Nov 7, 2024

ပေးသူ ယူသူ မည်သူ တာဝန်ပိုကြီးသနည်း

ဒီနေ့မှာလည်း ကြော်ငြာစာရင်းထဲပါ စာကြည့်တိုက်တွေထဲက အနီးအနားရှိတဲ့စာကြည့်တိုက်ကို ပြေးပါတယ်။ BBG 2024 (Big Book Giveaway 2024) ဒုတိယမြောက်နေ့။ လိုချင်တဲ့စာအုပ်အမျိုးအစားက တခါတည်း သတ်မှတ်ပြီးသားပါ။ အဲဒီစာအုပ်မျိုးဆိုရင် ပထမဦးစားပေးအနေနဲ့ ယူပါမယ်။

မနေ့ကတုန်းက စာကြည့်တိုက်မှာ အများဆုံး စာအုပ်(၅)အုပ်ကို ဆယ်မိနစ်အတွင်း ရွေးချယ်ယူရပါတယ်။
ဒီနေ့မှာတော့ စာအုပ်တွေရွေးဖို့ယူဖို့ အချိန်ဘယ်လောက်ကျန်သေးတယ်၊ စာအုပ်တွေကိုလည်း ကြိုက်သလောက်ယူနိုင်တယ်ဆိုတာ ဒီပွဲကိုစီစဉ်တဲ့သူတွေက ပြောပေး ကြေငြာပေးပါတယ်။ အချိန်ပြည့်ဖို့ သုံးဆယ်စက္ကန့်လိုတာကိုလည်း သူတို့က ပြောပေးပါတယ်။ လေးအုပ်ယူပြီးအထွက်မှာမှ လိုချင်တဲ့စာအုပ်ပါးလေးရလို့ ကောက်ယူရင်းထွက်ခဲ့ပါတယ်။
မနေ့ကလိုပဲ စာအုပ်(၅)အုပ်ပိုက်ပြီး ဓါတ်ပုံရိုက်ပေးဖို့ ပွဲစီစဉ်နေသူထဲက တယောက်ကို အကူအညီတောင်းပါတယ်။
ဟိုးတုန်းက လုပ်ဖြစ်ခဲ့တာလေး တခုရှိပါတယ်။ မိတ်ဆွေတွေ လက်ထပ်ကြတဲ့ပွဲမှာ စာအုပ်တအုပ် လက်ဆောင်အဖြစ် ပေးလေ့ရှိတာပါ။ ဒါက ပေးတုန်းကပါ။ သူတို့တွေ ဇနီးမောင်နှံဖြစ်ပြီး သူတို့ထဲက တယောက်ယောက်ဖတ်ရင်လည်း ဖတ်၊ နှစ်ယောက်စလုံး ဖတ်ရင်လည်း ဖတ်၊ သူတို့မဖတ်လည်း အဲဒီစာအုပ်သိမ်းထားပြီး သူတို့မွေးတဲ့ကလေး ကြီးလာတဲ့အခါ စာဖတ်ဖို့ရှာလို့ အဲဒီလက်ဆောင်စာအုပ်ကို ကောက်ဖတ်ရင်းလည်း ဖတ်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။ ဒါက ပေးတုန်းက ရည်ရွယ်ချက်ပါ။ ထိုထိုပေးလိုက်သော စာအုပ်များနဲ့ပတ်သက်လို့ မှတ်ချက်လည်း ရခဲ့ဖူးပါတယ်။
တခြားသူကပေးလို့ ယူခဲ့တာလည်း ရှိပါတယ်။
"ရော့ကွာ ဒီစာအုပ်လေးဖတ်ကြည့်၊ ပြီးရင် နောက်တယောက်ကို ဆက်မျှလိုက်" လို့ ပေးတဲ့စာအုပ်တွေ။
ဘာသာရေးလို့ပတ်သက်လို့ ဖားအောက်ဆရာတော်ကြီးရဲ့ "နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသောလမ်း" ဆိုတဲ့စာအုပ်။
အစ်မတယောက်ပေးလိုက်တဲ့ ဆရာပါရဂူရဲ့ စာအုပ်အတော်များများ။
ဒါတွေက ပေးလို့ယူရတာတွေ။
တခါမှာတော့ ပေးတာမဟုတ်ဘဲနဲ့ စာအုပ်ရှိတဲ့နေရာကို မေးမြန်းပြီး ကိုယ်တိုင်သွားရောက်အလှူခံခဲ့တာလေး သတိရမိတယ်။
