Aug 27, 2021

တကြောင်း ဘော

⚽️ ⚽️ ⚽️ ⚽️ 

ငါကန်လိုက်တဲ့ ထောင့်ကန်ဘောဟာ တဖက်ဂိုးသမားမမီတဲ့လမ်းကြောင်းကနေ ကွေ့ဝိုက်သွားပြီး ဂိုးပေါက်ထဲဝင်သွားတယ်ကွဆိုတဲ့ နောက်တန်းခံစစ်မှူးဦးလေးရဲ့နောက်ကြောင်းပြန်ပြောကြားချက်ကို ဖြစ်နိုင်ပါဘူးရယ်လို့ တွေးထင်ခဲ့မိတာဟာ ကိုယ့်မျက်စိရှေ့မှာ အလားတူဖြစ်ရပ်မျိုး ကြုံတွေလိုက်ရမှ ဟာ သူပြောတာ အမှန်ပါလားရယ်ဆိုပြီး သဘောပေါက်ခဲ့ရတဲ့ နေ့တွေလည်း ရှိခဲ့တာပေါ့ ဘရိုက်တန်ရယ်။ 

Feb 5, 2021

လူ့လောကရဲ့ အနှစ်သာရဆိုတာ မတရားမှုတွေ ပပျောက်ချုပ်ငြိမ်းအောင် ဆောင်ရွက်ခြင်းပဲ။ 

အားပါးတရ ရယ်လိုက်ပြီး လုပ်စရာရှိတာတွေကို လုပ်ကြမယ်။ 


Jan 13, 2021


၂၀၁၄ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဒီဗီဒီယိုကလစ်လေးကို ဖန်တီးခဲ့တယ်။ နောက်ခံတီးလုံးက ဝါးပတ္တလားနဲ့ တီးထားတာပါ။ "မြမန်းဂီရိ" ယိုးဒယားကို မှတ်မိသလောက် ပြန်တီးပါတယ်။ အမှတ်တရပါပဲ။ 

 

May 25, 2020

ပုံပြောခြင်း အတတ်ပညာ



ငယ်ငယ်တုန်းက စာဖတ်တဲ့အခါ စာစောင်တွေ မဂ္ဂဇင်းတွေမှာ ပုံပြင်တွေပါလာရင် တေးမှတ်ထားပြီး နောက်ဆုံးမှ ဖတ်တယ်။ ဘာနဲ့တူသလဲဆိုတော့ မုန့်ဟင်းခါးစားတဲ့အခါ ကြက်သွန်ဥပါလာရင် နောက်ဆုံးမှ စားသလိုပဲ။ တခြားအရသာတွေနဲ့ မရောစေဘဲ သီးသန့်စားလိုတာဖြစ်တယ်။ ပုံပြင်ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ၊ အခြားရသတွေနဲ့ မရောစေလိုတဲ့အတွက် တခြားဖတ်ဖွယ်မှတ်ရာတွေ ဖတ်ပြီးတဲ့အခါမှ သေသေချာချာ စိမ်ပြေနပြေဖတ်တယ်။

အဖေက အပြောအဟောကောင်းတယ်။ ဇာတ်နိပါတ်တော်တွေထဲက ဇာတ်ကြီးဆယ်ဘွဲ့အစရှိတာတွေ၊ သမိုင်းဆိုင်ရာပုံပြင်တွေ ပြောတယ်။ နောက်ပိုင်းမှာ ရတနာမွန်မဂ္ဂဇင်းတို့၊ မင်္ဂလာမောင်မယ် စာစောင်တို့၊ ရွှေသွေးဂျာနယ်တို့ ဖတ်လာတဲ့အခါ ပုံပြင်နားထောင်သူအဆင့်ကနေ ပုံပြင်ဖတ်သူဖြစ်လာတယ်။ ဒါပေမယ့် ဖတ်ထားတဲ့ပုံပြင်တွေကို ပြန်ပြောခွင့် မကြုံခဲ့ဘူး။ ညီငယ် အရွယ်ရောက်လာတဲ့အခါမှ အိပ်ရာဝင်ပုံပြင်တွေကို ပြောပြခွင့်ကြုံတယ်။

