်သုံးရမယ်ဆိုတဲ့ သင်တန်းဆရာမစကားပြန်အမှတ်ရကာ ပတ်တီးတခုယူ သူ့ခေါင်းပေါ်မှာ အသာတင် ပြီးမှ မျက်လုံးတဖက်ကို စည်းပေးလိုက်ပါတယ်။ 

အဲဒီသင်တန်းမှာ တတိယဆုရတာတော့ နောက်မှပဲ ပြောကြတာပေါ့။ 

ကျော်မောင်(တိုင်းတာရေး)
၇-၉-၂၀၁၅


တော်တော် လက်မတည့်တဲ့ ကောင်တွေ

မိုးသည်းသော တနေ့။ တိကျစွာ ပြောရလျှင် ကျောင်းပိတ်ရက် စနေ နေ့လယ်ခင်း။ 
မိုးသားတွေ ညို့ကာ မိုးသီးမိုးပေါက်တွေက ကြီးကြီးမားမား။ အင်္ဂလိပ်အီဒီယမ်မှာ "raining cats and dogs" လို့ခေါ်သည်။

၅ တန်းကျောင်းသား ကျော်မောင်လည်း အမေ့ဆီက ပါမစ်တောင်း၊ ရတာနဲ့ဘောင်းဘီတိုလဲဝတ်ကာ သူငယ်ချင်းအပေါင်းတို့ ပျော်ပျော်ပါးပါး မိုးရေချိုးကာ ဘောလုံးကန်နေသော ကွင်းပြင်သို့ ပြေးချေသည်။ မိုးကြိုး မကြောက်၊ လျှပ်စီးမကြောက်။ 

ဒေဝေါကြီး ခဏနား။ မိုးရွာတုန်း ရေခံ .. အဲလေ မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ ..
ဟုတ်ပါဘူး ... မိုးသည်းတုန်း ကမြင်းရတာ ဖြစ်လို့ မိုးတိတ်မှာ စိုးရွံ့ကြ။ မိုးတိတ်လို့မဖြစ်။

ဘောလုံးကန်နေတုန်း အုပ်စုထဲက ဘော်ဒါနှစ်ကောင် လက်သွားဆော့ကြသည်။ မလှမ်းမကမ်းက တိုက်ရှေ့မှာ ဒိုင်နာကားက ညအိပ်လေ့ရှိသည်။ ပိုင်ရှင်က အဲဒီတိုက်က နှစ်ထပ်မြောက်မှာ နေသည်။ သူ့အခန်းက မီးကြိုးသွယ်ကာ သူ့ကားကို ညဘက်အတွက် မီးလုံးထွန်းပေးထားသည်။ ကားမီးခွက်တွေ ဘာတွေ ခိုးသည့်ရန်မှ ကင်းဝေးရန်ဖြစ်သည်။

မီးလုံးကို ၀ါးတိုင်ထောင်ထားသည့် အပေါ်တွင် တိုင်ထိပ်နှင့် ချည်ကာ အလင်းပေးသည်။ မနက်က ပိုင်ရှင် အဖိုးကြီး မီးပိတ်ဖို့ မေ့သွားတာ ဖြစ်မည်။ မီးလုံးက မိုးမှောင်မှောင်အောက်တွင် ၀ါထိန်ကာ နေ့ခင်းဖက်တွင် လင်းနေဆဲ။ 

ဘောလုံးကန်နေရင်းမှ ဟိုနှစ်ကောင် ဘာတွေသွားသွားလုပ်နေလည်း လိုက်ကြည့်.... 
သူတို့တွေက ခဲလုံးသေးသေးလေးတွေ ကောက်ကောက်ပြီး အဲဒီမီးလုံးကို တယောက်တလှည့် ပစ်နေကြတာ။ 

နောက်ကနေ ကြည့်လိုက်တယ်။ ဒီကောင်တွေ ပေါက်နေတာဆယ်ကြိမ် မကတော့ဘူး။

တလုံးမှ မထိကြ။ ဒါနဲ့ ကျော်မောင် ပါရပြီပေါ့ .... ပါလေရာ ငါးပိချက် မဟုတ်လား . ...

"ဟေ့ကောင်တွေ ဟေ့ကောင်တွေ တော်တော်လက်မတည့်တဲ့ ကောင်တွေ ... ဒီမှာ ကြည့် ... "

ပြောပြောဆိုဆို ခဲလုံးသေးသေး သုံးလေးလုံး ကောက်ပြီး သေသေချာချာမှန်းပြီး လှမ်းပစ်လိုက်တာမှာ သုံးလုံးမြောက် အရောက် .... 

" ခွမ်း"

"တွေ့လားကွ ... အဲလို လက်တည့်အောင် ပစ်ရတယ်" ဂုဏ်ယူဝ့ံကြွားစွာနဲ့ ပြောလိုက်သည်။ 

ဟိုနှစ်ကောင် ရယ်ဖြဲဖြဲနဲ့ ..." ဟာ ကျော်ကြီး ... ပြေးပြေး .. မီးလုံးကွဲသံကြားလို့ အဖိုးကြီး လသာခန်းဖက် ထွက်လာပြီ၊ မင်း ခွဲတာနော် ... လက်တည့်တယ် လက်တည့်တယ် .. ဟား ဟား ဟား ဟား " ဆိုပြီး ဘောကန်နေရာဖက် ပြေးကြလေသည်။

ဒီတွင်မှ လဒနှစ်ကောင် ကျော်မောင့်ကို ချောက်ချမှန်း ငတုံးက သိပါတော့တယ်။ 

လက်တည့်တဲ့ကောင် ငတုံးကျော်မောင် ....သြော် ဒီလဒတွေ မလွဲ လွဲအောင် ပစ်နေတာကို တော်တော်လက်မတည့်တဲ့ကောင်တွေလို့ အားမလို အားမရဖြစ်ပြီး ဝင်ကြဲတဲ့ ကောင် ... ပြေးပေဦးတော့ ... 

ကျော်မောင်(တိုင်းတာရေး)
၂၃-ဇန်နဝါရီ-၂၀၁၅