Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Aug 8, 2017

အခန်းပေါင်းစုံ စာသင်ပွဲကြီး

လေးတန်းလို့ ခေါ်တဲ့ စတုတ္ထတန်းမှာပေါ့။ ဟေ့ကောင်လေး မင်း ဘယ်နှတန်းရောက်ပြီလဲလို့ မေးရင် စတုတ္ထတန်းလို့ ဘယ်သောအခါမှ မဖြေဘူး။ လေးတန်းရောက်ပြီဗျလို့ပဲ ဖြေတယ်။ အဲဒီတုန်းက လေးတန်းရောက်ပြီဆိုရင် ဒါဟာ မူလတန်းအဆင့်မှာ အကြီးဆုံးအတန်းပဲ။

အကြီးဆုံးအတန်းဆိုတော့ အောက်က သူငယ်တန်း၊ ပ ဒု တ တန်းတွေနဲ့ယှဉ်ရင် သူက စီနီယာပဲ။

အဲဒီလေးတန်းရောက်တဲ့နှစ်မှာ စာကို ဖိဖိစီးစီးကျက်ကြရတယ်။ ကျက်ရဆို လေးတန်းသည် အစိုးရစစ်တဲ့ စာမေးပွဲဖြစ်လို့ပဲ။ ဟဲ့ ပေါ့ပေါ့မနေနဲ့နော် ငါတို့က ထုတ်တဲ့ မေးခွန်း ဖြေရမှာ မဟုတ်ဘူး။ သားရေ စာတွေကျက်ဟ သချာင်္တွေ တွက်ဟ မီးနင်းတွေကျက်ဟ။ မီးနင်းဆိုလို့ လျှောက်မတွေးနဲ့ဦး။ အင်္ဂလိပ်စကားလုံး meaning ကို မြန်မာမှုပြုထားခံရတဲ့ စကားလုံးကို ပြောကြဆိုကြတာ။

အဲဒါနဲ့ တနှစ်ပတ်လုံး အပင်ပန်း အဆင်းရဲခံပြီး အမျိုးမျိုးသော ထိုးနှက်မှုတွေကြားမှာ စာတွေကြိုးစားခဲ့ရတယ်။ ဘာတုန်းဟ အမျိုးမျိုးသော ထိုးနှက်မှုတွေလို့မေးရင် တခြားတော့ မဟုတ်ဘူး။ အစိုးရစစ်တဲ့ စာမေးပွဲနော် စာတွေရပြီလားလို့ အိမ်နီးချင်းတွေက ပြုံးပြုံးလေးထိုးနှက်တယ်။ တနင်္ဂနွေနေ့လိုမျိုး ညဘက် တီဗီမှာပြတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတာကို သွားကြည့်တဲ့အခါ အတော်စာရလို့ လာကြည့်တာလားဟင် ဆိုတာမျိုး ခနဲ့တာတွေ၊ သောကြာနေ့လို့မျိုး ကျောင်းဆင်းပြီး ညနေပိုင်းမှာ ဘောလုံးကန် ဂေါ်လီရိုက်တာမျိုးဆိုရင် အိမ်စာတွေ ပြီးပြီလားလို့ မေးသွားကြသူတွေက တဖုံနဲ့ ဒါမျိုးလေးတွေကို ဖြတ်ကျော်ခဲ့ရတယ်။

အလယ်တန်းကျောင်းဖြစ်တဲ့အတွက် လေးတန်းအခန်းပေါင်းက လေးခန်းရှိမယ်လို့ ပြန်တွေးယူရတယ်။ မှတ်မိတာက အေခန်းဆိုတဲ့အခန်းပဲ။ အဲဒီအခန်းမှာက လူတော်တွေများသလို ကောင်မလေးချောချောတွေလည်း များတယ်။ မုန့်စားကျောင်းဆင်းချိန် ကျောင်းပတ်တဲ့အခါ ခဏ ခဏ သွားတတ်တဲ့ အခန်းပါပဲ။

စာမေးပွဲကြီး စစ်ခါနီးတဲ့အခါမှာတော့ အချိန်ပိုခေါ်ပါတယ်။ 
အဲဒီမှာ အခန်းပေါင်းစုံ စာသင်ပွဲကြီး ဆိုတာ စတင်ကြုံရပါတော့တယ်။

လေးခန်းလုံးကို ပေါင်းလိုက်ပါတယ်။ ကျောင်းဆောင်ရဲ့ အပေါ်ထပ်ဟာ အခန်းကျယ်ဖြစ်တဲ့အတွက် စာသင်ခုံတွေ ထိုင်ခုံတွေကို ဖယ်လိုက်ပြီး လေးတန်း ကျာင်းသူ ကျောင်းသားတွေဟာ သစ်သား ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး စာသင်ကြရပါတယ်။ လေးခန်းပေါင်းဖြစ်တဲ့အတွက် စာသင်တဲ့ ဆရာ ဆရာမတွေဟာ နောက်က စာသင်သူတွေ ကြားရအောင် အသံတော်တော်ကျယ်ကျယ် ထုတ်ကာ စာသင်ပေးကြရတဲ့အတွက် ဆရာ ဆရာမတွေလည်း အတော် ပင်ပန်းကြရပါတယ်။

