Mar 25, 2018

ပြိုင်ပြိုင်ဆိုင်ဆိုင်


အစကတော့ ဆံပင်ရှည်ထားမလို့ပဲ။ ဒါပေမဲ့ မညှပ်ဘဲထားတဲ့ ဆံပင်က ဂုတ်နည်းနည်းထောက်လာတဲ့အခါ ယားကျိကျိဖြစ်လာတယ်။ နားရွက်နှစ်ဖက်ကို ဖုံးစပြုလာတဲ့ ဆံပင်တွေကလည်း တနေ့ထက် တနေ့ ပိုပူလာတဲ့ နေ့အပူချိန် ညအပူချိန်တွေကို သည်းမခံရှာနိုင်တော့ဘူး။

ဒီလိုနဲ့ နေ့ခင်ပိုင်း အပြင်ထွက်လမ်းလျှောက်ရင်း စစချင်း တွေ့တဲ့ဆံပင်ညှပ်ဆိုင်တံခါး ဆွဲဖွင့်ဝင်လိုက်ရတယ်။

"ဆံပင်ညှပ်မယ်" "ဘယ်လိုပုံစံညှပ်မလဲ"

စိတ်ထဲကနေ အင်း ... ကျနော်နဲ့လိုက်မယ့် ဆံပင် ညှပ်ပေးဗျာလို့ ပြောလိုက်ရင်ကောင်းမလား တွေးလိုက်သေးတယ်။

တကယ်ပြောဖြစ်တာက "တိုတိုညှပ်ပေးဗျာ၊ ရှေ့တို နောက်တို ဘေးဆံပင်တွေ တိုပေးပါ" "အိုကေ"

ဒီဆိုင်ရဲ့ ဆံသစျေးနှုန်းက ကွန်ပျူတာစာသားနဲ့ စက္ကူဖြူပေါ်ရေးပြီး ခုနက ဆွဲဖွင့်ဝင်လာခဲ့တဲ့ ဆိုင်မှန်တံခါးမှာ ကပ်ထားတယ်။ $ 6.00 ဆိုတဲ့ စျေးနှုန်းအပေါ်စာကြောင်းမှာ ကတ်ကြေးပုံစံလေးတခု ထည့်ထားတယ်။ ဆံပင်ညှပ်သည် ဆိုတာကိုး။ တကယ်ညှပ်တဲ့အခါ ကတ်ကြေးအပြင် စက်ကတ်ကြေးသုံးပါတယ်။

၆ ဒေါ်လာတဲ့။ ရိုးရိုးညှပ်ရင်။ ရှယ်ညှပ်မယ်ဆို စျေးတမျိုးဖြစ်မယ် ယူဆတာပါပဲ။ ဒီဆိုင်မှာ အခုတခေါက် ဆံပင်အညှပ်ခံတာဟာ ဒုတိယအကြိမ်ပါပဲ။

ပထမတခေါက်ညှပ်ဖြစ်ခဲ့တာက ဒီလို။

အမြဲတမ်းညှပ်ဖြစ်တဲ့ဆိုင်မှာ ထိုင်စောင့်နေသူတွေ အမြဲပုံနေတတ်တယ်။ ဆံညှပ်ဆရာ/ဆရာမ သုံးယောက်ရှိတာ လက်မလည်ဘူး။ ပိတ်ရက်တွေဆို လူပိုကျတယ်။ သူတို့ဆိုင်က ဆံပင်ညှပ် (ရိုးရိုး) ဆိုရင် $ 3.80။ လက်ရာလည်း မဆိုးဘူး။

ရုံးကအပြန်တရက်မှာ လူတော့ နည်းလောက်ပါတယ်လေဆိုပြီး အဲဒီဆိုင်ရှေ့ရောက်၊ လူများတာပါပဲ။ နောက်မှညှပ်မယ်ဆိုပြီး အိမ်ဖက် နည်းနည်းဆက်လျှောက်လာ၊ ၆ ဒေါ်လာဆိုင်ကိုတွေ့တယ်။ တဆိုင်နဲ့တဆိုင် သာမာန်လူ လမ်းလျှောက်သွားလို့ကြာတဲ့ အချိန်အကွာအဝေးနဲ့ဆိုရင် သုံးမိနစ်တောင် မရှိဘူး။ အညှပ်ခံတဲ့အခါ ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ စကားတောင်စား ပြောသလိုပြောရရင် ဆံသဆိုင် ထိုင်ခုံမှာ မထိုင်ရသေးဘူး၊ ဆံပင်က ညှပ်ပြီးသွားပြီ။ မြန်ပေမဲ့ လက်ရာကလည်း ပုံမှန်ညှပ်ဖြစ်တဲ့ဆိုင်ထက် သေသပ်တယ်။ အဲဒါကြောင့် ဟိုဆိုင်ထက် ၂.၂၀ ပိုပေးရလည်း ကျေနပ်တယ်။

