စင်ကာပူမှာ စာကြည့်တိုက်တွေ ရှိတယ်။ ဒါကို သိသူများပါတယ်။ အခုစာကြည့်တိုက်တွေက ဟိုးတုန်းက စာကြည့်တိုက်တွေလို စာအုပ်ဖတ်ဖို့ ရည်ညွှန်းစာပေစာတမ်းတွေ ရှာဖွေဖို့တင်မဟုတ်တော့ဘဲ တခြားသော အရာများဖြစ်တဲ့ multimedia room တို့ study room တို့ programme room တို့ စတာတွေ ရှိကြတာဖြစ်တယ်။
Dec 14, 2025
စာကြည့်တိုက်မှာ
စင်ကာပူမှာ လည်စရာ ပတ်စရာ အတော်ပေါပါတယ်။ မသွားဖူးတဲ့နေရာတွေ ရှိကြတယ်။ စာကြည့်တိုက်တွေကတော့ အရွယ်သုံးပါးသွားရင် သွားသူတွေရဲ့ဘဝတွေကို မြှင့်တင်ပေးမယ့် အထောက်အကူကောင်း ဖြစ်စေတဲ့ နေရာဌာနတွေ ဖြစ်တယ်။ အရွယ်သုံးပါး အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်ထားကြတယ်။
နီးစပ်ရာ စာကြည့်တိုက်ကိုသွားပါ။ စာကြည့်တိုက်အသင်းဝင်ဖြစ်ဖို့ စာကြည့်တိုက်ဝန်ထမ်းတဦးဦးကို မေးပါ။ ဒီမှာ အလုပ်လုပ်နေတဲ့နိုင်ငံခြားသားတွေအတွက် အသင်းဝင်ကြေးကို တနှစ်စာအတွက် တခါတည်းပေးစရာမလိုတော့ဘဲ တလချင်း ကိုယ့်ရဲ့ဘဏ်ကတ်ထဲကနေ ပေးနိုင်ပါတယ်။ တလအတွက် ပေးရမယ့်ပမာဏဟာ ထမင်းတနပ်စာဖိုးလောက်ပဲ ရှိပါတယ်။ စာကြည့်တိုက်မှာ အသင်းဝင်ဖြစ်ဖို့ တခြားလိုအပ်တာတွေ မသိတာတွေ(စာအုပ်ဘယ်နှစ်အုပ်ငှါးနိုင်မလဲ၊ တခါငှါး ဘယ်နှစ်ရက်ရမလဲ စတာတွေ)ကို စာကြည့်တိုက်ဝန်ထမ်းတွေက ရှင်းပြပေးပါလိမ့်မယ်။ သေသေချာချာ မေးပါ။
လုပ်ရမှာက စာကြည့်တိုက်မှာ အသင်းဝင်ဖြစ်ပြီဆိုတာနဲ့ တပတ်တခေါက်လောက် စာကြည့်တိုက်သွားပြီး ဘဝတိုးတက်ရေးအတွက် လုပ်ကြည့်လိုက်ပါ။ စာကြည့်တိုက်အတွင်းမှာ လိုက်နာကျင့်သုံးရတဲ့ စည်းကမ်းမျိုးတွေကို လိုက်နာပါ။
တလ နှစ်လ သုံးလေးလဆိုရင် စာကြည့်တိုက်တွေကို ကောင်းမွန်စွာအသုံးပြုသူဟာ တခြားသူတွေထက် ခေါင်းတလုံးပိုမြင့်လာတာတွေ့ရလိမ့်မယ်။ ခေါင်းတလုံးပိုနိမ့်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စာကြည့်တိုက်သွားတာဟာ လည်ပတ်ပြီး ပွါး၊ စကားတွေများ၊ တအားတွေစားကြတာထက် ပိုပျော်ဖို့ကောင်းတယ်ဆိုတာ သိသွားတဲ့အခါ တခြားသူတွေကိုလည်း ရရှိလာတဲ့ကောင်းကျိုးတွေ ပြောပြပြီး စာကြည့်တိုက်မန်ဘာဖြစ်အောင် ကူညီပေးလိုက်ပါ။
စာကြည့်တိုက်မှာ ဘယ်စာအုပ်တွေ ရှိလဲ ဖတ်ရမလဲလေ့လာရမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ဆက်ရေးပါမယ်။
(စာကြွင်း - ခေါင်းတလုံးနိမ့်သွားတယ်ဆိုတာက မသိတာတွေ များပါလားဆိုပြီး မာန်ကျသွားတာကို ဆိုလိုပါတယ်)