လေးတန်းကျောင်းသူ ကျောင်းသားတွေအတွက်ကတော့ ပျော်စရာကြီးဖြစ်ပါတယ်။

ဘာကြောင့်လဲဆို လေးခန်းပေါင်းလိုက်တဲ့အခါ အေခန်းက ဘယ်မှာထိုင်၊ ဘီခန်းက ဘယ်မှာထိုင် စသည်ဖြင့် သတ်မှတ်ပေးတာ မရှိပါဘူး။ အဲဒီတော့ အဆင်ပြေရာ နေရာတွေမှာ ထိုင်ကြတာပေါ့။ ဒါဟာ ဆယ်ကျော်သက်ရောက်တော့မယ့် ရောက်ခါစ ကျောင်းသားအတွက် အခွင့်ကောင်းပဲဖြစ်ပါတယ်။ ကြိုက်တဲ့နေရာ ထိုင်လို့ ရတယ်ဆိုတဲ့အတွက် ချောချောလှလှလေးတွေ ရှိတဲ့နေရာ ခပ်လှမ်းလှမ်းမှာ သူငယ်ချင်းတွေ နေရာလုကြပါတယ်။

အေခန်းက မဒီတွေကို ဘီခန်းတို့ စီခန်းတို့က ငနဲတွေက ဂေါ်နေတဲ့အခါ အေခန်းက ငနဲတွေက မာန်ဖီကြပါတယ်။ ဒီလိုပါပဲ ကိုယ့်အခန်းက ခပ်လှလှကျောင်းသူကို တခြားအခန်းက မျှော်ကြည့်တာကို တွေ့တဲ့အခါ လက်သီးလေးပြကြ အံလေးကြိတ်ပြကြနဲ့ပေါ့။

ထမင်းစားချိန်ဆိုရင် အိမ်ကနေ ထမင်းဘူးတွေ သံပရာရည်တွေ ဘာတွေညာတွေ လာပို့ကြ၊ ဟင်းပေါင်းတွေစားကြနဲ့ ကြည်နူးစရာကောင်းလှပါတယ်။

စာသင်ချိန်မှာတော့ ဆရာ ဆရာမတွေက တပည့်တို့ ဒီအပုဒ်ကို ဒီလိုမေးရင် ဘယ်လိုဖြေမှာလဲ ကဲ ဖြေကြပါဦးဆိုရင် လေးခန်းပေါင်းရှိတဲ့ သင်တန်းသားတွေဟာ တိတ်ဆိတ်သွားလိုက်တာများ ချောက်ခြားစရာတောင် ဖြစ်ပါတယ်။

စာမေးပွဲဖြေဖို့ တပတ်လောက်အလိုမှာ ကြေညာချက်ထွက်လာပါတယ်။ အစိုးရစစ်စာမေးပွဲမဟုတ်တော့ပါတဲ့။ မြို့နယ်စစ်စာမေးပွဲလိုလို ကိုယ့်ကျောင်းကိုယ်စစ်လိုလိုမျိုး ဖြစ်သွားပါတယ်။

အဲဒါနဲ့ ကိုယ့်အိမ်မှာပဲကိုယ် စာပြန်ကျက်ကြပေတော့လို့ ဆိုတဲ့အတွက် အခန်းပေါင်းစုံ စာသင်ပွဲကြီးကနေ မခွဲချင်ဘဲ ခွဲကြရပါတယ်။

ဒါပဲ ကောင်းပါတယ်လေ၊ အိမ်မှာ စာကျက်တဲ့အတွက် စာတခုတည်းကိုပဲ အာရုံထည့်ပြီး ကျက်နိုင်ခဲ့တယ် မဟုတ်လား။

အခန်းပေါင်းစုံ စာသင်ပွဲကြီးကို အမှတ်ရလျက် ....

ကျော်မောင်(တိုင်းတာရေး)
၆-သြဂုတ်-၂၀၁၇
(နေ့စွဲတပ်မှပဲ ဒီနေ့ဟာ ဟီရိုရှီးမားမြို့ အနုမြူဗုံးကြဲခံရတဲ့ နေ့ပဲလို့ အမှတ်ရမိပါတယ်၊ အဲဒီအနုမြူဗုံးကို နာမည်ပေးထားတာက Little Boy တဲ့လေ)

Jul 16, 2017

ကစားနည်း (၁)

The Hive @ NTU
ကလေးနဲ့ ကစားတဲ့ ကစားနည်း တစ်ခုပါ။ လူငယ်တွေ လူကြီးတွေလည်း ကစားနိုင်ပါတယ်။ အသစ်မဟုတ်ပါ။ အဟောင်းပါ။ ကစားနည်း အဟောင်းပါ။ ကစားဖူးကြမှာပါ။

ပါဝင်တဲ့ ပစ္စည်းတွေက အိပ်ရာ၊ စောင်၊ ခေါင်းအုံး၊ ဖက်လုံး၊ စာရွက်၊ သတင်းစာ၊ ခဲတံ ဖြစ်ပါတယ်။ နှစ်ယောက်ကနေ အများကစားနိုင်ပါတယ်။ 
ကစားနည်းက ဒီလိုပါ။

ခဲတံဖွက်တဲ့ကစားနည်းပါ။ ခဲတံနေရာမှာ တခြားအရာတခုခုနဲ့ အစားထိုးနိုင်ပါတယ်။ ခဲတံက ကလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒီမှာတော့ ခဲတံနဲ့ ကစားပါတယ်။

ခဲတံကို တယောက်က ဖွက်ရပါမယ်။ အိပ်ရာပေါ်မှာပဲ ဖွက်ရပါမယ်။ ဖွက်တဲ့အခါ ခေါင်းအုံး၊ စောင်၊ဖက်လုံး၊ စာရွက်၊ သတင်းစာစတာတွေသုံးပြီး ဖွက်နိုင်ပါတယ်။ တယောက်က ဖွက်နေတဲ့အခါ ကျန်သူတွေက မျက်စိမှိတ်ထားရပါမယ်။ ဖွက်လို့ပြီးတာနဲ့ ရှာလို့ ရပါပြီ။