ဗန်းမော်ဆရာတော်ကြီးဟောတဲ့ "ပဋ္ဌာန်းတရားတော်"ဆိုတဲ့စာအုပ်။
"ကျနော့်ဗျာ၊ တရားပွဲမှာရတဲ့အဲဒီစာအုပ်ဖတ်ပြီး သဘောကျလို့၊ မိတ်ဆွေတွေလည်း ပြန်မျှချင်ပါတယ်၊ ရှိသလောက်ပေးပါ၊ အလှူခံပါတယ်ခင်ဗျာ"ဆိုပြီး အတင်းကာရော အလှူခံခဲ့ဖူးပါတယ်။ အခုအထိ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်နေရတဲ့ စာအုပ်ပါပဲ။
ယူတဲ့သူက တာဝန်ပိုကြီးပါတယ်။
မနေ့ညတုန်းက ဒီက ဝါတွင်းကာလတရားပွဲ(တနင်္ဂနွေနေ့ညတိုင်း)ကို နာယူဖြစ်တယ်။ ဆရာတော်ဟောတဲ့အထဲမှာ ကြားဖူးနေကျ တရားတပုဒ်ပါတယ်။ အမေနဲ့သမီးနဲ့ နေ့စဉ်လှူနေကြ ဆွမ်းအလှူကို ကောင်းမွန်စွာစီစဉ်နေကြပုံကို ကြားလိုက်ရတဲ့ ရဟန်းဟာ ဒီဆွမ်းကိုတော့ ငါသည် တရားထူး မရဘဲနဲ့ မသုံးဆောင်ဆိုပြီး ကျင့်ကြံအားထုတ်ပုံကို နာယူရပါတယ်။ ဆွမ်းလှူတဲ့ သားအမိကိုလည်း ချီးကျူးမိ၊ ဆွမ်းအလှူခံတဲ့ အဆိုပါ ရဟန်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဝီရိယကိုလည်း သာဓုခေါ်မိပါတယ်။
ယူတဲ့သူက တာဝန်ပိုကြီးပါတယ်။
စာအုပ်တွေ အလကားရလို့ ယူတာပဲဖြစ်ဖြစ်၊ တယောက်ယောက်က ပေးလို့ရတာပဲဖြစ်ဖြစ်မှာ တာဝန်တခုက ရလာတဲ့စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ရမယ်ဆိုတာပါပဲ။
တခါတလေမှာ အတွေးက ဒီလိုမျိုး လွဲချော်တတ်ကြပါတယ်။
ငါ/ငါတို့ လှူတယ်/ပေးတယ်။ သူ/သူတို့ ဘာလုပ်တယ် မသိ ဆိုတာမျိုးပါ။
မှတ်ထားရမှာ သတိပြုရမှာက လှူသူ ပေးသူက လှူပြီး ပေးပြီး ဖြစ်ပြီးသွားရင် ပူပင်စရာမလိုတော့ပါ။ ယူသွားသူ ရသွားသူကသာ အကျိုးရှိစွာ အသုံးချဖို့ ပူပင်ရမှာဖြစ်ကြောင်းပါ။
ထိုသို့သောအကြောင်းများကြောင့် ယူတဲ့သူ ရတဲ့သူက တာဝန်ပိုကြီးပါတယ်။
တခါတလေမှာ ပေးတဲ့သူမဟုတ်ဘဲ ယူတဲ့သူဖြစ်ဖို့လည်းလိုပါတယ်။ ဒါမှသာ ယူတဲ့သူဆိုတာ ဘယ်လိုပါလိမ့်ဆိုတာ ကိုယ်ချင်းစာစိတ်ဖြစ်ချင်လည်း ဖြစ်သွားနိုင်ပါလိမ့်မယ်။
စာအုပ်(၅)အုပ်ပွေ့ပိုက်ပြီးအထွက်မှာ ကျေးဇူးတင်ပါတယ်ဆိုတာကို ပြောခဲ့တာထက် ဒီစာအုပ်တွေ ဖတ်ဖြစ်အောင်ဖတ်ပါ့မယ်ဆိုတာကိုတော့ ရင်ထဲကနေပဲ ပြောခဲ့ပါကြောင်း။
ကျော်မောင်(တိုင်းတာရေး)
၂-စက်တင်ဘာ-၂၀၂၄

