Aug 12, 2014

အသုံးကျရဲ့လား (၆) ... နေရာ

နောက်ဆို ရထားစီးစီး ကားစီစီး  ဒါမျိုးလုပ်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပါတယ်။ ရထားပေါ် ကားပေါ်ရောက်တာနဲ့ ထိုင်ခုံလွတ် တွေ့ရင် ဝင်ထိုင်လိုက်ရမယ်။ ဘယ်နေရာ ဖြစ်ဖြစ်၊ ဒီမှာက Reserved Seat လို့ခေါ်တဲ့ ဦးစားပေး ထိုင်ခုံတွေက ရထားတွေ ကားတွေမှာ ရှိတယ်။ အဲဒီနေရာ တွေ့ရင်လည်း ကိုယ်က ဦးရင် အရင်ဝင် ထိုင်။ ဟာ ဒီကောင် ဦးစားပေး ထိုင်ခုံတောင် မရှောင်ဘူး၊ တော်တော်ဆိုးတဲ့ကောင်.. နေဦး..  ကိုယ်နေရာ ရပြီးမှ ဘေးပတ်ပတ်လည်ကို ကြည့် မယ်။ ပထမ ကိုယ်ဝန်ဆောင်၊ ဒုတိယ မသန်စွမ်း(သို့)ထိခိုက်ဒဏ်ရာ ရထားသူ၊ တတိယ သက်ကြီးရွယ်အို၊ စတုတ္ထ ရင်ခွင်ပိုက် ကလေးငယ် ချီပိုးထားတဲ့ မိခင် ဖခင် အုပ်ထိန်းသူ၊  ပဥ္စမ ငါးနှစ်အောက် ကလေး ၊နောက်ပြီးတော့ အထုပ်အပိုးနဲ့သူ .... အစဉ်အတိုင်း ဦးစားပေးနိုင်ရင် ပေး ၊ မပေးနိုင်လည်း အဲဒီအထဲမှာ ပါတဲ့သူ ပေးရမယ်။ ဘာပေးမှာလည်း ...
ခုနက ဝင်ထိုင်လိုက်တဲ့ နေရာ။ အဲဒီ နေရာကို ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲနဲ့ မြန်မြန်ပေးရမယ်။
အစ ကတည်းက ထိုင်ပြီး စီးနင်း လိုက်ပါဖို့ မရည်ရွယ်၊ အမှန်တကယ် လိုအပ်သူတွေကို ပေးဖို့ နေရာဦးတာ ဖြစ်တယ်။ နည်းလမ်းက လွတ်တာတွေ့ ဝင်ထိုင်၊ ထိုင်ပြီး ဝန်းကျင်ကြည့်၊ လိုအပ်သူကို နေရာပေး .... အတိုကောက် မှတ်ရင် ထိုင်၊ ကြည့်၊ ပေး ။ ဒါလေးပဲ... မြန်မြန်လုပ်ရမယ် ... ထိုင်၊ ကြည့်၊ ပေး။
ဒါကို တွေးမိတာက ဒီလို.. ပြီးခဲ့တဲ့ တနင်္ဂနွေက အဘိဓမ္မာ သင်တန်းတက်ဖို့ ဘွန်လေး (Boon Lay) ကို ရထားနဲ့ အသွား၊ ထိုင်ခုံ နေရာ မရ၊ ကိစ္စ မရှိ။ ပိတ်ရက်ဆိုတော့ ရထားမှာ လူ မကျပ်ဘူး။ အဲဒီမှာ မိသားစု တစ်စု တက်လာတယ်။ အဖေလုပ်တဲ့ သူက (၆)နှစ် အရွယ် သား ကို လက်ဆွဲလို့၊ အမေက သုံး လေး လ သား အရွယ် ကလေးကို ရင်ခွင်ပိုက်အိတ် (baby carrier) နဲ့ ချီပိုးထားလို့။ ထိုင်ခုံ ထိုင်နေသုူများ သူတို့ သားအမိကို မြင်တယ်။  ဒါပေမဲ့  ဘယ်သူမှ နေရာမပေး။ ဒီလိုလား .. ရိုးရိုးထိုင်ခုံမှာ ထိုင်နေသူတွေထဲမှာ ခုနက အပေါ်မှာ စဉ်ပေးထားသူတွေ မပါဘူး။ အားလုံး သက်လယ်ပိုင်းတွေ။ ဒီသားအမိ ကို တွေ့မှပဲ အိပ်ချင်ယောင်ဆောင်သူတွေ တွေ့ရတယ်။ အားနာပြီး ထပေးရမှာ စိုးလို့ ဖြစ်မယ်။ ရှေ့ ဘူတာရောက်ခါနီး ရှေ့က ထိုင်ခုံနှစ်လုံး လွတ်ပြီ။ ဝင်မထိုင်သေးဘဲ ဝမ်းသာသာနဲ့ နေရာလွတ်ကလေး ဟိုမိသားစုတွေ့အောင် အချက်ပေးမလို့ရှိသေး ဂိမ်းကစားနေတဲ့ (၁၀)နှစ် အရွယ် ကောင်လေးနဲ့ သူ့အမေ အပြေးလာထိုင်သွားတယ်။ ခပ်တည်တည်ပါပဲ။ ဒါကို တစ်ခြားသူတွေ မြင်တယ်။ မြင်တဲ့ အဆင့်ပဲ။ ဟိုလူတွေ မထ ပေး ၊ ငါတော့ ထပေး မယ် စိုးစဉ်းမရှိ။
နောက် ဘူတာရောက်တော့ လွတ်သွားတဲ့ ခပ်လှမ်းလှမ်းက ထိုင်ခုံကို  သားသည်အမေကို လက်ညှိုုးထိုးပြ၊ သူတို့ထိုင်တော့မှ သက်ပြင်းချရပါတယ်။ ဒီလို အဖြစ်မျိုုး ခဏ ခဏကြုံရတယ်။ ထိုင်ခုံလွတ်တွေ့၊ မထိုင်ဘဲ ထိုင်ဖို့လိုုအပ်သူကို ဝင်ထိုင်ဖို့ အချက်ပေးလိုက်ချိန် တစ်ခြား သန်သန်မာမာ လူက  ခပ်တည်တည်ဝင်ထိုင်၊ တစ်ချို့များ စမတ်ဖုန်း လေး ချက်ချင်းထုတ်ပြီး အလုပ်များတဲ့ ပုံစံဖမ်း။ အဲဒီလို ကြုံကြုံနေလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကပဲ ထိုင်၊ ကြည့်၊ ပေး ဆိုတာလေး စလုပ်ဖြစ်မယ်လို့ စိတ်ကူးရတာပါပဲ ၊ နေရာ ဆိုတာ လိုအပ်တဲ့ သူတွေအတွက် အတော် အသုံးကျမှာပါ။    ။