သဲလွန်စ ပေးနိုင်ပါတယ်။ ခေါင်းအုံးတွေ အောက်မှာလား၊ စောင်တွေထဲမှာလား၊ အိပ်ရာအောက်မှာ မဖွက်ဘူး စသဖြင့်ပေါ့။ ဖွက်မယ့်အရာကို အိပ်ရာမှအပ တခြားနေရာမှာ ဖွက်လို့ မရပါဘူး။

နောက်တခါ ဖွက်တဲ့သူရဲ့ ကိုယ်ပေါ်မှာ ဖွက်ထားနိုင်ပါသေးတယ်။ 
လိုက်ရှာတဲ့ကလေးဟာ သူရှာနေတဲ့ ပစ္စည်းကို တွေ့သွားတဲ့အခါ အလွန်ပျော်မြူးလေ့ရှိပါတယ်။

သူတွေ့သွားတဲ့အခါမှာ သူ့ကို ထိုအရာဖွက်လိုက်ပါလို့ ပြောပါ။ သူဖွက်နေတဲ့အခါ ကျန်သူတွေက မျက်စိမှိတ်ပေးထားရပါမယ်။

သူ့အတွေးအခေါ်လေးသုံးပြီး နေရာရှာဖွက်ပါလိမ့်မယ်။ အဲဒီမှာ ကလေးနဲ့ကစားတဲ့ လူကြီးမှာ ပြုလုပ်ရမှာလေး ရှိပါတယ်။

လူကြီးဆိုတဲ့အတွက် ကလေးဖွက်ထားတဲ့ ပစ္စည်းကို ဘယ်နေရာမှာ ဘယ်လိုရှာရမယ်ဆိုတာ အလွယ်လေးဖြစ်နိုင်ပါတယ်။ ကလေးကိုလည်း ကြိုပြောထားရမှာက မပြောပြနဲ့နော်၊ ဖေဖေရအောင်ရှာနိုင်တယ် မေမေရအောင်ရှာနိုင်တယ်လို့ဖြစ်ပါတယ်။ လူကြီးဖြစ်တဲ့သူ မရှာတွေ့သမျှ ကလေးက မြူးတူးခုန်ပေါက်နေတတ်ပါတယ်။ သူဖွက်ထားတဲ့နေရာကို မရှာတွေ့လို့ သူပျော်နေပါတယ်။

လူကြီးတွေ နောက်ထပ်ပြုလုပ်ရမှာက၊ ဒီကစားနည်းဟာ ဖွက်တယ်၊ ရှာတယ်ဆိုရုံလေး ကစားတာ မဟုတ်ပါဘူး။ ကလေးကို ပျော်စေချင်တာ၊ လူကြီးတွေ ဘယ်လိုဖွက်သလဲဆိုတာကို ပြတာ၊ ကလေးရဲ့ဖန်တီးနိုင်စွမ်းကို လေ့လာတာ၊ နေရာကို သိတဲ့သူရဲ့ မပြောဘဲနေနိုင်စွမ်းကို ကြည့်ရှုတာ၊ အဲဒီအပြင် ကလေးကို သဲလွန်စပေးပြီး ရှာခိုင်းတာ၊ ကိုယ်ရှာတဲ့ အလှည့်မှာလည်း ကလေးကနေ သဲလွန်စပေးခိုုင်းတာ၊ သဲလွန်စပေးတတ်အောင် ဆောင်ရွက်ပေးတာတို့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီကစားနည်းကို ပိုပြီး သွက်လက်စေတာက လူကြီးဖြစ်တဲ့သူက ဖွက်ထားတဲ့အရာကို တွေ့သွားပေမယ့် မတွေ့ယောင်ဆောင်ပြီး ဆက်လက်ရှာဖွေနေပြရမှာပဲဖြစ်ပါတယ်။ နောက်တော့မှာ ဟာ ဒီမှာ တွေ့ပြီဟေ့လို့ ပြောလိုက်ရမှာဖြစ်ပါတယ်။

ကစားခြင်းဖြင့် ကလေးများရဲ့ ဖန်တီးမှုကို လေ့လာကြပါစို့။

ကျော်မောင်(တိုင်းတာရေး)
၁၆-ဇူလိုင်-၂၀၁၇

Jan 12, 2016

တွေးမိလေသော (၄) - အတန်း

ကိုးတန်းကျောင်းသားဘဝက ကြုံခဲ့ရတာ ပြန်တွေးမိတယ်။

စာသင်ခန်းထဲမှာ ကျောင်းသူကျောင်းသား ၅၀ ကျော်လောက်ရှိတယ်။ ခုံရှည်တွေမှာ သုံးယောက်တတွဲ ထိုင်ရတယ်။ ရှေ့ဆုံးတန်း နှစ်တန်းက လူကြိုက်များတယ်။ အကြောင်းရင်းဆန်းစစ်ကြည့်တော့ အဲဒီအတန်းနှစ်တန်းက အပေါက်ဝနဲ့နီးတယ် အဝင် အထွက်လွယ်တယ်။ စာသင်ဆောင်ရဲ့ ထိပ်ဆုံးခန်းဖြစ်ပြီး ဒုတိယအထပ်မှာရှိတယ်။ တခြားစာသင်ခန်းတွေနဲ့မတူတာက ဝင်ပေါက် ထွက်ပေါက်တခုတည်း။ အဲဒါကြောင့် ရှေ့ဆုံးအတန်းတွေက လူတကာထိုင်ချင်တယ်။