မန်းတောင်လကျ်ာ တေဘုမ္မာ

သီချင်းနာမည်နှစ်ပုဒ်။ ဆက်စပ်ကြည့်ကြရအောင်။

ပထမသီချင်းက မြို့ဘွဲ့ယိုးဒယားဆိုပြီး နာမည်ကြီးတယ်။ အမည်မသိ သီချင်းစာဆိုက ရေးတယ်။ အစဉ်အဆက် ဆိုကြသူ တီးကြသူ စုံတယ်။ ဆိုတဲ့သူတွေကလည်း ပုံစံအမျိုးမျိုးနဲ့ဆိုကြတယ်။ တီးတဲ့ပညာရှင်တွေကလည်း တူရိယာမျိုးစုံနဲ့ လက်စွမ်းပြ တီးခတ်ကြတယ်။ ဆိုသူ တီးသူအားလုံးဟာ သူ့စတိုင်နဲ့သူ သူ့မူနဲ့သူ သူ့ဖန်တီးမှုနဲ့သူ နားထောင်ကောင်းအောင် ဆိုနိုင် တီးနိုင်ကြတယ်။ သီချင်းစာသားကြောင့် ဖြစ်မယ်လို့ မှတ်ယူမိတယ်။ သီချင်းစာသားကလည်း မူကွဲတွေရှိပြန်တယ်။
ဆိုကြတဲ့အထဲမှာ အဆိုတော် မစိမ်းစိမ်း ဆိုတာကို သဘောကျမိတယ်။
မန်းတောင်လကျ်ာသီချင်းနဲ့ပတ်သက်လို့ ရေးသားကြတဲ့စာတွေ ဆောင်းပါးတွေ ရှာတုန်းပါ။ ထူးထူးခြားခြား မတွေ့မိသေးပါ။ အထူးလေ့လာပြီး ရေးသားကြသူတွေ ရှိခဲ့ကောင်းပါရဲ့။
ဆရာကြီး ဦးပြုံးချို စုဆောင်းရေးသားခဲ့တဲ့ မဟာဂီတပေါင်းချုပ်ကြီး(၁၉၇၇) ထဲက "မန်းလေးတောင်လကျ်ာ" အစချီ သီချင်းအဆုံးမှာ မှတ်ချက်လေး ရေးထားတာက "၎င်းသီချင်းသည် အလွန်ရှေးကျသော စင်တော် မင်းသမီးများဆိုသော သီချင်းတည်း" လို့ ပါတယ်။
ဆရာကြီး ဦးပြုံးချို ဆိုတာက "တေဘုမ္မာ"သီချင်းကို ရေးဖွဲ့ခဲ့သူဖြစ်တယ်။ တေဘုမ္မာ သီချင်းကြောင့် ဦးပြုံးချိုဟာ ပညာ့အလင်း သတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် ခေါ်ယူခြင်းခံရသူဖြစ်တယ် (ညွှန်း - ဝီကီပီးဒီးယား)။
အလွန်ရှေးကျတဲ့ အဲဒီ မန်းတောင်လကျ်ာလို့ နောက်ပိုင်းမှာ သီဆိုလာကြတဲ့ သီချင်းမှာ ပါတဲ့ စာသားတချို့ကို လိုက်ဆိုမိတယ် (ဦးပြုံးချို မူအတိုင်းဆိုပါစို့)
"တိုင်းလေရွှေပြည်၊ ပုံဝေးလို့ ရောက်လုပါပြီ"
၁၀-စက်တင်ဘာ-၂၀၂၄

