Mar 29, 2026

တရေးနှပ်ကြရအောင် (World Sleep Day)



တရေးလောက် နှပ်ဖို့ကြံရင်း မနက်က ဖတ်မိတဲ့ ဆောင်းပါးလေးတပုဒ်ကို အစအဆုံးပြန်ဖတ်မိတယ်။ ရေးထားတာတွေများစွာထဲက စစ်တမ်းတခုမှာပါတဲ့ အိပ်နှုန်းတွေကို သတိပြုမိတယ်။ စနေ တနင်္ဂနွေနေ့တွေမှာဆိုရင် ၆.၇ နာရီ (၆ နာရီ ၄၂ မိနစ်) အိပ်ကြပြီး ကျန်နေ့တွေမှာတော့ ၆.၃ နာရီ (၆ နာရီ ၁၈ မိနစ်) အိပ်ကြပါတယ်တဲ့။ ဒါက ဒီက နိုင်ငံသားတွေကို စစ်တမ်းကောက်ယူတဲ့အခါမှာ ရလာတဲ့ အချက်အလက်လို့ ရေးထားပါသေးတယ်။
ဆောင်းပါးအစမှာတွေ့ရတဲ့ Mar 15 ဟာ ဒီနှစ်ရဲ့ World Sleep Day ဆိုတာလေးတွေ့ရတော့ စိတ်၀င်စားမိပြန်ပါတယ်။
World Sleep Day ဆိုပါလား။
2019 အတွက် world sleep day ဆိုတာ ဒီနေ့မှာ ကျရောက်ပါတယ်တဲ့။ ဒီနှစ်ရဲ့ World Sleep Day slogan က "Healthy Sleep, Healthy Aging " လို့ဆိုပါတယ်။
အိပ်တာနဲ့ ပတ်သက်လို့ မှတ်မိတာလေးတွေမှာ ကားစီး လေယာဉ်ပျံစီး သင်္ဘောစီးပြီး ခရီးရှည်သွားတဲ့အခါ မအိပ်တတ်တဲ့သူတွေရှိကြသလို တချို့ကြပြန်တော့လည်း ခရီးသွားရင်း သီချင်းဆိုမယ်လို့ မကြွေးကြော်ဘဲ ခရီးစတာနဲ့ အပူအပင်ကင်းစွာနဲ့ အိပ်တတ်သူများလည်း ရှိကြပါတယ်။ ဒါက ခရီးသွားတဲ့အခါ အိပ်စက်ခြင်းဖြစ်ပါတယ်။
သိကျွမ်းခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ အိပ်ရာ၀င် အိပ်ရာထ အလေ့အကျင့်က ဒီလိုပါ။ ညဆို ဆယ်နာရီမခွဲခင် သန့်စင်ခန်း၀င် သွားတိုက်ပြုလုပ်ပြီး ဆယ်နာရီခွဲအတိမှာ အိပ်ပါတယ်။ မနက်ဆို ငါးနာရီခွဲတိတိမှာ နှိုးစက်အကူအညီနဲ့ ထပါတယ်။ ဒါဟာ သူရဲ့ ပုံမှန်အိပ်ချိန် ထချိန်ပါပဲ။ ၇ နာရီတိတိ အိပ်တယ်ဆိုပါစို့။ တီဗီက ဇာတ်လမ်းကောင်းတယ် လာကြည့်ပါလားဗျ ခေါ်လည်း အိပ်ရေးပျက်ခံပြီး မကြည့်ဘူးလို့ပဲ ပြောပါတယ်။
တချို့သူများဟာ နေ့လည်နေ့ခင်း ထမင်းစားပြီးလို့ အလုပ်ခဏနားချိန်လေးအတွင်းမှာ တရေးလောက်ရအောင် နှပ်တတ်ပါတယ်။ တရေးနှပ်ပြီးတဲ့အခါ အားအင်ပြည့်သွားသလို ရှိတတ်ပြီး ကျန်တဲ့ နေ့အချိန်ပိုင်းတွေမှာ တက်ကြွစွာနဲ့ ဖြတ်သန်းကြတာကို မြင်ဖူးပါတယ်။ နာရီ၀က်လောက် နှပ်လိုက်ရရင်ကိုပဲ အတော်လန်းသွားတဲ့ပုံပေါ်ပါတယ်။ ဒါကြောင့် အချိန်ရရင် တရေးနှပ်ဖို့ လိုအပ်ပါတယ်။
ကဲ တရေးနှပ်ကြပါစို့။
၁၅-မတ်-၂၀၁၉
(စာကြွင်း - ၂၀၂၃ အတွက်ကတော့ ၁၇ မတ် (သောကြာနေ့)ဟာ World Sleep Day ဖြစ်တယ်လို့တွေ့ရပါတယ်။ အမှန်က ကမ္ဘာကြီး အိပ်နေတာ ကြာပါပြီ)
World Sleep Day

