Jan 11, 2016

တွေးမိလေသော ပြောင်းပြန်အတွေးများ

တခါတလေ တွေးမိတာတွေမှာ ဇောက်ထိုးအတွေးတွေ၊ ပြောင်းပြန်အတွေးတွေ ဖြစ်ဖြစ်သွားလေ့ရှိတယ်။ အကျိုးနဲ့အကြောင်းမှာ ဒီအကျိုးရရှိတာဟာ ဒီအကြောင်းတွေကြောင့်ပဲလို့သိရတဲ့အခါမှာ ဒီအကြောင်းတွေလုပ်ရင် ဒီအကျိုးတွေ ရမှာပေါ့လို့ ပြန်လှန်တွေးရမယ့်အစား ဒီအကြောင်းတွေသာ မလုပ်ခဲ့ရင် ဘယ်အကျိုးတွေများရသွားမလည်းဆိုတာမျိုး တွေးမိတာ ဖြစ်ပါတယ်။

စာဖတ်ကြပါ စာဖတ်ကြပါလို့ ကိုယ်တိုင်လည်း ဖတ်၊ သူများတွေလည်း ဖတ်ဖြစ်အောင်တိုက်တွန်းနေရင်းနဲ့ ပြောင်းပြန်အတွေး၊ ဆန့်ကျင်ဖက်အတွေးကို တွေးမိပြန်ပါတယ်။ 

စာမဖတ်နဲ့ စာမဖတ်နဲ့လို့များ တိုက်တွန်းခဲ့ရင် ဘယ်လိုများဖြစ်မလဲဆိုတာပါပဲ။ အဲဒါနဲ့ ချရေးကြည့်တယ်။ 
စာမဖတ်ရင် ဒါတွေရမယ် ဆိုပြီး
၁) အချိန်ကုန်သက်သာသွားတယ်။ ဟုတ်တယ်လေ။ စာဖတ်ဖို့ဆိုတာ အချိန်လေး ဘာလေးပေးနိုင်မှ ဖတ်နိုင်တာ။ စာဖတ်ဖို့ အချိန်ဖဲ့မပေးနိုင်ဘူး။ စာအုပ်ရှိတဲ့နေရာ စာအုပ်ရောင်းတဲ့နေရာတွေ လိုက်ရှာစရာ သွားစရာ မလိုတော့ဘူး။ ဖတ်စရာမှတ်စရာ ဘာမှ မဝယ်တဲ့အတွက် အချိန်သာမက ငွေကုန်ပါသက်သာစေတယ်။ စာကြည့်တိုက်တွေမှာလည်း အသင်းဝင်စရာမလိုတော့တဲ့အတွက် ငွေကုန်ကြေးကျ မရှိတော့ပြန်ဘူး။ 

၂) မျက်စိညောင်းသက်သာစေတယ်။ စာဖတ်တယ်ဆိုတာ မျက်စိနှစ်လုံးကို အနားမပေးဘဲ အလုပ်လုပ်ခိုင်းရတာ။ သက်သာတယ်ကို မရှိဘူး။ အိပ်ချိန်မှပဲ အနားပေးရတယ်ဆိုတာ မဖြစ်သင့်ဘူး။ 

၃) စာမဖတ်တဲ့အတွက် အဲဒီက ရလာမယ့် နောက်ဆက်တွဲ စဉ်းစားစရာတွေ မရှိတော့ဘူး။ ထပ်ဆင့်အတွေးတွေ မပေါ်တော့တဲ့အတွက် စာဖတ်တဲ့တခြားသူတွေနဲ့ ဆွေးနွေးစရာ မလိုတော့ဘူး။ သူတို့နဲ့ ထွေရာလေးပါး ပြောဆိုစရာ အကြောင်းမရှိတော့ဘူး။ သူတို့ကလည်း ကိုယ် စာမဖတ်ဘူးဆိုတာ သိတဲ့အတွက် စာအကြောင်းပေအကြောင်း တကူးတက ပြောကြဆိုကြစရာမလိုတော့ဘူး။ အဲဒီအတွက် စာဖတ်တယ်ဆိုတဲ့သူတွေရဲ့ ရန်မှ ကင်းဝေးသွားမယ်။ တနည်းအားဖြင့် နားငြီးသက်သာသွားမယ်။ 

