Aug 20, 2023

ဘာသာပြန် (၁)


၁၉၂၅ တုန်းက ပုံနှိပ်ခဲ့သောဝတ္ထုတိုဟု ဖော်ပြထားသည်။ ခေါင်းစဉ်က "The Three-Day Blow"။ ရေးသူက ဟဲမင်းဝေး။ သူ့ကို စသိရသည်မှာ မောင်ဆုရှင် ဘာသာပြန်သည့်"ပင်လယ်ပြာနှင့် တံငါအို" "The Old Man and the Sea"ကို ဖတ်ကြည့်ပြီး စွဲသွားရာက စပါသည်။ မူရင်းရေးသူ ဟဲမင်းဝေးဆိုပြီးမှတ်ထားမိသည်။ ပင်လယ်ထဲတွင် အဘိုးကြီးတယောက်နှင့် ငါးကြီးတကောင်၏ အားပြိုင်ကြသောဇာတ်လမ်းဖြစ်သည်။ ပျင်းဖို့ကောင်းမည့် ဝတ္ထုဟုမဖတ်ခင်တွင် တွေးထားမိခဲ့သောဝတ္ထုဖြစ်သည်။ နောက်ပိုင်းတွင် "For Whom the Bell tolls" (ကျော်လွှားဖတ်ကြည့်ဖူး) တို့ ၊ "The Snows of Kilimanjaro" တို့ မြည်းစမ်းဖူးတာလောက်ရှိလာသည်။

"The Three-Day Blow" ဝတ္ထုတိုကို ဇော်ဂျီက "သုံးရက်ဆက် မုန်တိုင်းငယ်" ဟု ဘာသာပြန်ပါသည်။ ထိုဝတ္ထုတို ဘာသာပြန်ထဲတွင် ဇော်ဂျီက "သေဟဲ့ ... နန္ဒိယ" ဆိုပြီး သုံးထားသည်ကို တွေ့ရသည်။
"နင်လားဟဲ့ ချစ်ဒုက္ခ" ဘာသာပြန်ကို ခေါင်းစဉ်သာ မှတ်ထားမိပြီး တခါမှ မဖတ်ဖူးခဲ့။ ဖတ်ကြည့်ရာ အတော်သဘောကျသွားသည်။
"လမ်းသစ်နှင့် အခြားဝတ္ထုတိုများ" ဘာသာပြန်စာအုပ်ထဲမှ ဝတ္ထုတိုများသည် ငယ်ရွယ်စဉ် စတင်ဖတ်ရှုကတည်းက ယခုအထိ ကြိုက်နှစ်သက်နေဆဲဖြစ်သော ဘာသာပြန်လက်ရာကောင်းများဖြစ်သည်။ "ဇဖာ တံတား သမိုင်း" ကို သဘောကျသည်။
ဘယ်နှစ်ကြိမ်ဖတ်ဖတ် ဖတ်၍မဝနိုင် မရိုးနိုင်သော ဘာသာပြန်မှာ "ဂျရတ်နှင့် မားဂရက်ဝတ္ထု" ဖြစ်သည်။ "The Cloister and the Hearth" မူရင်းဝတ္ထုမှ ပထမပိုင်းသာ ဖြစ်သည်ဟု ဘာသာပြန်နိဒါန်းတွင် ဖော်ပြထားသည်။ ဝတ္ထုတပုဒ်လုံးကို သိချင်မိသည်ထက် ဇာတ်ကောင် ဂျရတ် ဘာဆက်ဖြစ်သွားမည်ကို သိချင်မိသည်။ ရှာကြည့်ရာ https://gutenberg.org/ တွင် တွေ့ရပါသည်။
“Kate, the children grow so, this table will soon be too small.” ကို ဇော်ဂျီက "ကက်သရင်၊ ဤကလေးများ ကြီးပြင်းလာလျှင်၊ ဤစားပွဲခုံသည် ဝိုင်းထိုင်ရန် ဆန့်မည်မဟုတ်ဘူး" ဟု ပြန်ဆိုထားသည်။
ထိုထိုခေတ်များမှ နာမည်ကျော်များ နိုဗဲဆုရ စာရေးဆရာများ၏ ထိုထိုလက်ရာကောင်းများကို ဇော်ဂျီ ဘာသာပြန်များမှတဆင့် သိခဲ့ရ ဖတ်ခဲ့ရသည်မှာ ကျေးဇူးကြီးလှပါသည်။
"သေဟဲ့ နန္ဒိယ" ကို စွဲနေဆဲရှိပါသေးသည်။
မှတ်ချက် - စာရေးဆရာကြီးများအား သူတို့၏ ကလောင်နာမည်များအတိုင်း ဖော်ပြသုံးနှုန်းထားပါသည်။
ကျော်မောင်(တိုင်းတာရေး)
၈-ဩဂုတ်-၂၀၂၃