လမ်းကြုံ ဗဟုသုတ

အဘက ညနေငါးနာရီဆိုရင် ဟေ့ကောင် လာဟေ့ လမ်းလျှောက်ရအောင်ဆိုပြီး အိမ်နားပတ်ဝန်းကျင်တဝိုက်ကို လေးဆယ့်ငါးမိနစ်သာသာလောက် မြေးအဖိုးနှစ်ယောက် လမ်းလျှောက်လေ့ရှိတယ်။

သူက မနက်(၆)နာရီနဲ့ ညနေ(၆)နာရီမှာ ဘုရားဝတ်ပြုတာ ပုတီးစိပ်တာကို ပုံမှန်ပြုလုပ်သူ။ တနေ့နှစ်ကြိမ်။ အဲဒီအချိန်တွေမှာ ဘယ်လောက်အရေးပါတဲ့ ဘယ်သူလာလာ၊ ဘယ်လောက် အန္တရာယ်များတယ်ပြောပြော ဝတ်ပြုတာကိုတော့ အပျက်မခံသူ။ ကိုယ်တွေ့ကြုံခဲ့ရတာ နှစ်ကြိမ်လောက်ရှိတယ်။ တခုကို ပြောပြလို့ရတဲ့အတွက် ပြောပြပါမယ်။
နာမည်ကြီး အထက်လမ်းဆရာတယောက် အိမ်ကို အလည်လာတယ်။ ဆရာကြီးဘယ်သူပေါ့လေ။ သူက သူ့တပည့်တပန်းတွေနဲ့။ ပင့်လာသူက အဘအသိထဲကပဲလို့ ဆိုပါစို့။
ဧည့်ခန်းက ထိုင်ခုံတွေမှာ ဆရာနဲ့အဖွဲ့ထိုင်နေချိန် အဘက ဘုရားစင်ရှေ့ ဆောင့်ကြောင့်ထိုင်ပြီး ဘုရားရှိခိုးနေချိန်။ ဘုရားစင်က ဧည့်ခန်းရဲ့ ညာဘက်မှာ ရှိတယ်။ မြင်နေရတယ်။ အထက်လမ်းဆရာတို့ဆိုတာလည်း သိတယ်။ ဝတ်ပြုတာကို အချိန်ခဏဆိုင်းပြီး ဧည့်ခံစကားပြောမယ်လို့ ယူဆမိခဲ့တယ်။ ဒါပေမယ့် အဘက ညနေတိုင်း လုပ်နေကြဖြစ်တဲ့ ဘုရားရှိခိုးဝတ်ပြုတာကို အပျက်မခံဘဲ ပုံမှန်အတိုင်း မနှေး မမြန် ဆောင်ရွက်တယ်။ ဟိုလူတွေက ဘာသံမှ မထွက်။ အဘဝတ်ပြုပြီး ထလာမှ အဲဒီအဖွဲ့ သက်ပြင်းချနိုင်ကြတာ တွေ့ရတယ်။ အဘက သာကြောင်းမာကြောင်းမေးပြီး ဧည့်ခံစကားဆိုတယ်။
အဘက ဆိတ်နို့ကို ထမင်းနဲ့စားလေ့ရှိတယ်။ ဆိတ်နို့ဘယ်ကရလဲဆို လေးငါးအိမ်ကျော်မှာ ကျောင်းဆရာကြီးတို့အိမ်ရှိတယ်။ သူတို့က ဆိတ်ကောင်ရေ နည်းနည်းမွေးတယ်။ သားနှစ်ယောက်က ဆိတ်ကျောင်းရလေ့ရှိတယ်။ ဆရာကြီးရဲ့သားငယ်ဖြစ်သူကဆိတ်နို့ကို တလုံးချိုင့်ထဲ ထည့်ပြီး လာပေးလေ့ရှိတယ်။
အဘက ဒူးရင်းသီး သိပ်ကြိုက်တဲ့သူလည်းဖြစ်တယ်။ သူ ဒူးရင်းသီးစားနေတုန်းမှာ ရော့ဟေ့ ဒါလေး စားလိုက်လို့ ပြောပြီး တမွှာနှစ်မွှာပေးရင် ပေးနေတုန်းမှာ မြန်မြန်ယူပြီး စားရတယ်။ မယူရင် မကြိုက်ဘူးထင်ပြီး နောက်ပိုင်း သူစားနေတဲ့အခါ ကျွေးလေ့မရှိ။
အဘနဲ့ လမ်းလျှောက်လိုက်တဲ့အခါ သူက လမ်းဘေးဝဲယာမှာ အလေ့ကျပေါက်နေတဲ့ အပင်ကြီး အပင်ငယ်တွေကို လမ်းညှိုးထိုးပြရင်း အဲဒီအပင်က ဘာအပင်၊ ဘာအတွက်ကောင်းတယ်၊ ဆေးဘက်ဘယ်လိုဝင်တယ်၊ ဟိုအပင်ကြီးကတော့ ဘာအပင်၊ ဟင်းချက်ရာမှာ ဘာနဲ့ရောချက်လေ့ရှိကြတယ် စသည်ဖြင့် ပြောသွားတယ်။ လမ်းလျှောက်လိုက်ရင်း လမ်းမှာကြုံလို့ပြောသွားတဲ့ ဗဟုသုတတွေဖြစ်တဲ့အတွက် လမ်းကြုံဗဟုသုတလို့ မှတ်ရပါတယ်။
အဲဒီအပင်တွေက ဘယ်လိုခေါ်တယ်၊ ဘယ်နေရာမှာ သုံးတယ်၊ ဘာအတွက်ကောင်းတယ်ဆိုတာကို အဘ ဘယ်လိုသိခဲ့သလဲ။
သေချာတာကတော့ AI ခေတ်ရောက်နေသော်ငြား သဒ္ဓါတရားနဲ့ သဘာဝပတ်ဝန်းကျင်ဗဟုသုတပိုင်းဆိုင်ရာတွေမှာ ရှေ့ကလူကြီးတွေကို ခြေဖျားတောင် မမီသေးဘူး ဆိုတာပါပဲ။
ကျော်မောင်(တိုင်းတာရေး)
၂၈-ဖေဖေါ်ဝါရီ-၂၀၂၆