ဆိုလို့များ

ပဲစားလေ့စားထရှိပေမယ့် မချက်တတ်။ ဟိုမေးဒီမေးနဲ့ တခါလောက် ချက်နည်းသိသွားရာကနေ အခုဆို သုံးခါမြောက်ချက်ဖြစ်ပါတော့မယ်။

ကုလားပဲဝါကို ရေညလုံးပေါက်စိမ်ရတယ်ဆိုလို့[၁]ရေစိမ်မယ်ကြံတယ်။ ဝယ်လာတဲ့ပဲထုပ်ကိုဖောက်မယ်ကြည့်တဲ့အခါ ပလတ်စတစ်အထုပ်ကို stapler နဲ့ တချက်ချုပ်ထားတာတွေတယ်။ ပုံမှန်အားဖြင့်ဒီလိုပဲထုပ်တွေကို အပူပေးပြီး လေလုံအောင်ပိတ်ထားကြတာများတယ်။ ဝယ်ခဲ့တဲ့ဆိုင်က မြန်အောင် stapler သုံးလိုက်တဲ့အခါ staple ကို ဂရုစိုက်ပြီးအထုပ်ကိုဖောက်ရတယ်။
Stapler ဆိုလို့[၂]ဒီကိရိယာလေးဟာ အရွယ်အစားမျိုးစုံရှိပြီး အသုံးဝင်နေတယ်။ သူ့အကြောင်းတခုတ်တရရေးပြထားကြတာကို ဖတ်ကြည့်ချင်မိတယ်။ ရုံးသုံး ကျောင်းသုံး အိမ်သုံး ဆေးရုံသုံးကနေ ဆိုင်သုံးအထိ သုံးနေရတယ်။ သူမရှိလည်း ရလားဆို ရတာပဲ။ မရှိမဖြစ်ပစ္စည်းတော့ မဟုတ်ပြန်ဘူး။ အင်း .. သူရှိရင်တော့ အတော်အဆင်ပြေတာ တွေ့ရပြန်တယ်။ သုံးစွဲနေသူတွေ ကြုံတတ်ကြလိမ့်မယ်။ ကိုယ်နှိပ်မယ့် အလှည့်ရောက်မှ ကုန်နေတာမျိုး။ အဲဒီလိုဖြစ်နေရင် staple လေးတွေ ထည့်ရတာက အလုပ်တလုပ်။ နှိပ်နေရင်း ကုန်သွားတဲ့အခါလည်း ရှိတတ်လိမ့်မယ်။ နှိပ်နေရင်း ကုန်သွားတယ်ဆိုလို့[၃] တခါမှာ အဲဒီလိုဖြစ်တဲ့အခါ အသစ်ထည့်ဖို့ကလည်း ပြတ်လပ်နေပြန်တယ်။ ဒီမှာကလည်း နှိပ်ကိုနှိပ်ချင်နေပြီ။ ဟိုရှာဒီရှာနဲ့ ဘယ်တုန်းက ဘယ်လိုဖြစ်ပြီး အံဆွဲထဲရောက်နေမှန်းမသိတဲ့ staple ဘူးသေးလေးတွေ့တာနဲ့ အားရဝမ်းသာသုံးမယ်ကြည့်တော့ staple တွေခမျာ သံချေးတက်နေတဲ့ staple တွေဖြစ်နေတယ်။
