ဒီနေ့မနက်ပိုင်းဖတ်မိတဲ့ သတင်းတွေထဲက သတင်းတစ်ပုဒ်မှာ “lab-created meat” ဆိုတာ တွေ့မိတယ်။ ရေးထားတာကတော့ အများစားတဲ့ ဟိုအသား ဘာတဲ့ ကြက်သားကို ဓါတ်ခွဲခန်းကနေ ထုတ်လုပ်မယ်ဆိုပဲ။ အနံ့ရော အရသာရော တကယ့်ပီဘိကြက်နဲ့တူပါတယ်လို့ ဆိုပါတယ်။
ကြက်သားစားချင် ကြက်သတ်စရာမလိုတော့ဘူးဆိုတာ ဖြစ်လာလေမလား။
ဓါတ်ခွဲခန်းထွက်ကြက်ဖြစ်လို့ မင်းတို့ကြက်သားက သတ်စားတဲ့ကြက်သားလောက် စားမကောင်းပါဘူးကွာလို့ ကြေးများကြလေမလား။
ဒို့ရွှေပြည်ကြီးက ကြက်တွေလည်း ဒီသတင်းဖတ်မိရင် ဝမ်းမြောက်ကြလေမလား။
ကြက်ခြံသမားတွေလည်း ဓါတ်ခြံနဲ့ ဘယ်လိုပြိုင်ကြလေမလဲ။
တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ သတင်းမဖတ်မိခင်လေးမှာ ဒီနိုင်ငံက ကြက်သားလည်းပေါတယ် ဈေးလည်းပေါတယ်ဆိုတာလေး တွေးမိခဲ့သေးတယ်။
"I like chicken” “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်” ဆိုတာကနေ "I like cultured chicken meat” လို့ ပြောင်းပြောကြရလေမလား။
ဘာဂါတွေလည်း ပြောင်းတော့လေမလား။
အချိန်ရရင်တော့ “Cultured meat” အကြောင်း ဝီကီမှာ ရေးထားတာလေး မြည်းစမ်းကြည့်ပါမယ်။ အဲဒီအောက်ဆုံးက ဇယားကွက်မှာပါတဲ့ Market entry ဆိုတာက စိတ်ဝင်စားဖွယ်ပဲ။
မနက်ခင်း ရေးသည့်စာများမှ -
3-Dec-2020
------------------------------
ဘယ်နှစ်ကမှန်း သေချာမမှတ်မိဘူး။ ရုရှဇာတ်လမ်းတွဲ(အင်္ဂလိပ်စာတန်းထိုး)တတွဲကို ညပိုင်းဆက်တိုက် ကြည့်မိတုန်းက။ အဲဒီမှာ ဇာတ်လိုက်က နှုတ်ခမ်းမွေးနဲ့ ဂန်းစတားခေါင်းဆောင်။ နိုင်ငံရေးနဲ့ နွယ်ထားတဲ့ ဇာတ်လမ်း။ နောက်ဆုံးမှာတော့ ဇာတ်လိုက်လေးဟာ လူမိုက်တို့သွားရာလမ်းကို မြန်းရတယ်။ အဲဒီကားမှာ အဝင်အထွက်လေးတွေကို အချိတ်အဆက်မိမိ တင်ပြထားတာ ကြည့်ကောင်းတယ်။ ယူကျု့မှာ ပြန်ရှာကြည့်ရင်တော့ တွေ့မယ်ထင်တာပဲ။
နောက်တကားက ရုပ်ရှင်ကားကြီးရိုက်ပြီး ကျော်ကြားခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲ။ ဇာတ်လမ်းတွဲမကြည့်ဘူးသူများကတော့ ရုပ်ရှင်မှာ ပါတဲ့ ဝါးရုံပင်ထိပ်ဖျား ကိုယ်ဖော့ပညာများနဲ့ သိုင်းချကြတာတို့ အဆိပ်သုံးတာတို့ကို ကြိုက်ကြမှာပဲ။ ဇာတ်လမ်းတွဲမှာတော့ သဘောတရားရေးရာတွေ ထည့်ထားတာကို တွေ့ရလိမ့်မယ်။ မြန်မာစာတန်းထိုးပေးထားတယ်။ အဲဒါတွေက သိုင်းချအကွက်တွေထက် ပိုပြီး ကြည့်ကောင်းပြီး ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။ ကလေးတွေအတွက်ကတော့ ဇာတ်လမ်းတွဲက ပျင်းစရာကောင်းတယ်။