ကြားမိသော အသံများ(၁)


(က)

ပေါင်မုန့်ဆိုင်နားရောက်၊ ပေါင်မုန့် ဝယ်ရင်ကောင်းမလား တွေးနေတုန်း ဆိုင်ရှေ့မှာ ထိုင်နေတဲ့ ဆိုင်ရှင်ပုံစံရှိအန်ကယ်ကြီးက လှမ်းမေး ...
"What do you want?"
မှန်ပေါင်ထဲက ပေါင်မုန့်တွေကို ကြည့်နေတာနဲ့ ပြန်မဖြေမိ။
ဆိုင်ရှေ့ဖြတ်လျှောက်သွားတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တယောက်ရဲ့ ဖြေသွားသံကြားလိုက်ရ (သူတို့က လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာကြတဲ့ပုံစံ)
"I want you"
ဆိုင်ရှင်အန်ကယ်ကြီးကလည်း ခေသူမဟုတ် ...
တဟဲဟဲရယ်ရင်း
"Then why you go away now?" ဆိုပြီး ပြန်ပြော။
ဆိုးဘူးဟ ၊ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ ၊ ရောင်းသူ မဝယ်သူ အသံတူ။
(ခ)
လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကို ပြန်သတိရ။
မင်္ဂလာဈေးထဲက ဆိုင်တွေကြားထဲဖြတ်သွားတဲ့အခါ အတူလိုက်လာတဲ့ ကြီးတော်က မြည်တွန်တောက်တီးသံ ...
"အောင်မလေးတော် ... လူလျှောက်ဖို့လမ်းတောင် မရှိတော့ဘူး၊ ပစ္စည်းတွေနဲ့ ပိတ်နေကြတာ၊ ဘယ်လိုသွားရမလဲ"
ဆိုင်တွေမှာ သူတို့အလုပ်နဲ့သူတို့ ရှုပ်နေတဲ့ လူငယ်တွေကထဲ တယောက်က ဒီလိုဆိုတယ် ...
"ကြီးတော်ရေ.. မိုးပေါ်ကသာ ပျံသွားပါဗျာ"
ကျော်မောင်(တိုင်းတာရေး)
၇/၈/၂၃

အဖြူလား အနက်လား


အခုနေအခါ စစ်တုရင်ထိုးဖို့ ပြိုင်ဖက်ရှာကြည့်တဲ့အခါ အတော်ရှားသွားတာကို တွေ့ရတယ်။ ငယ်ငယ်ကတော့ အပျော်တမ်းထိုးဖြစ်တာ များပါတယ်။ ပြိုင်ပွဲအနေနဲ့ထိုးဖူးတာကလည်း ကျောင်းပွဲမှာပဲဖြစ်ပြီး ပက်ပက်စက်စက်ရှုံးဖူးပါတယ်။ နိုင်တယ်ဆိုတာကလည်း များသောအားဖြင့် အိမ်ကျယ်လောက် လမ်းကျယ်လောက်ပါပဲ။ ရပ်ကွက်မှာ မကျယ်ရဲခဲ့ပါ။ ရပ်ကွက်မှာကလည်း မာစတာတွေသာ မဟုတ်တာ၊ စာအုပ်တအုပ် နှစ်အုပ်လောက်တော့ ဖတ်သားဖူးပြီးသားတွေဖြစ်တဲ့အပြင် ပွဲအတွေ့အကြုံတွေကလည်း များများစားစားရှိတဲ့သူတွေဖြစ်တဲ့အတွက် ဒီလိုပြိုင်ဖက်မျိုးတွေနဲ့ဆိုရင် အတတ်နိုင်ဆုံးတော့ လက်ရှောင်လေ့ရှိပါတယ်။ ထိပ်တိုက်တွေ့ပြီး ထိုးတဲ့အခါမှာလည်း ရှုံးတဲ့ပွဲကနေ မပြုံးတပြုံးလေးနဲ့ သင်ခန်းစာယူခဲ့ရတာပါပဲ။