  ကျော်မောင်(တိုင်းတာရေး)
  ၅-သြဂုတ်-၂၀၁၄


အသုံးကျရဲ့လား (၅) ... လက်တွေ လက်ချောင်းတွေ

လက်မနှစ်ဖက်  တဖျတ်ဖျတ်...
လက်ကိုင် စမတ်ဖုန်းမှာ စာရိုက်ရင်  လက်မနှစ်ဖက်လုံး သုံးတာက ပိုမြန်တယ်။ ဖုန်းကိုင်နည်းက ... ဖုန်းက လေးထောင့်ပုံစံ။ ဒီတော့ လက်နှစ်ဖက်နဲ့ ဖုန်းကိုကိုင်၊ ဒေါင်လိုက်ဖြစ်ဖြစ် အလျားလိုက်ဖြစ်ဖြစ် ကိုယ်သန်သလို ကိုင်။ ဟိုခေတ်က တီဗီဂိမ်း ကစားတဲ့အခါ ဂိမ်းခလုတ်ကို ကိုင်သလိုမျိုး ။ လက်မနှစ်ဖက်က ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ ရှိနေရမယ်။ ဖုန်းရဲ့အောက်ဖက်ထောင့်နှစ်ခုကို လက်ဖနောင့် နှစ်ဖက်နဲ့ ခပ်ဖွဖွညှပ်။ လက်ညှိုးနှစ်ဖက်နဲ့ အပေါ်ထောင့်စွန်းနှစ်ဖက်ကို ထိန်းကိုင်ထား။ ကျန်လက်ချောင်းတွေကို ဖုန်းရဲ့နောက်ဖက်မှာထား၊ ကိုင်သူဖက်ကို နည်းနည်း ကွေးထား ။ ကဲ အခုဆိုရင်  ဖုန်းလက်ကွက်မှာ လက်မ နှစ်ဖက်နဲ့ လျင်မြန်စွာ စာရိုက်နိုင်ပါပြီ။ ဒီနည်းသုံးပြီး လက်မ တွေ ညောင်းလာမယ်ဆိုရင် အညောင်းဖြေနည်းက လက်မ နပန်းလှဲတာပါပဲ။ အဲဒါက တစ်ယောက်တည်း ကစားလို့မရတော့ ကစားဖော်ရှာပြီး ကစားရတဲ့နည်းပါ။ ကစားမယ့်နှစ်ယောက် လက်ဆွဲနှုတ်ဆက်တဲ့ပုံစံ လက်တွေ ဆန့်တန်းလိုက်ရမယ်။ လက်မထောင်လျှက်နဲ့ ကျန်လက်ချောင်းများ လက်ချောင်းချင်းချိတ်လိုက်ပြီး လက်မ တစ်ဖက်နဲ့တစ်ဖက် ဖိနှိပ်နိုင်အောင် လှုပ်ရှားပြီး ကစားရတာပါ။ တစ်ဖက်သူရဲ့ လက်မကို တစ်ကနေ တစ်ဆယ်အထိ ဆက်တိုက်ဖိထားနိုင်သူက နိုင်တယ်။ ညာလက်ပြီး ဘယ်လက်ပေါ့။ အညောင်းပြေရင် ဖုန်းမှာ စာဆက်ရိုက်နိုင်ပါပြီ။ ဖုန်းမှာ စာရိုက်မြန်ရင် ဖုန်းနဲ့စကားပြောချိန် နည်းသွားနိုုင်ပြီး ကားစီး ရထားစီး အများနဲ့ သွားနေ ရှိနေတဲ့အချိန် တခြားသူများ နားငြီးသက်သာနိုင်ပါတယ်။