ဒါက အဲဒီဆိုင်မှာ ပထမတခါ ဆံပင်အညှပ်ခံခဲ့ရပုံပဲ။

တခါမှာတော့ ၃.၈၀ ဆိုင်က စျေးတက်ကြည့်တယ်။ ၃.၈၀ ကနေ ၆.၀၀ ဆိုပြီး။ လာညှပ်သူ မရှိတော့ဘူး။ အဲဒီနေ့မှာပဲ ၆ ဒေါ်လာဆိုင်က ၈.၀၀ လို့ သူလည်းစျေးတက်တယ်။

နောက်တရက် နှစ်ရက်လောက်နေတော့ ၆ ဒေါ်လာကိုတက်တဲ့ဆိုင်က သူ့အရင်စျေးဖြစ်တဲ့ ၃.၈၀ ပဲ ပြန်ကပ်ထားတာ တွေ့တယ်။ ဆိုင်မှာ လူပြန်စည်လာတယ်။ ၈ ဒေါ်လာလို့ စျေးလိုက်တက်ကြည့်လိုက်တဲ့ ဆိုင်ကလည်း ၆ ဒေါ်လာပြန်ဖြစ်တယ်။

ဒီမှာ လေ့လာဖြစ်တာလေး တခုပေါ့။

ဆံပင်ညှပ်တာ လွယ်တဲ့ လုပ်ငန်းတော့ ဖြစ်ပုံမရဘူး။ ဆံပင်ပဲ ညှပ်ရတာမဟုတ်တဲ့အပြင် ပြိုင်ဖက်ဆိုင်တွေကိုလည်း အကဲခတ်နေရသေးတာပ။

ကျော်မောင်(တိုင်းတာရေး)
၂၄-မတ်-၂၀၁၈

Mar 18, 2018

သတင်းတို တပုဒ် ဖတ်ကြည့်ခြင်း


သတင်းက အတိုလေးပဲ။

ဂျပန်မှာ ဖြစ်နေကြမဟုတ်ဘဲ ပူနွေးလာတာကို အသိပေးတဲ့သတင်း။ ခေါင်းစဉ်က "အပြာရောင်မိုးကောင်းကင်များနဲ့ နေရောင်ခြည်တို့ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းကြီးကို မိုးထားခြင်း" လို့ အဓိပ္ပါယ်ရမလားပဲ။

ခေါင်းစဉ်မှာပါတဲ့ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းကြီးဆိုတာ ဘယ်ကျွန်းလဲ။ ဂျပန်မှာ အဓိကကျွန်းလေးကျွန်းရှိတယ်။ အဲဒီထဲမှာ အကြီးဆုံးကျွန်းက (Honshu) ဟွန်ရှူးကျွန်းပဲ။ မြို့တော်တိုကျိုက အဲဒီကျွန်းကြီးပေါ်မှာ ရှိတယ်။ ဒါက ခေါင်းစဉ်ကနေ ရလာနိုင်တဲ့ သူတို့နိုင်ငံရဲ့ အကြောင်းအနည်းငယ်ပဲ။ ငယ်ငယ်က လေ့လာခဲ့လည်း ဆက်လက်မလေ့လာတဲ့အခါ မေ့ကုန်တာပါပဲ။ လေးကျွန်းရှိတာတို့၊ အကြီးဆုံးကျွန်းဆိုတာတို့၊ ဟွန်ရှူးဆိုတာတို့က အင်တာနက်ကနေ ပြန်ဖော်ရတာ။

