ဒီတခေါက်ရောက်ဖြစ်တဲ့စင်ကာပူရဲ့စာကြည့်တိုက်တွေက Punggol Regional Library နဲ့ Woodlands Regional Library တို့ဖြစ်တယ်။ တခါမှ မရောက်ဖူးသေးတဲ့ စာကြည့်တိုက်တခုကိုလည်း ရောက်ခဲ့တယ်။ Bukit Panjang Library ဖြစ်ပါတယ်။ Bukit Panjang Plaza လေးထပ်ရဲ့ထောင့်တဖက်တချက်မှာ စာကြည့်တိုက်ကို အများပြည်သူအသုံးပြုနိုင်ဖို့ ဖွင့်လှစ်ထားတာပါ။ “မုန့်စားရင်း လှည်းစီး” ဆိုသလို ပလာဇာ ဝင်လည်ရင်း စာကြည့်တိုက်ထဲ စာဝင်ဖတ်ရင်း လုပ်နိုင်ပါတယ်။
Feb 18, 2026
စာကြည့်တိုက်မှာ ဖတ်စရာ
Bukit Panjang စာကြည်တိုက်မှာ တွေ့မိတဲ့စာအုပ်တွေထဲ သတိထားမိတာက “For Dummies Book Series” တွေဖြစ်တယ်။
ဝတ္တုစာအုပ်(English Fiction) တွေရှိတဲ့စာအုပ်စင်တွေကို window shopping သဘောနဲ့ လှည့်ပတ်ကြည့်တယ်။ ဘယ်စာအုပ်ငှါးမယ် ဘယ်စာရေးဆရာရဲ့ဝတ္ထုကိုဖတ်မယ် ဆိုတာ မရှိပဲ လျှောက်ပတ်ကြည့်တာ ဖြစ်ပါတယ်။ စာကြည့်တိုက်လာတဲ့သူတချို့လည်း အဲဒီလို လျှောက်ပတ်ကြည့်နေတာကို တွေ့ရတယ်။ ဟိုစာအုပ်ဆွဲထုတ်လိုက် စာမျက်နှာတချို့ လှန်ဖတ်လိုက်၊ ဒီစာအုပ်ကောက်ဖတ်ကြည့် ရှေ့နောက် အလယ် မြည်းစမ်းကြည့်၊ မငှါးချင်သေးရင် စာအုပ်စင်က ယူခဲ့တဲ့နေရာမှာ ပြန်ထည့်လိုက်၊ စာမြည်းကြည့်ပြီးရင် ထားလို့ရတဲ့စာအုပ်တွန်းလှည်းတွေဆီမှာ ထားလိုက်နဲ့ လျှောက်ပတ်ကြည့် လျှောက်ဖတ်ကြည့်နေကြတာ ဖြစ်တယ်။
သူတို့ကိုတော့ “books browser” လို့ပဲခေါ်ခေါ် “literature window shopper” လို့ပဲခေါ်ခေါ် မြန်မာလိုရှည်ရှည်ဝေးဝေး အမည်နာမ ပေးရရင် “စာကြည့်တိုက်ရှိ စာအုပ်စင်များကြား စာအုပ်စာပေများ လှန်လှောဖတ်ရှုခြင်းကို နှစ်ခြိုက်သူများ” လို့ ညွှန်းဆိုရမလားပါပဲ။
စာအုပ်စင်တွေမှာ သတိထားမိတဲ့ နာမည်တွေက Danielle Steel နဲ့ James Patterson တို့ဖြစ်တယ်။ စာများများ ရေးသားနိုင်ကြသူတွေလို့ တွေ့ရတယ်။ သူတို့စာအုပ်တွေ အတော်များများကို ရောက်ဖူးတဲ့စာကြည့်တိုက်တိုင်းနီးပါးမှာ တွေ့ရလေ့ရှိတယ်။ တအုပ်မှ ငှါးမဖတ်ဖူးသေးပါ။ နောက်တယောက်ဖြစ်တဲ့ စာရေးဆရာမက နာမည်ကြောင့် မှတ်မိနေတဲ့ Jojo Moyes ပါ။
