Feb 18, 2026

စာကြည့်တိုက်က ငှားလာတယ်

စင်ကာပူက စာကြည့်တိုက်တွေမှာရှိတဲ့ စာအုပ်စာပေတွေနဲ့ပတ်သက်တာလေး ရေးမယ်လို့ စိတ်ကူးထားတဲ့အတိုင်းပဲ ဒီတခါတော့ စာအုပ်တအုပ်ထဲက ကဗျာလေးတွေအကြောင်း ပြောကြည့်ပါမယ်။

အရွယ်ရောက်ပြီးသူတွေဖတ်ဖို့ English section မှာ "Fiction" နဲ့ "Non-Fiction" ဆိုပြီး စာအုပ်စင်တွေကို နှစ်ပိုင်းခွဲပြီး ထားလေ့ရှိတယ်။ "Fiction" စာအုပ်စင်တွေမှာ စာရေးဆရာနာမည် A ကနေ Z အထိ စီထားတဲ့ ဝတ္ထုစာအုပ်တွေကို တွေ့ရမှာဖြစ်တယ်။ "Non-Fiction" ပိုင်းမှာတော့ ဝတ္ထုဇာတ်လမ်းမဟုတ်တဲ့ စုံစီနဖာအကြောင်းအရာများဆိုပါတော့။ ကဗျာတွေဖတ်မယ်မှန်းထားတဲ့အတွက် ကဗျာစာအုပ်တွေထားတဲ့ စာအုပ်စင်ကို ရှာပြီး ခပ်ထူထူကဗျာတအုပ်ကို ကောက်ဆွဲပြီး ငှားခဲ့တယ်။
"365 Poems For Life" compiled by Allie Esiri တဲ့။
တနေ့တပုဒ်နှုန်းနဲ့ တနှစ်စာဖတ်ဖို့စီစဉ်ပေးထားပုံရတယ်။ နှစ်တနှစ်ထဲက တလချင်းဆီမှာ ကြုံတွေ့ရတဲ့ ရာသီဥတု၊ အဲဒီဆိုင်ရာဆိုင်ရာ ရာသီဥတုနဲ့အညီ ခေတ်အလိုက်ဝတ်စားဆင်ယင်မှု၊ နေ့တနေ့မှာ တွေ့ရတဲ့ အရုဏ်ဦး ညပိုင်းစတာတွေရဲ့ ရှုခင်းတွေနဲ့ဆိုင်တာမျိုး ရွေးထားတာ။ ဆိုကြပါဆို့ ဧပြီ လေးရက်နေ့အတွက် ရွေးထားတဲ့ကဗျာ "Home-Thoughts, from Abroad" by Robert Browning (1812-1889) မှာ ဧပြီအကြောင်းဖွဲ့ထားတယ်။
ကဗျာစာဆိုတွေက ရာစုနှစ်အလိုက်မှာ ရှိတဲ့ ရှေးကဗျာတွေကနေ သက်ရှိထင်ရှားစာဆိုများရဲ့ ကဗျာတွေကို သေသေချာချာရွေးချယ်ထားပုံပေါ်တယ်။ ကြားဖူးဖတ်ဖူးတဲ့ကဗျာတွေပါတယ်။ ပထမပုံနှိပ်ခြင်း ၂၀၂၃ နှစ်ဖြစ်တယ်။
ဒါကတော့ ကဗျာပေါင်းချုပ်စာအုပ်ကြီးလို့ပြောရမယ့် စာအုပ်ထူထူကြီးကို ဟိုလှန်ဒီလှန်လုပ်ကြည့်ပြီး ပြောကြည့်တာ။ တပုဒ်ချင်း မဖတ်ရသေး။
ဟိုလှန်ဒီလှန်လုပ်ရင်းနဲ့ မနေ့က ၂၈ ရက် ဇန္နဝါရီဆိုတော့ အဲဒီရက်အတွက် ဘယ်ကဗျာကိုများ စီစဉ်သူက ရွေးထားပါလိမ့်လို့ လှန်ကြည့်မိတယ်။
Elinor Wylie (1885-1928) ရဲ့ "Velvet Shoes" ကဗျာကို ဖတ်ကြည့်မိ။ တဆက်တည်းမှာပဲ ကဗျာကိုဖွဲ့ဆိုသူ ကဗျာဆရာမဖြစ်တဲ့ Elinor Wylie အကြောင်းကို ဝီကီပီးဒီးယားမှာ စပ်စုကြည့်မိတယ်။ ကဗျာဆရာမအကြောင်းကလည်း သူ့ကဗျာတွေအတိုင်း စိတ်ဝင်စားဖွယ်ကောင်းတာတွေ့ရတယ်။
ဇန္နဝါရီလအတွက် ရွေးထားပေးတဲ့ကဗျာတွေထဲက တပုဒ်ဖြစ်တဲ့ Helen Hunt Jackson (1830-1885) ရဲ့ "Dawn" ဆိုတဲ့ကဗျာကိုလည်း ဖတ်ပြီး သဘောကျမိတယ်။ "ဒိဝါ တပတိ အာဒိစ္စော" ဆိုတာလည်း အလိုလိုရွတ်မိသားဖြစ်စေတဲ့ကဗျာ။
စာအုပ်ထူတဲ့အတွက် ငယ်ငယ်တုန်းက ကစားနေကြဖြစ်တဲ့ စာအုပ်လှန်ကစားနည်းလို စာအုပ်ကို ပိတ် ကျချင်တဲ့စာမျက်နှာကျဆိုပြီး ဖွင့်လိုက်တဲ့အခါ ကျလာတဲ့ကဗျာက W.B. Yeats ရဲ့ "A Drinking Song" အမည်ရ ကဗျာတို။ တခေါက်ဖတ်ပြီး စွဲမက်သွားစေတယ်။ မကြာခဏတွေ့နေဖတ်နေရ ကိုးကားနေကြတဲ့ကဗျာစာသားနဲ့ တူသလိုရှိပေမယ့် Yeats ရဲ့အဖွဲ့ကို ပိုသဘောကျမိတယ်။
ကဗျာစာအုပ်အမြည်းပေးတဲ့သဘောပါ။ ကြိုက်လို့ဖတ်ကြည့်ချင်ရင် စာကြည့်တိုက်အသင်းဝင်တွေအတွက် NLB catalogue မှာ စာအုပ်နာမည်ရိုက်ထည့်ပြီး စာအုပ်ရှိနိုင်တဲ့နီးစပ်ရာစာကြည့်တိုက်ကိုသွားပြီး ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း။
ကျော်မောင်(တိုင်းတာရေး)
၂၉-၁-၂၀၂၆

No comments: