Jan 22, 2016

အဖွားနှင့် အတူ စျေးသွားခြင်း

အဖွားဆိုတာက အမေရဲ့ အမေ ဖြစ်ပါတယ်။ အဖွားအကြောင်းကို “အဖွားပြောသော ပုံပြင်” ဆိုတဲ့ ဆောင်းပါးတစောင်မှာ တစွန်းတစ ထည့်ရေးခဲ့ဖူးပါတယ်။ အဖွားက ကျနော့်တို့သိတတ်စအရွယ်လောက်မှာ အသက်ငါးဆယ်ကျော်ကျော်ဖြစ်နေပါပြီ။ အဖွားက သူ့နယ်မှာပဲ သူ့ရပ်ဆွေ ရပ်မျိုးတွေ၊ သားတွေ သမီးတွေ၊ မြေးတွေနဲ့ နေရတာ သဘောကျပုံပါ။ နီးစပ်ရာ ရွာနီးချုပ်စပ်တွေကိုလည်း စက်လှေနဲ့ အလည်အပတ်သွားဖို့ ဝန်မလေးတတ်ပါဘူး။ သာရေးနာရေး လက်မနှေးတတ်သူပါ။ သန်တုန်းမြန်တုန်းမှာ အဘနဲ့ အတူတူ သွားရင်သွား၊ သူတယောက်ထဲလည်း သွားရင်သွားတတ်သူပါ။ ပြန်လာရင် ထိုထိုရွာတွေက အမျိုးတွေ လက်ဆောင်ပေးတဲ့ ပစ္စည်းတွေနဲ့ တနင့်တပိုးပါပဲ။

အဖွားကို သူ့သားတွေ သမီးတွေဖြစ်တဲ့ ကျနော့် အမေ၊ အဒေါ်နဲ့ ဦးလေးတွေက အမလို့ ခေါ်ကြပါတယ်။ ဒါဆို ဘယ်သူ့ကို အမေလို့ ခေါ်တုန်းလို့ မေးကြည့်တဲ့အခါ အဖွားရဲ့ အမေ၊ သူတို့ အဖွားတော်သူကိုမှ အမေလို့ ခေါ်ကြပါသတဲ့။

အဖွားက သမီးကြီး မိသားစုရှိရာ ရန်ကုန်မြို့ကြီးကို လာလည်ခဲပါတယ်။ အဲ လာလည်ပြီဆိုရင်လည်း တလလောက်ပဲ နေတတ်ပြီး သူနေထိုင်ရာ တိုးမြစ်နားက နယ်မြို့လေးကိုဆီ ပြန်တော့တာပါပဲ။ အဲဒီအခါ ကျနော်တို့က နောက်တတ်ပါတယ်။ အဖွားက အဘကို စိတ်မချလို့ထင်တယ်လို့ ပြောတဲ့အခါ ဒီကလေးတွေလို့ အံကြိတ်ကြိမ်းမောင်းတတ်ပါတယ်။

အဖွားက ဟင်းချက်အတော်ကောင်းပါတယ်။ သူ့ချက်တဲ့လက်ရာကို အမေက အတော်မီိပါတယ်၊ အမေ့ထက် ဟင်းချက်ကောင်းသွားသူက ကျနော့်တဝမ်းကွဲအမဖြစ်သူပါ။ သူတို့က အဖိုး အဖွားနဲ့ အတူ နယ်မြို့မှာပဲ အတူတူနေကြတဲ့အတွက် မြေးအဖွားနှစ်ယောက် မီးဖိုချောင်ကိစ္စမှာ အဖွားကို သူက ကူညီရပါတယ်။ ဝမ်းကွဲအမက ဟင်းချက်ပုံ ဟင်းချက်နည်း တော်တော်များများကို လုပ်ရင်းကိုင်ရင်း အဖွားဆီက ဆရာစားမချန် ရခဲ့သူဖြစ်ပါတယ်။ ငါးပြေမဟင်းကို ကန်စွန်းရွက်အုပ်ချက်ထားတဲ့ အဖွားရဲ့လက်ရာ လယ်သူမချက်ဆိုရင် ထမင်းနှစ်ပန်းကန် သုံးပန်းကန်ဆိုတာ ဗိုက်ထဲကို လျှောကနဲပါပဲ။

အဖွားက ရန်ကုန်ကို လာလည်တဲ့အခါမှာလည်း ဟင်းချက်တာကို တာဝန်ယူသူပါ။ အမပဲချက်ပါမယ်၊ ညဉ်းလည်း တောက်လျှောက်ချက်ပြုတ်နေတာ၊ အေးအေးနေပါအေ လို့ အမေ့ကို နားနားနေနေနေခိုင်းပြီး သူပဲ ချက်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်သူဟာ ဟင်းစားကိုလည်း ကို်ယ်တိုင်သွားဝယ်ရတာကိုပဲ နှစ်သက်လေ့ရှိပါတယ်။ အဲဒါကြောင့် အဖွားက နီးရာစျေးကို လှုပ်တုပ် လှုပ်တုပ်နဲ့ သွားပါတယ်။ လှုပ်တုပ် လှုပ်တုပ်လို့ ပြောရတာက အဖွားက အသက်နည်းနည်းရလာတဲ့အခါ ဒူးနာပါတယ်၊ ညောင်းတာ ညာတာ ရှိပါတယ်။ အဖွားကို နင်းပေး နှိပ်ပေး အပူထုတ်ပေးဖူးပါတယ်။ အဖွားဆီက မုန့်ဖိုးရချင်တာလည်း ပါပါတယ်။ အမေတို့ အမလို့ ခေါ်တဲ့ အဖွား စျေးသွားတဲ့အခါ လိုက်ပါပြီး စျေးဝယ်ခြင်းဆွဲရသူကလည်း ကျနော် ကျော်မောင်ပေါ့ခင်ဗျာ။