တခါ အီတလီရုပ်ရှင်ကားတကားကို ယူကျု့မှာကြည့်မိတယ်။ သူလည်း အင်္ဂလိပ်စာတန်းထိုးထားလို့ ကြည့်ရတာ ပိုကောင်းတယ်။ စာတန်းမထိုးထားတာလည်း ပြန်ကြည့်ဖူးတယ်။ လူပျိုလှည့်တာကနေ အိမ်ထောင်ကျ ကလေးရပြီး ကလေးနဲ့ ဂိမ်းကစားပြသွားတဲ့ပြကွက်တွေ၊ ဇာတ်လမ်းအစပိုင်းက ဇာတ်လိုက်ရဲ့ကြောင်ကွက်တွေ ပြောင်ကွက်တွေဟာ ဇာတ်သိမ်းပိုင်းမှာ နင့်ကနဲ ဖြစ်စေတယ်။ အဲဒီအထဲမှာလည်း နိုင်ငံရေး ပါတယ်လို့ ပြောလို့ရတယ်။
အဖွားလာကြည့်လေ ဆိုတော့ .. ငါ မကြည့်ဘူးလို့ ဆိုတဲ့ ကား။ မေးကြည့်တော့ ရုံကြီးမှာ သုံးလေးခါ မက သွားကြည့်ဖူးလို့တဲ့။ အိန္ဒိယကား။ မင်းသမီးက ပုလင်းကွဲတွေအပေါ် ခြေဗလာနဲ့ ကပြရတဲ့ ဇာတ်။ အကြွေစေ့ ခေါင်းပန်းလှန်ပြီး ကံကြမ္မာကို လှည့်စားပြတဲ့ အရပ်ရှည်ရှည်နဲ့ မင်းသား နောက်ဆုံးမှာ အသက်စွန့်သွားတဲ့ဇာတ်လမ်း။ ယူကျု့မှာ မင်းသားနှစ်ယောက် ဆိုင်ကယ်စီးပြီး သီချင်းဆိုတဲ့ အခန်းလေးကို ရှာကြည့်လို့ ရလိမ့်မယ်။ ဒီလောက်ဆို ဘယ်ကားလဲဆိုတာ သိမှာပါ။ မသိသေးသူများ အိမ်က လူကြီးတွေ မေးကြည့်ကြ။ အဲဒီကားထဲမှာ နိုင်ငံရေးကို မသိမသာလေး ထည့်ပြထားတယ်။
ကြည့်ဖူးတဲ့မြန်မာရုပ်ရှင်ကားတစ်ကားကို ပြန်ရှာကြည့်တယ်။ အဲဒီရုပ်ရှင်ကားက အဖြူအမည်းကား။ ဝတ္ထုစာအုပ်ကိုလည်း ဖတ်ခဲ့ဖူးတယ်။ "အို ... အသင် လောက ..." ဆိုပြီး ဇာတ်လိုက်မင်းသားက သူတခုပြီး တခု ကြုံရတိုင်း ဟစ်ကြွေးတဲ့ ဇာတ်လမ်းပေါ့။ အဲ ... ပြောရရင် အဲဒီကားထဲမှာလည်း နိုင်ငံရေးတွေ ပါတယ်။
ပြင်သစ် ဂျာမနီ စပိန် ကိုးရီးယား ဂျပန် ထိုင်း ရုပ်ရှင်ကားတွေလည်း မြည်းစမ်းဖူးတယ်။ သူတို့တွေမှာလည်း နိုင်ငံရေးပါတဲ့ ရုပ်ရှင်ကားတွေ ရှိတာပါပဲ။
မနက်ခင်း ရေးသည့်စာများမှ -
29-Nov-2020
------------------------------
တရက်တွင် ညီအစ်ကိုနှစ်ယောက် အကြောင်းကိစ္စတခုကြောင့် ဆေးခန်းသို့သွားသည်။ အစ်ကိုဖြစ်သူက ဆေးခန်းထဲမှ မထွက်ခင် ဆရာဝန်အား ယခုလိုမေးသည်။
"ဆရာ .. ကျနော့်အရပ် အခုထက်ပိုပြီး ရှည်နိုင်ဦးမလား ခင်ဗျာ"
ဆရာဝန်က မဖြေသေးဘဲ မေးခွန်းပြန်မေးပါသည်။
"ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ"
အစ်ကိုဖြစ်သူက သူ့အသက်ကို ပြောလိုက်ရာ
"နှစ်ဆယ့်ငါးကျော်ပြီဆိုတော့ အရိုးအဆစ်တွေက ရှည်ထွက် မလာနိုင်တော့ဘူး"
ဘေးနောက်ဖက်တွင် နားထောင်နေသော ညီဖြစ်သူသည် ရယ်ချင်စိတ်ကို ထိန်း၍ ဆေးခန်းအပြင်ရောက်ကာမှ အားပါးတရ ရယ်လေသည်။