၄) စာ ဆိုတာတွေဟာ ဘဝတွေထဲက ရေးတဲ့စာ အများအားဖြင့် ဖြစ်တတ်တယ်။ စိတ်ကူးယဉ်ရေးတာတွေလည်း ရှိမယ်။ အဲဒီစာတွေမဖတ်တဲ့အတွက် ရသတွေ အလင်္ကာတွေ ဂုဏ်မြောက်တဲ့ အဖွဲ့တွေ အနွဲ့တွေ သိရန်မလိုတော့ဘူး။ မသိတဲ့အတွက် ခေါင်းထဲမှာ ဦးဏှောက်ထဲမှာ နေရာအတော်များများ ရှိနေနိုင်တယ်။ စာတွေ ကဗျာတွေ ဝတ္ထုတွေနဲ့ ခေါင်းထဲမှာ ပြည့်နှက်မနေတော့ဘူး။ အကန့်အသတ်တွေ မရှိနေနိုင်တော့ဘူး။ 

၅) စာတွေ အတော်များများဟာ အစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ စည်းမျဉ်းတွေကို ပါးပါးလေးထည့်ထားတာတွေရှိတယ်။ တချို့ကလည်း အသစ်အသစ်သော စည်းမျဉ်းတွေကို စတင်ထည့်သွင်းကြတယ်။ စာဖတ်တဲ့သူတွေက ဒါတွေဖတ်ပြီး လိုက်နာကြတယ်။ ဂိုဏ်းတွေကွဲကုန်တယ်။ တူရာတူရာတွေ စုကြတယ်။ မတူတာတွေ တဖက်နဲ့တဖက် တိုက်ခိုက်ကြတယ်။ စာမဖတ်တဲ့အတွက် အဲဒီအဖွဲ့အဖွဲ့တွေထဲမှာ ကိုယ်မပါတော့ဘူး။ ရန်မရှိတဲ့ ငြိမ်းချမ်းတဲ့ဘဝကို ခံစားနိုင်တယ်။ 

၆) တစပေါ်လျှင် ချည်စငင်သို့၊ သဘင်ပွဲမှောက် ဆိုရေးရောက်က ဆိုတာတို့၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး ဆိုတာတို့ ဆိုတာက စာဖတ်သူတွေအတွက် သတ်မှတ်ထားပေးတာ၊ စာမဖတ်တဲ့အတွက် ချည်စငင်စရာလည်း မလိုဘူး၊ ပုစွန်တွေဝါးစားနေစရာလည်း မလိုဘူး။ တချောင်ချောင်မှာ ထိုင်ပြီး ပြုံးပြနေလိုက်ရုံပဲ။
  
၇) ကိုယ့်လိုပဲ စာမဖတ်တဲ့သူတွေများလာရင် စာကြည့်အသင်းတို့၊ စာဖတ်အသင်းတို့နေရာမှာ စာမကြည့်ရအသင်း၊ စာမဖတ်ရအသင်းတွေ ဖွဲ့နိုင်တယ်။ အဲဒီအခါ ဘာဆိုဘာမှ မဖတ်တဲ့သူကို ခေါင်းဆောင်တင်ရမှာပဲ။ 

ခင်ဗျားလည်း အခု ကျနော့်စာစုတိုကို ဖတ်ပြီးသွားရင် ဘယ်စာမှ ဖတ်မနေတော့နဲ့။ ကျနော့်စာလည်း မဖတ်နဲ့။ တခြားသူတွေရေးတဲ့စာလည်း မဖတ်နဲ့။ ကြာလာတဲ့အခါ စာမဖတ်အသင်းမှာ ခင်ဗျားလည်း ခေါင်းဆောင်တွေ ဘာတွေဖြစ်လာမှာပဲ။ အဲဒီတော့မှ ကျနော့်ကျေးဇူးကို သတိရရင်ရ၊ မရလည်း ကိစ္စမရှိဘူး။ ဘာလို့လည်းဆို ကျေးဇူးရဲ့အကြောင်းကို စာတွေထဲဖတ်မှ ပိုသိမှာ။ စာမဖတ်တဲ့အတွက် ခင်ဗျား သိမှာမဟုတ်ဘူး။ ကျနော်လည်း အဲဒီအချိန်မှာ စာမဖတ်အသင်းမှာ ခင်ဗျားထက်ကြီးတဲ့ ရာထူးကြီးကြီး ရချင်တောင် ရနေမှာ။ 