စစခြင်း တရက်မှာ၊ အဲဒီ တရက်ဆိုတာက အဖွား သဘောင်္နဲ့ ရန်ကုန်ရောက်လာပြီး နောက်တနေ့မနက်မှာ၊ အဖွားက စောစောစီးစီး ရေမိုးချိုးပြီး အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ဝတ်ပြီးတဲ့အခါ စျေးခြင်းဆွဲပြီး စျေးသွားမယ် ပြင်ပါလေရော။ သားကျော်ရေ အဖွားနဲ့ လိုက်သွားလိုက်လို့ အမေက ပြောတဲ့အခါ ဟုတ်ကဲ့ဆိုပြီး အဖွားကို လက်တွဲပြီး စျေးကို လမ်းလျှောက်ကြပါတယ်။ စျေးနဲ့ အိမ်နဲ့က ကျနော်တို့ ကလေးနှုန်းနဲ့ဆို ကြာလှ ဆယ်မိနစ်ပေါ့။ အဖွားနဲ့သွားတဲ့အခါ နှစ်ဆမက ကြာပါတယ်။ ဒါက စျေးအဝ အရောက်ကိုပဲ ပြောတာပါ။

အဖွားမှာ စျေးဝယ်တဲ့စနစ်တခုရှိတာ အဖွား စျေးဝယ်တဲ့အခါ နောက်လိုက်ခြင်းဆွဲလုပ်ရင်းနဲ့ သတိပြုမိပါတယ်။ အဲဒါက ဘာလည်းဆိုတော့ သူက စျေးတန်း စတွေ့တာနဲ့ စဝယ်တာပါပဲ။ သားငါးစျေးတန်းက စျေးကြီးရဲ့ အဆုံးဖက်နားလောက်မှာ ရှိပါတယ်။ ကျနော့်အတွေးက သားငါးက အဓိက၊ စျေးအဆုံးမှာလည်း ရှိတယ်၊ အဲဒီကို အရင်သွား၊အဆုံးကနေမှ တဖြည်းဖြည်းစျေးအဝင်ဖက် ထွက်လာတာမှာ ဝယ်ချင်တာတွေ အဲဒီကျမှ ဝယ်။ အဖွားနဲ့ စျေးစလိုက်တဲ့နေ့မှာပဲ မြေးအဖွားနှစ်ယောက် နောင်ဂျိန်ပါပဲ။ အဖွားနောက်မှဝယ်၊ ပြန်လာမှဝယ်မယ်ဆိုရင်၊ ဒီကလေး မသိဘဲနဲ့၊ ပြန်လာရင် ဒီဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ တို့စရာတွေက ကုန်သွားလောက်ပြီ၊ မကောင်းတာတွေပဲ ကျန်ခဲ့မယ်တဲ့။

အဲဒီတော့ စျေးကို စဝင်ကတည်းက ဟိုဆိုင်တွေ့ ဒါလည်း လတ်လိုက်တာ၊ သမီးစားဖို့ ဝယ်သွားမှ၊ ဒီဆိုင်တွေ့ ဒါလေးဆို ကောင်လေးကြိုက်မှာပဲ၊ အဲ ပြောရဦးမယ်၊ ကောင်လေးဆိုတာ ကျနော့်အဖေကို ခေါ်တာ၊ ဒါတွေက ငါ့မြေးတွေ စားဖို့နဲ့ ၊ စျေးတန်းကလည်း ဘယ်ဖက် ညာဖက်မှာ ဗန်းလေးတွေ အခင်းလေးတွေနဲ့ ချရောင်းနေတဲ့ခေတ်ဖြစ်တဲ့အတွက် အဖွားက ဆိုင်တဆိုင်ရှေ့ရောက်ရင် မြေးရေ ခဏဆိုပြီး ဆောင့်ကြောင့်ထိုင်၊ သူ့စိတ်ကြိုက် ရွေးချယ်ကာ စျေးဆစ် ငွေချေ၊ ပြီးတာနဲ့ အိမ်ကယူလာတဲ့ စျေးဝယ်ခြင်းထဲ ထည့်ပါတယ်။ ကဲ မြေးရေ ဆွဲ ဆိုတာနဲ့ မြေးကျော်မောင်လည်း ဆွဲရပါတယ်။ ဆောင့်ကြောင့်ထိုင်ရာမှ ထဖို့ပြင်တဲ့ အဖွားကိုလည်း လက်တဖက်နဲ့ ထူရပါသေးတယ်။

သားငါးတန်း မရောက်ခင်မှာပဲ စျေးခြင်းက အတော်စုံနေပြီ ဖြစ်ပါတယ်။ ခြင်းဆွဲကလည်း ဘယ်ညောင်းရင် ညာဖက်နဲ့ဆွဲ၊ ညာညောင်းရင် ဘယ် တလှည့်စီ မနိုင်မနင်းဆွဲလို့။ သားငါးတန်းကထွက်၊ ပန်းသည်တွေဆီရောက်တဲ့အခါ ဘုရားကပ်ဖို့ ပန်းတွေ ဝယ်ပါတယ်။ အဲဒီ ပန်းစည်းတွေကို အဖွားက သယ်ပါတယ်။ စျေးကနေ ပြန်ထွက်တဲ့အခါမှာလည်း သူ့စိတ်ထဲ ဝယ်ချင်တာတွေ့ရင် မြေးရေ ပန်းတွေက အပွင့်တွေ လက်နဲ့ မထိစေနဲ့ ရော့ကိုင်ထားလို့ လှမ်းပေးရင်း စျေးဝယ်ပြန်ပါတယ်။