Stapler အကြောင်းနားလိုက်ပြီး ပဲထုပ်ဆီပြန်သွားရအောင်။ ပဲထုပ်မှာပါတဲ့ staple ကို သတိထားရတယ်။ သတိထားနေတဲ့ကြားထဲမှာ ကတ်ကြေးနဲ့ပလတ်စတစ်ကိုညှပ်ရင်း ဘယ်ကျသွားလဲမသိဖြစ်သွားတယ်။ ကတ်ကြေးဆိုလို့[၄] ကတ်ကြေးဆိုတာကလည်း ဘယ်ပဝေသဏီကတည်းက သုံးလာတဲ့ကိရိယာလည်း ဆိုတာ သိချင်မိတယ်။ သူလည်း အတော်အသုံးဝင်တဲ့ကိရိယာအသုံးအဆောင်ဖြစ်နေဆဲပဲ။
ကိရိယာအသုံးအဆောင်ဆိုလို့[၅] ဒီလို ကိရိယာမျိုးလေးတွေအကြောင်းရေးပြထားတဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့ဖူးတယ်။ “The Evolution of Useful Things” ဖြစ်ဖို့များတယ်။ ဒီလိုမျိုးစာအုပ်တွေ ဘာသာပြန်ဖတ်ရရင် အသုံးဝင်မှာပဲ။ ဘာသာပြန်ဆိုလို့[၆] အားကစားနဲ့ပတ်သက်တဲ့ ဘာသာပြန်စာအုပ်တွေရှားတယ်။
ဘယ်ကျသွားမှန်းမသိတဲ့ staple ကို အချိန်ပေးပြီးလိုက်ရှာနေသေးတယ်။ နောက်မှ staple တချောင်းဟာ ကြမ်းပြင်ပေါ်ကျနေလည်း ဘာမှမဖြစ်လောက်ပါဘူးရယ်လို့ပဲ စိတ်ထဲမှတ်ယူပြီး ပဲကိုရေစိမ်တဲ့အလုပ်ကြီးအကိုင်ကြီးကို အောင်မြင်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။
ဆိုလို့ ဘယ်နှစ်ခါများ စာထဲထည့်ရေးခဲ့မိပါလိမ့်။ အချိန်ရရင် အစက ပြန်ဖတ်ပေးပြီးကူရှာပေးပေါ့။ ရှာရလွယ်မှာပါ။
ကျော်မောင်(တိုင်းတာရေး)
၂-အောက်တိုဘာ-၂၀၂၁
၂-အောက်တိုဘာ-၂၀၂၄