ကျော်မောင်(တိုင်းတာရေး)
၁၅-၁၂-၂၀၁၅

ကလေးငယ်နှင့် သစ်သီးများ

စစားမိခဲ့တာက ဖီးကြမ်းပဲ။ ငှက်ပျောသီးအမျိုးအစားထဲမှာ ဒီအမျိုးအစားက ရွှေပြည်ကြီးမှာ ပေါတယ်။ ပေါပေါလောလောကို ပြောတာပါ။ စျေးနှုန်းတော့ ပေါမယ်မထင်။ အရည်အသွေးကောင်းပါတယ်။ အခု စလုံးက အစိုစျေး (Wet Market) တွေမှာ တွေ့တဲ့ ဖီးကြမ်းက အပြင်ပန်းကလည်းမလှ၊ အတွင်းဖက်ကလည်း စားမကောင်းပါ။ ဒါကြောင့် ကလေးငယ်အတွက် ဖေဖေနဲ့မေမေက ဝယ်ပေးခဲပါတယ်။ ကလေးငယ်ကလည်း ရွှေပြည်ကြီးက ဖီးကြမ်းပဲ ကြိုက်ပါတယ်။ တခါတလေ ရွှေပြည်ကြီးက ဖိုးဖိုးဖွားဖွားတွေ ပို့ပေးရင် စားရတာပါပဲ။ ဖေဖေကလည်း ဗမာ့ရွာသွားရင် ဝယ်ဖြစ်ခဲ့တာလည်း စားရတာပါပဲ။

ပန်းသီးကို မေမေက စကျွေးတဲ့အခါ သွားတွေကလည်း ဟိုကပေါက် ဒီကထွက်စတွေဆိုတော့ ဖန်တန်တန်အရသာလေးကို စွဲမိသွားပြန်ပါတယ်။ အဲ ပန်းသီးစားရင် သနပ်ခါးမလိမ်းနဲ့ ဆိုပြန်တော့ ခက်ပြန်ရော။ မေမေက သနပ်ခါးလိမ်းတယ်။ ကလေးငယ်ကိုတော့ မလိမ်းပေးဘူး။ ပန်းသီးစားလို့တဲ့။ ဖေဖေကတော့ ပြောတယ်၊ ဟုတ်ပါ့မလားကွာတဲ့။ ကဲ ကလေးငယ်အဖေရေ စမ်းကြည့်လေလို့ မေမေကပြောတဲ့အခါ အားတဲ့အခါမှပေါ့ကွာတဲ့။

နောက်အသီးတသီးက သင်္ဘောသီးတဲ့၊ မှည့်ဝင်းနေတဲ့အတွက် ကလေးငယ်စားရတာ အငမ်းမရပါပဲ။ ဖေဖေ့ကိုလည်း စားပါဦးလို့ မကျွေးမိ။ သူကလည်း ကြိုက်ပုံရတယ်။ ကလေးငယ်စားနေတဲ့အခါ ပန်းကန်ထဲက ခပ််တည်တည်နဲ့ ယူစားတယ်။ ဗြဲလို့ ငိုပြလိုက်ရင် သူလည်း လက်တွန့်သွားရော။ အဲဒါမှ ဖေဖေမှတ်မှာ။

တရက်မှာ ဖေဖေ့ စာပေမိတ်ဆွေမိသားစုနဲ့ စားသောက်ဆိုင်ထဲ စကားပြောကြတဲ့အခါ ကလေးငယ်လည်း မေမေနဲ့အတူ လိုက်သွားတယ်။ ဖေဖေ့မိတ်ဆွေမိသားစုက တည်ခင်းတဲ့အထဲမှာ သစ်သီးစုံ တပန်းကန် အစိပ်လေးတွေနဲ့ ကလေးစားဖို့ဆိုတာပါတယ်။ အဲဒီမှာ နဂါးမောက်သီး အဖြူရောင်ကို စစားဖူးတာပဲ။ မေမေနဲ့ ဖေဖေဆို သူတို့ကို ကျေးဇူးတင်နေတာပေါ့။ ကလေးငယ်အတွက် စားဖို့ အသီးတမျိုးတိုးလာတာပေါ့။