လက်နှစ်ဖက်နဲ့ တစ်ကနေ တစ်ရာထိရေကြမယ်...
အဖေပြောပြတဲ့နည်းပါ။ ခု၊ ဆယ်၊ ရာ ဒီလိုသွားမယ်။ လက်နှစ်ဖက်မှာ တစ်ဖက်ကို ခု၊ တစ်ဖက်ကို ဆယ် ဆိုပြီး သတ်မှတ်လိုက်၊ ဆိုပါတော့ ညာသန်အတွက် ညာဖက်က လက်ချောင်းတွေက ခု၊ ဘယ်ဖက်က ဆယ် အတွက်။ စစခြင်း လက်ဝါးတွေဖြန့်ထား။ တစ် ဆိုရင် ညာဘက်လက်က လက်မ စချိုး၊ နှစ် က လက်ညှိုုး ..လက်သန်းအထိ ဆက်ချိုး .. ငါး အထိ ရပြီ။ ချိုးထားတဲ့ လက်ငါးချောင်းက လက်မ ပြန်ထုတ်၊ အဲဒါ ခြောက် ၊ ပြီး လက်ညှိုုး လက်ခလယ် လက်သူကြွယ် လက်သန်း အစဉ်အတိုင်း ပြန်ဖြန့် ၊ ခုနစ် ရှစ် ကိုး တစ်ဆယ်။ တစ်ဆယ်အရောက်မှာ ဘယ်ဖက်လက်က လက်မကို ချိုးထားလိုက်။ ညာဖက်က လက်ဝါးဖြန့်ထားတဲ့ ပုံစံပြန်ရောက်။ ညာဖက်နဲ့ ခုနက အတိုင်း ပြန်ရေ၊ ဒီတစ်ခါ ဆယ် မှာ လက်မချိုးထားတော့ တစ်ဆယ့်တစ် တစ်ဆယ့်နှစ် ဆိုပြီးသွား ၊ နှစ်ဆယ်ရရင် ဘယ်ဖက်မှာ လက်ညှိုးချိုး။ အဲဒီအတိုင်း ညာဖက်လက်ချောင်းများ ချိုးတယ် ဖြန့်တယ်၊ ဘယ်ဘက် လက်ချောင်းများ ချိုးတယ် ဖြန့်တယ်နဲ့ ရေတွက် ၊ လက်နှစ်ဖက်ဖြန့်တဲ့ ပုံစံ ပြန်ရရင် (၁၀၀) ရပြီပေါ့။ ဒီနည်းက အစဉ်အတိုင်း ရေတွက်တာမှာ သုံးနိုင်ရုံ မကဘဲ တစ်ယောက်နဲ့ တစ်ယောက် လက်ချောင်းတွေ မြင်လောက်တဲဲ့ နေရာမှာ လက်နှစ်ဖက်သုံး သင်္ကေတ သဘောမျိုး သုံးနိုင်ပါသေးတယ်။ လက်ဝါး နှစ်ဖက်ဖြန့်ပြရင် (၁၀၀)၊ လက်ဝါး နှစ်ဖက်ဆုပ်ပြထားရင် (၅၅)၊ ညာလက်မ ထောင် ဘယ်လက်မ ကွေးပြရင် (၁၆)၊ ညာလက်သန်း တစ်ချောင်းပဲထောင် ဘယ်ဖက်မှာ လက်မနဲ့ လက်ညှိုးထောင်ရင် (၇၄) စသဖြင့် ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။
လက်ချောင်းလေးတွေ အသုံးကျတာ တွေ့ရပြီး ၄င်းတို့အား ကောင်းမွန်စွာ တန်ဖိုးထားတတ်ပါစေကြောင်း ရည်ရွယ်ကာ စုစည်းဖော်ပြလိုက်ပါတယ်။   ။