Woodlands Regional Library မှာ “A Study in Scarlet” ကို တွေ့ရတဲ့အတွက် စာအုပ်ရဲ့စာမျက်နှာတွေက ခပ်လတ်လတ်ရှိတာကြောင့် ပြန်ဖတ်ဖို့ ငှါးခဲ့တယ်။ တူးတူးဝမ်းဘီ ဘေကာလမ်း စတင်ခဲ့ရာ ဝတ္ထုဆိုပါစို့။
ဝတ္ထုတိုတွေထဲမှာ Penguin Books က ထုတ်တဲ့ ဝတ္ထုတိုတွေကို သဘောကျမိတယ်။ ဂျပန် ပြင်သစ် စပိန် အမေရိကန် ကိုရီးယား အစရှိတဲ့ နိုင်ငံတကာက ဝတ္ထုတိုတွေ ရှိကြတယ်။ “Stories of Ireland”စာအုပ်ထဲက “The Potato Gatherers” ကို ဖတ်ပြီးတဲ့အခါ အိုင်းရစ်ချက်ကော့လို့ တင်စားကြတဲ့ Brian Friel ရဲ့ တခြားသော ဝတ္ထုတိုတွေကိုလည်း ဖတ်ချင်လိုစိတ် ဖြစ်မိသွားပါတယ်။
“The Potato Gatherers” ထဲက ဆယ်ကျော်သက် မရှိတရှိ ကျောင်းပြေးလေးနှစ်ယောက် အလုပ်ကြမ်းလုပ်ရင်း ပြောဆိုတာတွေ ဖတ်ရတဲ့အခါ သွားပြီး ပြေးမြင်ယောင်မိတဲ့အလားတူဖြစ်ရပ်တွေကို ခံစားမိနိုင်ပါလိမ့်မယ်။
ဝတ္ထုတွေဖတ်တာ ရသပဲရမှာပေါ့လို့ ပြောဆိုသူများနဲ့ ကြုံရတဲ့အခါ ပြန်ပြောလေ့ရှိတာက ဝတ္ထုဖတ်ခြင်းကြောင့် ရလာတဲ့ အဲဒီ ရသဟာ လူတွေအတွက် အလွန်အရေးပါတယ် ဆိုတာပဲဖြစ်ပါတယ်။
ဒီတပတ်ရဲ့ စာကြည့်တိုက်မှာ ဖတ်စရာအနေနဲ့ ဒီလောက်နဲ့ ခဏနားပါဦးမယ်။ နောက်တပတ် ရေးဖို့ အတွက် ချန်ရဦးမယ် မဟုတ်လား။
ကျော်မောင်(တိုင်းတာရေး)
၁၀-ဖေဖေါ်ဝါရီ-၂၀၂၆
စာကြည့်တိုက်က ငှားလာတယ်
စင်ကာပူက စာကြည့်တိုက်တွေမှာရှိတဲ့ စာအုပ်စာပေတွေနဲ့ပတ်သက်တာလေး ရေးမယ်လို့ စိတ်ကူးထားတဲ့အတိုင်းပဲ ဒီတခါတော့ စာအုပ်တအုပ်ထဲက ကဗျာလေးတွေအကြောင်း ပြောကြည့်ပါမယ်။
အရွယ်ရောက်ပြီးသူတွေဖတ်ဖို့ English section မှာ "Fiction" နဲ့ "Non-Fiction" ဆိုပြီး စာအုပ်စင်တွေကို နှစ်ပိုင်းခွဲပြီး ထားလေ့ရှိတယ်။ "Fiction" စာအုပ်စင်တွေမှာ စာရေးဆရာနာမည် A ကနေ Z အထိ စီထားတဲ့ ဝတ္ထုစာအုပ်တွေကို တွေ့ရမှာဖြစ်တယ်။ "Non-Fiction" ပိုင်းမှာတော့ ဝတ္ထုဇာတ်လမ်းမဟုတ်တဲ့ စုံစီနဖာအကြောင်းအရာများဆိုပါတော့။ ကဗျာတွေဖတ်မယ်မှန်းထားတဲ့အတွက် ကဗျာစာအုပ်တွေထားတဲ့ စာအုပ်စင်ကို ရှာပြီး ခပ်ထူထူကဗျာတအုပ်ကို ကောက်ဆွဲပြီး ငှားခဲ့တယ်။