Feb 21, 2026

တလှည့်စီ


တရက်မှာ အဖေတို့နဲ့ ဖုန်းပြောဖြစ်တုန်း ဒူးသိပ်မကောင်းတာ ပြောဖြစ်တဲ့အခါ “ဟေ့ မင်း အဲဒါကို ပျောက်ချင်ရင် နောက်ပြန်လမ်းလျှောက်ပေးကွ၊ သက်သာတယ်” လို့ အဖေက အကြံပေးတယ်။ အမေကလည်း အဖေ့ဘေးကနေ “သား မင့်အဖေပြောတာလုပ်လိုက်ဟေ့” ဆိုပြီး ထောက်ခံတဲ့သဘောနဲ့ လှမ်းပြောကာ တိုက်တွန်းတယ်။ 


“ဟုတ်ကဲ့” တလုံးပြန်ပြောပြီးနောက်ပိုင်း နောက်ပြန်လမ်းလျှောက်တာကို မကြာခဏလုပ်ကြည့်တဲ့အခါ “ဟာ တယ်ဟုတ်ပါလား” ဆိုပြီး ဖြစ်ခဲ့ရတယ်။ နောက်ပြန်လမ်းလျှောက်တာကို ကြုံရင်ကြုံသလို လုပ်ကြည့်တယ်။ ကားတွေ စက်ဘီးတွေ ရှင်းတဲ့ ကစားကွင်းတို့ ပန်းခြံထဲတို့မှာပဲ လျှောက်ဖြစ်တယ်။ တဖက်က လမ်းလျှောက်လာတဲ့လူတွေ အနှေးပြေးသမားတွေနဲ့ ထိတွေ့နှုတ်ဆက်ခြင်းမဖြစ်အောင် ရှောင်ရတာတော့ ရှိတယ်။ 