အိမ်ပေါ်ရောက်တဲ့အခါ ခြင်းဆွဲကျော်မောင်လည်း လက်မောင်းတွေ အတော်ညောင်းနေပြီ ဖြစ်ပါတယ်။ နောက်နေ့မနက် အဖွားစျေးသွားမယ်ဆိုတော့လည်း ကျော်မောင်ဆိုတဲ့ မြေးက မညည်းမညူ စျေးခြင်းလိုက်ပါဆွဲပေးလေ့ရှိပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဖွားက ရိုးရိုးအဖွားမဟုတ်ပါ၊ ခေတ်အတော်များများကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်တဲ့အတွက် ဆယ်ကျော်သက်ဝင်စ မြေးကို လွယ်လွယ်လေးပဲ မက်လုံးလေးပေးပြီး စည်းရုံးနိုင်ခဲ့သူပါ။

အဲဒါက စျေးကနေ ပြန်အထွက်မှာ ပြောင်းဖူးပြုတ်တို့၊ ပြောင်းဖူးမီးဖုတ်တို့၊ မုန့်ဆီကြော်တို့၊ ဖီးကြမ်းငှက်ပျောသီးတို့ အစရှိတဲ့ မုန့်ပဲသရေစာ အရောင်းဆိုင်တွေကနေ မြေးကျော်မောင် ကြိုက်ရာ သရေစာတခုထက်မကကို ဝယ်စားခွင့်ပေးထားတာပါပဲ။

မြေးကျော်မောင်ကလည်း အိမ်ရောက်တာနဲ့ ဘယ်အိမ်သားကိုမှ ပေးမကျွေးပါဘူး။ စားချင်ရင် အဖွားနောက်က စျေးခြင်းလိုက်ဆွဲကြလေလို့ ခပ်တင်းတင်း ပြောရင်း ဝယ်လာတဲ့ မုန့်ကို မြိန်ရည်ရှက်ရည် တဖြဲနှစ်ဖြဲဆွဲပါတော့တယ်။

အဲဒီလိုနဲ့ အဖွား ရန်ကုန်ကနေ နယ်မြို့ကို မပြန်မချင်း စျေးခြင်းဆွဲတာဝန်ကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့သောသူဖြစ်ပါကြောင်း ရှေးဟောင်းနှောင်းဖြစ် သတိရစရာအနေနဲ့ ရေးသားလိုက်ရပါတယ်။

အဖွားရဲ့ မြေးရေ ဘာစားဦးမလည်းလို့ မုန့်ဆိုင်ရှေ့ရောက်တိုင်း မေးတဲ့ အသံလေးကို အခုထိ ကြားယောင်နေမိပါကြောင်း။ ။

ကျော်မောင်(တိုင်းတာရေး) (ခ) မြေးကျော်မောင်
၂၂-၁-၂၀၁၆

စာကြွင်း ။ ။ ရသစာပေနွယ်သော ကိုယ်တွေ့ဆောင်းပါးလည်းဖြစ်၊ အဖွားအတွက် အမှတ်တရလည်းဖြစ်တဲ့ ဆောင်းပါးမျိုး ရေးသားခြင်းဖြစ်ပါတယ်။


Jan 18, 2016

ခေါင်းကြီးပိုင်းများ

"တပည့်တို့ စာစီစာကုံး အရေးအသားကောင်းဖို့ဆိုရင် ကောင်းတဲ့ အရေးအသားတွေကို အတုယူတတ်ရမယ်။ လေ့လာတတ်ရမယ်။ စာစီစာကုံးစာအုပ်တွေလည်းဖတ်နိုင်ရင်ဖတ်ပါ။ အကောင်းဆုံးနည်းက သတင်းစာတွေ မဂ္ဂဇင်းတွေမှာပါတဲ့ ခေါင်းကြီးပိုင်းဆိုတာတွေကို ဖတ်ရမယ်။ ဒါတွေက စာစီစာကုံးရေးဖို့အတွက် အထောက်အကူအပြုနိုင်ဆုံး နည်းပဲ။ " မြန်မာစာဆရာကြီးမှ တက္ကသိုလ်ဝင်တန်းကျောင်းသူ ကျောင်းသား ကျနော်တို့အား လမ်းညွှန်ခဲ့သော စကားဖြစ်ပါသည်။ ထိုမတိုင်မီ သတင်းစာဖတ်လျှင် ခေါင်းကြီးပိုင်းဆိုတာတို့ ၊ အယ်ဒီတာ့အာဘော်ဆိုတာတို့ကို ကျော်ကာ လွှားကာ ဖတ်ခဲ့ပါသည်။ ဆရာကြီး ညွှန်းဆိုမှ အိမ်ရောက်ရောက်ချင်း သတင်းစာဟောင်းများအား ပြန်လှန်ကာ ခေါင်းကြီးပိုင်းတွေကို လိုက်ဖတ်ဖြစ်သည်။ ဒီလိုနဲ့ပဲ စာစီစာကုံးတွေမှာ အရေးအသားတွေ တက်လာသည်ဟု ပြောရမည် ဖြစ်ခဲ့သည်။
အခုထက်ထိ သတင်းစာ၊ မဂ္ဂဇင်း၊ စာစောင်ဆိုတာတွေ ဖတ်လျှင် ခေါင်းကြီးပိုင်းကို အရင်ဆုံးစဖတ်သည့် အကျင့်ဖြစ်သွားသည်။