Go the extra mile

မနက်က တနေရာကို သွားပါတယ်။ သွားမယ့်နေရာကိုလည်း ဘယ်လိုမျိုး လာရမယ်ဆိုတာ လမ်းညွှန်ချက်ပေးထားတာ ရှိတယ်။ ဘယ်ဂိတ်ကနေလာရင် ဘယ်လိုလမ်းလျှောက်ပြီးလာ ဆိုပြီး လမ်းကြောင်းမြေပုံပေးထားပြီးသားဖြစ်တယ်။ သွားရမယ့်နေရာကို လွန်ခဲ့သော (၁၂)နှစ်တိတိက နှစ်ခါလောက် လမ်းလျှောက်ထွက်ရင်း ရောက်ခဲ့ဖူးတယ်။

မစိမ်းဘူး ဆိုပါစို့။
ဒါနဲ့ပဲ ဆင်းရမယ့်မှတ်တိုင်ရောက်တော့ ဆင်းတယ်။ မှတ်တိုင်ကနေ သွားရမယ့်ဂိတ်ဝင်ပေါက်ကို ရှာကြည့်တယ်။ ဝင်ပေါက်ရှိတဲ့လမ်းဟာ လောလောဆယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေရှိနေတဲ့အတွက်ရယ် ပတ်ဝန်းကျင်မှာ အဆောက်အအုံတချို့တိုးပွားလာပုံရတဲ့အတွက်ရယ်ကြောင့်
ဟိုးတုန်းကနဲ့မတူဘဲ ပြောင်းလဲနေတယ်။ ဝင်ပေါက်ရှာနေတဲ့အခါမှာ စီးလာတဲ့ကားပေါ်က ဆင်းသွားတဲ့ခရီးသည်တချို့သွားတဲ့ဘက်ကို ကြည့်လိုက်တယ်။
သူတို့က ဘယ်သွားနေတာလဲ။
တွေ့ပြီ ဝင်ပေါက်။
ဝင်ပေါက်ကနေ သွားရမယ့်နေရာကို အီးမေးလ်ကနေ ပို့ပေးထားတဲ့လမ်းညွှန်မြေပုံအတိုင်းကြည့်ပြီး သွားရင် အဆင်ပြေနိုင်တယ်။
အဆောက်အအုံတချို့ရှိတဲ့အတွက် သွားရမယ့်နေရာကို လှမ်းမမြင်ရ။ အဲဒါနဲ့ ရှေ့ကလာနေတဲ့ လူတယောက်ကို မေးလိုက်ပါတယ်။
သူက အဲဒီမှာ သန့်ရှင်းရေးလုပ်နေပုံရပါတယ်။ လက်ထဲမှာ တံမြက်စည်းရှည်လိုမျိုး ကိုင်ထားတယ်။ သွားချင်တဲ့နေရာကို ပြောလိုက်တယ်။ လမ်းညွှန်ပါလို့ မေးလိုက်တာပါ။ သူက တံမြက်စည်းကို ချလိုက်ရင်း သူလိုက်ပြပါမယ်ပြောတယ်။ သူ့နောက်ကနေ လိုက်သွားတယ်။
လမ်းပြပေးတဲ့သူဟာ သွားချင်တဲ့နေရာအထိကိုရောက်အောင် လိုက်ပို့ပေးမယ့်ပုံစံရှိပါတယ်။ သွားချင်တဲ့နေရာကို လှမ်းမြင်ရတဲ့အခါ သွားချင်တာ အဲဒီနေရာပဲလို့ပြောလိုက်ပါတယ်။ လိုက်ပြပေးတဲ့သူက ဆက်ပြီး ပို့ပေးမယ့်ပုံစံရှိပါတယ်။ ဆက်ပြီး သွားလိုက်တော့မယ်၊ ကျေးဇူးတင်ပါတယ် ပြောတဲ့အခါ တည့်တည့်လျှောက် ဘယ်ဖက်ချိုးလိုက်လို့ ဆက်ပြီး လမ်းညွှန်လိုက်ပါသေးတယ်။
သွားမယ့်နေရာကို လမ်းလျှောက်နေရင်း တွေးမိပါတယ်။ သူသည် တံမြက်စည်းလှဲနေတယ်။ စေတနာ့ဝန်ထမ်းလည်း ဖြစ်နိုင်တယ်။ လာနေကျ လူလည်း ဖြစ်နိုင်တယ်။ လမ်းညွှန်ပေးပါလို့ ပြောတဲ့အခါ လူကိုယ်တိုင် လိုက်ပြပေးတယ်။ မေးလိုက်တဲ့လူကိုယ်တိုင် အားနာရတဲ့အဖြစ်ပါ။