ရထားဘူတာရုံတွေက စက်လှေကား(escalator)တွေကို တခါတခါမှာ အတက်စက်လှေကားတွေကို အဆင်းစက်လှေကားအဖြစ်ပြောင်း၊ အဆင်းစက်လှေကားတွေကို အတက်စက်လှေကားတွေအဖြစ်ပြောင်းပြီး မောင်းကြတာ မကြာခဏကြုံရတယ်။ ဒီလိုမျိုးပြောင်းထားရင် ဘက်ပြောင်းထားတဲ့အကြောင်း ဆိုင်းဘုတ်ကြီးတွေ ရေးပြထားပြီး မှိတ်တုတ်မှိတ်တုတ် မီးလုံးလေးနဲ့ သတိပေးထားတယ်။ အတက်ကြီးပဲလုပ်ရတဲ့စက်လှေကားတွေ အဆင်းကြီးပဲလုပ်ရတဲ့စက်လှေကားတွေ ညောင်းရှာမှာပဲ၊ တခါတလေတော့ နောက်ပြန်လမ်းလျှောက်သလို ဆောင်ရွက်ပေးတာပဲလို့ နားလည်မိတယ်။ စက်လှေကားဆိုင်ရာ ပညာရှင်တွေကိုတော့ မမေးဖြစ်သေး။ 


စားသောက်ဆိုင်မှာ နေ့လယ်စာထမင်းစားကြတဲ့အခါ ဇွန်းကို ညာလက်နဲ့ကိုင်စားရင်းနဲ့ ဘယ်လက်သုံး ပြောင်းစားရင် ဘယ်လိုနေမလဲမသိဆိုပြီး တွေးမိတယ်။ ဘယ်လက်နဲ့ ပြောင်းကိုင်ပြီး စားကြည့်တယ်။ ခေတ္တအနားရသွားတဲ့ ညာလက်ဟာ အင်မတန်သွက်လက်ပေါ့ပါးသွားတာကို ခံစားမိတယ်။ စာရေးရင်လည်း ညာနဲ့၊ မျက်နှာသစ်ရင်လည်း ညာနဲ့၊ ကြက်တောင်ရိုက်ရင်လည်း ညာနဲ့ ပြုလုပ်နေလေ့ရှိတာကို ဘယ်လက်ကို ပြောင်းကိုင်ခိုင်းလိုက်တဲ့အခါ ဘယ်လက်ကလည်း ငါ့လည်း အရေးထားပါလားလို့ စဉ်းစားမိကောင်း စဉ်းစားမိသွားလိမ့်မယ်။ 


ဘောလုံးပွဲတွေကြည့်ခဲ့တုန်းက ဘယ်ခြေနဲ့ကန်တဲ့ဘောလုံးသမားတွေကို သဘောကျမိတယ်။ တချို့ဘောလုံးအကျော်အမော်တွေကတော့ ဘယ်ခြေရော ညာခြေရော ဘာလာလာ ကန်တတ်အောင် ဂိုးသွင်းတတ်အောင် လိမ်တတ်ခေါက်တတ်အောင် လေ့ကျင့်ထားကြပုံရတယ်။ 


လက်ဝှေ့ထိုးကြရာမှာလည်း ညာလက်နဲ့ချည်းပဲ မထိုးဘဲ ဘယ်ညာအတွဲလုံးတွေ မနားတမ်းထိုးနိုင်တဲ့လက်ဝှေ့သမားဟာ ကြိုးဝိုင်းထဲမှာ သူ့ပြိုင်ဖက်ထက် လက်ရည်သာတာပါပဲ။ ခြေထောက်ကန်တာမှာလည်း သင်ပေး လေ့ကျင့်ပေးတဲ့ဆရာတွေက ဘေးကနေ “ဟေ့ မင်းတို့မှာ ရှိတဲ့ ဘယ်ခြေနဲ့လည်း ကန်နိုင်အောင်လေ့ကျင့်ကွ၊ ဘယ်ခြေဆိုတာက ထောက်ဖို့ချည်းပဲမဟုတ်ဘူး၊ ကန်တတ်အောင်လည်း ကန်ပေးကြ”ဆိုပြီး လေ့ကျင့်ပေးကြလေ့ရှိတယ်။ 