စင်ကာပူနိုင်ငံ မြန်မာ့ရွာဟုခေါ်သောပင်နီစူးလားပလာဇာ(Pennisula Plaza)ရှိ လမ်းပြကြယ်စာကြည့်တိုက်မှ ငှားခဲ့သော စာအုပ်နာမည်က"ဂန ္ထလောက လက်ရွေးစင် ခေါင်းကြီးပိုင်းများ [၁၉၂၈-၁၉၃၅] ” ဆိုတာဖြစ်သည်။ စာအုပ်ခေါင်းစဉ်အောက်မှာ "ရာပြည့်စာတည်းအဖွဲ့ဝင်တစ်ဦး စုစည်းတည်းဖြတ်သည်။"ဟု ပါသည်။ အတွင်းဖက် စာမျက်နှာတွင် ရာပြည့်စာအုပ် ၂၉၈ ဟုရေးထားသည်။ ၂၀၁၀ မေလ ထုတ်ဖြစ်ပြီး ပထမအကြိမ်ထုတ်ဝေတာဖြစ်သည်။ စာမျက်နှာ ၂၄၀ ရှိသည်။ စာရွက်အရွယ်အစားက A4 ဆိုက်ဒ် တဝက်သာသာဖြစ်သည်။ စာအုပ်ကတ်တလောက်အညွှန်းတွင် ၁၃ x ၂၀.၇ စင်တီ ဟုဖော်ပြထားသည်။

"ဂန ္ထလောက" ဆိုသောနာမည်နှင့် ရင်းနှီးကြမည် ထင်သည်။ ဆဌမတန်း မြန်မာ့သမိုင်း သင်ရိုးစာအုပ် တနေရာတွင် "ဂန ္ထလောက" မဂ္ဂဇင်းအကြောင်း လေ့လာခဲ့ရသောကြောင့် ဖြစ်ပါသည်။ ငှားလာခဲ့သော စာအုပ်ကို စဖတ်သောအခါ "ဂန ္ထလောက" ဆိုသော နာမည်ကို လွယ်လွယ်ကူကူ ပြောင်းခဲ့ခြင်း မဟုတ်ကြောင်း ၊ “World of Books" ဟူသော မဂ္ဂဇင်း အမည်မှ လာကြောင်း သိရပါတော့သည်။ မဂ္ဂဇင်း၏  ဆောင်ပုဒ်ဖြစ်သော "မြေအုတ်များ ပြိုလေရာ ကျောက်အုတ်ဖြင့် တည်ဆောက်အ့ံ" ဆိုသည်မှာလည်း တဖြည်းဖြည်း ပြုပြင်ပြောင်းလဲယူလာရသော ဆောင်ပုဒ်တခု ဖြစ်ပေသည်။ မဂ္ဂဇင်းစတင် ထုတ်ဝေသုူမှာ မစ္စတာ ဖာနီဗယ် ဆိုသူဖြစ်သည်။ စာအုပ်ဆိုင်ဖွင့်ရာမှ လစဉ်ထုတ်မဂ္ဂဇင်းတစောင် ထုတ်ဝေဖြစ်ခဲ့ပေသော၊ မြန်မာများအတွက် အသိပညာလမ်းပွင့်စေခဲ့သော သူဖြစ်သည်။ ၁၉၃၀ ဖေဖေါ်ဝါရီလထုတ်မှ စတင်ကာ "ဂန ္ထလောက " အမည်ဖြင့် ထုတ်ဝေသည်။ ၁၉၄၁ နိုဝင်ဘာလအထိ ထုတ်ဝေခဲ့သည်။

"ဂန ္ထလောက လက်ရွေးစင် ခေါင်းကြီးပိုင်းများ [၁၉၂၈-၁၉၃၅] ” စာအုပ်တွင် ခေါင်းကြီးပိုင်း အပုဒ် (၈၀) ပါသည်။ ခေါင်းကြီးပိုင်းတွင် ရေးသော အကြောင်းအရာတွေက စုံလင်လှသည်။ မြန်မာပြည် ပညာပြန့်ပွားရေး အသင်းကြီး အကြောင်း၊ "ဂန ္ထလောက" မဂ္ဂဇင်းအကြောင်း၊ မြန်မာ့ပညာရေးနှင့် ဆိုင်သောအကြောင်း၊ မြန်မာစာပေနှင့် မြန်မာလူမျိုးများတိုးတက်ရေး အကြောင်း စသဖြင့် ပါဝင်သည်။ ခေါင်းကြီးပိုင်း အားလုံးသည် ခေါင်းစဉ်နှင့်ဖြစ်သည်။ ခေါင်းကြီးပိုင်း အဆုံးတွင် ထိုခေါင်းကြီးပိုင်းပါဝင်သော ဂန ္ထလောကမဂ္ဂဇင်း၏ ထုတ်ဝေရာ ခုနှစ်နှင့် လကို ဖော်ပြပေးထားသည်။

ညွှန်းပါရစေ။ အထက်ပါ စာအုပ်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ ဖတ်သင့်သော စာအုပ်ဖြစ်ပါသည်။ အထူးသဖြင့် စာသင်သူ စာသင်သား ကျောင်းနေ ဆယ်ကျော်သက် လူငယ်များ ဖတ်သင့်ပါသည်။ စာအုပ်အရောင်းဆိုင်များတွင် ရှာကာ ဝယ်ဖတ်ပါ။ စာကြည့်တိုက်များတွင် ရှာဖတ်ပါ။ မရှိလျှင် ရအောင် ရှာဝယ်ကာ ကျောင်းစာကြည့်တိုက်များသို့ လှူပါ။ စာအုပ်ပါ ခေါင်းကြီးပိုင်းများ ဖတ်ခြင်းဖြင့် စာစီစာကုံး အရေးအသား အားကောင်းလာမည်သာမက မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ကာလဖြစ်သော (၁၉၂၈-၁၉၃၅) အတွင်း မြန်မာ့အရေးကို တီးမိခေါက်မိ ရှိသွားစေပါသည်။

ကျော်မောင်(တိုင်းတာရေး)
၂၆-ဧပြီ-၂၀၁၅
၂-မေ-၂၀၁၅
၆-ဒီဇင်ဘာ-၂၀၁၅
၁၈-ဇန်နဝါရီ-၂၀၁၆


မှတ်ချက်။   ။ စာအုပ်ငှားရမ်းဖတ်ရှူခွင့်ရခဲ့သော လမ်းပြကြယ်စာကြည့်တိုက်(စင်ကာပူ)အား ကျေးဇူးတင်ရှိပါသည်။