"365 Poems For Life" compiled by Allie Esiri တဲ့။
တနေ့တပုဒ်နှုန်းနဲ့ တနှစ်စာဖတ်ဖို့စီစဉ်ပေးထားပုံရတယ်။ နှစ်တနှစ်ထဲက တလချင်းဆီမှာ ကြုံတွေ့ရတဲ့ ရာသီဥတု၊ အဲဒီဆိုင်ရာဆိုင်ရာ ရာသီဥတုနဲ့အညီ ခေတ်အလိုက်ဝတ်စားဆင်ယင်မှု၊ နေ့တနေ့မှာ တွေ့ရတဲ့ အရုဏ်ဦး ညပိုင်းစတာတွေရဲ့ ရှုခင်းတွေနဲ့ဆိုင်တာမျိုး ရွေးထားတာ။ ဆိုကြပါဆို့ ဧပြီ လေးရက်နေ့အတွက် ရွေးထားတဲ့ကဗျာ "Home-Thoughts, from Abroad" by Robert Browning (1812-1889) မှာ ဧပြီအကြောင်းဖွဲ့ထားတယ်။
ကဗျာစာဆိုတွေက ရာစုနှစ်အလိုက်မှာ ရှိတဲ့ ရှေးကဗျာတွေကနေ သက်ရှိထင်ရှားစာဆိုများရဲ့ ကဗျာတွေကို သေသေချာချာရွေးချယ်ထားပုံပေါ်တယ်။ ကြားဖူးဖတ်ဖူးတဲ့ကဗျာတွေပါတယ်။ ပထမပုံနှိပ်ခြင်း ၂၀၂၃ နှစ်ဖြစ်တယ်။
ဒါကတော့ ကဗျာပေါင်းချုပ်စာအုပ်ကြီးလို့ပြောရမယ့် စာအုပ်ထူထူကြီးကို ဟိုလှန်ဒီလှန်လုပ်ကြည့်ပြီး ပြောကြည့်တာ။ တပုဒ်ချင်း မဖတ်ရသေး။
ဟိုလှန်ဒီလှန်လုပ်ရင်းနဲ့ မနေ့က ၂၈ ရက် ဇန္နဝါရီဆိုတော့ အဲဒီရက်အတွက် ဘယ်ကဗျာကိုများ စီစဉ်သူက ရွေးထားပါလိမ့်လို့ လှန်ကြည့်မိတယ်။
Elinor Wylie (1885-1928) ရဲ့ "Velvet Shoes" ကဗျာကို ဖတ်ကြည့်မိ။ တဆက်တည်းမှာပဲ ကဗျာကိုဖွဲ့ဆိုသူ ကဗျာဆရာမဖြစ်တဲ့ Elinor Wylie အကြောင်းကို ဝီကီပီးဒီးယားမှာ စပ်စုကြည့်မိတယ်။ ကဗျာဆရာမအကြောင်းကလည်း သူ့ကဗျာတွေအတိုင်း စိတ်ဝင်စားဖွယ်ကောင်းတာတွေ့ရတယ်။
ဇန္နဝါရီလအတွက် ရွေးထားပေးတဲ့ကဗျာတွေထဲက တပုဒ်ဖြစ်တဲ့ Helen Hunt Jackson (1830-1885) ရဲ့ "Dawn" ဆိုတဲ့ကဗျာကိုလည်း ဖတ်ပြီး သဘောကျမိတယ်။ "ဒိဝါ တပတိ အာဒိစ္စော" ဆိုတာလည်း အလိုလိုရွတ်မိသားဖြစ်စေတဲ့ကဗျာ။
စာအုပ်ထူတဲ့အတွက် ငယ်ငယ်တုန်းက ကစားနေကြဖြစ်တဲ့ စာအုပ်လှန်ကစားနည်းလို စာအုပ်ကို ပိတ် ကျချင်တဲ့စာမျက်နှာကျဆိုပြီး ဖွင့်လိုက်တဲ့အခါ ကျလာတဲ့ကဗျာက W.B. Yeats ရဲ့ "A Drinking Song" အမည်ရ ကဗျာတို။ တခေါက်ဖတ်ပြီး စွဲမက်သွားစေတယ်။ မကြာခဏတွေ့နေဖတ်နေရ ကိုးကားနေကြတဲ့ကဗျာစာသားနဲ့ တူသလိုရှိပေမယ့် Yeats ရဲ့အဖွဲ့ကို ပိုသဘောကျမိတယ်။