အတန်းပိုင်ဆရာမက စနစ်တခုလုပ်ထားတယ်။ ဒါလည်း ဟိုတုန်းကတည်းက ရှိနေတဲ့စနစ်ပဲ။ နေ့တိုင်း အတန်းပြောင်းထိုင်။ ပထမတရက်မှာ ရှေ့ဆုံးတန်းမှာ ထိုင်ရင် ဒုတိယရက်မှာ ဒုတိယအတန်းမှာ ဆင်းထိုင်။ နောက်ဆုံးတန်းရောက်ပြီး နောက်တရက်ဆို ရှေ့ဆုံးကိုပြန်ရောက်တယ်။

ကိုးတန်းမှာ ကျောင်းအပ်တာ တလနီးပါးနောက်ကျတယ်။ ဘော်ဒါတွေ အကုန်လုံးက တက်နေကြပြီ။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းတက်လာတော့ အစမှာ ကိုယ့်ကျောင်းအုပ်စုနဲ့ကိုယ်။ နောက်ကျတဲ့ ကျောင်းသားကို ဆရာမက နေရာပေးတယ်။ ရှေ့ဆုံးတန်းမှာ။ ဒီကျောင်းသားသစ် ဘယ်လိုကျောင်းသားမျိုးလည်းဆိုတဲ့ စရိုက်ကို အနီးကပ် လေ့လာလို့ရအောင်ဖြစ်နိုင်တယ်။

ဆရာမက သမိုင်းသင်ပါတယ်။ သူ့အတန်းချိန်အပြီးမှာပဲ အလယ်တန်းကျောင်းက ဘော်ဒါက လာပြောတယ်။ ဟေ့ ငါ့ဘေးမှာ တနေရာလွတ်တယ်။ လာထိုင်။ သူက ဘော်ဒါတွေနဲ့ နောက်တန်းလောက်မှာ ရောက်နေတာ။ အေးကွာ ထိုင်တာပေါ့ဆိုပြီး လွယ်အိတ်ယူပြီး အတန်းပြောင်းထိုင်တယ်။ လက်ရှိထိုင်နေတာက ဘော်ဒါအသစ်တွေနဲ့ဖြစ်ပါတယ်။ သူတို့ကို ငါ နောက်မှာ သွားထိုင်မယ်ပြောလိုက်တယ်။ တနေ့လုံး နောက်တန်းမှာ ဟေးလားဝါးလားနဲ့ သူငယ်ချင်းတွေ စာကိုပျော်ပျော်သင်ကြတယ်။

နောက်တနေ့ ကျောင်းမတက်ခင်မှာ တတန်းဆင်းရတဲ့အခါ နောက်ဆုံးတန်းရောက်သွားတယ်။ အတန်းပိုင်ဆရာမဝင်လာပြီး ဆရာမကို ဂါရဝပြု နှုတ်ဆက်ပြီးတဲ့အခါ ဆရာမ ဟိုဟိုဒီဒီကြည့်တယ်။ ကျောင်းသားသစ်ကို ထိုင်ရမယ့် ဒုတိယအတန်းမှာ မတွေ့ဘဲ နောက်ဆုံးတန်းမှာတွေ့တဲ့အခါ

"ဟို အကောင် ကိုယ့်အတန်းနဲ့ကိုယ် ဘာကြောင့်မနေတာလည်း။ လာ ကိုယ့်အတန်းမှာ ကိုယ်ပြန်ထိုင်။"

ဘော်ဒါက တိုးတိုးလေးပြောတယ်။" ဟေ့ကောင် သွားပြန်ထိုင် ဆရာမအချိန်ပြီးရင် ပြန်လာထိုင်လို့ရတယ်။ "
"အေး ငါလည်း အဲဒီလို တွေးတာပဲ။ ဂိုး ပြီ"

ထိုင်ရမယ့် အတန်းမှာ ပြန်ထိုင်ပြီးတာနဲ့ ဆရာမက တခွန်းတည်း ထပ်ပြောပါတယ်။

"တခြား ဆရာတွေ ဆရာမတွေကိုလည်း ပြောထားလိုက်ဦးမယ်။ ကျောင်းသားသစ် ထိုင်တဲ့နေရာကို" ။ ။

ကျော်မောင်(တိုင်းတာရေး) ၂-၉-၂၀၁၅

မှတ်ချက်။ ။ မြန်မာ့သမိုင်းဘာသာရပ်သင် အတန်းပိုင်ဆရာမ ဒေါ်ခင်သန်းညွန့် အမှတ်တရပါ။ ဆရာမ ကျန်းမာရွှင်လန်းပါစေ။


Jan 4, 2016

အသုံးကျရဲ့လား - အလွတ်ကျက် အသေမှတ် (၂)

အချိန် နှင့် နေရာ ။ ။ ၈၈ မတိုင်ခင်လောက်က ဇာတိမြို့လေးမှာ။
ဇာတ်လမ်းက ဒီလို….
နွေရာသီကျောင်းပိတ်ရက်တိုင်း နယ်ရောက်ဖြစ်နေကြတာဖြစ်လို့ အဲဒီတနှစ်မှာလည်း နယ်မှာ အလည်ရောက်နေပါတယ်။ အဘနဲ့အဖွား ထောက်ခံမှုနဲ့ အနီးအနားက ကျောင်းဆရာကြီးဆီမှာ အတန်းကြိုကျူရှင် သွားတက်ဖြစ်ပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္ သုံးဘာသာပါ။ (သချာင်္ကိုတော့ နောက်က စာ ဆိုတာ မလိုက်တော့ဘူး၊ လိုက်ရင် သချာင်္စာ ဖြစ်မှာ။ သချာင်္လို့ အမည်မတပ်ဘဲ ဂဏန်းလို့ တပ်ရင် ဂဏန်းစာ ဆိုပြီး တွင်ရင်တွင်မှာ)