Jan 15, 2016

(ဖတ်ခဲ့ဖူးသော စာတအုပ်) ဧရာဝတီ - တိုက်စိုး

မိုက်တွင်းနက်အောင်
ကိုယ့်ဘာသာ လက်နဲ့တူးကြ
ကျည်တောက်တောင် ကောက်သွားပြီ
ဖြောင့်ချင်ကြဦး
နေ့တိုင်း မိုးခါးရေက ငတ်မပြေ
ဆားနဲ့ ရောသောက်တယ်
မျက်ရည်ဆိုတာ ရယ်တဲ့အခါမှာရော ရတာလား
ပြုံးခဲ့ဘူးတယ်တဲ့ ဒီမျက်နှာ
အခု ဖော်မရခဲ့
ရပြန်တော့လည်း မချိပြုံး၊
လမ်းတလျှောက် လာခဲ့ရတာ မောတယ်
ဦးခေါင်းက ပြည်မယိုချင်ပါဘူး
နောက်ဆုံးကျတော့ မထူးဇာတ်ပဲ ပြန်ကနေကြတာပါလား။ ။

ခုတလော တောအကြောင်း၊ တောင်အကြောင်း၊ မြစ်ချောင်း အင်းအိုင်အကြောင်းတွေ လေ့လာဖြစ်ပါတယ်။ ရုက္ခဗေဒဥယျာဉ်ရောက်သွားခဲ့တာလည်း ပါမပေါ့။ မြန်မာ့ရွာက "လမ်းပြကြယ်" စာကြည့်တိုက်မှာ တရက် စာအုပ်ငှားနေတုန်း အတွေးတစ်ခုဝင်လာတာနဲ့ တာဝန်ကျ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးကို မေးကြည့်ပါတယ်။ ဧရာဝတီမြစ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းများ ရှိမလားဗျာ ဆိုတော့ ဆရာတိုက်စိုးရဲ့ ဧရာဝတီကို ညွှန်းပါတယ်။

ငှားပြီး ဖတ်နေတုန်း နှစ်ပတ်ပြည့်လို့ ရက်ထပ်တိုးတဲ့ အခါမှာ ဧရာဝတီနဲ့ ဆိုင်တာ နောက်တအုပ်တွေ့ပြန်ပါတယ်။ ဧရာဝတီကိုတော့ မလွမ်းချင်ပါ ဆောင်းပါးများနှင့် ရသစာစုများ ဆိုတဲ့ စာအုပ်ပါ။ ဖတ်လို့မပြီးသေးပါ။ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက် အတွေးတွေ ဝင်လာလိုက်၊ နောက်တစ်ပုဒ် ဖတ်လိုက် နောက်ဆက်တွဲ အမြင်တွေ ပေါ်လာလိုက်နဲ့။ ကဲ ရေးမယ်ဆိုပြီး မြေပုံလိုက်ရှာပါတယ်။ မြန်မာနိုင်ငံမြေပုံ။ ပြန်တုန်းက ဝယ်ခဲ့တာ၊ အခုသုံးရတော့မယ်။ မြေပုံမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဟိုးမေခ မလိခကစပြီး မြစ်ဝကျွန်းပေါ်အထိ။မေခ မလိခ မြစ်နှစ်မြွှာ ပေါင်းဆုံ ဧရာဝတီ ဆိုတာပေါ်လာ။

တောက်လျှောက် စီးဆင်းလာလိုက်တာမြစ်ဝကျွန်းပေါ်မှာ မြစ်ခွဲတွေ မြစ်လက်တက်တွေ ချောင်းတွေ ဖြစ်သွားတယ်။ စဉ်းစားကြည့်ရင် အဲဒီ မြစ်ချောင်းတွေက ဘယ်ကဖြစ် ဘယ်ကလာ။ ဧရာဝတီကဖြစ်၊ ဧရာဝတီကလာပါတယ်။ ဒါကြောင့် ခေါင်းစဉ်ကို ဧရာဝတီမြစ်ဆီက လာတယ်လို့ ဆိုခဲ့တာပါ။ မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာတစ်နိုင်ငံလုံးမှာ ဆန်စပါးအတွက် အားအထားရဆုံးဖြစ်ပါတယ်။ မေခ မလိမ ရှိလို့ ဧရာဝတီရှိလာပါတယ်။ တနည်းပြောရရင် မြစ်ဆုံရှိလို့။ ဧရာဝတီရှိလို့ မြစ်ဝကျွန်းပေါ်ဖြစ်လာပါတယ်။ မြစ်ဝကျွန်းပေါ်ရှိတာဟာ မြန်မာတွေ ထမင်းငတ်မသေဘူးလို့ ပြသနေသလိုပါပဲ။ လယ်ရှိရင် စပါးရှိမယ်၊ စပါးရှိရင် ဆန်ရနိုင်တယ်။ ဆန်ရရင် ထမင်းမငတ်တော့ပါ။ ပြောင်းပြန်ပြန်တွေးကြည့်တော့ ဧရာဝတီသာ တစ်ခုခုဖြစ်လို့ကတော့ ထမင်းငတ်ပြီပေါ့။

အဲဒါနဲ့ပဲ ဆရာတိုက်စိုးရဲ့ ဧရာဝတီ စာအုပ်ကို ရုံးပိတ်ရက် စနေ တနင်္ဂနွေမှာ ဖတ်လိုက် စဉ်းစားလိုက်နဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေလောက်မှာ တအုပ်လုံး ဖတ်ပြီးသွားပါတော့တယ်။ ဖတ်တာကလည်း အိမ်မှာ စိမ်ပြေနပြေ ထိုင်ပြီး ဖတ်တာမဟုတ်။ ရုံးပိတ်ရက်တွေမှာ ဖွင့်ရက်ထက် အလုပ်များပါတယ်။ သွားစရာတွေ လုပ်စရာတွေက တန်းစီးထားတာဖြစ်တယ်။ ဆိုတော့ စာအုပ်ကို သွားလေရာ တပါတည်းယူ ရထားပေါ်လည်းဖတ်၊ ကားပေါ်လည်းဖတ်။

စာအုပ်က ဒုတိယအကြိမ် ပြန်ထုတ်ဝေထားတာပါ။ ၂၀၀၃ ဒီဇင်ဘာလက ဒုတိယအကြိမ်။ ၁၉၈၀ မှာ ပထမအကြိမ်ထုတ်ဝေခဲ့တယ်လို့ စာအုပ်ရေးသူ ဆရာတိုက်စိုးက နိဒါန်းရေးပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် နှစ်ဆယ့်သုံးနှစ်ကြာခြားပါတယ်။ အခုတခါ ၂၀၁၅ ယခုနှစ်စပိုင်းမှာမှ ကျွန်တော်ဖတ်ရတော့ ၃၅ နှစ်လောက်ရှိပြီပေါ့ မူရင်းစာအုပ်သက်တမ်းက။ ဧရာဝတီလည်း ပြောင်းလဲခြင်းမက ပြောင်းလဲလို့နေပါတယ်။ ဆရာတိုက်စိုးသာ ရှိသေးရင် ဧရာဝတီနောက်ဆက်တွဲဆိုပြီးရေးဖြစ်မည်ထင်ပါတယ်၊ ဖြစ်ရပ်တွေက များမှများ ဖြစ်နေပြီကိုး။

ဆရာတိုက်စိုးက သူ့စာအုပ်ကို အပိုင်းသုံးပိုင်းခွဲထားပါတယ်။ ဧရာဝတီအစကနေ မြစ်ကြောင်းအတိုင်း တောက်လျှောက်ဆင်းလာလိုက်တာ မြစ်ကြောင်းတလျှောက်တွေ့ရတဲ့ မြို့့တွေ နယ်တွေအကြောင်း တချို့လည်း ခပ်ပါးပါး၊ တချို့လည်း အကျဉ်းလောက် သိသင့်တာတွေ ရေးပြသွားပါတယ်။ ဆိုင်ရာဆိုင်ရာ မြို့နယ်တွေရဲ့ သက်ဝင်လှုပ်ရှားပုံတွေကို စာပန်းချီခြယ်ပြခဲ့ပါတယ်။ သမိုင်းလိုရင် သမိုင်းထည့်၊ ပုံတိုပတ်စလိုရင် ပုံတိုပတ်စထည့်ဖြင့် စာဖတ်သူ လက်ကမချချင်လောက်အောင် ရေးသားခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်အထိရေးသွားပြီးမှ အပိုင်းတစ်ကို အဆုံးသတ်ပါတယ်။ အပေါ်မှာ ကျွန်တော်ရေးခဲ့သလို မြန်မာနိုင်ငံမြေပုံလေးကြည့်ပြီး ဖတ်နိုင်ရင် ၊ ဒါမှမဟုတ် အင်တာနက်ကနေ Google Map သုံးပြီး ဧရာမြစ်ကြောင်းတလျှောက်ကြည့်ပြီး ဖတ်သွားရင်တော့ ပိုကောင်း ပိုအသက်ဝင်မယ်ထင်ပါတယ်။

အပိုင်းနှစ်မှာ မြစ်ဧရာကို အခြေတည်ကာ ဖြစ်ပျက်ကြသော မြန်မာသမိုင်းကြောင်းကို ရေးပြထားပါတယ်။ ဒီနေရာမှာ စောဒကတက်နိုင်တာက စာအုပ်ခေါင်းစဉ်က "ဧရာဝတီ" ဆိုပြီး တပ်ထားပေမယ့် ဒီအပိုင်းမှာ မြစ်အကြောင်းမပြောတော့ဘူးလို့ တက်စရာရှိပါတယ်။ ဆရာတိုက်စိုးက ဧရာဝတီမြစ်ဝှမ်းကို အခြေပြုပြီး စစ်တွေဖြစ် မင်းတွေပြောင်း ခေတ်တွေပြောင်း ဒါတွေကို သိစေချင်လို့ တင်ပြခဲ့တယ်လို့ မှတ်ယူပါတယ်။ စစ်တိုက်တော့လည်း ဧရာဝတီပါရတာပါပဲ။ သူ့ကျွန်အောက် ရောက်ခဲ့ရတော့လည်း ဧရာဝတီပါရတာပါပဲ ဆိုတာကို သိစေ မြင်စေချင်လို့ ဖြစ်မည်ထင်ပါသည်။ ပျူ ခေတ်မှ စကာ ပု၊ပင်း၊အင်း၊တောင်၊ညောင်ရမ်းနောင်၊ ကုန်းဘောင် ကိုလိုနီ ဟူသော ခေတ်တွေကို တခေတ်ချင်း ပြသွားပါတယ်။

နောက်ဆုံး အပိုင်းသုံးတွင် ဧရာဝတီရေကြီးမှုကို ဖော်ပြခဲ့ကာ စာအုပ်ကို အဆုံးသတ်ခဲ့ပါတယ်။