Go the extra mile.
လှေကားတွေအတိုင်းတက်သွား၊ တည့်တည့်လျှောက် ပြီးရင် ညာကွေ့၊ နောက်တခါ တည့်တည့်လျှောက်၊ ဘယ်နေရာမှာတော့ ဘယ်ဖက်ကို ကွေ့လိုက်တော့ ရောက်လိမ့်မယ်လို့ လမ်းမညွှန်ပါ။
သူနဲ့လိုက်ခဲ့၊ သွားချင်တဲ့နေရာကို မြင်ရတဲ့အထိ ပြပေးလိုက်တယ်။
ကြည်နူးခြင်း ဖြစ်ရတဲ့စိတ်ဟာ တနေ့လုံးအထိ ဖြစ်ပါတယ်။
တံမြက်စည်းလှဲနေတဲ့အလုပ်ကို ခဏပစ်ထားပြီး နေရာအထိတွေ့အောင် လမ်းပြပေးလိုက်တာပါပဲ။
ဒီလိုအပြုအမူဟာ ပုံမှန်တွေးရင် ဘာမှ မပင်ပန်းတဲ့ကိစ္စ၊ ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်တဲ့ကိုစ္စလို့ ထင်မြင်စရာပါပဲ။ ဒါက ဒီမနက်ကြုံရတဲ့ Go the extra mile ပါ။ အတော့်ကို ကျေးဇူးတင်စရာ ကောင်းတဲ့ကိစ္စပါ။
နောက်တခုက ပုံမှန်ကိစ္စလိုသဘောမျိုး မျှဝေတဲ့ကိစ္စ။
မိတ်ဆွေကောင်းရှိခြင်းနဲ့ပတ်သက်လို့ ပြောဟောတာတွေ ဖတ်ဖူးကြားဖူးကြပါလိမ့်မယ်။ ကိုယ်တိုင်သည် သူတပါးရဲ့ မိတ်ဆွေကောင်းဖြစ်ဖို့လိုသလို ကိုယ့်ဆီမှာလည်း မိတ်ဆွေကောင်းတွေရှိဖို့လိုအပ်တယ်ဆိုတာပါပဲ။
အများသုံးကြတဲ့ လူမှုကွန်ယက်မှာ မိတ်ဆွေတယောက်က ပွဲ ကြော်ငြာလေးတခု မျှဝေတယ်။ ဖတ်ကြည့်မိတယ်။
ဟာ ... ဒါကို စိတ်ဝင်စားတယ်၊ စိတ်ဝင်စားရုံမက ပွဲ မှာ လာမယ့်ပုဂ္ဂိုလ်နဲ့ ပတ်သက်သမျှကို Youtube မှာ ရှာကြည့်တယ်။ သိပ်တော်တော်များများမတွေ့မိပါ။ ဗီဒီယိုနှစ်ဖိုင်လောက်တွေ့တယ်။ နားထောင်ကြည့်တယ်။ သဘောကျတယ်။ အဲဒီပွဲကို သွားမယ်၊ စာရင်းပေးတယ်၊ ကြိုပြီး ခွင့်ယူတယ်။ ဒီနေ့မနက်က သွားတက်တယ်။
"သိသူ ဖော်စား၊ မသိသူ ကျော်သွား" ဆိုတာလို ဖြစ်ပါတယ်။ သိချင်တာ သိခဲ့တယ်။ ဘာလုပ်ရမယ်ဆိုတာ သဘောပေါက်ခဲ့တယ်။
မျှဝေတာကတော့ ပုံမှန်သဘောမျိုး မျှဝေတာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ မျှဝေတဲ့ပို့စ်မှာ မိတ်ဆွေတို့ ဒီပွဲကို သွားကြ၊ အလုပ်ရှိရင်လည်း ခွင့်ယူပြီးသွားကြ၊ ကိုယ်တိုင်နားလည်အောင်လုပ်ကြလို့ အတင်းကာရော တိုက်တွန်းထားတာမဟုတ်သော်လည်း သွားရောက်တဲ့အခါမှာ အဲဒီကြော်ငြာပို့စ်တခုလေးကြောင့် အကျိုးများသွားရပါတယ်။ လူကိုယ်တိုင်တွေ့တဲ့အခါမှာလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။
မိတ်ဆွေကောင်းရှိတဲ့ အကျိုးပါပဲ။
ကျော်မောင်(တိုင်းတာရေး)
၁၁-အောက်တိုဘာ-၂၀၂၄