စတက်တဲ့နေ့မှာပဲ ရန်ကုန်သား ဆလံသခဲ့ရတာပါပဲ။ ဆရာကြီးက ပြောတယ်။ အဲဒါ အိမ်ကနေကျက်ခဲ့တဲ့။ အဲဒါ ဆိုတာကို မြန်မာစာဖတ်စာအုပ်မှာ ကြည့်လိုက်တော့ မိတ်ဆွေသုံးဦးတဲ့ ခေါင်းစဉ်က။ အမ် အများကြီးကျက်ရမှာလားဆိုတော့ အေး ဟုတ်တယ်ကွတဲ့။ ကျနော်တို့ ရန်ကုန်မှာ ဆိုရင်လို့ စကား စကာရှိသေး၊ ဒီနေ့မှ စသိ စခင်တဲ့ ဘော်ဒါက ပြောင်ဖြီးဖြီးနဲ့ လှမ်းပြောတယ်။ ဒါ ရန်ကုန်မဟုတ်ဘူးတဲ့။

ကျူရှင်က အပြန် အိမ်ရောက်တော့ အကိုတွေက လောက်စာလုံး လုံးနေကြတယ်။ လုံးပြီးသားတွေကို စလောင်းဖုံးပေါ်မှာ စီစီရီရီထားပြီး နေလှန်းဖို့ ပြင်နေကြတယ်။ ဟေ့ကောင် လာလုံးပေးဦး။ ညနေ လောက်စာလုံးဖို ပစ်ကြမှာ။ လောက်စာလုံးဖိုဆိုတာ လောက်စာလုံးသုံးလုံးကို ဖိုခနောက်လို ဆိုင်ထားလိုက်ပြီး သုံးလုံးဆိုင် ဖိုခနောက်ပေါ်မှာ လောက်စာလုံးတလုံးထပ်တင်ထားတာ။ လောက်စလုံးဖိုတွေ တန်းစီထားပြီး ခပ်ဝေးဝေးကနေ ကျောက်ဒိုးလို့လည်း ခေါ်ရဲ့ ဂေါ်လီလို့လည်းခေါ်ရဲ့ အဲဒါနဲ့ ထိအောင် ပစ်ကြရတာ။ ကစားတဲ့သူတွေက လွယ်အိတ်အစုတ်လေးတွေကိုယ်စီနဲ့။ လွယ်အိတ်ထဲမှာ လောက်စာလုံးထည့်ထားတာ။ ရန်ကုန်မှာက လောက်စာလုံးဆိုတာ မြေရှားတဲ့အတွက် မလုံးနိုင်ကြဘူး။ အဲဒီအစား ပလတ်စတစ်အရုပ်လေးတွေ ထောင်ပစ်ကြတယ်။

အကိုတွေခေါ်တော့လည်း ဟန်ပြအနေနဲ့ သူတို့ခူးထားတဲ့ ရွှံ့တုံးကို ဖဲ့ဖဲ့ပြီး လေးငါးဆယ်တုံးလောက် လုံးလိုက်တယ်။ အကိုဝမ်းကွဲက အဲဒီနယ်သား။ ခုနက ကျောင်းဆရာကြီးအကြောင်း သူသိတယ်။ သူ့ကိုပြောပြတယ်။ ဆရာကြီးကကွာ စာပုဒ်အရှည်ကြီးကို အိမ်စာကျက်ခိုင်းတယ်။ ဒို့ရန်ကုန်မှာဆို အမေးအဖြေလောက်ပဲ အလွတ်ကျက်ရတာ။ အဲဒီမှာ ရယ်ပါလေရော။ ကျော်ကြီးရေ မင်း မနက်ဖြန် စာမရရင်တော့ သူနဲ့တွေ့မှာပဲ။ ကျော်ကြီးတော့ ဆော်ပလော်တီးခံရတော့မယ်ဟေ့လို့ ခပ်ကျယ်ကျယ်ပြောပါတယ်။

ဘာမှ စစ်ကူမရတော့ လက်ဆေးပြီး အိမ်ပေါ်တက် စာအုပ်ကိုင်ကာ စာကျက်ရပါတော့တယ်။ ကျက်နေရင်းက ဒီလောက်စာအများကြီးကို အလွတ်ကျက်ခိုင်းတာ ဘယ်လိုမျိုးကြီးလည်းလို့ အတွေးက ဝင်လာပါသေးတယ်။ ရေမိုးချိုး ထမင်းစားပြီးလည်း အကိုတွေ နှမတွေနဲ့ မကစားနိုင်၊ လူကြီးပိုင်းတွေ စကားဝိုင်းလည်း ဝင်နားမထောင်နိုင်ဘဲ မိတ်ဆွေသုံးဦး ရဖို့အရေးအတွက် အခေါက်ခေါက်အခါခါ ဆိုရပါတယ်။

နောက်တနေ့ ကျူရှင်တက်၊ စာပြန်ခိုင်းတော့ အတော်ဆိုနိုင်ပါတယ်။ ရန်ကုန်သား ရန်ကုန်သားဆိုပြီး နာမည်တလုံးရသွားသပေါ့။ မရတဲ့ ဘော်ဒါတွေကို ဆရာကြီးက ပြန်ခွင့်မပေးဘဲ ကျူရှင်မှာပဲ အပြီးရအောင် ဆက်ကျက်ခိုင်းပါတယ်။