 ကျော်မောင်(တိုင်းတာရေး)
 ၂-သြဂုတ်-၂၀၁၄


အသုံးကျရဲ့လား (၄) ... ဖုန်း တစ်လုံး ဘယ်လိုသုံးကြမလဲ (သို့) ဖုန်းဖြင့် စျေးဝယ်ခြင်း

ပြီးခဲ့တဲ့ မတ်လကုန်က ရန်ကုန် ခဏရောက်တုန်း တစ်မနက်ကျတော့ အမေ စျေးမသွားတာ သတိထားမ်ိတယ်။ အမေ့ကို မေးတဲ့အခါ အမေ မဖြေခင် အဖေက လှမ်းပြောတယ်။ မင်း အမေက စျေးသွားဖို့ မလိုတော့ဘူးကွ။ ခေတ်မီနေပြီ။ ဟမ်.. စျေးမသွားတာနဲ့ ခေတ်က ဘယ်လိုမီတာလဲ အဖေရ ဆိုတော့.. ဒီလိုကွ.. မင်းအမေက အရင်ဆုံး ဒီနေ့ ဘာချက်မယ်ဆိုတာ စဉ်းစားပြီးနောက်မှာ စျေးက ဟင်းသီးဟင်းရွက်ရောင်းသူ ဖြစ်ဖြစ်၊ သားငါးရောင်းသူ ဖြစ်ဖြစ် တစ်ယောက်ယောက်ကို ဖုန်းလှမ်းဆက်တယ်။ အဲဒီဆိုင်က သူဝယ်ချင်တာ မှာတယ်။ ပြီးတော့ အဲဒီဆိုင်နဲ့ အနီးအနား တစ်ခြားဆိုင်တွေက သုူမှာချင်တာတွေ ခုနက ဆိုင်ကိုပြောလိုက်တယ်။ ဟိုဆိုင်က လိုက်မှတ်ပြီး လိုအပ်တဲ့ အမယ်မျိုးစုံကို သူဆိုင်ကနေ အသံလွှင့်လိုက်တယ်။ လှမ်းအော်ပြောလိုက်မှာပေါ့ကွာ။ ဟိုဘက်က ခရမ်းချဉ်သီးသည်ရေ အန်တီ ဘယ်သူ့အတွက် ခရမ်းချဉ်သီးတစ်ဆယ်သားလောက် ဆိုပြီး  (Broadcast သဘောမျိုး ထင်သည်)။ အနီးအနားဆိုင်က မဟုတ်ဘဲ အလှမ်းဝေးရင်လည်း သူ့့ဆိုင်က တစ်ယောက်ယောက်ကို အဝယ်ခိုင်းရင်ခိုင်း၊ ဖုန်းဆက်ပြောရင်ပြော လုပ်လိုက်တယ်။ ကျသင့်ငွေတွေ သူစိုက်ထားတယ်။ အကုန်နီးပါးစုံရင် သူ့ဆို်င်က ဝယ်တာရော သူများဆီက သူဝယ်ပေးထားတာရော စာရင်းပေါင်းပြီး ဒို့ကို ဖုန်းပြန်ဆက်တယ်။ မင်းအမေက ဆိုက်ကားဆရာကို ဖုန်းဆက်ခေါ်၊ စျေးထဲက ဘယ်ဆိုင်မှာ မှာထားတာ သွားယူပေးပါ၊ ဒီမှာ ဆိုက်ကားခနဲ့ ဟိုဆိုင်ကို ပေးဖို့ငွေ ဆိုပြီး ပေးလိုက်တယ်။ ဆိုက်ကားဆရာက သွားယူပြီး အိမ်လာပို့။ ဒါပဲ။