ထိုဖြစ်ရပ်မှ အမြတ်တခုရပါသည်။
ရယ်သော ညီဖြစ်သူသည် ထိုစဉ်က ဆယ်ကျော်သက်သာသာအရွယ်ရှိသေးသောကြောင့် အရပ်ရှည်ချင်ပါက အသက်အစိတ်မတိုင်ခင်တွင် အရပ်ရှည်အောင်လုပ်ရမည်ဟူသော အသိစိတ် မသိမသာဝင်သွားခဲ့လေသည်။
(မှတ်ချက် - အသက်အစိတ်ကျော်သွားပါက အရပ်ရှည်မထွက်နိုင် ရှည်ထွက်နိုင်သေးဟု ငြင်းခုံရမည့် စာတို မဟုတ်ပါကြောင်း)
မနက်ခင်း ရေးသည့်စာများမှ -
27-Nov-2020
------------------------------
ပုံပြင်တပုဒ် ပြန်ပြောင်းပြောဖြစ်သည်။ ယခင်က ပြောခဲ့ဖူးသည့်ပုံပြင်ဖြစ်သည့်အတွက် ပြန်ပြောင်းပြောဖြစ်သည်ဟု ဆိုခြင်းဖြစ်ပါသည်။
ငါးရာ့ငါးဆယ်ဇာတ်တော်လာ စူဠကပါနဇာတ်ဖြစ်သည်။
ခေါင်းဆောင်၏ လမ်းညွှန်မှုကို နာယူသော မျောက်ရှစ်သောင်းတို့ ရေကန်စောင့်ဒကရက္ခိုက်ဘီလူးအစားခံရသောဘေးမှ ကင်းဝေးပြီး ကျူရိုးသုံးကာ ရေသောက်ခွင့်ရကြသော ဇာတ်ဖြစ်သည်။
ဇာတ်တော်၏ လိုရင်းမှာ သစ္စာပြုခြင်း အဓိဌာန်ပြုခြင်းဖြင့် လိုရာပြည့်စုံခြင်းကို ပြဆိုသည်။
ထိုဇာတ်တော်မှ မျောက်ရှစ်သောင်းတို့၏ ခေါင်းဆောင် မှာကြားထားသော စကားနှစ်ခွန်းကို သဘောကျမိသည်။
"အသီးမြင်တိုင်း မစားနှင့် ... "
"ရေကန်မြင်တိုင်း ရေမသောက်ကြနှင့် ... " ဟူသော အမှာစကားနှစ်ရပ်ဖြစ်သည်။
ရေကန်တွေ့သော်လည်း မသောက်ကြသေးဘဲ ခေါင်းဆောင်လာအောင် စောင့်ကြသော မျောက်တို့အား ချီးကျူးမိပါသည်။
ရောက်လာသည့် ခေါင်းဆောင်ကလည်း ဉာဏ်ပညာဖြင့် ဆင်ခြင်ဆုံးဖြတ်ကာ ဆောင်ရွက်စရာရှိသည်တို့ကို ဆောင်ရွက်သည့်အတွက် ရှစ်သောင်းသောမျောက်အပေါင်းတို့ ရေသောက်ခွင့်ရကြပါသည်။
ဇာတ်တော်အပြည့်အစုံဖတ်လိုပါလျှင်
ရှိ အမှတ်စဉ်(၄)ကို ဖတ်ကြပါကုန်။
မနက်ခင်း ရေးသည့်စာများမှ -
27-Nov-2020
------------------------------
မြားတိုပေါက်ခြင်း(dart-throwing)ဖြင့် တွေ့ရှိသည့်အချက်များကို ပြောပြပါမည်။
- နှစ်မီတာအကွာလောက်မှ ပစ်သည်။ ပြိုင်ပွဲတွင်မူ ၂.၃၇ မီတာရှိရမည်ဟု ဆိုသည်။ သာမန်အရွယ်အစားရှိ အရွယ်ရောက်လူတယောက်မတ်တပ်ရပ်၍ ညာလက်ကို ညာဖက်တွင်ချထားင်္ပြး ဘယ်လက်ကို ပခုံးနှင့် တတန်းတည်းမြှောက်ထားပါ။ ညာဖက်ပခုံးမှ ဘယ်ဖက်လက်ဖျားအထိသည် တမီတာဝန်းကျင်ရှိပါသည်။
- ဘုတ်ပြား(dartboard) အလယ်ကို ချိန်လျှင် ဘေး အပေါ် အောက် ရောက်ချင်ရာရောက်သည်။
- ထို့ကြောင့် အဝန်းငယ်ထဲ ရောက်အောင်သာ ပေါက်သည်။