မှတ်မှတ်ရရ တညရှိခဲ့ဖူးတယ်။ နာရေးအတွက် ထိုးထားတဲ့အမိုးအကာအောက်မှာ ဖဲဝိုင်းသုံးလေးဝိုင်းက အုတ်အုတ်ကျက်ကျက်နဲ့ ရှိနေချိန် စစ်တုရင်ခုံလေးယူသွားပြီး ကစားခဲ့တဲ့ည။ ကစားဖော်ကလည်း ဖဲရိုက်တတ်ပေမယ့် ဖဲပွဲထက် စစ်တုရင်ပွဲကို ပိုသဘောကျလို့ထင်။ အိမ်ပေါ်ကနေ အဖေက ဟေ့ကောင် ညနက်နေပြီလို့ သတိပေးလှမ်းခေါ်မှ ဒီပွဲပြီးရင် တက်လာခဲ့မယ်လို့ ပြန်ဖြေခဲ့တဲ့ည။
လက်ဦးဆရာကတော့ အဖေနဲ့ ဦးလေးတို့ပါပဲ။ သူတို့တွေ ဘယ်ကနေဘယ်လို ဒီလိုကစားနည်းကို တတ်ခဲ့သလဲဆိုတာကို မမေးဖြစ်ခဲ့ဘူး ထင်တာပါပဲ။ သင်ပေးပြီးလို့ တတ်တဲ့အခါ သူတို့အတွက်ကတော့ ကစားဖော်တယောက်ရသွားသလို ရှိမှာပါပဲ။ သင်ပေးတဲ့ဆရာတွေကို အနိုင်ယူကစားပြပြီးတဲ့နောက်ပိုင်းမှာတော့ ရပ်ကွက်ထဲမှာ လက်စမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။
ထိုးသာထိုးတယ် လက်ရည်က မတက်ဆိုတာမျိုး ဖြစ်တာကတော့ အခုပြန်တွေးကြည့်တဲ့အခါမှာ အပျော်ထိုးလို့ဖြစ်တာလားဆိုတာ ဆန်းစစ်မိပါတယ်။ ပြိုင်ပွဲဝင်ပြိုင်တဲ့အခါမှ ဒီစည်းမျဉ်းက ဒီလိုရှိပါလား၊ ဟိုအကွက်က ဒီလိုပါလား ဆိုတာမျိုး သိသွားတာက သိပ်မနိပ်လှပါဘူး။
ဒါနဲ့ပဲ အခုတော့ အိမ်က မူလတန်းကျောင်းသူကြီးကို စစ်တုရင်သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ချထားကတော့ အတော်ကြာခဲ့ပါပြီ။ ကလေးကတော့ အရုပ်တွေကို ကြည့်ရင်း ဒါက ဘာအရုပ်တွေလည်းလို့ စူးစမ်းပါတယ်။
ပထမဆုံးသင်ပေးတာကတော့ ခုံမှာရှိတဲ့ အကွက်တွေပေါ် အကောင်လေးတွေမှန်အောင် စီထားပေါ့။ ဂိမ်းသမားဖြစ်နေတဲ့ကလေးဟာ တခါစီပြတာနဲ့ နှစ်ခါထပ်ပြောစရာမလိုဘဲ သူ့ဖာသာသူ ပြန်စီပြပါတယ်။
အဲဒီနောက် နှစ်လလောက် ဘာမှ မပြောဘဲ စစ်တုရင်ခုံပေါ်မှာ ကျားပဲထိုးနေကြပါတယ်။ checkers ဆိုတဲ့ ကျားကလည်း ကလေးတွေအဖို့ သင်ရတာလွယ်တယ်ဆိုပေမယ့် သင်ပေးတဲ့သူကို အနိုင်ယူဖို့ဆိုတာက သူတို့အတွက် ခက်ခဲနေပြန်ပါသေးတယ်။ သင်ပေးတဲ့သူကလည်း ကျားကောင်းကောင်းထိုးတတ်လား ဆိုတော့ အဖြစ်လောက်ပဲတတ်တဲ့သူ ဖြစ်နေပြန်ပါတယ်။
ပစ်ထားတဲ့ စစ်တုရင်ဖက် ပြန်လှည့်ပြီး ဘယ်အကောင်ကတော့ ဘယ်လိုသွားတာ၊ ဘယ်အကောင်က ဘယ်လိုအားသာချက်ရှိပြီး ဘယ်အကောင်က ဘယ်လိုအားနည်းတာ စသည်ဖြင့် ပြောမလား၊ ဒါမှမဟုတ် Chess for Kids : how to play ဖြစ်ဖြစ် Chess for Beginners ခေါင်းစဉ်ရှိတဲ့ စာအုပ်ပဲဖြစ်ဖြစ် ငှားလာပြီး ရော့ ဖတ်ကြည့်ပြီးရင် ကစားကြမယ်လို့ ချဲလင့်ပဲခေါ်ရမလား တွေးရခက်နေပါတော့တယ်။
မှတ်မိတာကတော့ စစ်တုရင်စသင်ခဲ့တုန်းမှာ အဖေက အဖွင့်ကွက်တခုကို သင်ပေးခဲ့တာမှာ ဒီအဖွင့်ကွက်ဟာ အဖြူကောင်တွေကို ကိုင်တဲ့သူအတွက် အားသာချက်ရှိတယ်လို့ မြင်ပြီးနောက်ပိုင်း အဖြူထက် အနက်ကို ပိုကိုင်ပြီး ကစားဖြစ်ခဲ့တာပါပဲ။ နောက်ပိုင်းမှာ အနက်ချည်းပဲကိုင်ထိုးနေလို့ အဖြူလည်း တခေါက်လောက် ကိုင်ကစားကွာလို့ အပြောခံရတဲ့အထိပါပဲ။
သမီးကို စစ်တုရင်သင်ပေးဖို့က စောများနေမလား။ သူတတ်သွားရင်တော့ စစ်တုရင်ထိုးဖော်တယောက် ပြိုင်ဖက်တယောက် ရတာပါပဲလေ။
ကျော်မောင်(တိုင်းတာရေး)
၁၈-ဩဂုတ်-၂၀၂၃