စာအုပ်ဖတ်ပြီးတော့ အောက်ပါအချက်လေးတွေ ရပါတယ်။ အရင်က မသိခဲ့တာတွေပေါ့ ..
-ဧရာဝတီ ဖြစ်ပေါ်လာတာနဲ့ ပတ်သက်သော ကချင်ရိုးရာပုံပြင်
-ဒုတိယမြစ်ကျဉ်းနှင့် ဆက်စပ်သော စမ္ပာယ်နဂိုရ် ပုံပြင်
-ဒုတိယဘုရင်ခံ၏ အမဲလိုက်ခြင်း
-အောင်လံမြို့အကြောင်း
-တခေတ်တခါက အညာမှ ကုန်လှေများ အောက်ပြည်အောက်ရွာသို့ လာရောက်စျေးရောင်းကြပုံ
-ဝပ်ဆင်ကုမ္ပဏီရဲ့ ကုန်ရောင်းနည်း
-ပုဂံခေတ် ကျန်စစ်သားလက်ထက်က အဖြစ်တခု.. ရာဇကုမာရကို ကျန်စစ်သား၏သားလို့ ဆရာတိုက်စိုးက မဆိုခဲ့။ ကျန်စစ်သား၏ကျေးဇူးရှိခဲ့ဖူးသော အမတ်ဟုသာ ရေးသည်။ သမိုင်းအထောက်အထား မခိုင်လုံလို့ မရေးတာလားဟု စဉ်းစားဖွယ်ဖြစ်ပါတယ်။
-နရသူမင်းကို ပ့ံသကူမထေရ်မိန့်ဆိုသော စကား "လူ့ပြည်တွင် နင့်ထက်ဆိုးဝါး ညစ်ညမ်းသူ မရှိ"
-မွန်သူရဲကောင်း လဂွန်းအိန်
-မြန်မာ အင်္ဂလိပ် ဆက်ဆံရေးမှသည် သူ့ကျွန်အောက်ရောက်သည်အထိ .. အချို့အချက်များမှာ ငယ်စဉ် အတန်းကျောင်းနေတုန်းက မြန်မာသမိုင်းမှာ မထည့်ထားတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

ညွှန်းပါရစေ ….

ဒီစာအုပ်သည် မြန်မာပြည်သူများ ဖတ်သင့်သော စာအုပ်ဖြစ်ပါတယ်။ စာဖတ်တတ်သော ကလေးအရွယ်မှ မှန်ဘီလူးကိုင်ကာ စာဖတ်ဆဲရှိသော လူကြီးများအထိ မဖတ်ရသေးလျှင် ဖတ်ကြပါ။ စာအုပ်အရောင်းဆိုင်များမှာ ရှာကာ ဝယ်ဖတ်ပါ။ စာအုပ်အငှားဆိုင်များတွင် ရှိပါလျှင် ငှားဖတ်ပါ။ စာကြည့်တိုက်များတွင် ရှာဖတ်ပါ။ မရှိလျှင် ဝယ်လှူနိုင်က ဝယ်လှူပါ။ သို့မဟုတ် စာကြည့်တိုက်များကို ထိုစာအုပ်ဝယ်ရန်တိုက်တွန်းပါ။ ကျောင်းစာကြည့်တိုက်များကို လှူပါ။ ကလေးများ ဖတ်ပါစေ။

ဒီစာအုပ်ဖတ်ပြီးလျှင် ဘာကြောင့် ဧရာဝတီဟာ အရေးပါရသလဲ အရေးကြီးရသလဲဆိုတာ သဘောပေါက်နိုင်ပါသည်။ ကလေးများအား မြေပုံနှင့်တကွ ရှင်းပြပါ။

စာအုပ်ဖတ်ပြီး မြစ်ဧရာကို ချစ်သူများ တိုးပွားကာ မြစ်ဧရာ အဓွန့်ရှည်ရန် ကြိုးပမ်းသူများ များပြားလားနိုင်ပါစေကြောင်း အကျိုးမျှော်ကာ ဆရာတိုက်စိုး၏ "ဧရာဝတီ" စာအုပ်အား မှီသမျှ ဉာဏ်ဖြင့် ညွှန်းဆိုလိုက်ရပါကြောင်း ။ ။

ကျော်မောင်(တိုင်းတာရေး)
၁၃-ဇန်နဝါရီ-၂၀၁၅
မှတ်ချက်။ ။လွန်ခဲ့တဲ့ တနှစ်က ရေးခဲ့တာဖြစ်ပါတယ်

မြန်မာတွေ စာဖတ်ကြပါတယ်

လွန်ခဲ့တဲ့နာရီဝက်လောက်က မိတ်ဆွေတယောက်မျှဝေထားတဲ့ သတင်းစာစုလေးကိုဖတ်ပြီး ဒီစာကို ရေးဖြစ်ပါတယ်။ရန်ကုန်က နာမည်ရ စာအုပ်အရောင်းဆိုင်တဆိုင်ပိတ်သိမ်းတဲ့ သတင်းပါ။အရှုံးပေါ်တဲ့လများတယ်၊ကြာကြာရပ်တည်ဖို့ ခက်ခဲတယ်ဆိုပြီး အပြီးအပိုင်ပိတ်သိမ်းသွားတဲ့ စိတ်မကောင်းစရာသတင်းပါ။ တခြားဆိုင်များလည်းပိတ်သိမ်းကြဖို့ စိုင်းပြင်းနေတယ်လို့ဆိုပါတယ်။ ဒါကောင်းတဲ့သတင်းတော့ မဟုတ်ပါ။

မြန်မာလူမျိုးတွေဟာစာဖတ်တဲ့လူမျိုးတွေ ဖြစ်ပါတယ်။ကားစီး၊ ရထားစီး၊ သင်္ဘောစီး၊လေယာဉ်စီး၊ ဘာပဲ စီးစီးဖတ်စရာတခုခုကို ကိုင်ဖတ်နေတတ်တဲ့လူမျိုးပါ။ ဝတ္ထုစာအုပ်ဖတ်ရင်ဖတ်၊မဂ္ဂဇင်းဖတ်ရင်ဖတ်၊ကာတွန်းစာအုပ်ဖတ်ရင်ဖတ်၊သတင်းစာဖြစ်ဖြစ်၊ ဂျာနယ်ဖြစ်ဖြစ်ဖတ်ရင်ဖတ်၊ အနည်းဆုံးလေးငါးခေါက် ဖတ်ဖူးနေကြစာအုပ်ကိုပဲ ထပ်ဖတ်ကြတာမြန်မာလူမျိုးတွေပါ။ မြန်မာတွေစာဖတ်ကြပါတယ်။