အဲဒီနောက် တရက်မှာ မေမေက နဂါးမောက်သီး ဝယ်လာတယ်။ အခွံတွေကို ခွာလိုက်တဲ့အခါ စားလို့ရတဲ့ အသီးရလာတယ်။ မေမေက ဓါးနဲ့လှီးလိုက် စိပ်လိုက်ပြီးတဲ့အခါ ပန်းကန်ထဲထည့်ပြီးတာနဲ့ ခရမ်းရောင်အသားတွေကို လက်နှစ်ဖက်နဲ့ကိုင်ပြီး အားပါးတရ စားပါတယ်။ ပါးစပ်တွေ ပါးတွေမှာ နီရဲနေတာပေါ့။ ကလေးငယ်က အဲဒီလို စားရတာကို ပျော်လို့ ရွှင်လို့။ နောက်ပိုင်း ကလေးငယ်စားတာမှာ တပန်းကန်ပြီး တပန်းကန်ပါပဲ။ စားပြီးတာနဲ့ အဝတ်စအစားလဲတာတို့ လက်ဆေး ပါးစပ်ဆေးတာတို့ကို မေမေက လုပ်ပေးပါတယ်။ အဲဒါကြောင့် မေမေ့ကို ချစ်ရတာပါပဲ။

မနေ့တနေ့က ဖေဖေနဲ့မေမေတို့ရဲ့ မိတ်ဆွေ ဦးဦးနဲ့ ဒေါ်ဒေါ်တို့ အိမ်လာလည်ကြတယ်။ ဦးဦးနဲ့ ဒေါ်ဒေါ်က သစ်သီးလက်ဆောင်ပေးတယ်။ ချယ်ရီသီးဆိုတာကို ကလေးငယ်ကျွေးကြည့်ရအောင်လို့ မေမေပြောနေတာ ကြားရတယ်။ တဝက်ဝက်ပြီး အစေ့ထုတ်ထားတာကို ကလေးငယ်စားရတယ်။ တခြမ်းစီကို လက်တဖက်စီက ကိုင်ထားလိုက်တယ်။ ပါးစပ်ထဲကို ဘယ်ညာရောက်သွားပြီး လက်နှစ်ဖက်မှာ အသီးမရှိတော့ရင် အသီးထည့်ထားတဲ့ ပန်းကန်ကို လှမ်းကြည့်လိုက်တာပေါ့။ မေမေက ထပ်ပေးပါတယ်။ အဲဒါနဲ့ ကလေးငယ် စားဖို့ ချယ်ရီသီးဆိုတာလေး တိုးလာတာပေါ့။ ဦးဦးနဲ့ ဒေါ်ဒေါ်တို့တော့ ကလေးငယ် ချယ်ရီသီးစားတာကြားရပြီး ပျော်နေမှာပဲ။

ဒီညမှာ ဖေဖေက စတော်ဘယ်ရီသီး နှစ်လုံး ယူလာတာတွေ့တယ်။ ကလေးငယ်ကို ကျွေးတော့ စစခြင်းမှာ မကြိုက်ဘူး။ ဖေဖေက ကလေးလေးရေ ဒီအသီးက ချိုတယ် စားပါဦးလို့ နည်းနည်းဖဲ့ကျွေးတာမှာ အရသာတွေ့သွားပြီး ဖေဖေကျွေးတာကို ကုန်တဲ့အထိ စားလိုက်ပါတယ်။ ဖေဖေခမျာ လျင်လို့သာပေါ့။ ခစ်ခစ်မကျွေးခင်မှာ သူက တလုံးစားထားလိုက်တယ်လေ။