ရန်ကုန်သားလည်း ဇွဲက သိပ်မရှိတော့ နောက်နှစ်ရက် သုံးရက်လောက်မှာပဲ အဖွားနဲ့ အကျေအလည်ဆွေးနွေးပြီး ကျူရှင်ပြေးပါတော့တယ်။ အဘက ဟဲ့ နင့်မြေး ကျောင်းသွားမတက်ဘူးလား မေးတဲ့အခါ ရှင့်မြေး ရန်ကုန်သားက ရန်ကုန်ကသင်တဲ့ပုံစံလိုမဟုတ်လို့ စာမလိုက်နိုင်ဘူးတဲ့လေ ဆိုတာနဲ့ အဘလည်း ဆက်မမေးတော့ပါ။ ဒီ ရန်ကုန်သားတွေကွာ ဆိုပြီး ကွမ်းလေးတမြုံ့မြုံ့နဲ့ပါပဲ။

ရန်ကုန်မှာ ကျောင်းတွေဖွင့် ကျောင်းစတက်ရတဲ့အခါ မိတ်ဆွေသုံးဦး သင်ခန်းစာကို ရောက်လာပါတယ်။ ရန်ကုန်သားတဖြစ်လဲ ကျော်ကြီးကလည်း ရန်ကုန်ဘော်ဒါတွေကို ဖတ်စာအုပ်ကိုင်ခိုင်းပြီး မိတ်ဆွေသုံးဦးပုံပြင် အရှည်ကြီးကို အလွတ်ဆိုပြသပေါ့။

အဲဒီနှစ်တုန်းက ရန်ကုန်သား ကျော်ကြီးကို ရန်ကုန်သူ ရန်ကုန်သား အတန်းဖော်တွေ ဆလံသ အားကျခဲ့တယ်ဆိုတာ အခုရေးပြရင် ကြွားသလိုလည်း ဖြစ်မှာစိုးလို့ နောက်ကြုံတော့မှ အသေးစိပ်ရေးပြပါတော့မယ်။

ကျော်မောင်(တိုင်းတာရေး)
၂၀-၁၂-၂၀၁၅


အလွတ်ကျက် အသေမှတ် (၁) အသုံးကျရဲ့လား - အလွတ်ကျက် အသေမှတ် (၁)

တခေါက်မှာ စီနီယာကြီးက ဟေ့ဒါလေးက အုမ်း ဘယ်လောက်ရှိလဲလို့ မေးလာပါတယ်။ သူပြတဲ့ ဒါလေးဆိုတာကို သွားကြည့်တော့ ပစ္စည်းတခုမှာ ရှိတဲ့ resistor လေး တလုံးဖြစ်နေတယ်။ Resistor ရဲ့ resistance တန်ဖိုးကို ohm နဲ့ပြောကြတယ်။ အခု resistor က လောင်ထားတဲ့ပုံစံ အရောင်ညိုနေတယ်။ ကံကောင်းတာက သူ့မှာရှိတဲ့ အဝန်းလေးတွေ (Band) ရဲ့အရောင်တွေကို မထိထားဘူး။ သေသေချာချာဖတ်လို့ရတယ်။ ပိုသေချာအောင် မှန်ဘီလူးသွားယူပြီး အဝန်းတွေရဲ့အရောင်တွေကို ဖတ်လိုက်တယ်။ ပြီးတာနဲ့ သင်ခဲ့တုန်းက စာချိုးလေးကို လက်ချောင်းလေးတွေချိုးကာ ရွတ်ဆိုလိုက်တယ်။

ညို နီ လိမ် ၀ါ စိမ်း ပြာ ရမ်း ခိုး ဖြူ နက် ရွှေ ငွေ ။

စီနီယာကြီးကို ပြောလိုက်တယ်။ ဒီ resistor ရဲ့တန်ဖိုးက ဒီလောက်ရတယ်။ အဲဒါ ဝယ်ပြီး အစားထိုးနိုင်တယ်။ သူက ဟုတ်လားလို့ပဲပြောတယ်။ ဆယ်မိနစ်လောက်အကြာမှာ မန်နေဂျာကို သူသွားပြောတယ်။ မန်နေဂျာလာတယ်။ Resistor ကိုဖတ်တယ်။ တန်ဖိုးကို ပြောပြီး ထွက်သွားတယ်။ ကျနော်ပြောခဲ့တာနဲ့ တူတဲ့အခါမှာ ခုနက စီနီယာရဲ့ အခုလိုမေးတယ်။
မင်း ဘယ်လိုသိသလဲ။ 

လက်ချောင်းချိုးတာနဲ့ သိသလား။ 
ဟုတ်တယ် လက်ချောင်းချိုးတာနဲ့ သိတယ်။ ဒါပေမဲ့ ပါးစပ်က ရွတ်တာတွေ့တယ်မလား။ အဲဒါ ငယ်ငယ်တုန်းက ကျက်ခဲ့ရတာကို ရွတ်တာ။ တက္ကသိုလ်မှာ ဆရာတွေ ဆရာမတွေ ကျက်ခိုင်းတုန်းက ရွတ်လို့ကောင်းလို့ အခေါက်ခေါက်အခါခါ ဆိုရင်း အလွတ်ရသွားတာ။ အင်တာနက်မှာ resistance တန်ဖိုးကြည့်နည်းရှိတယ်။

သူသွားကြည့်တယ်။ 

မင်းကိုငါမေးတုန်းက မင်း အင်တာနက်မှာ ဘာလို့မကြည့်တာလဲ။ 
အင်တာနက်ကြည့်တာထက် ကျက်ခဲ့ရတဲ့စာကို ရွတ်ပြီး ပြောလိုက်တာက ပိုမြန်တယ်။

