လူတယောက်အဖြစ်နဲ့ မွေးလာတယ်။ ကြီးပြင်းတယ်။ အိုတယ် နာတယ် သေတယ်။ အိုတယ်ဆိုတာ ကြီးပြင်းလာတာကို တမျိုးဆိုတာလို့ ယူတယ်။ နာတာကတော့ အထွေအထူးပြောစရာမရှိ။ သေတာကလည်း အမျိုးအဆွေထဲ သေကြတာ မရှိတောင် ပတ်ဝန်းကျင်က လူတွေ သေနေကြတာ တွေ့နေရမှာပဲ။
အဲဒီအခါ မွေးဖွား ကြီးပြင်း အို နာ သေ ဆိုတာက မှန်နေတဲ့ ဖြစ်စဉ်ကြီး ဖြစ်နေတယ်။
မိရိုးဖလာဆိုတာ အဲဒီက စ တာ။
ဘာမှန်းမသိဘဲနဲ့ ကိုးကွယ်လိုက်ရတာရှိတယ်။ ဘာမှန်းမသိဘဲနဲ့ ရှိခိုးရိုကျိုးလိုက်ရတာရှိတယ်။ ဘာမှန်းမသိဘဲနဲ့ ရွတ်ဆိုလိုက်ရတာရှိတယ်၊ အာဂုံဆောင်လိုက်ရတာ အလွတ်ကျက်လိုက်ရတာရှိတယ်၊ လေ့လာလိုက်ရတာရှိတယ်။
ဘာမှန်းမသိဘဲနဲ့ လုပ်ခိုင်းလို့ လုပ်လိုက်ရတာကို အများအားဖြင့် ဆန့်ကျင်တတ်ကြတယ်။ မလုပ်ချင်ကြဘူး။ မိဘလူကြီးတွေက ဖိအားပေးတယ်။ မတတ်သာလို့ လုပ်ရတဲ့အခါ မလုပ်ချင် လုပ်ချင်နဲ့ လုပ်လိုက်ရတယ်။
အဲဒီလို လုပ်လိုက်ခဲ့ရတဲ့ ပုံစံတွေ၊ လုပ်နေကြရတဲ့ စနစ်တွေ ဘယ်လောက်များရှိနေကြမလဲ။
တခါ တွေးမိတာ တခုက ဒီလို။
မိရိုးဖလာ ဖြစ်ခဲ့တဲ့ ကိုးကွယ်မှု ယုံကြည်မှု ပူဇော်မှုတွေကို ဆန်းစစ်ကြည့်မှု။
ဒီလိုဆန်းစစ်ကြည့်မှုက ဘယ်လောက်များများရှိမလဲ။ ဆန်းစစ်ကြည့်တဲ့အခါမှာလည်း ဘက်မလိုက်ဆန်းစစ်မှုဆိုတာ ရှိနိုင်လား။ ဘာနဲ့ ဆန်းစစ်ကြည့်မလဲ။
အရွယ်ရောက်လာသူတိုင်းဟာ အစားအသောက်စားတဲ့အခါ ကိုယ်ကြိုက်တဲ့အစားအစာကို ရွေးချယ်စားသောက်လာတတ်ကြတယ်။ လူမမည်တုန်းကတော့ လူကြီးကျွေးတာကို ကြိုက်ကြိုက် မကြိုက်ကြိုက် စားရတဲ့အခြေအနေ။ ဒါဆိုရင် မိရိုးဖလာဖြစ်တဲ့ လက်ခံကျင့်သုံးခဲ့တာတွေကို အစားအသောက်ရွေးချယ်ခွင့်ရှိသလိုပဲ ကိုယ်ကြိုက်တာကို ရွေး၊ မကြိုက်တာကို ပယ်၊ ဒီလိုလုပ်တာကရော မှန်ကန်တဲ့လုပ်နည်းကိုင်နည်းဟုတ်ရဲ့လား။
ပြဿနာက အဲဒါပါပဲ။
မကြိုက်တာကို ပယ် ဆိုတာနဲ့ မိရိုးဖလာ ကိုးကွယ်ခဲ့တဲ့ လိုက်နာကျင့်သုံးခဲ့တဲ့ ဘာသာတွေ ယဉ်ကျေးမှုတွေကိုလည်း ဘာမှ ဆန်းစစ်ခြင်းမပြုတော့ဘဲ ပယ်လိုက်တာပါပဲ။ ပယ်ရုံတင်မကတော့ဘဲ တခြားသောသူတွေကိုလည်း ပယ်ကြဟေ့ ပယ်ကြလို့ အဖော်စပ်ကြပါတယ်။