မတ်လလယ်၊ တိတိကျကျပြောရရင် မတ်လ ၁၄ ရက်နေ့မှာ တိုကျိုမြို့ရဲ့ Shibuya Ward မှာ လမ်းသွားလမ်းလာတွေဟာ သူတို့ရဲ့ကုတ်အကျီီတွေကို မဝတ်ဘဲ လက်နဲ့သယ်လာ၊ ပွေ့လာကြပါတယ်။ လက်တိုတီရှပ်တွေကိုပဲ ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။ အနွေးထည်တွေ ကုတ်အကျီတွေ မဝတ်ရလောက်အောင်ဆိုတော့ ဒါဟာ အအေးလျော့လာလို့ပဲလို့ သတင်းဖတ်သူက စစချင်းမှာပဲ တွေးမိပါလိမ့်မယ်။ Shibuya Ward ဆိုတာကို မသိဘူး။

ကဲ အပူချိန်ဘယ်လောက်ရှိလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်။

ရာသီချိန်မဟုတ်ပါဘဲနဲ့ ပူနွေးမှုဟာ ဂျပန်နိုင်ငံတဝန်းလုံးကို ပျံနှံ့နေပြီး မတ်လ ၁၄ ရက်နေ့မှာတော့ မြို့တော်တိုကျိုအနီးတဝိုက်မှာ အပူချိန် ၂၀ ဒီဂရီအမြင့်ဆုံးဖြစ်နေပါတယ်။ အဲဒီအပူချိန်တွေဟာ ခါတိုင်းလိုဆိုပါက ဧပြီလအထိ မခံစားရတဲ့ အပူချိန်တွေပဲ ဖြစ်ကြပါတယ်လို့ သတင်းက ရေးပါတယ်။

ဒီအထိ ခါတိုင်း ဒီလိုလတွေမှာ အပူချိန်ဘယ်လောက်ရှိကြသလဲဆိုတာ မဖော်ပြထားသေးပါဘူး။ ဒါပေမဲ့ သတင်းဖတ်သူက ခန့်မှန်းမိနိုင်တာမှာ အပူချိန် ၂၀ ဒီဂရီလောက်ကို ဧပြီလလောက်မှာမှ ရကြမှာ ဖြစ်တယ်ဆိုတာပါပဲ။ ပုံမှန်အပူချိန်ဟာ ၂၀ အောက်လျော့တယ်ဆိုတာ တွေးမိနိုင်ပါတယ်။

ဆက်ဖတ်ပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီတဲ့။ ဘာကြောင့်များ ဂျပန်မိုးလေဝသဌာနလို့ မခေါ်တာပါလိမ့်။ Agency ဆိုတဲ့ အသုံးအနှုန်းနဲ့ Department ဆိုတဲ့ အသုံးအနှုန်း ဘာတွေ ကွာလို့ပါလိမ့်လို့ စူးစမ်းချင်စိတ်ဖြစ်လာမိတယ်။ ဒါက နောက်ဆက်လေ့လာရမယ့်အပိုင်းပဲ။ စိတ်ထဲမှတ်ထားလိုက်တယ်။

တိုကျိုမြို့တဝိုက်အနီး ဧရိယာဝန်းကျင်မှာ ရှိတဲ့ မာကျူရီတွေကို ကြည့်ရာမှာ ၊ အဲဒီမှာ သတင်းထဲ အချိန်ထည့်ပေးထားတယ်၊ နေ့ခင်းပိုင်း ၁ နာရီတဲ့၊ အဲဒီ နေ့ခင်း တနာရီ တိုင်းတာချက်အရ တိုကျိုမြို့လယ်မှာရှိတာ ၂၀.၇ ဒီဂရီ၊ ယိုကိုဟားမားမှာတော့ ၂၀.၂ ဒီဂရီ၊ Maebashi မှာတော့ ၂၃.၅ ဒီဂရီတဲ့။

မာကျူရီ ဆိုတဲ့အသုံးလေး။ ဘာလဲ မာကျူရီ mercury ဆိုတာ။ အပူချိန်လို့ ရိုးရိုးမပြောဘဲ မာကျူရီလို့ ပြောရတာလဲ။ မာကျူရီဟာ လောလောဆယ်ဆယ်မှာ အပူချိန်ပတ်သက်လို့ မှန်မှန်ကန်ကန်ပြနေတဲ့ သတ္တုပဲ။ တနည်းပြောရရင် အဲဒီ အဲဒီမြို့တွေမှာ ရလာတဲ့ အပူချိန်ဒီဂရီ ကိန်းဂဏန်းတွေသည် အပူချိန်သုံးရာမှာ ပထမတန်းစားလို့ ပြောလို့ရတဲ့ မာကျူရီရဲ့အပူချိန်ကို ကြည့်ပြီး ပြောတာ။ အစပိုင်းမှာ ၂၀ ဒီဂရီ ရှိတယ်လို့ ပြောထားရာကနေ ၂၀.၇၊ ၂၀.၂၊ ၂၃.၅ ဒီဂရီဆိုတာမျိုး ပြောလာတယ်။ ဒါ မာကျူရီအစွမ်းဖြစ်မှာပဲ။ သူက ၀.၁ ဒီဂရီထိ ဖော်ပြနိုင်တဲ့ အစွမ်းရှိပုံရတယ်။ ဒီသဘောသက်ရောက်တဲ့အတွက်ကြောင့်လည်း သူ့ကို သုံးတာ ဖြစ်ပါလိမ့်မယ်။