အဲဒါ by heart ဆိုတဲ့ အလွတ်ကျက် အသေမှတ်ရဲ့ ကောင်းကျိုးထဲက မှတ်မှတ်ရရ အတွေ့အကြုံတခုပါပဲ။
By heart သင့်တာဆိုရင် တွေဝေမနေနဲ့ ငေးမောမနေကြပါနဲ့။ By သာ heart ကြပါ မိတ်ဆွေတို့ဟု တိုက်တွန်းလိုက်ရပါကြောင်း။

ကျော်မောင်(တိုင်းတာရေး)
၁၈-၁၂-၂၀၁၅

မှတ်ချက်။ ။ အဲဒီ resistor တွေ ဖတ်ပုံဖတ်နည်း သင်ပေးခဲ့တဲ့ တက္ကသိုလ်က ဆရာများထဲက တယောက်ဖြစ်တဲ့ တီချယ်ကို ရန်ကုန်ပြန်တုန်းက တခေါက်မှာ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အားရဝမ်းသာ ပြောဖြစ်ခဲ့ဖူးပါတယ်။ သင်ခဲ့တာက လက်တွေ့ချိန်တွေမှာဖြစ်ပါတယ်။ အခု အဲဒီတီချယ်ကပဲ resistor တွေအကြောင်းနဲ့ ပတ်သက်လို့ တယောက်ရေးထားတဲ့ ပို့စ်ကို မျှဝေတဲ့အခါမှာ မိတ်ဆွေများလည်း သိစေရန် အထက်ပါစာစုတိုကို ရေးခြင်းဖြစ်ပါတယ်။


Aug 23, 2014

အသုံးကျရဲ့လား (၁၁) ... စာကြည့်တိုက်များ

သက်ရှိထဲမှာ စကားပြောနိုင်တာ လူပဲရှိတယ်။ လူအချင်းချင်း စကားပြော ဆက်သွယ်ရာမှ အရေးအသားတီထွင်ဖန်တီးလာတာ။ နေတဲ့ ကျောက်ဂူတွေထဲမှာ ဂဏန်းအက္ခရာ အမှတ်အသားလုပ်ရင်းနဲ့ စလာတာပါပဲ။ လူတွေဟာ ကမ္ဘာဦးထဲက သိမ်းထားတတ် စုဆောင်းထားတတ်တာ ၀ါသနာပါတယ်။ အမဲလိုက်လို့ရလာတဲ့ သားကောင်အရေအတွက် စတာတွေ မှတ်ရင်းနဲ့ အက္ခရာတွေ စတင်လာတာပဲ။ စာရေး စာဖတ်တတ်လာတော့ လူရဲ့ ဝသီအတိုင်း စုဆောင်းထားတတ်ကြတယ်။ အဲဒီလို စုဆောင်းရင်း ကိုယ့်အတွက် သူ့အတွက်နဲ့ စာကြည့်တိုက်တွေ ပေါ်ပေါက်လာတာပါပဲ။ စာပေ၊ ကျမ်းဂန်၊ မူုရင်း စာရွက်စာတမ်းတွေ သိမ်းဆည်းထားပြီး စာပေလိုက်စားသူတွေ၊ အသိဉာဏ် ဗဟုသုတရှာဖွေသူတွေ၊ အတတ်ပညာ ဆည်းပူးသူတွေအတွက် စာကြည့်တိုက်များက အထောက်အကူပြုပါတယ်။ ဘုံထားပြီး စနစ်တကျစုဆောင်း၊ စနစ်တကျ အသုံးပြုကြတာမှာ  စာကြည့်တိုက်တွေက စံထားလောက်ပါတယ်။

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ခေတ်ပိုင်း ဘုရင်၊ ဧကရာဇ်၊ မင်းညီမင်းသားများ ဖတ်ဖို့ နန်းတော်တွေထဲ စာကြည့်တိုက်တွေထားပါတယ်။ ဆရာတော်များ၊ ရဟန်းသံဃာများ အတွက် ဘုန်းကြီးကျောင်းစာကြည့်တိုက်များလည်း ရှိခဲ့ပါတယ်။ ပိဋကတ်တိုက်လို့ခေါ်ပါတယ်။ နောက်ပိုင်းခေတ် စာကြည့်တိုက်အတော်များများ ပေါ်ပေါက်လာပြီး အသင်းဝင်တွေ ငှားရမ်းဖတ်ရှုနိုင်တဲ့ အထိရောက်လာပါတယ်။ ငယ်ငယ်က စာစီစာကုံးရေးတာမှာ "ကျောင်းစာကြည့်တိုက်" ဆိုတဲ့ခေါင်းစဉ်ဆိုရင် အလွန်ခေါင်းစားရပါတယ်။ ရေးစရာ မရှိပေမယ့် စိတ်ကူးလေးနဲ့ ကြံဖန်ရေးခဲ့ရတာပါပဲ။ ဘာပြောကောင်းမလဲ၊ ကျောင်းစာကြည့်တိုက်ထဲမှာ ပုံပြင်၊ကာတွန်း၊ဂျာနယ် မှအစ နာမည်ကျော်စာရေးဆရာကြီးများရေးတဲ့ စာအုပ်တွေ၊ ရည်ညွှန်းတွေဖြစ်တဲ့ အဘိဓာန်၊ စွယ်စုံကျမ်း အတော်ရှိတယ်ပေါ့၊ တော်သေးတယ် အဲဒီတုန်းက "ကျော်မောင့်အတွေးထဲက ကျောင်းစာကြည့်တိုက်" လို့ ဆရာမ မပြင်ပေးလိုက်တာကံကောင်း။