ကဗျာစာအုပ်အမြည်းပေးတဲ့သဘောပါ။ ကြိုက်လို့ဖတ်ကြည့်ချင်ရင် စာကြည့်တိုက်အသင်းဝင်တွေအတွက် NLB catalogue မှာ စာအုပ်နာမည်ရိုက်ထည့်ပြီး စာအုပ်ရှိနိုင်တဲ့နီးစပ်ရာစာကြည့်တိုက်ကိုသွားပြီး ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း။
ကျော်မောင်(တိုင်းတာရေး)
၂၉-၁-၂၀၂၆
Dec 14, 2025
စာကြည့်တိုက်မှာ
စင်ကာပူမှာ စာကြည့်တိုက်တွေ ရှိတယ်။ ဒါကို သိသူများပါတယ်။ အခုစာကြည့်တိုက်တွေက ဟိုးတုန်းက စာကြည့်တိုက်တွေလို စာအုပ်ဖတ်ဖို့ ရည်ညွှန်းစာပေစာတမ်းတွေ ရှာဖွေဖို့တင်မဟုတ်တော့ဘဲ တခြားသော အရာများဖြစ်တဲ့ multimedia room တို့ study room တို့ programme room တို့ စတာတွေ ရှိကြတာဖြစ်တယ်။
စင်ကာပူမှာ လည်စရာ ပတ်စရာ အတော်ပေါပါတယ်။ မသွားဖူးတဲ့နေရာတွေ ရှိကြတယ်။ စာကြည့်တိုက်တွေကတော့ အရွယ်သုံးပါးသွားရင် သွားသူတွေရဲ့ဘဝတွေကို မြှင့်တင်ပေးမယ့် အထောက်အကူကောင်း ဖြစ်စေတဲ့ နေရာဌာနတွေ ဖြစ်တယ်။ အရွယ်သုံးပါး အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်ထားကြတယ်။
နီးစပ်ရာ စာကြည့်တိုက်ကိုသွားပါ။ စာကြည့်တိုက်အသင်းဝင်ဖြစ်ဖို့ စာကြည့်တိုက်ဝန်ထမ်းတဦးဦးကို မေးပါ။ ဒီမှာ အလုပ်လုပ်နေတဲ့နိုင်ငံခြားသားတွေအတွက် အသင်းဝင်ကြေးကို တနှစ်စာအတွက် တခါတည်းပေးစရာမလိုတော့ဘဲ တလချင်း ကိုယ့်ရဲ့ဘဏ်ကတ်ထဲကနေ ပေးနိုင်ပါတယ်။ တလအတွက် ပေးရမယ့်ပမာဏဟာ ထမင်းတနပ်စာဖိုးလောက်ပဲ ရှိပါတယ်။ စာကြည့်တိုက်မှာ အသင်းဝင်ဖြစ်ဖို့ တခြားလိုအပ်တာတွေ မသိတာတွေ(စာအုပ်ဘယ်နှစ်အုပ်ငှါးနိုင်မလဲ၊ တခါငှါး ဘယ်နှစ်ရက်ရမလဲ စတာတွေ)ကို စာကြည့်တိုက်ဝန်ထမ်းတွေက ရှင်းပြပေးပါလိမ့်မယ်။ သေသေချာချာ မေးပါ။
လုပ်ရမှာက စာကြည့်တိုက်မှာ အသင်းဝင်ဖြစ်ပြီဆိုတာနဲ့ တပတ်တခေါက်လောက် စာကြည့်တိုက်သွားပြီး ဘဝတိုးတက်ရေးအတွက် လုပ်ကြည့်လိုက်ပါ။ စာကြည့်တိုက်အတွင်းမှာ လိုက်နာကျင့်သုံးရတဲ့ စည်းကမ်းမျိုးတွေကို လိုက်နာပါ။