အဲဒီအပိုင်းမှာပါတဲ့ Maebashi ။ အသံထွက်နားထောင်ကြည့်တော့ "မ အေး ဘရှီ" လို့ ကြားပါတယ်။ အသံထွက်ရေးတာ လွဲကောင်းလွဲနေလိမ့်မယ်၊ အဲဒီမြို့ကို မရင်းနှီးပါ။ တိုကျိုတို့ ယိုကိုဟားမားတို့ကိုတော့ ကြားဖူးနားဝရှိထားတယ်။ "မ အေး ဘရှီမြို့" ဘယ်နားမှာလဲ သိချင်တဲ့အတွက် အင်တာနက်မှာ ရှာကြည့်လိုက်တယ်။ မြို့ရဲ့ ပုံမှန်ရှိတတ်တဲ့ အပူချိန်ဖြစ်နိုင်တယ် ၁၇ ဒီဂရီလို့ ပြထားတယ်။ အခု ပြန်ရှာကြည့်တော့ ၁၄ ဒီဂရီလို့ ပြထားတယ်။ အပူချိန်တက်လာတဲ့အခါ သူ့ဆီမှာ အဲ သူ့မြို့က ပြဒါးတိုင်မှာ ၂၃.၅ ဒီဂရီလောက် ရှိနေတယ်။ မနေ့က အပူချိန်တက်သွားတာ။ အခုကတော့ ပြန်ကျသွားပုံပဲ။ သူက တိုကျိုထက် ပိုပြီး ကုန်းတွင်းပိုင်းပိုကျတယ်။

ပူနွေးတဲ့လေတွေကလည်း အရှေ့ဘက်ကနေ လေဖိအားမြင့်တက်လာမှုကြောင့် ဂျပန်ကုန်းတွင်းပိုင်းကို တိုက်ခတ်လျက်ရှိတယ်တဲ့။ ဂျပန်ရဲ့အရှေ့ဘက်မှာ ဘာရှိလဲ။

သတင်းနောက်ဆုံးပိတ်အနေနဲ့ ရေးထားတာက ဒီလို။ အခုလို နွေဦးကာလကဲ့သို့ ရာသီဥတုမျိုးဟာ မတ်လ ၁၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေမယ်လို့ ခန့်မှန်းကြပါသတဲ့။

အဲဒီမှာ သတင်းဖတ်သူဟာ အနည်းငယ်တော့ ဝေဝေ၀ါးဝါးဖြစ်သွားပါတယ်။ အပူချိန်တက်လာတဲ့ နေ့ကို ဖော်ပြထားတာက မတ်လ ၁၄ ရက်နေ့ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့အထိ ဖြစ်နေဦးမယ်ဆိုတော့ တစ်ရက်လောက်ပဲ ဖြစ်မယ့်ကိစ္စကို သတင်းအနေနဲ့ ဖော်ပြထားတာကိုက ထူးဆန်းနေမလားပါပဲ။

ထူးဆန်းလို့လဲ သတင်းတိုအနေနဲ့ ဖတ်ရတာပဲ မဟုတ်လား။

သတင်းတပုဒ် ဖတ်ကြည့်တာပါ။ အတိုလေးဖြစ်ပေမယ့် မသိတာတွေ သိလာရတယ်။ ထပ်သိအောင် လေ့လာရမှာတွေ ရှိတယ်ဆိုတာ သိသွားတယ်။ ကမ္ဘာတဝှမ်းမှာ အပူချိန်တွေ ဒီဂရီ နည်းနည်း နည်းနည်းချင်း တိုးလာတယ်။