- ပစ်ပေါက်သည့်အားများသည့်အခါ အကြိမ်ကြိမ်များများ မပေါက်နိုင်။ အားမထည့်ဘဲ ခပ်လျော့လျော့ပေါက်လျှင် သစ်သားပြားတွင် မြားသည် ကြာရှည်မစွဲ။ ဆက်ကနဲပေါက်ခြင်းက လိုရာရောက်သည်။
- accuracy ဆိုတာနှင့် precision ဆိုတာကို တွေ့ရှိမိသည်။
ခြောက်ခါပေါက်သည့်အခါ ဘုတ်ပြားရှိ တနေရာရာတွင် မြားများနီးနီးကပ်ကပ်ရှိလျှင် high precision ဖြစ်သည်ဟု ဆိုပါသည်။
ပစ်မှတ်အဝန်းထဲရောက်သည့် အကြိမ်များလျှင် high accuracy ဖြစ်သည်ဟု ဆိုပါသည်။
မြားလေးပေါက်လိုက် ခြင်းလေးတော့လိုက်ဖြင့် အိမ်တွင်းအားကစား လိုက်စားဖြစ်သည်။
ခြေအငြိမ် မနေနိုင်၊ လက်အငြိမ် မနေနိုင် ဆိုတာ ဒါမျိုးကို ပြောတာဖြစ်မည်။
မနက်ခင်း ရေးသည့်စာများမှ -
26-Nov-2020
------------------------------
"မိုင်တစ်ထောင်ခရီးကို ခြေတစ်လှမ်းဖြင့်စပါ"ဟု ပြောကြသည်။ "တနေ့ တလံ ပုဂံ ဘယ်ရွေ့မလဲ"ဟုလည်း ပြောကြသည်။ ထိုစကားပုံတို့၏ ရည်ရွယ်ချက်မှာ အရှည်မျှော်တွေးသည့် ရည်ရွယ်ချက်ဖြစ်နိုင်သည်။
မိုင်တစ်ထောင်ဆိုသည့် ကွာဝေးသည့်ခရီးကို ခြေတလှမ်း စလှမ်းခြင်းဖြင့် အစပြုရမည်။ မိုင်တစ်ထောင်သွားချင် ရောက်ချင်သော်လည်း ခြေတလှမ်းမျှ မစနိုင်လျှင် မိုင်တစ်ထောင်အကြောင်း ထည့်မပြောရန် ဖြစ်သည်။
"တနေ့ တလံ ပုဂံ ဘယ်ရွေ့မလဲ"ဆိုသည်မှာလည်း ထို့အတူပင်ဖြစ်သည်။
အထက်ပါ စကားနှစ်ရပ်တွင် မိုင်တစ်ထောင်နှင့် ပုဂံဟူသည့် ပန်းတိုင်ရှိသည်။
နေ့တိုင်း ခြေလှမ်းပေါင်း ငါးထောင် လျှောက်ဖို့ မှန်းထားသည်။
မှန်းထားသည့်အတိုင်း ဆောင်ရွက်ကြည့်ရာ ငါးထောင်အောက် လေးထောင်ကျော် ရသည့်နေ့လည်း ရှိသည်။ ငါးထောင်ကျော်ပြီး တသောင်းအထိ ရသည့်နေ့တွေလည်း ရှိလာသည်။
ရည်မှန်းချက်မှာ မိုင်တစ်ထောင်ခရီး မဟုတ်၊ ပုဂံ ရောက်ရန်မဟုတ်။
နေ့တိုင်း ခြေလှမ်းငါးထောင် လျှောက်ဖို့သာ ဖြစ်ပါသည်။
ထိုသို့ဖြင့် ကျွန်တော်သည် ခြေလှမ်းငါးထောင်ရရန် နေ့တိုင်း လမ်းလျှောက်နေပါသည်။
မနက်ခင်း ရေးသည့်စာများမှ -
25-Nov-2020
------------------------------
ရွှေပြည်ကြီးရှိ ကလေးများ၏ ပညာရေးအတွက် လှမ်းပူမိသည်။ ကိုဗစ်ကာလအတွင်း ကျောင်းများပိတ်ထားသည့်အတွက် ယခုနှစ်တွင် သင်ယူရမည့် စာတို့ကို မည်သို့ဆောင်ရွက်နေကြသနည်းဟူသည်ကို စိတ်ဝင်စားမိပါသည်။
အင်တာနက်မှတဆင့်သင်ကြားကြသောနည်းမှာ တပြည်လုံးအတိုင်းအတာအားဖြင့်ဆိုသော် ထိရောက်မှု နည်းပါးပါလိမ့်မည်။