စာဖတ်တဲ့မြန်မာတွေရှိရဲ့သားနဲ့ဘာကြောင့် စာအုပ်ဆိုင်တွေပိတ်ကုန်ရပါသလဲ။

မြန်မာတိုင်းစာဖတ်ချင်ပေမဲ့ ဖတ်ဖို့စာသည်အလကားမရပါ။ ငွေနှင့် ဝယ်ယူရပါသည်။ထိုအချက်က စာအုပ်ဆိုင်များပိတ်သိမ်းဖို့ အကြောင်းစလာခြင်းဖြစ်သည်။စာအုပ်ဆိုင်တော်တော်များများ၏ပုံမှန်ဖောက်သည်များမှာစာအုပ်အငှားဆိုင်များဖြစ်ပါသည်။ဒါက ယခင်က ဖြစ်သည်။ ယခုစာအုပ်အငှားဆိုင်တွေအလုပ်မဖြစ်တော့။ ဖတ်သူနည်းသွားသဖြင့်(တနည်း)ငှားရမ်းသူနည်းသွားသဖြင့် စာအုပ်အငှားဆိုင်အလုပ်မှအခြား စီးပွားဖြစ်ရာ အလုပ်သို့ပြောင်းကြလေသည်။ ထိုအငှားဆိုင်များတဖြည်းဖြည်း ဆိတ်သုဉ်းတော့အနှီ စာအုပ်အရောင်းဆိုင်များကြာရှည်မခံတော့ပေ။

ပြောစရာရှိသည်။တခြားနိုင်ငံတွေမှာ ပုံနှိပ်တွေကရှိဆဲပဲ၊ စာအုပ်တိုက်တွေကရပ်တည်နေဆဲပဲ၊ စာအုပ်အရောင်းဆိုင်တွေကရောင်းနေဆဲပဲဟု။ မှန်သည်။သူတို့ဆီက စာအုပ်တွေကိုသူတို့တွေဆီက စာကြည့်တိုက်များကထောက်ကန်ပေးထားသည်ဟုဆိုသည်။မြန်မာတွေ စာဖတ်ကြပါသည်။ဖတ်ချင်သော စာအုပ်တွေစာကြည့်တိုက်တွေဆီမှာ မရှိ။စာကြည့်တိုက်တွေမှာ မရှိတဲ့အခါကိုယ်တိုင်ဝယ်ဖို့သည်တော်ရုံတန်ရုံသတ္တိရှိမှရမည်။စာအုပ်စျေးက ကြီးမြင့်လာသည်။စာအုပ်အရောင်းဆိုင်များကလည်းဆိုင်ခန်းခ၊ ဝန်ထမ်းစရိတ်စတာတွေ တွက်ချက်ပြီး စာအုပ်စျေးကိုသတ်မှတ်ရသည်မို့ မလွယ်လှ။

စာကြည့်တိုက်ကောင်းကောင်း များများစားစား မရှိခြင်းသည်စာအုပ်အရောင်းဆိုင်များကျရှုံးခြင်း၏ ပထမအချက်ဖြစ်ပါသည်။ငြင်းလိုသူများ ရှိနိုင်ပါသည်။နိုင်ငံအဝန်း စာကြည့်တိုက်များများစွာရှိနေသည်ဟု။ မေးပါရစေ။စျေးကွက်တွင် တလအတွင်း ထွက်သောစာအုပ်အသစ်များကို သေသေချာချာစိစစ်ကာ ဝယ်ယူနိုင်သောစာကြည့်တိုက် များများစားစားရှိမည်ဟု ထင်ပါသလား။

နောက်တချက်မှာ စာဖတ်သူ မြန်မာလူထု စာဖတ်ရန်အချိန်လုနေရခြင်းဖြစ်ပါသည်။မြန်မာများ စာဖတ်ကြသော်လည်းစားဝတ်နေရေးအတွက် နေ့စဉ်လုံးပမ်းနေရပါကစာကြည့်ချိန် စာဖတ်ချိန်ရမည်မဟုတ်။ ပြေးပြေးလွှားလွှားသွားသွားလာလာ ဖတ်ဖို့ ဝတ္ထုရှည်စာအုပ်ကြီးများသည် အံမဝင်တော့။

တတိယအချက်မှာပုံနှိပ်စာအုပ်စာပေများဖတ်ရသည်ထက်အလွယ်တကူ သယ်ယူနိုင်သောအွန်လိုင်းစာပေများဖတ်ရသည်ကပိုစားသာသည်ဟု မှတ်ယူကြခြင်းဖြစ်သည်။

ထို့ပြင်ရသစာပေထက် သုတစာပေကိုပိုမိုအားသန်လာသည်ကလည်းအကြောင်းတချက်ပင်။

မြန်မာတွေအင်တာနက်သုံးသော်လည်း Facebookကဲ့သို့socialnetworking site များတွင်အချိန်ကုန်နေသည်ကလည်းတချက်ဖြစ်သည်။

စာပေမူပိုင်ခွင့်ကလည်း စကားပြောပါသည်။

မြန်မာတွေစာဖတ်ကြပါသည်။ သို့သော်ဖတ်ဖို့စာက အလကားမရပါ။စာဖတ်သန်သော မြန်မာများအတွက်စာဖတ်လွယ်အောင် ကြံဆောင်နိုင်ပါကစာအုပ်အရောင်းဆိုင်များအသက်ဆက်နိုင်မည် ဖြစ်ပါကြောင်း။ ။

ကျော်မောင်(တိုင်းတာရေး)
၅-ဧပြီ-၂၀၁၅