သတင်းဖတ်အပြီးမှာ ပူသလိုလို အိုက်သလိုလိုတော့ ခံစားရခြင်း မဖြစ်လိုက်ရပါဘူး။

ကျော်မောင်(တိုင်းတာရေး)
၁၅-မတ်-၂၀၁၈
မှတ်ချက် ။ ။ http://www.asahi.com/ajw/articles/AJ201803140034.html
ဒါက အဲဒီသတင်းတိုပါ။

Nov 26, 2017

ရောင်းသူ ဝယ်သူ

ဖြစ်ရပ် (၁)
မနေ့နေ့လည်က ထမင်းသွားစားတဲ့အခါ ဝယ်တဲ့ဆိုင်ရှေ့မှာ တန်းစီ။ ရှေ့မှာ ဝယ်သူတစ်ယောက်ရှိ။ အဲဒီလူ မှာထားပြီးပြီလား ပိုက်ဆံရှင်းဖို့ စောင့်နေသလား မသဲကွဲ။ ရောင်းသူ နှစ်ယောက်မှာလည်း သူ့ဟာနဲ့သူ အလုပ်များနေပုံ။ တစ်ယောက်က ကဲ ဘာစားမလဲလို့ လက်ပြပြီးပြော။ ဒါဆို ရှေ့က တစ်ယောက် မှာထားပြီးသားဖြစ်မယ်လို့ ထင်။ အင်း ထမင်းစားမယ်ဗျာ၊ ဘာဟင်းထည့်၊ ရောင်းသူကလည်း ပန်းကန်မှာ ထမင်းထည့်၊ ဟင်းထည့်၊ နောက်ဘာထပ်ထည့်ဦးမလဲ ဆက်အမေးမှာ ရှေ့ကလူ မမှာရသေးတာ သူက သတိပြုမိ။
‌ရောင်းသူ။ ။ ဟာ တောင်းပန်ပါတယ်ဗျာ။ ထိုလူကို ကြည့်ရင်း တောင်းပန်။

အားနာမိတဲ့အတွက် ရောင်းသူ ကြည့်တဲ့ လူကိုပဲ အေးဗျာ ... ကျနော်လည်း တောင်းပန်ပါတယ်ဗျာလို့ ပြောလိုက်မိ။ ဝယ်သူကလည်း နှစ်ယောက်တည်း။
ထမင်းဟင်းထည့့်ပေးတဲ့ ရောင်းသူက ပိုက်ဆံယူ၊ ပိုက်ဆံအမ်းလုပ်ပေးတဲ့ သူ့လုပ်ဖော်ကိုင်ဖက်ကို သူ ရှေ့လူကို ကျော်ပြီး ရောင်းမိကြောင်း ပြောနေ။ ငွေရှင်းကောင်တာကိုင်တဲ့သူကလည်း ဝယ်သူကို ကြည့်ပြီး အမူအရာနဲ့ တောင်းပန်။ ကိုယ်တိုင်လည်း ထမင်းပန်းကန်ယူထွက်တဲ့အခါမှာ ရှေ့ကလူကို ဆောရီးနောက်တစ်ခါ ထပ်ပြော။ အဲဒီလူကလည်း ရပါတယ်ဆိုပြီး လက်ကာပြ။

ဖြစ်ရပ် (၂)