"ပညာရေး ဝေးသည်မရှိ" ဟူသော အဝေးသင်တက္ကသိုလ်ကျောင်းသူ/သားများအတွက် ပို့ချချက်များ တီဗီမှ လာသည်ကို နားထောင်ဖူးသည်။
ယခုကဲ့သို့ ကူးစက်ရောဂါဆိုးကာလတွင် အွန်လိုင်းပန်းချီသင်တန်းများ ခေတ်စားလာသည်ကို သတိပြုမိသည်။ ထိုအစီအစဉ်မျိုးကို တီဗီတွင် မပြသင့်သလော။
နိုင်ငံခြားဇာတ်လမ်းတွဲနေရာတွင် ပညာရေးဇာတ်လမ်းတွဲဖြင့် အစားမထိုးသင့်ပါသလော။
တခြားနည်းလမ်းများလည်း အကြံပေးကြစေလိုပါသည်။
ကိုဗစ်ကြောင့် ကလေးများ၏ ပညာရေး မရပ်တန့်စေလို။
မနက်ခင်း ရေးသည့်စာများမှ -
24-Nov-2020
------------------------------
လူတို့၏ အမူအကျင့်သည့် ဆန်းကြယ်သည်။ ဆန်းကြယ်ပုံတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဘတ်စ်ကားမှတ်တိုင်တွင် ဘတ်စ်ကားစီးရန် စောင့်နေသူများ ရှိသည်။ ဘတ်စ်တစီးလာနေသည်ကို မြင်ကြသည်။ သူတို့စီးမည့်ကားဖြစ်၍ မှတ်တိုင်တွင် ရပ်ပေးရန် လက်ပြတားသည်။ လိုက်ပါမည့် တယောက်မှ တားလျှင် ကားကပ္ပတိန်မြင်ပါမည်။ သတိပြုမိပြီး ကားရပ်ပါမည်။ သို့သော် နှစ်ယောက်သုံးယောက်လောက်က လက်ပြတားကြသည်ကို မကြာခဏ မြင်ရပါသည်။
ဘတ်စ်ကားပေါ်မှ ရှေ့မှတ်တိုင်တွင် ဆင်းမည့်အခါတွင်လည်း အလားတူဖြစ်ပါသည်။ မှတ်တိုင်တွင်ဆင်းမည့်အကြောင်း ဘဲလ်တီး(နှိပ်)၍ ကားကပ္ပတိန်ကို အသိပေးရသည်။ တခါလောက် ကြားရလျှင် သူရပ်ပေးပါလိမ့်မည်။ သို့သော် "တီးတောင် တီးတောင်" ဟု တစုံတယောက်မှ ထပ်နှိပ်သံကြားရပါသည်။
မီးပွိုင့်ကူးမည့် လူကူးမျဉ်းခလုတ်ကိုလည်း တယောက်က နှိပ်ထားသည်ကို မြင်တွေ့သော်လည်း တခြားတယောက်မှ သွားနှိပ်သည်ကို တွေ့ရပါသည်။
လူတို့၏ ဆန်းကြယ်သော အမူအကျင့်များကို ကျနော်တို့သည် တပါးသူများ ပြုလုပ်သည်ကို မြင်ရ ကြားရသည်သာမက ကိုယ်တိုင်လည်း ပြုလုပ်ကြပါသည်။
မနက်ခင်း ရေးသည့်စာများမှ -
23-Nov-2020
------------------------------
ဝေဖန်ခြင်းနှင့်ပတ်သက်၍ မနေ့ညကတည်းက ရေးချင်မိတာရှိခဲ့သည်။ မအိပ်မီ တွေးသည် ရေးသည် - မှာ တရေးနိုး ထရေးမည် အကြံဖြစ်လိုက်သော်လည်း အထမမြောက်ခဲ့။ ကျောင်းဆွေးကြီးများ သီဆိုကြသော ကျောင်းသီချင်းများကိုလည်း မကြည့်နိုင်ခဲ့။
ဝေဖန်ရေးဆရာက ကောင်လေးတယောက် ဒန်းစီးနေတာပါသည့် ရောင်စုံပန်းချီကား ပုံတပုံကို ဝေဖန်သည်။ ဒန်းစီးတာ အများအားဖြင့် မိန်းကလေးတွေပဲစီးကြသည်ဟု ဝေဖန်သူက မြင်သည်။ ယောကျ်ားလေးတွေ ဒန်းစီးကြမ်းတာ သူမမြင်ဘူးလို့ဖြစ်မည်။