အနှစ်ချုပ်ပြောရရင် နောက်ပြန်လမ်းလျှောက်ပေးတာတို့၊ ဘယ်လက်နဲ့ ဇွန်းကိုင်ပြီး စားတာတို့၊ ဘယ်ခြေနဲ့ သဲအိတ်ကြီး ကန်နေတာတို့ လုပ်နိုင်ရင် ကောင်းတယ်လို့ ပြောချင်တာပါပဲ။ တလှည့်စီဆိုတဲ့အခါ အညောင်းပြေဖို့ အကြောင်းတွေလည်း ဖြစ်လာနိုင်တာပါပဲ။ ဒီစာဖတ်ပြီး တခြားတွေးစရာတွေ စဉ်းစားစရာတွေ ပေါ်ရင်လည်း ပေါ်မှာပဲ။ ဘာမှ မပေါ်တာလည်း ဖြစ်နိုင်တာပဲ။ ဦးနှောက်ကိုလည်း ညာခြမ်းချည်းပဲ မသုံးဘဲ ဘယ်ခြမ်းကိုလည်း သုံးပေးဖို့ လိုတယ်။ ညာခြမ်းဆိုတာ စိတ်ခံစားမှုနဲ့ဆိုင်တဲ့အခြမ်း၊ ဘယ်ခြမ်းကတော့ ဆင်ခြင်တုံတရားအပိုင်းလို့ အေအိုင်က ဆိုတယ်။ အေအိုင်က ဆိုတယ်လို့ ဆိုတဲ့အတွက် ဒီအချက်အလက်က မှားရင် မှန်ရင် အေအိုင်သည်သာ တာဝန်ရှိတယ်လို့ ဆိုရာရောက်တယ်။


ဒီမနက်တော့ ဒီလောက်ပါပဲ။ 


ကျော်မောင်(တိုင်းတာရေး)