ဖေဖေက ကလေးရေတဲ့ ဒါလေးလည်း မြည်းကြည့်ပါဦး၊ ကလေးလေး သွားတွေ ခိုင်အောင်ဆိုပြီး အစိပ်ကလေးတွေ လာကျွေးပြန်တယ်။ အတော်ချဉ်တဲ့ အသီးပဲ။ ကလေးငယ်လည်း မျက်နှာရှုံ့မဲ့ပြပြီး ခေါင်းခါပြလိုက်တာပေါ့။ မေမေက အခန်းထဲဝင်လာပြီး မေးတယ်။ ဆန်းကစ်လိမ္မော်သီး ကလေးစားရဲ့လားဆိုပဲ။ ဖေဖေက ပြန်ဖြေတယ်။ ချဉ်လို့ မစားတာဖြစ်မယ်။ နောက်တော့ စားလာမယ် ထင်တာပဲတဲ့။

ကလေးငယ်ကတော့ အသီးတွေ စစားနေပါပြီ။ မေမေကပြောတယ်။ ကလေးလေးက ဖရဲသီးလည်း စားတယ်၊ သခွားမွှေးလည်း စားတယ်၊ စပျစ်သီးလည်း စားတယ်၊ အဲ နာနတ်သီးတော့ မစားသေးဘူးတဲ့။ နာနတ်သီးက ဖေဖေ့အကြိုက်ပဲ။

သွားတွေလည်း စုံပါတော့မယ်၊ 
အသီးတွေလည်း ကုန်ပါတော့မယ်၊ 
ကလေးငယ်ကိုတော့ ဖေဖေနဲ့ မေမေက တုန်နေအောင် ချစ်ကြသလားဆိုတာတော့ သူတို့ပဲ သိမယ် ထင်တာပါပဲ။ လမ်းကြုံရင် မေးကြည့်လိုက်ပေါ့။

ကလေးငယ်တော့ ဖေဖေ အသီးတွေအကြောင်းရေးနေတာသိလို့ မအိပ်သေးဘဲ အိပ်ရာပေါ် ဟိုလိမ့်ဒီလိမ့်နေပါတယ်။ ဖေဖေရေးပြီး ဖန်သားနံရံပေါ်တင်မှ ကိုယ့်အကောင့်ထဲကနေ ဝင်ကြည့်လိုက်ဦးမယ်။ ကလေးငယ် အကောင့်က ကလေးငယ်ပဲ သိတယ်။ ကဲ ညဉ့်နက်နေပြီ၊ အိပ်ချင်ယောင်ဆောင်လိုက်ဦးမယ်။
ဂွတ်နိုက်။ ။

အတွေးမငယ်တဲ့ ကလေးငယ်
၂၈-၁၂-၂၀၁၅

ရေးပြီးတဲ့အခါမှာတော့ ကလေးငယ်လည်း အတွေးမကြွယ်နိုင်တော့ဘဲ မေမေ့နားမှာ မော်တော်မောင်းနေပြီ ဖြစ်ပါတယ်။

Jan 4, 2016

အသုံးကျရဲ့လား - အလွတ်ကျက် အသေမှတ် (၂)

အချိန် နှင့် နေရာ ။ ။ ၈၈ မတိုင်ခင်လောက်က ဇာတိမြို့လေးမှာ။
ဇာတ်လမ်းက ဒီလို….
နွေရာသီကျောင်းပိတ်ရက်တိုင်း နယ်ရောက်ဖြစ်နေကြတာဖြစ်လို့ အဲဒီတနှစ်မှာလည်း နယ်မှာ အလည်ရောက်နေပါတယ်။ အဘနဲ့အဖွား ထောက်ခံမှုနဲ့ အနီးအနားက ကျောင်းဆရာကြီးဆီမှာ အတန်းကြိုကျူရှင် သွားတက်ဖြစ်ပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္ သုံးဘာသာပါ။ (သချာင်္ကိုတော့ နောက်က စာ ဆိုတာ မလိုက်တော့ဘူး၊ လိုက်ရင် သချာင်္စာ ဖြစ်မှာ။ သချာင်္လို့ အမည်မတပ်ဘဲ ဂဏန်းလို့ တပ်ရင် ဂဏန်းစာ ဆိုပြီး တွင်ရင်တွင်မှာ)