ဒီနေ့မနက်မှာ အီကြာကွေးနဲ့ လဘက်ရည်သွားဝယ်။ ရှေ့မှာ တန်းစီသူ မရှိ။ ရောင်းတဲ့သူက အီကြာကွေးထားတဲ့ ကောင်တာဘက်မှာ မရှိ။ တဘက်မှာက လဘက်ရည် ကော်ဖီရောင်းနေတဲ့ အန်တီကြီးတစ်ယောက်ရှိ။. သူက မအားသေး။
ဆက်စောင့်နေ။
ဝယ်သူတစ်ယောက် ဘေးနားလာရပ်။ သူက နောက်ကနေ တန်းမစီ။ အစတော့ ဘာတွေရှိလဲ ဘာတွေဝယ်စားရင်ကောင်းမလဲလို့ သူလိုက်ကြည့်နေတာလို့ထင်။ ကြည့်တာဆိုလည်း ကြည့်ဗျာ၊ ရှေ့ကလူကို အရင်ရောင်းရမှာ။ အရင်တန်းစီ အရင်ရ စနစ်။
ဆိုင်ထဲက အန်တီကြီးတစ်ယောက် ကောင်တာဘက်လာတဲ့အခါ သူက ဝယ်သူနှစ်ယောက်လုံးကို မြင်။
ဟိုလူက သူဝယ်မယ့်ဟာတွေကို ဦးစွာအရင်ပြော။ ရောင်းသူက ဘာမှ မမေးရသေး။ အန်တီကြီးက ဝယ်သူပြောတာကို ဆုံးအောင် နားထောင်။ ပြီးမှ ရှင့်ရှေ့မှာ ဝယ်သူရှိတယ်လေလို့ လက်ညှိုးညွှန်ပြီးပြော၊ ပုဂ္ဂိုလ်လည်း နည်းနည်းအောင့်သွားပုံရှိ။
ဆောရီးသံ မကြားရ၊ ဆောရီးအမူအရာ မမြင်ရ။
မှာစရာရှိတာမှာနေတဲ့အချိန် ပုဂ္ဂိုလ်က တခြားဘက် ထွက်သွား။ အမှန်က လဘက်ရည်သွားဝယ်တာဖြစ်။ ဒါကို မသိတဲ့ အန်တီကြီးက ဝယ်သူ စိတ်ဆိုးပြီး ထွက်သွားတယ်ထင်၊ ပွစိပွစိပြော။
ပိုက်ဆံရှင်းစရာရှိတာ ရှင်းပြီး လဘက်ရည်သွားဝယ်တော့ အနှီပုဂ္ဂိုလ်က ရှေ့မှာ ရှိနေ။ ဘာမှမမှာသေး။ ရှေ့က အဲဒီလူပိုက်ဆံရှင်းပြီးတော့မှ လဘက်ရည်ချိုချိုတခွက်မှာ။
လဘက်ရည်က မသောက်ခင်ကတည်းက ချိုနေပုံရှိ။

ကျော်မောင်(တိုင်းတာရေး)
၂၆-နိုဝင်ဘာ-၂၀၁၇

Nov 19, 2017

ပတ်ချာလည်

တနေ့မှာ အရံဟင်းအနေနဲ့ ချဉ်ပေါင်ချဉ်ရည်ဟင်းကို ကလေးအမေက ချက်ကျွေးပါတယ်။ ကလေးအဖေက ညစာစားရင်းနဲ့ ဒီလိုပြောမိတယ်။

"ချဉ်ပေါင်ဟင်းမှာ မျှစ်လေး တစ်ဖက်နှစ်ဖက်လောက်ပါရင် ပိုကောင်းမယ်ကွာ"။

ချဉ်ရည်ဟင်းကို ဇွန်းနဲ့ ခပ်သောက်ရင်း တစ်ခွန်းမက ဆိုမိတာ။ အဲဒီမှာ ထမင်းစားရင်းနဲ့ ကလေးအဖေနဲ့ ကလေးအမေ ဒီလို ဒိုင်လေးတွေ ပြောဖြစ်ကြတယ်။

"အင်းလေ နောက်တစ်ခါချက်ရင် မျှစ်ထည့်ချက်တာပေါ့"

"မျှစ်ထည့်တာတော့ ဟုတ်ပါပြီ။ ချဉ်ပေါင်ထပ်ဝယ်ရမယ်ထင်တယ်။ ချဉ်ပေါင်ကလည်း အိမ်နားဆိုင်မှာ ရှိတချက် မရှိတချက်နဲ့"

"အခုချက်ပြီးတာတောင် ချဉ်ပေါင်က တစ်စည်းပိုသေးတယ်လေ။ ထပ်ဝယ်ဖို့ မလိုတော့ဘူး"

အဲဒါနဲ့ နောက်နှစ်ရက်မြောက်မှာ ချဉ်ပေါင်နဲ့မျှစ်ချဉ်ရည်ဟင်း စားရပါတယ်။ ဟင်းထည့်ပန်းကန်လုံးထဲမှာ ချဉ်ပေါင်နဲ့မျှစ် ဒန့်နေကြသလိုပါပဲ။ ငရုတ်သီးစိမ်း ပင်နံသီးလေးတွေကလည်း တချက်တချက် ဝင်ဝင်စပ်ပါသေးတယ်။