နိုင်ငံတစ်နိုင်ငံရဲ့ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်၊ စက်ရုံအလုပ်ရုံတွေမှာဆိုရင်လည်း ပညာရပ် သုတရသ ဆိုင်ရာဆိုင်ရာ စာကြည့်တိုက်တွေ အဆင့်မြင့်ရင် အဲဒီနိုင်ငံလည်း တိုးတက်ပါတယ်။ ထိုကျောင်းတွေ၊ ကောလိပ် တက္ကသိုလ်တက်ခဲ့ရတဲ့ သူတွေက သူတို့ရပ်ရွာမှာ စာကြည့်တိုက်တွေ ဖြစ်ပေါ်အောင် ဆောင်ရွက်ကြမှာပဲ၊ စာကြည့်တိုက် အသုံးဝင်ပုံကို လက်တွေ့သိထားကြပြီကိုး။ စာကြည့်တိုက်တွေ ဖြစ်ပေါ်အောင် လုပ်ခဲ့ကြတဲ့ သာဓကတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်ကောလိပ်စာကြည့်တိုက်တွေကို ဦးစားပေးပြီး တိုးတက်အောင် လုပ်သင့်တယ်။ ရပ်ကွက်စာကြည့်တိုက်၊ မြို့နယ်စာကြည့်တိုက်၊ ပုဂ္ဂလိက စာကြည့်တိုက်တွေမှာ အဲဒီလူတွေ ဦးဆောင်လာမှာ၊ ဦးဆောင်ခွင့်လည်း ပေးရမယ်။ စာအုပ်စာတမ်းတွေ လှူနေရုံ၊ စာဖတ်ကြပါ စာဖတ်ကြပါလို့ တိုက်တွန်းနေရုံနဲ့ မလုံလောက်သေးပါ။ အခု ရွေ့လျားစာကြည့်တိုက်တွေ လုပ်လာတာ သဘောကျတယ်၊ စာဖတ်ချင်သူတွေ စာအုပ်ရှိရာ မလာအားရင် စာအုပ်တွေက စာဖတ်သူတွေရှိရာလာမယ်။ အတော်ကောင်းပါတယ်။

တက္ကသိုလ်တွေမှာ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်စာကြည့်တိုက်များလို မလုပ်နိုင်တာတောင်မှ ဆိုင်ရာ စာအုပ်တွေ ပြည့်ပြည့်စုံစုံဖန်တီးပေးဖို့လိုတယ်။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ ပြင်ပစာကြည့်တိုက်တွေ  အားကိုးမနေဘဲ ကိုယ့်ကျောင်း ကိုယ့်တက္ကသိုလ်က စာကြည့်တိုက်နဲ့ အလုပ်ဖြစ်စေချင်ပါတယ်။
တက္ကသိုလ်ကဘွဲ့ရတဲ့ နှစ်မှာ ဘွဲ့ရများဂုဏ်ပြုညစာ စားပွဲလုပ်တာထက် အဲဒီ ဘွဲ့ယူမောင်မယ်များ စုပေါင်းပြီး စာသင်ကြားခဲ့ရာ တက္ကသိုလ်ရဲ့ စာကြည့်တိုက်အတွက် လိုအပ်တဲ့ စာအုပ်စာတမ်းတွေ အထောက်အကူပြုပစ္စည်းတွေ အမှတ်တရလှူကြရင် သိပ်ကောင်းမှာပဲ။ လုပ်လည်းလုပ်ခဲ့တဲ့သူတွေ ရှိပါတယ်။ စဉ်ဆက်မပြတ်ဖို့လည်းလိုပါတယ်။ ဘွဲ့ယူကြတဲ့ နှစ်တိုင်း လုပ်ကြရင်တော့ စာအုပ်တွေထားဖို့ စာကြည့်တိုက်နေရာ ကျယ်ကျယ်မှ ရမှာပါ။

စာကြည့်တိုက် ဆိုတာသာ မရှိခဲ့ရင် စာတိုငညို ကနေ ဝန်ဇင်းမင်းရာဇာလို့ ခေါ်တဲ့ ဘုရင့်ပညာရှိ မင်းတိုင်ပင် အမတ်ဖြစ်လာစရာ မရှိဘူး။ သူသာ မင်းတိုင်ပင် အမတ် မဖြစ်ရင် ဘုရင်လည်း အသုံးကျချင်မှ ကျမယ်။ တိုင်းပြည်လည်း ကမောက်ကမ ဖြစ်ချင်ဖြစ်နိုင်တယ်။ (စာတိုငညိုဟာ သူ့ကျေးရွာက ဘုန်းကြီးကျောင်းပိဋကတ်တိုက် (စာကြည့်တိုက်)ကို အသုံးပြုပုံပေါ်ပါတယ်)။ စာကြည့်တိုက် ဆိုတာသာ မရှိခဲ့ရင် လင်ကွန်း လည်း သမ္မတဖြစ်လာစရာ မရှိဘူး။ ဟားဗတ်တက္ကသိုလ်မှာ စာကြည့်တိုက် မထားရင်၊ အောက်စ်ဖို့မှာ စာကြည့်တိုက် ကောင်းကောင်းမရှိရင် .....

ကဲဗျာ .. ကျွန်တော်တို့ တက္ကသိုလ်တွေမှာ စာကြည့်တိုက်ကောင်းကောင်းမရှိရင် ....
စာဖတ်သူများ ဆက်တွေးကြပါ။ တွေးပြီးရင်တော့ ဘာလုပ်ရမယ်ဆိုတာ သိလာမှာပါ။ စာကြည့်တိုက် အကျိုးသိပြီး ကောင်းမွန်စွာ အသုံးချနိုင်ကြပါစေ။ ။
   
 ကျော်မောင်(တိုင်းတာရေး)
 ၂၃-သြဂုတ်-၂၀၁၄