စတက်တဲ့နေ့မှာပဲ ရန်ကုန်သား ဆလံသခဲ့ရတာပါပဲ။ ဆရာကြီးက ပြောတယ်။ အဲဒါ အိမ်ကနေကျက်ခဲ့တဲ့။ အဲဒါ ဆိုတာကို မြန်မာစာဖတ်စာအုပ်မှာ ကြည့်လိုက်တော့ မိတ်ဆွေသုံးဦးတဲ့ ခေါင်းစဉ်က။ အမ် အများကြီးကျက်ရမှာလားဆိုတော့ အေး ဟုတ်တယ်ကွတဲ့။ ကျနော်တို့ ရန်ကုန်မှာ ဆိုရင်လို့ စကား စကာရှိသေး၊ ဒီနေ့မှ စသိ စခင်တဲ့ ဘော်ဒါက ပြောင်ဖြီးဖြီးနဲ့ လှမ်းပြောတယ်။ ဒါ ရန်ကုန်မဟုတ်ဘူးတဲ့။

ကျူရှင်က အပြန် အိမ်ရောက်တော့ အကိုတွေက လောက်စာလုံး လုံးနေကြတယ်။ လုံးပြီးသားတွေကို စလောင်းဖုံးပေါ်မှာ စီစီရီရီထားပြီး နေလှန်းဖို့ ပြင်နေကြတယ်။ ဟေ့ကောင် လာလုံးပေးဦး။ ညနေ လောက်စာလုံးဖို ပစ်ကြမှာ။ လောက်စာလုံးဖိုဆိုတာ လောက်စာလုံးသုံးလုံးကို ဖိုခနောက်လို ဆိုင်ထားလိုက်ပြီး သုံးလုံးဆိုင် ဖိုခနောက်ပေါ်မှာ လောက်စာလုံးတလုံးထပ်တင်ထားတာ။ လောက်စလုံးဖိုတွေ တန်းစီထားပြီး ခပ်ဝေးဝေးကနေ ကျောက်ဒိုးလို့လည်း ခေါ်ရဲ့ ဂေါ်လီလို့လည်းခေါ်ရဲ့ အဲဒါနဲ့ ထိအောင် ပစ်ကြရတာ။ ကစားတဲ့သူတွေက လွယ်အိတ်အစုတ်လေးတွေကိုယ်စီနဲ့။ လွယ်အိတ်ထဲမှာ လောက်စာလုံးထည့်ထားတာ။ ရန်ကုန်မှာက လောက်စာလုံးဆိုတာ မြေရှားတဲ့အတွက် မလုံးနိုင်ကြဘူး။ အဲဒီအစား ပလတ်စတစ်အရုပ်လေးတွေ ထောင်ပစ်ကြတယ်။

အကိုတွေခေါ်တော့လည်း ဟန်ပြအနေနဲ့ သူတို့ခူးထားတဲ့ ရွှံ့တုံးကို ဖဲ့ဖဲ့ပြီး လေးငါးဆယ်တုံးလောက် လုံးလိုက်တယ်။ အကိုဝမ်းကွဲက အဲဒီနယ်သား။ ခုနက ကျောင်းဆရာကြီးအကြောင်း သူသိတယ်။ သူ့ကိုပြောပြတယ်။ ဆရာကြီးကကွာ စာပုဒ်အရှည်ကြီးကို အိမ်စာကျက်ခိုင်းတယ်။ ဒို့ရန်ကုန်မှာဆို အမေးအဖြေလောက်ပဲ အလွတ်ကျက်ရတာ။ အဲဒီမှာ ရယ်ပါလေရော။ ကျော်ကြီးရေ မင်း မနက်ဖြန် စာမရရင်တော့ သူနဲ့တွေ့မှာပဲ။ ကျော်ကြီးတော့ ဆော်ပလော်တီးခံရတော့မယ်ဟေ့လို့ ခပ်ကျယ်ကျယ်ပြောပါတယ်။