ကျော်မောင်(တိုင်းတာရေး)
ငှါးပါ ပို့ပေးမယ် Borrow-n-Deliver
ဒီဝန်ဆောင်မှုဟာ အတော်ကောင်းတဲ့ဝန်ဆောင်မှုဖြစ်တယ်။ စာကြည့်တိုက်တွေဆီ လူကိုယ်တိုင် သွားပြီး စာအုပ်တွေငှါးစရာမလိုဘဲ NLB Singapore ရဲ့ catalogue ကနေ စာအုပ်ရှာ၊ ငှါးပြီး အိမ်အရောက်ပို့ပေးဖို့ လိုအပ်တာလေးတွေ ဖြည့်ရုံပါပဲ။
NLB30 ဆိုတဲ့ နှစ်သုံးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ စာအုပ်ပို့ခ ၈.၇၂ (၈ ဒေါ်လာအပေါင်း အခွန်) ပေးစရာမလိုတဲ့ တကြိမ်အခမဲ့ဝန်ဆောင်မှုကို အသုံးပြုကြည့်ခဲ့တယ်။ အိမ်အရောက်လာပို့ပေးတယ်။
လေးအုပ်ငှါးခဲ့တာမှာ တအုပ်ကို စောစောပြန်အပ်ခဲ့ပြီး ကျန်သုံးအုပ်ကို မနေ့ညကမှ ပြန်အပ်ခဲ့။
ပို့ခ ၈ ဒေါ်လာပေးရန်မလိုတဲ့ ဝန်ဆောင်မှုဟာ ဒီနှစ်ကုန်အထိသာ ဖြစ်တဲ့အတွက် အားလပ်ရက်တွေမှာ အိမ်ထဲမှာအောင်းရင်း စာဖတ်ချင်တဲ့စာကြည့်တိုက်အသင်းဝင်များအတွက် မနှေးအမြန်လုပ်ဆောင်သင့်တဲ့အရာပဲ ဖြစ်ပါတယ်။
စာကြည့်တိုက်အသင်း မဝင်ရသေးသူများအတွက် နီးစပ်ရာစာကြည့်တိုက်သွားပြီး အသင်းဝင်ဖြစ်ဖို့ မေးမြန်းနိုင်ကြပါတယ်။ စာကြည့်တိုက်တိုင်းရဲ့ ဝန်ထမ်းတွေဟာ သဘောကောင်းကြတာကို တွေ့ရပါလိမ့်မယ်။
ဟိုသွားဒီသွား လမ်းများတာထက် စာလေးပေလေးဖတ်ပြီး သုတ ရသ ယူနိုင်ကြပါကြောင်း။
ကျော်မောင်(တိုင်းတာရေး)
Nov 7, 2024
ပေးသူ ယူသူ မည်သူ တာဝန်ပိုကြီးသနည်း
ဒီနေ့မှာလည်း ကြော်ငြာစာရင်းထဲပါ စာကြည့်တိုက်တွေထဲက အနီးအနားရှိတဲ့စာကြည့်တိုက်ကို ပြေးပါတယ်။ BBG 2024 (Big Book Giveaway 2024) ဒုတိယမြောက်နေ့။ လိုချင်တဲ့စာအုပ်အမျိုးအစားက တခါတည်း သတ်မှတ်ပြီးသားပါ။ အဲဒီစာအုပ်မျိုးဆိုရင် ပထမဦးစားပေးအနေနဲ့ ယူပါမယ်။
မနေ့ကတုန်းက စာကြည့်တိုက်မှာ အများဆုံး စာအုပ်(၅)အုပ်ကို ဆယ်မိနစ်အတွင်း ရွေးချယ်ယူရပါတယ်။
မနေ့ကလိုပဲ စာအုပ်(၅)အုပ်ပိုက်ပြီး ဓါတ်ပုံရိုက်ပေးဖို့ ပွဲစီစဉ်နေသူထဲက တယောက်ကို အကူအညီတောင်းပါတယ်။
ဟိုးတုန်းက လုပ်ဖြစ်ခဲ့တာလေး တခုရှိပါတယ်။ မိတ်ဆွေတွေ လက်ထပ်ကြတဲ့ပွဲမှာ စာအုပ်တအုပ် လက်ဆောင်အဖြစ် ပေးလေ့ရှိတာပါ။ ဒါက ပေးတုန်းကပါ။ သူတို့တွေ ဇနီးမောင်နှံဖြစ်ပြီး သူတို့ထဲက တယောက်ယောက်ဖတ်ရင်လည်း ဖတ်၊ နှစ်ယောက်စလုံး ဖတ်ရင်လည်း ဖတ်၊ သူတို့မဖတ်လည်း အဲဒီစာအုပ်သိမ်းထားပြီး သူတို့မွေးတဲ့ကလေး ကြီးလာတဲ့အခါ စာဖတ်ဖို့ရှာလို့ အဲဒီလက်ဆောင်စာအုပ်ကို ကောက်ဖတ်ရင်းလည်း ဖတ်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။ ဒါက ပေးတုန်းက ရည်ရွယ်ချက်ပါ။ ထိုထိုပေးလိုက်သော စာအုပ်များနဲ့ပတ်သက်လို့ မှတ်ချက်လည်း ရခဲ့ဖူးပါတယ်။