အဖြေမပါပါ

A. B.

C. D.
ဒီအတန်းအောင်ဖို့တင်မကဘဲ အမှတ်ကောင်းနေမှ တက္ကသိုလ်ကောင်းကောင်းမှာ တက်ခွင့်ရမယ်ဆိုတဲ့တက္ကသိုလ်တွေကို ဝင်တဲ့အတန်းမှာ အတွက်အချက်ပညာသင်တုန်းက။
အဲဒီတုန်းက လပတ်စစ်တဲ့ မေးခွန်းကိုဖြေတဲ့အခါ မေးခွန်းတခုကို တွက်တာ အဖြေက မေးခွန်းထဲပါတဲ့ရွေးချယ်ရမယ့် အဖြေတွေနဲ့ တခုမှ မတူဘူး။ ဒါဟာ မေးခွန်းထုတ်တဲ့ဆရာမ မှားတာ ဖြစ်မယ်။ တွက်တာကို နှစ်ခါ သုံးခါပြန်တွက်ကြည့်လည်း အဖြေက ဒီအဖြေပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ အဖြေလွှာထဲ ချရေးပေးလိုက်တယ်။
- [ ] အဖြေ မပါပါ။
အမှတ်တွေ ပြောတဲ့အခါ ဆရာမက ရယ်မောရင်း ဆူပါတယ်။ ကိုယ်တွက်တာ မှန်တယ်လို့ လက်ခံရင်တောင်မှ ပေးထားတဲ့အဖြေထဲကပဲ ရွေးသင့်တယ်။ မေးခွန်းမှားရင် အမှတ်ပေးလိမ့်မယ်။ အဖြေ မပါပါလို့ မြန်မာလို မရေးသင့်။
ကိုယ်တိုင်အတွက်သာမက တခြားကျောင်းသူ ကျောင်းသားတွေပါ သင်ခန်းစာရသွားတဲ့အတွက် အတော်အကျိုးရှိသွားတယ်။
တက္ကသိုလ်တက်တဲ့အခါ အတွက်အချက်သင်တီချယ်တယောက်က သူကြုံခဲ့တဲ့ အတွက်အချက်ပါရဂူဆရာကြီးတယောက် တွက်ခိိုင်းတဲ့ အဖြေမရှိသော ပုစ္ဆာအကြောင်း ပြောပြတဲ့အခါ သဘောကျခဲ့တယ်။
- [ ] အဖြေ မရှိ(သေး)။
ခုနက တက္ကသိုလ်ဝင်တန်းမှာ တက်နေရင်း စာမေးပွဲကြီးနီးလာတဲ့အခါ စာတွေလုပ်ရတာများတော့ ခပ်ကြောင်ကြောင်တွေ ဖြစ်ကုန်ကြတယ်။ ဆရာ ဆရာမ စာသင်နေတုန်း ဟာသမပါ ရယ်စရာမပါလည်း ရယ်နေကြတဲ့အချိန်။
အဲဒီအချိန်မှာ သမိုင်းဘာသာရပ်က မေးခွန်းလေးတွေ လေ့ကျင့်ကြရတယ်။ နာမည်မခေါ်ဘဲ ဖြေနိုင်တဲ့သူက ထဖြေရတယ်။ တယောက်က ဖြေတာကို အဖြေမှားနေတယ်ဆိုပြီး ပြောသံကြားကြရတဲ့အခါ အဖြေက မှန်တယ်၊ အဖြေမှားနေတယ်လို့ ပြောတဲ့သူသာ အမှတ်မှားနေတာဖြစ်ကြောင်း ဆရာမက ရှင်းပြရတယ်။
- [ ] အဖြေ မှားနေတယ်။
အဖြေ မပါတာရယ်၊ အဖြေ မရှိတာရယ်၊ အဖြေ မှားနေတာရယ်။
ကျော်မောင်(တိုင်းတာရေး)
၆-နိုဝင်ဘာ-၂၀၂၄