ဘာမှ စစ်ကူမရတော့ လက်ဆေးပြီး အိမ်ပေါ်တက် စာအုပ်ကိုင်ကာ စာကျက်ရပါတော့တယ်။ ကျက်နေရင်းက ဒီလောက်စာအများကြီးကို အလွတ်ကျက်ခိုင်းတာ ဘယ်လိုမျိုးကြီးလည်းလို့ အတွေးက ဝင်လာပါသေးတယ်။ ရေမိုးချိုး ထမင်းစားပြီးလည်း အကိုတွေ နှမတွေနဲ့ မကစားနိုင်၊ လူကြီးပိုင်းတွေ စကားဝိုင်းလည်း ဝင်နားမထောင်နိုင်ဘဲ မိတ်ဆွေသုံးဦး ရဖို့အရေးအတွက် အခေါက်ခေါက်အခါခါ ဆိုရပါတယ်။

နောက်တနေ့ ကျူရှင်တက်၊ စာပြန်ခိုင်းတော့ အတော်ဆိုနိုင်ပါတယ်။ ရန်ကုန်သား ရန်ကုန်သားဆိုပြီး နာမည်တလုံးရသွားသပေါ့။ မရတဲ့ ဘော်ဒါတွေကို ဆရာကြီးက ပြန်ခွင့်မပေးဘဲ ကျူရှင်မှာပဲ အပြီးရအောင် ဆက်ကျက်ခိုင်းပါတယ်။

ရန်ကုန်သားလည်း ဇွဲက သိပ်မရှိတော့ နောက်နှစ်ရက် သုံးရက်လောက်မှာပဲ အဖွားနဲ့ အကျေအလည်ဆွေးနွေးပြီး ကျူရှင်ပြေးပါတော့တယ်။ အဘက ဟဲ့ နင့်မြေး ကျောင်းသွားမတက်ဘူးလား မေးတဲ့အခါ ရှင့်မြေး ရန်ကုန်သားက ရန်ကုန်ကသင်တဲ့ပုံစံလိုမဟုတ်လို့ စာမလိုက်နိုင်ဘူးတဲ့လေ ဆိုတာနဲ့ အဘလည်း ဆက်မမေးတော့ပါ။ ဒီ ရန်ကုန်သားတွေကွာ ဆိုပြီး ကွမ်းလေးတမြုံ့မြုံ့နဲ့ပါပဲ။

ရန်ကုန်မှာ ကျောင်းတွေဖွင့် ကျောင်းစတက်ရတဲ့အခါ မိတ်ဆွေသုံးဦး သင်ခန်းစာကို ရောက်လာပါတယ်။ ရန်ကုန်သားတဖြစ်လဲ ကျော်ကြီးကလည်း ရန်ကုန်ဘော်ဒါတွေကို ဖတ်စာအုပ်ကိုင်ခိုင်းပြီး မိတ်ဆွေသုံးဦးပုံပြင် အရှည်ကြီးကို အလွတ်ဆိုပြသပေါ့။

အဲဒီနှစ်တုန်းက ရန်ကုန်သား ကျော်ကြီးကို ရန်ကုန်သူ ရန်ကုန်သား အတန်းဖော်တွေ ဆလံသ အားကျခဲ့တယ်ဆိုတာ အခုရေးပြရင် ကြွားသလိုလည်း ဖြစ်မှာစိုးလို့ နောက်ကြုံတော့မှ အသေးစိပ်ရေးပြပါတော့မယ်။

ကျော်မောင်(တိုင်းတာရေး)
၂၀-၁၂-၂၀၁၅


အလွတ်ကျက် အသေမှတ် (၁) အသုံးကျရဲ့လား - အလွတ်ကျက် အသေမှတ် (၁)

တခေါက်မှာ စီနီယာကြီးက ဟေ့ဒါလေးက အုမ်း ဘယ်လောက်ရှိလဲလို့ မေးလာပါတယ်။ သူပြတဲ့ ဒါလေးဆိုတာကို သွားကြည့်တော့ ပစ္စည်းတခုမှာ ရှိတဲ့ resistor လေး တလုံးဖြစ်နေတယ်။ Resistor ရဲ့ resistance တန်ဖိုးကို ohm နဲ့ပြောကြတယ်။ အခု resistor က လောင်ထားတဲ့ပုံစံ အရောင်ညိုနေတယ်။ ကံကောင်းတာက သူ့မှာရှိတဲ့ အဝန်းလေးတွေ (Band) ရဲ့အရောင်တွေကို မထိထားဘူး။ သေသေချာချာဖတ်လို့ရတယ်။ ပိုသေချာအောင် မှန်ဘီလူးသွားယူပြီး အဝန်းတွေရဲ့အရောင်တွေကို ဖတ်လိုက်တယ်။ ပြီးတာနဲ့ သင်ခဲ့တုန်းက စာချိုးလေးကို လက်ချောင်းလေးတွေချိုးကာ ရွတ်ဆိုလိုက်တယ်။