ကောင်လေးဝတ်ထားသည့် ပုဆိုးကို အရောင်ခြယ်ရာတွင် အစိမ်းရောင်နှင့် အညိုရောင် အစင်းကျား ဖြစ်နေသည်။ ပန်းချီဆွဲသူက သူ့အတွေးအခေါ်နှင့် သူရေးတာဖြစ်နိုင်သော်လည်း တွေးရမည့်တချက်မှာ ပန်းချီဆွဲသူ၏ ပုံဆွဲနေစဉ် စိတ်ကူးစိတ်သန်းဖြစ်သည်။
နောက်တခါ ဒန်းစီးလေဒီ မဟုတ်သည့် ဒန်းစီးကောင်လေးမှာ ဝတ်ဆင်ထားသည့်ဖိနပ်အရောင်သည် မတူ။ အဘယ်ကြောင့် အရောင်ဆင်တူ မခြယ်ရသနည်းဟု ဝေဖန်ရေးဆရာက မေးခွန်းထုတ်သည်။ "ဖိနပ်ကို ကျွဲတဖက် နွားတဖက် စီးတာလား" ဆိုသည့်စကားအသုံးအနှုန်းကို သူမသိ၍ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ယူဆသည်။ စင်ကာပူတွင် အရောင်မတူ ဖိနပ်စီးသည်ကို တွေ့ဖူးသည်။
ဝေဖန်သူသည် ပန်းချီကားနှင့်ပတ်သက်၍ ကောင်းသည့်အချက်များ သူသဘောကျသည့်အချက်များကိုလည်း ထောက်ပြချီးကျုးသွားသည်။
နိဂုံးချုပ်ရသော် ဝေဖန်ရေးဆရာသည် ပန်းချီ ကာတွန်းတပုံမျှပင် ဖြစ်ဖြစ်မြောက်မြောက် မဆွဲတတ်သော လူလတ်ပိုင်းတယောက်ဖြစ်ပြီး ပန်းချီကားကို ဆွဲသူမှာ ပန်းချီသင်တန်းတက်နေသော ကလေးငယ်တယောက်သာ ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ အချိန်ပေး၍ဝေဖန်သည့်အတွက် ကျေးဇူးတင်ရမည်။
ဘက်လိုက်မှု မရှိသော ဝေဖန်ခြင်းများအား ဝမ်းမြောက်စွာ ကြိုဆိုရပါမည်။
မနက်ခင်း ရေးသည့်စာများမှ -
21-Nov-2020
------------------------------
သူတို့သည် အိပ်ရာမှ နိုးထသည်မှ အိပ်မောမကျသေးမီ အချိန်အတွင်း ငြိမ်ငြိမ်သက်သက် မနေတတ်သူများဖြစ်သည်။
ကစား မက်သည်။ အစားကြတော့ မသွက်။
သို့သော် သူတို့ကြိုက်သည့် အစားအစာဆိုလျှင် ခြေလှုပ် ခေါင်းလှုပ် လက်လှုပ်ပြီး ပျော်ရွှင်စွာ စားတတ်ကြသည်။
မကြိုက်သည့် အစားအသောက်ဆိုပါက တောင်းတောင်းပန်ပန်ဖြင့် ခွံ့ကျွေးသော်လည်း ခွံ့ကျွေးသောလက်ကို ပုတ်ချဝံ့သူများလည်း ဖြစ်သည်။
သူတို့တွင် ရှိသော ကစားနည်းများမှာ များပြားလွန်းသောကြောင့် ဖော်ပြခြင်းငှာ မတတ်နိုင်။ "သူတို့ကစားကြသော ကစားနညိးများ" ဟူ၍ ပြုစုရမည်။
ညဖက်တွင် သူတို့ ဂျီကျ၍ ငိုပြီဆိုလျှင် တရပ်ကွက်လုံး အိပ်မရတော့။ သူတို့လိုချင်သည့် ကစားစရာတွေ့လျှင် လိုချင်သည်။ ဝယ်ပေးဖို့ ပူဆာသည်။ မဝယ်ပေးပါက ဆိုင်ရှေ့ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ချချင် ထိုင်ချတတ်သည်၊ သံမံတလင်းပေါ်တွင် လူးလိမ့်ပြီး ဆန္ဒပြချင် ပြတတ်သည်။
မေးလိုပါသည်။
သူတို့အား စာဖတ်ပြဖူးပါသလား။
သူတို့အား ကဗျာရွတ်ပြဖူးပါသလား။