တလ နှစ်လ သုံးလေးလဆိုရင် စာကြည့်တိုက်တွေကို ကောင်းမွန်စွာအသုံးပြုသူဟာ တခြားသူတွေထက် ခေါင်းတလုံးပိုမြင့်လာတာတွေ့ရလိမ့်မယ်။ ခေါင်းတလုံးပိုနိမ့်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စာကြည့်တိုက်သွားတာဟာ လည်ပတ်ပြီး ပွါး၊ စကားတွေများ၊ တအားတွေစားကြတာထက် ပိုပျော်ဖို့ကောင်းတယ်ဆိုတာ သိသွားတဲ့အခါ တခြားသူတွေကိုလည်း ရရှိလာတဲ့ကောင်းကျိုးတွေ ပြောပြပြီး စာကြည့်တိုက်မန်ဘာဖြစ်အောင် ကူညီပေးလိုက်ပါ။
စာကြည့်တိုက်မှာ ဘယ်စာအုပ်တွေ ရှိလဲ ဖတ်ရမလဲလေ့လာရမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ဆက်ရေးပါမယ်။
(စာကြွင်း - ခေါင်းတလုံးနိမ့်သွားတယ်ဆိုတာက မသိတာတွေ များပါလားဆိုပြီး မာန်ကျသွားတာကို ဆိုလိုပါတယ်)
ကျော်မောင်(တိုင်းတာရေး)
ငှါးပါ ပို့ပေးမယ် Borrow-n-Deliver
ဒီဝန်ဆောင်မှုဟာ အတော်ကောင်းတဲ့ဝန်ဆောင်မှုဖြစ်တယ်။ စာကြည့်တိုက်တွေဆီ လူကိုယ်တိုင် သွားပြီး စာအုပ်တွေငှါးစရာမလိုဘဲ NLB Singapore ရဲ့ catalogue ကနေ စာအုပ်ရှာ၊ ငှါးပြီး အိမ်အရောက်ပို့ပေးဖို့ လိုအပ်တာလေးတွေ ဖြည့်ရုံပါပဲ။
NLB30 ဆိုတဲ့ နှစ်သုံးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ စာအုပ်ပို့ခ ၈.၇၂ (၈ ဒေါ်လာအပေါင်း အခွန်) ပေးစရာမလိုတဲ့ တကြိမ်အခမဲ့ဝန်ဆောင်မှုကို အသုံးပြုကြည့်ခဲ့တယ်။ အိမ်အရောက်လာပို့ပေးတယ်။
လေးအုပ်ငှါးခဲ့တာမှာ တအုပ်ကို စောစောပြန်အပ်ခဲ့ပြီး ကျန်သုံးအုပ်ကို မနေ့ညကမှ ပြန်အပ်ခဲ့။
ပို့ခ ၈ ဒေါ်လာပေးရန်မလိုတဲ့ ဝန်ဆောင်မှုဟာ ဒီနှစ်ကုန်အထိသာ ဖြစ်တဲ့အတွက် အားလပ်ရက်တွေမှာ အိမ်ထဲမှာအောင်းရင်း စာဖတ်ချင်တဲ့စာကြည့်တိုက်အသင်းဝင်များအတွက် မနှေးအမြန်လုပ်ဆောင်သင့်တဲ့အရာပဲ ဖြစ်ပါတယ်။
စာကြည့်တိုက်အသင်း မဝင်ရသေးသူများအတွက် နီးစပ်ရာစာကြည့်တိုက်သွားပြီး အသင်းဝင်ဖြစ်ဖို့ မေးမြန်းနိုင်ကြပါတယ်။ စာကြည့်တိုက်တိုင်းရဲ့ ဝန်ထမ်းတွေဟာ သဘောကောင်းကြတာကို တွေ့ရပါလိမ့်မယ်။
ဟိုသွားဒီသွား လမ်းများတာထက် စာလေးပေလေးဖတ်ပြီး သုတ ရသ ယူနိုင်ကြပါကြောင်း။
ကျော်မောင်(တိုင်းတာရေး)
Subscribe to:
Comments (Atom)