အသုံးကျရဲ့လား - ရေ


အိမ်က လူကြီးတစ်ယောက်ယောက်က မီးဖိုချောင်မှာသုံးတဲ့ ဓားမကိုယူပြီး အုန်းသီးခွဲနေတာတွေ့ရင် မယောင်မလည်နဲ့ အနီးအနားမှာ ရစ်သီရစ်သီလုပ်နေတတ်တယ်။ အုန်းသီးကို ကိုယ်တိုင်မခွဲတတ်ခင်ကပေါ့။ အခုလည်း ကျွမ်းကျွမ်းကျင်ကျင် မရှိသေးဘူး။ ဒါမျိုးဆိုတာက လေ့ကျင့်ပါများမှ လက်ယဉ်လာတာမျိုး။ အုန်းရည်အရသာချိုချိုလေးကို ကြိုက်တတ်ကြတာ ကလေးဘ၀ကတည်းကပဲ။ အုန်းရည်သောက်ရမယ်ဆိုတဲ့အသိနဲ့ အုန်းရည်ထည့်ဖို့ ခွက်ကြီးကြီးတောင် အသင့်ယူထားပြီး ဘေးနားမှာ မတ်တပ်ရပ်စောင့်နေတတ်တယ်။

အုန်းသီးခွဲနေသူက "ဟေ့ ခွက်မြန်မြန်သွားယူ" လို့ နောက်လှည့်ပြောမှ အနားမှာ ခွက်ကိုင်စောင့်နေတဲ့သူကို သတိပြုမိသွားတတ်ကြတာ။ အုန်းရည်တွေ ခွက်ထဲကို ရောက်လာပြီးတဲ့အခါ အုန်းသီးခွဲသူက ပထမမြည်းတယ်။ သူ့မျက်နှာကို ကျန်သူတွေက ကြည့်ရတယ်။
"အား ချိုသွားတာပဲ" ဆိုရင် ခွက်ကို ကမ်းတဲ့လက်တွေ များတယ်။ "ဟေး မသောက်နဲ့ မသောက်နဲ့ ချဉ်စုတ်နေတာပဲ" ဆိုရင် ထပြေးကြတာများတယ်။
ချိုသွားတာပဲလို့ ပြောတဲ့အခါ ဒုတိယသောက်ခွင့်ရတဲ့သူက အုန်းရည်ခွက်ကို စကိုင်တယ်။ အဲဒီအခါ အဖေက တားတယ်။
"ဟေ့ကောင် နေဦး၊ ရော့ ဒါအရင်သောက်" ဆိုပြီး ခွက်တစ်ခွက် လှမ်းပေးတယ်။ ပေးတာကို ယူပြီး ဘာမှ မစဉ်းစားဘဲ သောက်လိုက်ပြီးမှ "အင် ဒါ သောက်ရေပဲ" လို့ပြောတဲ့အခါ "ရပြီ အုန်းရည်ကို တစ်ငုံသောက်" လို့ဆိုပြန်တယ်။ ပြီးတော့မေးတယ်
"ဘယ်လိုလဲ အရသာ"
"ချိုတယ်"
"ကဲ နောက်တစ်ယောက် ... အုန်းရည်မသောက်ခင် ဒါလေးသောက်ကြ"