တခြားသူကပေးလို့ ယူခဲ့တာလည်း ရှိပါတယ်။
"ရော့ကွာ ဒီစာအုပ်လေးဖတ်ကြည့်၊ ပြီးရင် နောက်တယောက်ကို ဆက်မျှလိုက်" လို့ ပေးတဲ့စာအုပ်တွေ။
ဘာသာရေးလို့ပတ်သက်လို့ ဖားအောက်ဆရာတော်ကြီးရဲ့ "နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသောလမ်း" ဆိုတဲ့စာအုပ်။
အစ်မတယောက်ပေးလိုက်တဲ့ ဆရာပါရဂူရဲ့ စာအုပ်အတော်များများ။
ဒါတွေက ပေးလို့ယူရတာတွေ။
တခါမှာတော့ ပေးတာမဟုတ်ဘဲနဲ့ စာအုပ်ရှိတဲ့နေရာကို မေးမြန်းပြီး ကိုယ်တိုင်သွားရောက်အလှူခံခဲ့တာလေး သတိရမိတယ်။
ဗန်းမော်ဆရာတော်ကြီးဟောတဲ့ "ပဋ္ဌာန်းတရားတော်"ဆိုတဲ့စာအုပ်။
"ကျနော့်ဗျာ၊ တရားပွဲမှာရတဲ့အဲဒီစာအုပ်ဖတ်ပြီး သဘောကျလို့၊ မိတ်ဆွေတွေလည်း ပြန်မျှချင်ပါတယ်၊ ရှိသလောက်ပေးပါ၊ အလှူခံပါတယ်ခင်ဗျာ"ဆိုပြီး အတင်းကာရော အလှူခံခဲ့ဖူးပါတယ်။ အခုအထိ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်နေရတဲ့ စာအုပ်ပါပဲ။
ယူတဲ့သူက တာဝန်ပိုကြီးပါတယ်။
မနေ့ညတုန်းက ဒီက ဝါတွင်းကာလတရားပွဲ(တနင်္ဂနွေနေ့ညတိုင်း)ကို နာယူဖြစ်တယ်။ ဆရာတော်ဟောတဲ့အထဲမှာ ကြားဖူးနေကျ တရားတပုဒ်ပါတယ်။ အမေနဲ့သမီးနဲ့ နေ့စဉ်လှူနေကြ ဆွမ်းအလှူကို ကောင်းမွန်စွာစီစဉ်နေကြပုံကို ကြားလိုက်ရတဲ့ ရဟန်းဟာ ဒီဆွမ်းကိုတော့ ငါသည် တရားထူး မရဘဲနဲ့ မသုံးဆောင်ဆိုပြီး ကျင့်ကြံအားထုတ်ပုံကို နာယူရပါတယ်။ ဆွမ်းလှူတဲ့ သားအမိကိုလည်း ချီးကျူးမိ၊ ဆွမ်းအလှူခံတဲ့ အဆိုပါ ရဟန်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဝီရိယကိုလည်း သာဓုခေါ်မိပါတယ်။
ယူတဲ့သူက တာဝန်ပိုကြီးပါတယ်။
စာအုပ်တွေ အလကားရလို့ ယူတာပဲဖြစ်ဖြစ်၊ တယောက်ယောက်က ပေးလို့ရတာပဲဖြစ်ဖြစ်မှာ တာဝန်တခုက ရလာတဲ့စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ရမယ်ဆိုတာပါပဲ။
တခါတလေမှာ အတွေးက ဒီလိုမျိုး လွဲချော်တတ်ကြပါတယ်။
ငါ/ငါတို့ လှူတယ်/ပေးတယ်။ သူ/သူတို့ ဘာလုပ်တယ် မသိ ဆိုတာမျိုးပါ။
မှတ်ထားရမှာ သတိပြုရမှာက လှူသူ ပေးသူက လှူပြီး ပေးပြီး ဖြစ်ပြီးသွားရင် ပူပင်စရာမလိုတော့ပါ။ ယူသွားသူ ရသွားသူကသာ အကျိုးရှိစွာ အသုံးချဖို့ ပူပင်ရမှာဖြစ်ကြောင်းပါ။