အဖေပြောတာကို နားထောင်ပြီး စောဒကတက်ကြည့်တယ် ဝေဖန်ကြည့်တယ်။ ဟို အဲဒီဆိုင်က ဘာဖြစ်လို့ သူများဆိုင်ကဟာပါ ဝယ်ပေးရတာလည်း။ အေးကွ အဲဒါ အခု လက်ကိုင်ဖုန်းတွေ ကိုင်လာကြပြီးနောက်ပို်င်းမှာ ခေတ်စားလာတဲ့ ဝန်ဆောင်မှုပဲ။ တစ်ချို့အတော်များများလည်း မင်းအမေလို မှာသလို ဆိုင်တွေကို မှာကြတယ်။ သူဝယ်ပေးတယ်ဆိုတာက စျေးဝယ်က သူ့ဆီကဟာကို အရင်ဝယ်တာလေ။ သူက တစ်ခြားဆိုင်တွေဆီက ဝယ်ပေးသလို တစ်ခြားဆိုင်တွေကလည်း သူ့ဆီမှာ လာဝယ်ပေးကြတာရှိတယ်။ ရောင်းသူအချင်းချင်း ဝယ်ပြီးတော့ လာယူသူဆီပေးလိုက်တဲ့၊ ဖုန်းနဲ့ စျေးဝယ်စျေးရောင်းကြတဲ့ နည်းပဲ။ ရောင်းသူ ဝယ်သူ ယုံကြည်မှုရှိဖို့တော့ လိုတာပေါ့။ ဝယ်တဲ့ပစ္စည်း လတ် မ လတ် ဘယ်လိုသိမှာလည်း ဆိုတော့ အဲဒီမှာ အမေက ဝင်ပြောတယ်၊ သားရယ် စျေးသည်တွေနဲ့ ခင်သွားတော့ ပိုပြီး အဆင်ပြေတာပေါ့။ စေတနာလည်း ပါကြတယ်။ ကောင်းတာတွေ လတ်တာတွေ ဝယ်ပေးကြတာပေါ့ ။ ဒါ ဒီမှာ ဖုန်းကို အဲဒီလို သုံးလာကြတာပဲ။ အဖေက ဖြည့်စွက်ပြီးပြောတယ်။
နားထောင်ပြီးတော့ ဒို့မြန်မာတွေ အတော်သွားတာပဲလို့ ကောက်ချက်ချမိပါတယ်။ အခုဆိုရင် စမတ်ဖုန်းသုံးပြီး ဝယ်တဲ့သူက ဝယ်ချင်တာတွေ ဖုန်းနဲ့ စာ (message) ပို့၊ တစ်ဖက်က ကျသင့်ငွေ ပမာဏကို စာပြန်ပို့၊ လာပို့တဲ့သူကို ပိုက်ဆံရှင်း၊ မှာလိုက်တာ ယူ။ စကားပြောဖို့တောင် မလိုတော့ပါဘူး။ နောင််ဆိုရင် စမတ်ဖုန်းနဲ့ အင်တာနက်သုံး ၊ ပြီး ibanking နဲ့ ထိုထို ဆိုင်တွေကို ငွေလွှဲ၊  လွှဲပြီးကြောင်း စာ(message) ပို့ပြီး အကြောင်းကြားတာတွေ အထိ ဖြစ်ဖို့ သိပ်မဝေးတော့ဘူးလို့ ထင်ပါကြောင်း.....