ညီအငယ်ကောင်က ပုံပြင်တွေကို မှတ်သားထားလေ့ရှိတယ်။ ဒီတစ်ပတ်မှာ ပြောတဲ့ပုံပြင်နဲ့ အရင်တစ်ပတ်မှာ ပြောတဲ့ပုံပြင် ထပ်လို့မရဘူး။ ကိုလေး အဲဒါပြောပြီးသားကြီးကွ ဆိုပြီး သတိပေးတတ်တယ်။ ညတိုင်း အိပ်ခါနီးတိုင်း ပြောရတာဆိုတဲ့အခါ သိထားတဲ့ပုံပြင်တွေလည်း တဖြည်းဖြည်း ရှားလာတယ်။ မသိသေးတဲ့ပုံပြင်အသစ်တွေကို လိုက်ရှာဖတ်ရတယ်။ စာအုပ်ဆိုင်တွေမှာ ပုံပြင်စာအုပ်တွေ့လို့ စိတ်ကြိုက်နဲ့ကိုက်ရင် ဝယ်တယ်။ မှတ်မိတာက လမ်းဘေးပလက်ဖောင်းပေါ်မှာ ချရောင်းနေတဲ့ ပုံပြင်စာအုပ်တစ်အုပ်တွေ့လို့ ဝယ်လိုက်ဖူးတယ်။ အဲဒီစာအုပ်က အင်္ဂလိပ်လိုရေးထားတဲ့ မြန်မာပုံပြင်များ စာအုပ်ပဲ။ အခုထိ ဖတ်လို့ မရိုးနိုင်ဘူး။

အဲဒီအထဲက ပုံပြင်တွေ ဖတ်ပြီး ညီကို ပြန်ပြောတယ်။ ပြန်ပြောဖို့ ဖတ်ရတဲ့အတွက် ဖတ်ရတာအပြင် ယုတ္တိယုတ္တာဆိုတဲ့ကိစ္စကိုလည်း ထည့်စဉ်းစားရပြန်တယ်။ ဒီကောင်က ပုံနားထောင်တဲ့အခါ ကြားဖြတ်မေးလေ့ရှိတယ်။ အဖြေခက်တဲ့အခါ ဒါ ပုံပြင်ကွလို့ ပြောလိုက်ရတယ်။

တစ်ညမှာ အတော်အိပ်ချင်လာတာနဲ့ ပုံပြင်မပြောဘဲ အိပ်တော့မယ်လို့ ပြင်တယ်။ ပုဂ္ဂိုလ်လေးက ဟေ့ ကိုလေး ပုံပြောဦးကွလို့ တောင်းဆိုတယ်။ အေး ပြောတာပေါ့ဆိုပြီး စိတ်ထဲရောက်လာတဲ့ ပုံတွေ ပြောတယ်။ အဲဒါ ငါ သိတယ်ကွလို့ သူကပြော၊ နောက်တစ်ပုံပြောင်းပြော၊ ဒါလည်း သိပြီးသား၊ နောက်တစ်ပုံပြောင်းပြော၊ ပုံတွေထပ်နေပြီလို့ ပြော၊ အဲဒါနဲ့ ဘာလုပ်ရသလဲဆိုတော့ ဉာဏ်သုံးရပါတော့တယ်။

ပုံပြင်တွေကို သုံးလေးပုံလောက် ပေါင်းလိုက်တယ်။ နားထောင်နေတဲ့ ညီငယ်လည်း အတော်သဘောကျသွားတယ်။ သူလည်း သိတော့သိတယ်။ ဒါပေမယ့် ပုံပြင်က အသစ်လိုဖြစ်နေတဲ့အခါ ဘာစောဒကမှ မတက်နိုင်တော့ဘူး။

ပြောရင်းပြောရင်းနဲ့ ပုံပြင်ကို ဘယ်လို အဆုံးသတ်ရမယ်မှန်း မသိတော့တဲ့ အခြေအနေရောက်လာတယ်။ လိုက်ပေါင်းရင်း ပေါင်းရင်းနဲ့ ပုံပြင်က မဆုံးနိုင်တော့ဘူး။ နားထောင်သူက သေသေချာချာနားထောင်နေတယ်။ သူက သမ်းတောင် မသမ်းဘူး။ ပုံပြောသူက မျက်ခွံတွေ လေးလာတယ်။ စကားလုံးတွေ ဗလုံးဗထွေးဖြစ်လာတယ်။ ပုံပြင်က အစီအစဉ်မကျတော့ဘဲ ဟိုရောက်ဒီရောက်ဖြစ်လာတယ်။ ငါ အိပ်တော့မယ်ကွာလို့ ပြောကြည့်တယ်။ ဟိုက လက်မခံဘူး။ ပြီးတော့ ဘာဖြစ်သွားလဲဆိုတာကိုသာ မေးနေတယ်။ ပြောရင်းပြောရင်းနဲ့ ပုံပြောသူ အိပ်မောကျသွားတယ်။

မနက်အိပ်ရာထတဲ့အခါ ညီငယ်က အခုလိုကောင်းချီးပေးတယ်။

"ကိုလေးရေ ညက မင်းပြောတဲ့ပုံပြင် အရမ်းကောင်းတယ်။ ပုံပြောနေတဲ့ မင်းတောင် အိပ်ပျော်သွားတယ်"

ပုံပြောခြင်းဖြင့် အိပ်မောကျနိုင်ကြပါစေ။

ကျော်မောင်(တိုင်းတာရေး)
၄-ဇွန်-၂၀၁၆