စားရင်းသောက်ရင်းနဲ့ ဒိုင်တွေ ပစ်ကြပြန်ပါတယ်။

"ချဉ်ဟင်းက သောက်လို့ကောင်းကွာ၊ မျှစ်လေးတွေလည်း ပါတော့။ ဒါနဲ့ မျှစ်က ဘယ်ကသွားဝယ်လိုက်သလဲ"

"မြို့ထဲ မသွားဖြစ်တော့ ဟိုဘက်လမ်းကူးပြီး ကုန်စုံဆိုင်ကြီးဆီကနေ ဝယ်လိုက်တယ်၊ မြန်မာမျှစ်တော့ ဘယ်ဟုတ်ပါ့မလဲ၊ စားရတာတော့ အဆင်ပြေတယ်မဟုတ်လား"

"အား ... ပြေတယ် ပြေတယ်၊ ဒါမျိုး စားရတာ ကောင်းတယ်။ ဒီနိုင်ငံက လူတွေတော့ ဒါမျိုးစားဖူးကြမှာ မဟုတ်ဘူး။ ဒီလောက်ကောင်းတဲ့ အရသာကို ဒို့တတွေပဲ သိတာ"

"ဝယ်ကောင်းကောင်းနဲ့ ဝယ်ထားလိုက်တာ မျှစ်တောင် ပိုသေးတယ်။ ချဉ်ပေါင်ကတော့ ဟိုတစ်ခါက ပိုတဲ့ တစ်စည်းကို ချက်လိုက်တာဆိုတော့ မရှိတော့ဘူး"

"အေးပါကွာ၊ ရုံးက အပြန် ကြုံတဲ့အခါ ချဉ်ပေါင်ရွက်တွေ့ရင် ဝယ်ခဲ့လိုက်မယ်"

အဲဒီလိုနဲ့ ... ရက်အနည်းငယ်အကြာ ....

ဒီတစ်ခါတော့ ဒိုင်မပစ်တော့ဘဲ ဖုန်းအချင်းချင်း စာလုံးပစ်ကြပါတယ်။

"ကလေးအမေရေ ... ချဉ်ပေါင်ဟင်းချက်စားကြဦးမလား၊ ရုံးကနေ မကြာခင်ပြန်တော့မယ်"

"ဝယ်ခဲ့ ကလေးအဖေ .... ချဉ်ရည်ဟင်းမချက်ဘဲ မျှစ်နဲ့ရောကြော်မယ်လေ ဒီတစ်ခေါက်တော့"

"အိုကေ"

ချဉ်ပေါင်ရွက်ကြီးတွေ အတော်ဖားတာတွေ့တာနဲ့ အားရဝမ်းသာစွာပဲ နှစ်စည်းဝယ်လိုက်ပါတယ်။ အဝသာ ကြော်ပေတော့ ကလေးအမေရေပေါ့။

"ဟင် .. ချဉ်ပေါင်က နှစ်စည်းတောင်မှ"

"ဟုတ်တယ် မျှစ်ပိုတယ်ဆို၊ အဲဒါနဲ့ ရောကြော်လိုက်ကြတာပေါ့"

"ဒါပေမဲ့ မျှစ်က တစ်ထုပ်ပဲ ကျန်တော့တာ"

"ကြည့်သာ စီစဉ်လိုက်ပါ ကလေးအမေရာ"

နောက်တစ်နေ့ ရုံးကအပြန် အိမ်အရောက် ...

"ချဉ်ပေါင်ကြော်န့ံ သင်းပျ့ံနေပါလား၊ စားကြမယ်ဟေ့"

"ဟား ... ဒီတစ်ခါ အတော်များတာပဲ၊ မျှစ်ထည့်လိုက်လို့ များသွားပုံပဲ"

"ချဉ်ပေါင်တစ်စည်း ကျန်သေးတယ်လေ၊ နှစ်စည်းဆိုရင် မျှစ်နဲ့ မမျှဖြစ်နေမှာ"

"ဒါဆို မျှစ်ဝယ်ရဦးမှာပေါ့"

ထိုသို့ဆိုရင်း ကလေးအဖေလည်း ချဉ်ပေါင်ပြုံးပြုံးကာ မျှစ်တစ်ဖက်ကို ဇွန်းနဲ့ ခပ်၍ ပါးစပ်ထဲထည့်ပြီး အသာအယာဝါးနေပါတော့သတည်း။


ကျော်မောင်(တိုင်းတာရေး)
၁၀-နိုဝင်ဘာ-၂၀၁၇