ကျော်မောင် (တိုင်းတာရေး)
 ၃၁-ဇူလိုင်-၂၀၁၄


အသုံးကျရဲ့လား (၃) ... မြန်မာအက္ခရာစဉ်

တက္ကသိုလ်မှာ တက်တုန်းက အက္ခရာစဉ် ဆိုတာ သင်ရပါတယ်။ မြန်မာအက္ခရာစဉ်ပါ။ ဗျည်းစဉ်၊ သရ နှင့် အသတ်စဉ် ၊ဗျည်းတွဲစဉ် တို့ပေါ့။ အက္ခရာစဉ်ကို ပထမဆုံး လေ့လာသင်ယူရတဲ့ အတန်းချိန်အပြီး မြန်မာစာ ဆရာ အခန်းထဲက အထွက်မှာ လိုက်မေးခဲ့ပါတယ်။

ဆရာ ကျွန်တော်တို့ ဘာကြောင့် အက္ခရာစဉ် သင်ရပါလည်း ခင်ဗျာ ပေါ့။ ဆရာ က ဖြေပါတယ်။ ခင်ဗျားတို့ အဘိဓာန်ကြည့်လို့ရတာပေါ့ တဲ့။ အဲဒီတုန်းက ဆရာရဲ့ သင်ပြမှု ကောင်းတာကြောင့် အက္ခရာ စဉ်တတ်ခဲ့ပါတယ်။ စာမေးပွဲမှာလည်း သေသေချာချာ စဉ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အက္ခရာစဉ်တဲ့နည်းကို အသုံးပြုပြီး မြန်မာအဘိဓာန် မကြည့်ခဲ့တာ ကတော့ အမှန်ပါပဲ။ ငါ မြန်မာပဲ ၊ ငါ ဖတ်တဲ့ မြန်မာလိုရေးထားတဲ့ ကာတွန်း ကဗျာ ဆောင်းပါး ဝတ္ထု အစုစုမှာ မြန်မာအဘိဓာန် သုံးရလောက်တဲ့ စကားလုံး မပါပါဘူး၊ ပါရင်လည်း တတ်သိနားလည်တဲ့ လူကြီးသူမတွေ မေးနိုင်တာပဲ ဆိုပြီး တကယ်လည်း အဘိဓာန်ကို သေသေချာချာ မသုံးခဲ့ဘူး၊ အဘိဓာန်ကြည့်ရင်လည်း အက္ခရာစဉ်နည်းကို မသုံးဘဲ လျှောက်ပြီး  လှန်လျောရှာဖွေတာပဲ များပါတယ်။

ဒီမှာ အလျဉ်းသင့်လို့ ဆရာ တစ်ယောက်ပြောပြဖူးတာ ပြန်ပြောပါရစေ။ သူပြောတာက ခင်ဗျားတို့ သတိထားမိကြလား၊ အင်္ဂလိပ်စာဟာ ဘာကြောင့် နိုင်ငံအတော်များများမှာ အသုံးပြုကြတာလည်းတဲ့။ အင်္ဂလိပ်စာမှာ အက္ခရာက အေ ကနေ ဇက် အထိ (၂၆) လုံးပဲရှိပြီး အဲဒီ (၂၆) လုံးနဲ့ပဲ စကားလုံးတွေ ဖြစ်လောက်အောင် ရိုးရှင်းလို့ပဲတဲ့။ ဒါ ဆရာ့ အယူအဆ။ အင်္ဂလိပ်အဘိဓာန်သုံးပြီး စကားလုံးအဓိပ္ပါယ် ရှာရတာ အလွန်လွယ်ကူပါတယ်။ သူု့အက္ခရာ အစဉ်အတိုင်းသွားတာပဲ၊ မြန်မာစာလို ဗျည်းစဉ်၊ သရ နှင့် အသတ်စဉ် ၊ဗျည်းတွဲစဉ် ဆိုတာတွေ မရှိပါဘူး။

မြန်မာစာ မြန်မာစကားနဲ့ပတ်သက်လို့ ဖတ်ထား မှတ်ထားတာလေး တစ်ခုကျတော့ ... တစ်ခါက နိုင်ငံခြားသူ ဘိုမကြီးတစ်ယောက် မြန်မာပြည်မှာ မြန်မာစကားလေ့လာ၊ အတော်တတ်ပြီဆိုပြီး သူ့နိုင်ငံပြန်မယ်ပြင်၊ ရထားဘူတာအရောက် သူ့ရဲ့ များပြားလှတဲ့ အထုပ််ကြီး အထုပ််ငယ်တွေကြည့်ပြီး နယ်ခံ အဒေါ်ကြီးတစ်ယောက် လှမ်းပြောလိုက်တဲ့ ဒီဘိုမကလည်း ဗြုတ်စဗျင်းတောင်းတွေ များလှချည်လား ဆိုတဲ့စကားက  ဗြုတ်စဗျင်းတောင်း ဆိုတာကို နားမလည်လို့ မပြန်ဖြစ်တော့ဘဲ မြန်မာစာဆက်သင်ရတဲ့အကြာင်းလေး သတိရမိပါတယ်။ (ဗြုတ်စဗျင်းတောင်း/ဗျုတ်စာ့ဗျင်းဒေါင်း/န-အမျိုးစုံ ရောနှောနေသည့် အသေးအဖွဲပစ္စည်းစု) 