ဒီလိုနဲ့ပဲ တန်ဖိုးမဖြတ်နိုင်တဲ့ ဘာသာတွေ ယဉ်ကျေးမှုတွေဟာ တနေရာကနေ တနေရာကို ပြောင်းရွှေ့သွားတာ ဒါမှမဟုတ် မူရင်းနေရာဌာနတွေမှာ ကင်းပျောက်သွားတာမျိုး ဖြစ်သွားကြတာပါပဲ။
အဖိုးအဖွားတွေက (အထူးသဖြင့် အဖွားလုပ်သူတွေက) နတ်ကိုးကွယ်ကြတယ်။ နတ်ကန္နားပွဲပေးပြီး ပူဇော်ပသတဲ့အထိ လုပ်ကြတဲ့သူတွေ။ သူတို့လုပ်တဲ့အတွက် နတ်ကန္နားပွဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးကြုံဖူးတယ်။ နတ်ဝင်သည်တွေ (နတ်ကတော်တွေ) ဘယ်လိုနတ်ဝင်ကြတယ်၊ ဘယ်လိုသောက်စားပျော်ပါးကြတယ်ဆိုတာတွေ တွေ့ရတယ်။ နတ်ပွဲမှာ နတ်ဆိုင်း(နတ်ဒိုး)တီးသူတွေ ဘယ်လိုတီးကြတယ်ဆိုတာတွေ မြင်ရကြားရတယ်။ နတ်ပွဲမှာ တီးတဲ့သီချင်းတချို့ဟာလည် ရှေးခေတ်နတ်တွေကို ချော့တော့ ရှေးသီချင်းနဲ့ချော့ရတယ် ခဏထား၊ အတီးသမားတွေကလည်း သူတို့ရတဲ့ သီချင်းကြီးတွေတီးပြီး ချော့တော့ ဒါတွေပဲ ကြားဖန်များတော့ နားယဉ်လာကြတယ်။
အဲဒီနောက်မှာ တခြားတခြားသော နတ်ပွဲတွေကို အဝေးက မြင်ရတာနဲ့ ဘယ်နတ်တော့ ဝင်နေပြီဆိုတာ ခန့်မှန်းမိတဲ့အခြေအနေရောက်လာတယ်။ ဘယ်တီးလုံးတော့ တီးတော့မယ်၊ အင်ထရိုစနေပြီ ဆိုတာမျိုး။
မိရိုးဖလာ ယုံကြည်မှုကနေ ရလာတဲ့ အကျိုးအမြတ်တွေပေါ့။ ဒီနတ်ပွဲကြီး လုပ်တဲ့ယုံကြည်မှုကနေ နောက်ပိုင်းမျိုးဆက်တွေကြတော့ မလုပ်နိုင်ကြတော့ဘူး။ မယုံကြည်လို့ မလုပ်တာ။ လုပ်ဖြစ်ရင်တောင် ယဉ်ကျေးမှုပွဲတရပ်အနေနဲ့ လုပ်ပြတာမျိုးပဲ ဖြစ်တော့မယ်။
နောက်တခုက ဗုဒ္ဓဘာသာကိုးကွယ်မှု။
လက်ရှိမှာ ခေတ်စားလာတာက အစဉ်အဆက်လက်ခံယုံကြည်ကျင့်သုံးလာခဲ့တဲ့ (တနည်း) ကျမ်းစာတွေထဲက အပိုင်းတွေကို တချို့ကို ပယ်၊ တချို့ကို ယူတဲ့ပုံစံ။ အစားအသောက်အနေနဲ့ပြောရင် အရသာရှိတာ တန်ဖိုးရှိတာမရှိတာ မသိဘူး၊ ကိုယ်ကြိုက်တဲ့အစားအစာကို ကိုယ်တိုင်ရွေးစားကြသလိုမျိုး။
အဲဒီမှာ ဘာဖြစ်နိုင်သလဲဆို အရေးပါတဲ့ အပိုင်းတွေ ပြတ်ကျန်ခဲ့တာမျိုး၊ ပျောက်ကွယ်သွားတာမျိုး ဖြစ်သွားတော့တာပါပဲ။