သူတို့အား ပုံပြင်ပြောပြဖူးပါသလား။
သူတို့အား ကစားစရာဝယ်ပေးဖူးပါသလား။
သူတို့မေးသည်များကို စိတ်ရှည်ရှည်ဖြင့် ဖြေကြားဖူးပါသလား။
သူတို့ပြောသော လုပ်ပြသော အရာများကို စိတ်ဝင်စားစွာ နားထောင်ဖူးပါသလား။
ယခုလောက်ဆိုလျှင် သူတို့ဆိုသည်မှာ မည်သူတွေဆိုသည်ကို ရိပ်မိနိုင်လောက်ပေသည်။
ယနေ့ ၂၀-နိဝင်ဘာသည် သူတို့အတွက် ကမ္ဘာမှ သတ်မှတ်ပေးထားသော သူတို့နေ့ဖြစ်သည်။
သူတို့တွေကို မခြောက်ရ။
သူတို့တွေကို မြှောက်ပေးရမည်။
မြှောက်ပေးခြင်းဖြင့် သူတို့၏ အနာဂတ်ထွန်းတောက်စေရမည်။
#World Children’s Day
မနက်ခင်း ရေးသည့်စာများမှ -
20-Nov-2020
------------------------------
ဒီမြို့မှာ အပြေးဖိနပ်တို့ လမ်းလျှောက်ဖိနပ်တို့က ရောင်းကောင်းပုံရတယ်။
ဘတ်စ်ကားတစီးက မှတ်တိုင်ဝင်ရပ်မယ်လို့ လာနေတုန်း အဲဒီဘတ်စ်ကားနဲ့အပြိုင် မှတ်တိုင်ဆီကို အပြေးသွားနေတဲ့ ခရီးသည်တွေရှိတယ်။
ကျားက သမင်ကိုလိုက်တဲ့ ပုံပြင်မှာ ကျားနဲ့ သမင် ဘယ်သူကအပြေးပိုမြန်လဲ။
ကျားက သတ်စားဖို့လိုက်တာဖြစ်ပြီး သမင်က အသက်နဲ့ရင်းပြီးပြေးရတယ်ဆိုရင် ...
ကျားအတွက်က ဒီတကောင်မရလည်း နောက်တကောင်ထပ်ရှာပြီး ထပ်လိုက်မှာပဲလို့ ဆိုနိုင်ပေမယ့် အကယ်၍များ အဲဒီကျားမှာ အခုလိုက်နေတဲ့သမင်ကို ရအောင်လိုက်နိုင်တော့မှ သူတာဝန်ယူထားတဲ့ သူ့အသိုင်းအဝိုင်းရဲ့ သေမလောက်ဆာလောင်နေမှုကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ...
သမင်ကလည်း ဒါဟာ သူ့ရဲ့ ပထမဆုံးသော အတွေ့အကြုံဖြစ်ခဲ့ရင် ...
ကျားအကြောင်းလဲ မသိ
သမင်အကြောင်းလဲ မသိ
ဒီမြို့မှာတော့ အပြေးဖိနပ်တွေ ရောင်းကောင်း၏ လို့ဆိုရမှာပဲ။
ကြောင်ကိုဘယ်သူခြူဆွဲပေးမလဲ ဆိုတာထက် ကျားနဲ့ သမင်တို့အတွက် ဝယ်ပေးမယ့် အပြေးဖိနပ်က ဘယ်ကနေ မှာလို့ရနိုင်မလဲ။
မနက်ခင်း ရေးသည့်စာများမှ -
19-Nov-2020
------------------------------
မနက်မိုးလင်းတိုင်း ကျီးတွေ အာကြသည်။ မိုးရွာသည့်မနက်တွေမှာရော ကျီးတွေ အာကြသလားဆိုတာ သတိမထားမိ။ အိပ်ရာနိုးသည်နှင့် ကျီးအာသံတွေကို ကြားရစမြဲ။ ကျီးတွေပဲအာကြသလားဆို မဟုတ်၊ ဆက်ရက်တွေကလည်း အသံမြည်သည်၊ စာကလေးတွေကလည်း အသံမြည်သည်၊ အမည်မသိသော တခြားသော ကျေးငှက်သာရကာများကလည်း အသံမြည်သည်။
မနက်ခင်းသည် ကောင်းကင်ကို တစိတ်တပိုင်းလွှမ်းမိုးထားသည့် ထိုထိုသတ္တဝါတို့ အာကြ မြည်ကြသော အသံတို့ဖြင့် သာယာသည်ဟူ၍လည်း ပြော၍ရသလို ဆူညံသည်ဟူ၍လည်း ပြော၍ရသည်။