အက္ခရာစဉ် အကြာင်း ပြန်ဆက်ပါ့မယ်။ မြန်မာပြည်က စင်ကာပူကို လာဖို့ ပြင်တော့ လိုရမယ်ရဆိုပြီး မြန်မာစာအဖွဲ့ဦးစီးဌာနက ထုတ်တဲ့ ခရီးဆောင်မြန်မာအဘိဓာန် စာအုပ်ယူလာခဲ့တယ်။ တစ်နှစ် နှစ်နှစ်ကြာတဲ့ အထိ မသုံးဖြစ်၊ ကဲ ဘာသာပြန်ရေးမယ် ဆောင်းပါးတွေ ရေးမယ်ဆိုမှ ကိုယ်ရေးမယ့် စကားလုံး တကယ်သိအောင် အဘိဓာန် သုံးရပါတယ်။ အဲဒီမှာ စပြီး တိုင်ပတ်တာပဲ။ အချိန်က မရတဲ့အထဲ မြန်မာအဘိဓာန်မှာ ရှာချင်တဲ့ စကားလုံးကို လှန်လျောရှာနေတာနဲ့ပဲ မပြီးနိုင်။ ကျောင်းတုန်းက သင်ခဲ့ရတာကလည်း မေ့တေ့တေ့ဖြစ်။ သင်ပြီး တတ်ပြီးကတည်းက အမြဲမဟုတ်တောင် ရံခါလောက် သုံးနေရင် အတော်အသုံးဝင်မှာပဲ။ ဒီမှာ စောဒက တက်စရာက မြန်မာအဘိဓာန်များဗျာ ဆော့ဝဲလ် ဖြစ်ဖြစ်၊ စီဒီ ဖြစ်ဖြစ်  ကွန်ပျူတာနဲ့ သုံးပေါ့လို့ ဆိုချင်ဆိုနိုင်ပါတယ်။ မှန်ပါတယ် ၊ အဲဒါတွေ သုံးမယ်ဆိုရင်တော့ အက္ခရာစဉ်နည်း တတ်ဖို့ မလိုအပ်ပါ။  မြန်မာအဘိဓာန် ဆော့ဝဲလ် ရေးသူတွေ ကတော့ အက္ခရာစဉ် တတ်ဖို့လိုတာပေါ့။ ဒါတွေမြင်လို့ ကျောင်းမှာ အက္ခရာစဉ် သင်ခဲ့တာဖြစ်မယ် ထင်တယ်။ အခုထိ ကျောင်းမှာသင်ဆဲပဲဆိုရင် သင်ကြားခြင်း ရည်ရွယ်ချက်က အဘိဓာန်ဖတ်တတ်ဖို့ မဟုတ်တော့ဘဲ အဘိဓာန်ပြုစုဖို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာတော့ တတ်ထားတဲ့ ပညာအသုံးချရကောင်းမှန်း မသိတာ၊ အသုံးမချခဲ့တာနဲ့ လိုအပ်တဲ့ အချိန်မှာ မသုံးတတ်တော့တာကို ဖော်ပြလိုခြင်း အရင်းခံ ဖြစ်ပါတယ်။

တတ်ထားသော ပညာရပ်များ အသုံးကျအောင် အသုံးချနိုင်သော ပညာရှင်များဖြစ်ပေါ်လာရန် ရည်သန်ကာ တိုက်တွန်းရေးသားလိုက်ရပါကြောင်း ။   ။
(မှတ်ချက်။ ။   စာရွက်ပေါ်မှာ လွန်ခဲ့သော တစ်နှစ်လောက်က ချရေးဖူးတာလေး ပြန်လည်ပြင်ဆင်ကာ ရေးလိုက်သော ဆောင်းပါး ဖြစ်ပါတယ်) 

ကျော်မောင် (တိုင်းတာရေး)