ကျန်သူတွေလည်း အုန်းရည်မသောက်ခင်မှာ သောက်ရေကို အာဆွတ် လျှာဆွတ်ရုံလောက်သောက်ကြရတယ်။
ဘာကြောင့် ရေအရင်သောက်ရတာလည်းလို့ မေးတာကို အဖေက အဖြေမပေးပါဘူး။ ဒါက ငယ်ငယ်တုန်းကပါ။ ကြီးလာတဲ့အခါမှာလည်း အုန်းရည်သောက်ချင်လွန်းအားကြီးပြီး ရေမသောက်မိဘဲ အုန်းရည်ကို သောက်ဖို့ပြင်တဲ့အခါ အဖေက "ဟေ့ကောင် ... ဟိုဟာလေး သွားသောက်လိုက်ဦး" လို့ ပြောပါတယ်။
အဲဒီအခါ ခပ်မြန်မြန်လေး ပြေးသွားရပါတယ်။ သောက်ရေအိုးရှိတဲ့နေရာဖြစ်ဖြစ်၊ သောက်ရေရှိတဲ့နေရာဖြစ်ဖြစ်ကိုပေါ့။ သောက်ပြီးမှ အုန်းရည်ကို တမော့မော့ပါတယ်။
နောက်ပိုင်း အုန်းရည်သောက်မယ်ပြင်တဲ့အခါ သောက်ရေကို အရင်သောက်တဲ့အကျင့်ဖြစ်သွားတယ်။ သူများတွေကိုလည်း ရေအရင်သောက်ဖို့ တိုက်တွန်းဖြစ်တယ်။
ဘာကြောင့် ရေကို အရင်သောက်ရသလဲဆိုတာသိချင်သပဆိုရင် ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ ပြောပါရစေ။
အုန်းသီးတစ်လုံး၀ယ်ချင်ရင်၀ယ်၊ ဒါမှမဟုတ် အသင့်သောက်ဖို့ စီမံပေးထားတဲ့ အုန်းရည်ကို ၀ယ်ချင်၀ယ်၊ ပြီးရင် ရေအရင်သောက်ပြီးမှ အုန်းရည်ကို သောက်ကြည့်ပေါ့။
အဲဒီအခါ ရေရဲ့ အသုံးကျပုံကို လက်တွေ့သိရပါလိမ့်မယ်။
ရေရဲ့ အသုံးကျပုံတွေကတော့ အများကြီးပါ။
ကျော်မောင်(တိုင်းတာရေး)
၁၆-သြဂုတ်-၁၆
(မှတ်ချက် ။ ။ ရေရဲ့ အသုံးဝင်ပုံက ပြောမကုန်နိုင် ရေးမကုန်နိုင်ပါဘူး။ ဟိုက်ဒရိုဂျင်နှစ်ဆ အောက်ဆီဂျင်တဆ ဆိုတာမှတ်လိုက်ကတည်းက စပြီးလည်ပါတယ်။ တစုံတယောက် တစုံတခုရဲ့ အသုံးဝင်ပုံကို သိချင်တဲ့အခါ အဲဒါမရှိရင် ဘာဖြစ်နိုင်မလဲ ဆိုတာကနေ တွေးကြည့်ပါ)
၁၆-ဩဂုတ်-၂၀၂၃