ထိုသို့သောအကြောင်းများကြောင့် ယူတဲ့သူ ရတဲ့သူက တာဝန်ပိုကြီးပါတယ်။
တခါတလေမှာ ပေးတဲ့သူမဟုတ်ဘဲ ယူတဲ့သူဖြစ်ဖို့လည်းလိုပါတယ်။ ဒါမှသာ ယူတဲ့သူဆိုတာ ဘယ်လိုပါလိမ့်ဆိုတာ ကိုယ်ချင်းစာစိတ်ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါလိမ့်မယ်။
စာအုပ်(၅)အုပ်ပွေ့ပိုက်ပြီးအထွက်မှာ ကျေးဇူးတင်ပါတယ်ဆိုတာကို ပြောခဲ့တာထက် ဒီစာအုပ်တွေ ဖတ်ဖြစ်အောင်ဖတ်ပါ့မယ်ဆိုတာကိုတော့ ရင်ထဲကနေပဲ ပြောခဲ့ပါကြောင်း။
ကျော်မောင်(တိုင်းတာရေး)
၂-စက်တင်ဘာ-၂၀၂၄
မန်းတောင်လကျ်ာ တေဘုမ္မာ
သီချင်းနာမည်နှစ်ပုဒ်။ ဆက်စပ်ကြည့်ကြရအောင်။
ပထမသီချင်းက မြို့ဘွဲ့ယိုးဒယားဆိုပြီး နာမည်ကြီးတယ်။ အမည်မသိ သီချင်းစာဆိုက ရေးတယ်။ အစဉ်အဆက် ဆိုကြသူ တီးကြသူ စုံတယ်။ ဆိုတဲ့သူတွေကလည်း ပုံစံအမျိုးမျိုးနဲ့ဆိုကြတယ်။ တီးတဲ့ပညာရှင်တွေကလည်း တူရိယာမျိုးစုံနဲ့ လက်စွမ်းပြ တီးခတ်ကြတယ်။ ဆိုသူ တီးသူအားလုံးဟာ သူ့စတိုင်နဲ့သူ သူ့မူနဲ့သူ သူ့ဖန်တီးမှုနဲ့သူ နားထောင်ကောင်းအောင် ဆိုနိုင် တီးနိုင်ကြတယ်။ သီချင်းစာသားကြောင့် ဖြစ်မယ်လို့ မှတ်ယူမိတယ်။ သီချင်းစာသားကလည်း မူကွဲတွေရှိပြန်တယ်။
ဆိုကြတဲ့အထဲမှာ အဆိုတော် မစိမ်းစိမ်း ဆိုတာကို သဘောကျမိတယ်။
မန်းတောင်လကျ်ာသီချင်းနဲ့ပတ်သက်လို့ ရေးသားကြတဲ့စာတွေ ဆောင်းပါးတွေ ရှာတုန်းပါ။ ထူးထူးခြားခြား မတွေ့မိသေးပါ။ အထူးလေ့လာပြီး ရေးသားကြသူတွေ ရှိခဲ့ကောင်းပါရဲ့။
ဆရာကြီး ဦးပြုံးချို စုဆောင်းရေးသားခဲ့တဲ့ မဟာဂီတပေါင်းချုပ်ကြီး(၁၉၇၇) ထဲက "မန်းလေးတောင်လကျ်ာ" အစချီ သီချင်းအဆုံးမှာ မှတ်ချက်လေး ရေးထားတာက "၎င်းသီချင်းသည် အလွန်ရှေးကျသော စင်တော် မင်းသမီးများဆိုသော သီချင်းတည်း" လို့ ပါတယ်။
ဆရာကြီး ဦးပြုံးချို ဆိုတာက "တေဘုမ္မာ"သီချင်းကို ရေးဖွဲ့ခဲ့သူဖြစ်တယ်။ တေဘုမ္မာ သီချင်းကြောင့် ဦးပြုံးချိုဟာ ပညာ့အလင်း သတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် ခေါ်ယူခြင်းခံရသူဖြစ်တယ် (ညွှန်း - ဝီကီပီးဒီးယား)။
အလွန်ရှေးကျတဲ့ အဲဒီ မန်းတောင်လကျ်ာလို့ နောက်ပိုင်းမှာ သီဆိုလာကြတဲ့ သီချင်းမှာ ပါတဲ့ စာသားတချို့ကို လိုက်ဆိုမိတယ် (ဦးပြုံးချို မူအတိုင်းဆိုပါစို့)
"တိုင်းလေရွှေပြည်၊ ပုံဝေးလို့ ရောက်လုပါပြီ"
၁၀-စက်တင်ဘာ-၂၀၂၄
Subscribe to:
Comments (Atom)