ဆိုကြပါစို့။ လူကြီးမိဘတွေက ကျက်ခိုင်းလို့ ကျက်မှတ်ခဲ့ရတဲ့ ဂါထာတိုလေး။ အနက်အဓိပ္ပါယ်မသိဘူး။ အလွတ်သာ ရသွားတယ်။ ကြီးတဲ့အထိ သတိရတိုင်း ပါးစပ်ကနေ အသံထွက် ဆိုတာမျိုး၊ စိတ်ထဲကနေ ရွတ်ဆိုနေတာမျိုး လုပ်တယ်။ ဒီဂါထာ ဘာမှန်းမသိဘူး။ ပြင်သစ်စာ ဂျာမန်စာ အီတလီစာတွေ မတတ်ဘဲ သူတို့သီချင်းတွေကို နားထောင်နေသလိုမျိုး လိုက်ဆိုနေသလိုမျိုး။ တချိန်မှာမှ အလျဉ်းသင့်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်က လေ့လာချင်လို့ လေ့လာလိုက်ရတဲ့အခါမှာမှ ဂါထာရဲ့ အနက်အဓိပ္ပါယ်ကို သိသွားတဲ့အခါ ဪ တသက်လုံး စွဲစွဲမြဲမြဲရွတ်လာခဲ့တာ ဒီလိုအနက်ရှိပါလားဆိုတာ မြင်သွားတယ်။
ကျက်သာကျက်ခဲ့ရတယ်၊ အလွတ်သာရသွားတယ်၊ ခဏခဏ ရွတ်ဆိုတာမျိုးမရှိတော့ ကြာလာတဲ့အခါ မေ့သွားတယ်။ အနက်အဓိပ္ပါယ်ကို နားလည်သွားတဲ့အဆင့်ထိ မရောက်လိုက်ဘူး။ မူရင်းဟာ ပျောက်သွားတာ။ အစဖော်လို့ မရတော့ဘူး။
ဂါထာကို ရထားတဲ့သူ အလွတ်ဆိုနိုင်တဲ့သူဟာ ဘာနဲ့တူသလဲဆို ကျောပိုးအိတ်ထဲမှာ တန်ဖိုးရှိတဲ့ ပတ္တမြားတလုံးကို ထည့်ထားပြီး ရတနာသိုက်ရှာနေတဲ့သူနဲ့ တူနေတယ်။ ကိုယ့်အိတ်ထဲမှာရှိတာ ပတ္တမြားမှန်း မသိဘူး။
ဂါထာကို ရထားပြီး မရွတ်တော့ဘဲ မေ့ပျောက်သွားတဲ့သူကတော့ ဘာနဲ့တူသလဲဆို အိတ်ထဲရှိခဲ့တဲ့ ပတ္တမြား အိတ်ထဲကနေ ထွက်ကျသွားတာတောင် မသိလိုက်တဲ့သူနဲ့ တူနေတယ်။
လက်ရှိတွေးဖြစ်တာကတော့ မိရိုးဖလာ လက်ခံခဲ့တာတွေကနေ အကျိုးအမြတ်ရနိုင်တယ်ဆိုတာ ဖြစ်တယ်။ တချိန်မှာ နောက်ကမျိုးဆက်က မေးလာတဲ့အခါ အကျိုးသင့် အကြောင်းသင့် ဖြေနိုင်အောင် ကျင့်ကြံအားထုတ်လေ့လာထားဖို့ လိုပါလိမ့်မယ်။
မေးတဲ့မေးခွန်းတွေရဲ့အဖြေကို အဖေလည်း မသိဘူး၊ အမေလည်း မသိဘူး၊ အဲဒီအတွက် ငါတို့လည်း သိစရာမလိုဘူး ဆိုတာမျိုးဖြစ်သွားတဲ့အခါ အိတ်ထဲက ပတ္တမြားကတော့ သူနဲ့ထိုက်တဲ့သူဆီ ခုန်ထွက်သွားပါလိမ့်မယ်။
မိရိုးဖလာနဲ့ပတ်သက်ပြီး တွေးစရာကျန်ရင် အိမ်စာပေးတယ်လို့ပဲ သဘောထားပြီး ဆက်တွေးကြပေတော့။
ကျော်မောင်(တိုင်းတာရေး)
၃၀-စက်တာဘာ-၂၀၂၃