ညို နီ လိမ် ၀ါ စိမ်း ပြာ ရမ်း ခိုး ဖြူ နက် ရွှေ ငွေ ။

စီနီယာကြီးကို ပြောလိုက်တယ်။ ဒီ resistor ရဲ့တန်ဖိုးက ဒီလောက်ရတယ်။ အဲဒါ ဝယ်ပြီး အစားထိုးနိုင်တယ်။ သူက ဟုတ်လားလို့ပဲပြောတယ်။ ဆယ်မိနစ်လောက်အကြာမှာ မန်နေဂျာကို သူသွားပြောတယ်။ မန်နေဂျာလာတယ်။ Resistor ကိုဖတ်တယ်။ တန်ဖိုးကို ပြောပြီး ထွက်သွားတယ်။ ကျနော်ပြောခဲ့တာနဲ့ တူတဲ့အခါမှာ ခုနက စီနီယာရဲ့ အခုလိုမေးတယ်။
မင်း ဘယ်လိုသိသလဲ။ 

လက်ချောင်းချိုးတာနဲ့ သိသလား။ 
ဟုတ်တယ် လက်ချောင်းချိုးတာနဲ့ သိတယ်။ ဒါပေမဲ့ ပါးစပ်က ရွတ်တာတွေ့တယ်မလား။ အဲဒါ ငယ်ငယ်တုန်းက ကျက်ခဲ့ရတာကို ရွတ်တာ။ တက္ကသိုလ်မှာ ဆရာတွေ ဆရာမတွေ ကျက်ခိုင်းတုန်းက ရွတ်လို့ကောင်းလို့ အခေါက်ခေါက်အခါခါ ဆိုရင်း အလွတ်ရသွားတာ။ အင်တာနက်မှာ resistance တန်ဖိုးကြည့်နည်းရှိတယ်။

သူသွားကြည့်တယ်။ 

မင်းကိုငါမေးတုန်းက မင်း အင်တာနက်မှာ ဘာလို့မကြည့်တာလဲ။ 
အင်တာနက်ကြည့်တာထက် ကျက်ခဲ့ရတဲ့စာကို ရွတ်ပြီး ပြောလိုက်တာက ပိုမြန်တယ်။

အဲဒါ by heart ဆိုတဲ့ အလွတ်ကျက် အသေမှတ်ရဲ့ ကောင်းကျိုးထဲက မှတ်မှတ်ရရ အတွေ့အကြုံတခုပါပဲ။
By heart သင့်တာဆိုရင် တွေဝေမနေနဲ့ ငေးမောမနေကြပါနဲ့။ By သာ heart ကြပါ မိတ်ဆွေတို့ဟု တိုက်တွန်းလိုက်ရပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၁၈-၁၂-၂၀၁၅

မှတ်ချက်။ ။ အဲဒီ resistor တွေ ဖတ်ပုံဖတ်နည်း သင်ပေးခဲ့တဲ့ တက္ကသိုလ်က ဆရာများထဲက တယောက်ဖြစ်တဲ့ တီချယ်ကို ရန်ကုန်ပြန်တုန်းက တခေါက်မှာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အားရဝမ်းသာ ပြောဖြစ်ခဲ့ဖူးပါတယ်။ သင်ခဲ့တာက လက်တွေ့ချိန်တွေမှာဖြစ်ပါတယ်။ အခု အဲဒီတီချယ်ကပဲ resistor တွေအကြောင်းနဲ့ ပတ်သက်လို့ တယောက်ရေးထားတဲ့ ပို့စ်ကို မျှဝေတဲ့အခါမှာ မိတ်ဆွေများလည်း သိစေရန် အထက်ပါစာစုတိုကို ရေးခြင်းဖြစ်ပါတယ်။