မြို့ကြီးပြကြီးဖြစ်သည်နှင့်အညီ မနက်စောစောကြားရသည့်အသံမှာ ဘတ်စ်ကားသံဖြစ်သည်။ ဆိုင်ကယ်မောင်းသံကိုလည်း ကြားရသည်။ ဟိုးအဝေးမှ ရထားသံကိုလည်း မကြားတကြား ကြားရသည်။ ကျောင်းတက် ရုံးတက် ရုံးဆင်းချိန်(တချို့မှာ ညပိုင်းအလုပ်ဆင်းသောကြောင့် မနက်တွင် အိမ်ပြန်သည်)ရောက်တော့မည်။
တခါတခါတွင် ဘာသံမှ မကြားရဘဲ အသံများဆိတ်ငြိမ်သွားသကဲ့သို့ ထင်ရ ဖြစ်ရသော အချိန်တခု ရှိတတ်သည်။
ကျေးလက်တောရွာများ၏ မနက်ခင်း အသံသည် မည်သို့ရှိမည်နည်း။
တောတောင်စိမ်းလန်းသော အရပ်ဒေသများ၏ မနက်ခင်း အသံသည် မည်သို့ရှိမည်နည်း။
မြစ်ကမ်းနံဘေးရှိရွာများ၏ မနက်ခင်း အသံသည် မည်သို့ရှိမည်နည်း။
ပင်လယ်ကမ်းစပ်ရှိရွာများ၏ မနက်ခင်း အသံသည် မည်သို့ရှိမည်နည်း။
အလွန့်အလွန် တိုးတက်နေပါသည် ဆိုသော စူပါနိုင်ငံကြီးများရှိ မြို့ကြီးများ၏ မနက်ခင်း အသံသည် မည်သို့ရှိမည်နည်း။
ကြားဖူးနေကြအသံဖြစ်သည် "ဟောဒီက ပဲပြုတ်" ဆိုသည့်အသံကိုလည်း ပြန်လည်ကြားယောင်မိသည်။
အသံများ၏နောက်ကိုလိုက်၍ အသံများထဲတွင် နစ်မျောနေသူများလည်း ရှိကောင်းရှိပေလိမ့်မည်။
မနက်ခင်း အသံတို့အား အသံသွင်းယူကာ မှတ်တမ်းတင်ထားမိချင်တော့သည်။
မနက်ခင်း ရေးသည့်စာများမှ -
18-Nov-2020
------------------------------
ဘယ်အချိန်ရောက်နေပြီလဲဆိုတာ သိဖို့ ကျောပိုးအိတ်ဇစ်ဖွင့်ကာ ဖုန်းဖွင့်ကြည့်လိုက်သည်။
ဘယ်ဖက်လက်တွင် ပတ်ထားသော လက်ပတ်နာရီက သူ့အား ပြုံးကြည့်နေသည်။
ဘတ်စ်ကားမှတ်တိုင်မှသည် အလုပ်ရုံဆီသို့ လျှောက်သည့်လမ်း၌ လမ်းသလားနေကြသောခူယားကောင်လေးများကို မနင်းမိအောင် ရှောင်ရှားသွားလာရသည်မှာ မနက်ခင်းစွန့်စားမှုတမျိုးဟု မှတ်ယူမိသည်။
မီးပွိုင့်ရှိ လူကူးရန်နှိပ်ရသည့် ခလုတ်ကို သူနှိပ်ခဲသည်။
မနေနိုင်သော လမ်းကူးသူတယောက်ယောက်က လာနှိပ်ရင်း မကျေနပ်သော မျက်လုံးများကို mask ဖုံးထားသော ထိုသူတို့၏မျက်နှာပေါ်ဝယ် အတိုင်းသားတွေ့ရသော်လည်း သူကတော့ သူ့စတိုင်နှင့်သူသာ နေသည်။
ကိုဗစ်ကာလသည် လုံးလုံးလျားလျား ကုန်ဆုံးသေးသည် မဟုတ်။
အလုပ်ရုံဝင်းကြီး အဝင်ပေါက်တွင် လူစိမ်းစောင့်ကြည့်ဖို့ထင်ရသည့်အစောင့်တယောက်ယောက်သည် မတ်တပ်ရပ်လျက်ဖြစ်စေ ခုံတွင်ထိုင်လျက်ဖြစ်စေ ဖုန်းသုံး၍နေသည်။
ရုံးတက်သူများက လက်ပြနှုတ်ဆက်လျှင် သူကလည်း လက်ပြနှုတ်ဆက်တတ်သည်။
မနက်ခင်း ရေးသည့်စာများမှ -
17-Nov-2020
No comments:
Post a Comment