၂၁-ဖေဖေါ်ဝါရီ-၂၀၂၆


Feb 18, 2026

နောက်ကျနေသော စာအုပ်များ

စာကြည့်တိုက်ရှိ စာအုပ်စင်များတွင် စာအုပ်များကို ထောင်လိုက် စီစီရီရီ စီထားကြသည်။ စီထားသောစာအုပ်များကို စာအုပ်လာဖတ်သူများ စာအုပ်ငှါးရှော့ပင်းထွက်သူများက စာအုပ်အနှောင့်ပါ စာရေးသူ စာအုပ်အမည်တို့ကို ကြည့်ကြသည်။ သူတို့အမြင်အာရုံတွင် နှစ်သက်သည့်စာအုပ်ကို မြင်သည့်အခါ ထင်သည့်အခါ ထိုစာအုပ်ကို စာအုပ်စင်မှ ဆွဲထုတ်ကာ စာမြည်းကြသည်။ သဘောကျပါက အိမ်ရောက်သည့်အခါမှ အားပါးတရဖတ်ရှုရန် ငှါးရမ်းကြသည်။
တချို့သော စာကြည့်တိုက်သုံးစွဲသူများမှာ သူတို့ငှါးလိုသော စာအုပ်ကို စာကြည့်တိုက်ကက်တလောက်တွင် ရှာထားပြီး ဖြစ်ပုံရသည်။ ဖုန်းတွင်မှတ်ထားကြသည်။ စာအုပ်စင်များကြား ဖုန်းတကိုင်ကိုင်ဖြင့် လိုချင်သော စာအုပ်ကို လိုက်ရှာကြသည်။
ယခုပြောမည့်စာအုပ်များမှာ “နောက်ကျနေသော စာအုပ်များ”အကြောင်း ဖြစ်သည်။
စာအုပ်စင်တွင်စီထားသည့် စာအုပ်များ၏ နောက်ဘက်တွင် ကျနေသည့် စာအုပ်တချို့ရှိကြောင်း စာအုပ်စင်များကို မွှေသည့်အခါတိုင်း မကြာခဏ သတိပြုမိသည်။ ထိုစာအုပ်များ အဘယ်အကြောင်းကြောင့် နောက်ဘက်တွင် ကျနေရပါသနည်းဟု လေ့လာကြည့်သည့်အခါ -
(၁) စာအုပ်များကို စာအုပ်စင်မှ ယူလိုက်သည့်အခါ(သို့မဟုတ်) စာအုပ်စင်ထဲသို့ ပြန်ထားသည့်အခါတွင် စာအုပ်အချင်းချင်း ပွတ်တိုက်မှု ဖြစ်ပွါးရာမှ စာအုပ်တချို့သည် စာအုပ်စင်အတွင်းဘက်သို့ မရောက်ချင်သော်လည်း ရောက်သွားကြခြင်း
(၂) စာအုပ်စင်တွင် စာအုပ်များ သိပ်သည်းပြည့်နှက်နေပြီး ရှေ့တွင်စီရန် နေရာမရှိသည့်အခါနှင့်ကြုံရသည်တွင် နောက်မှရောက်သည့်စာအုပ်များမှာ ချောင်ထဲသို့ ခေတ္တအထားခံရခြင်း
(၃) စာအုပ်များပေါ်တွင် ခဏတဖြုတ်တင်ထားရာမှ အတွင်းဘက်သို့ မတော်တဆပြုတ်ကျသွားသည်ကို သတိမထားမိကြခြင်း -
စသည် စသည် အချက်များကြောင့်ဟု လေ့လာတွေ့ရှိမိပါသည်။
ဤတွင် ဆက်စပ်တွေးတောမိသော အချက်တချက်မှာ ထိုစာအုပ်များသည် မည်သည့်အချိန်တွင်မှ စာဖတ်သူများ၏ မြင်ကွင်းသို့ ရောက်ရှိလာနိုင်မည်နည်းဟူသော မေးခွန်းဖြစ်သည်။
စာကြည့်တိုက်သုံးစွဲသူများအတွက် စာကြည့်တိုက်အတွင်းရှိ စာအုပ်စင်များပေါ်တွင် ထိုစာအုပ်များ ရှိနေသည်မှာ မှန်သော်လည်း စာဖတ်သူများက ငှါးရမ်းဖတ်ရှုမြည်းစမ်းကြည့်ရန်မှာမူ အခွင့်သာခွင့် မရနိုင်ကြသည့် စာအုပ်များအဖြစ်သို့ ရောက်နေကြရသည်။ တနည်းဆိုရသော် ထိုစာအုပ်များသည် တခြားသောစာအုပ်များနှင့်ယှဉ်ပါက စာဖတ်သူများလက်သို့ရောက်ရန် နောက်ကျနေသော စာအုပ်များအခြေအနေသို့ သက်ဆင်းနေကြရသည့်သဘောဖြစ်နေပေသည်။
နောက်ကျနေသော စာအုပ်များကို စာကြည့်တိုက်ရောက်သည့်အခါတိုင်း သတိတရဖြစ်စွာဖြင့် ရှိလိုရှိငြား ရှာကြည့်မိသည်။
နောက်ကျနေသော စာအုပ်သည် နာမည်ကြီးစာအုပ်တအုပ်ဖြစ်သည်ကို တွေ့ရပါက လွန်စွာစိတ်မကောင်းဖြစ်ရသည်။ အဖိုးတန်စာအုပ်ကောင်းတအုပ်အဖို့ ဖတ်သူမဲ့ဘဝသို့ ရောက်ရှိနေချိန်သည် မည်မျှကြာမြင့်နေသည်ကို မည်သူက အရေးတယူရှိနိုင်ပါအံ့နည်း။ ထိုစာအုပ်ကိုယ်တိုင်သည်ကလည်း “ငါက ဒီမှာ၊ ငါ့ကိုအသုံးပြုကြ၊ ငါ့စာအုပ်ထဲမှာရှိတဲ့ ရသ သုတတွေကို ရရှိခံစားကြ၊ ငါ့ကို မြည်းစမ်းကြ” ဟု အဘယ်သို့ ပြောဆိုနိုင်ပါအံ့နည်း။
စာကြည့်တိုက်သို့ ရောက်သည့်အခါ နောက်ကျနေသော စာအုပ်များကို ရှာဖွေကာ စာပေသမားများထံအရောက်ပို့ပေးနိုင်ပါမူကား ထိုစာအုပ်များက ကျေးဇူးအထူးတင်ရှိနေကြပေလိမ့်မည်။
ကျော်မောင်(တိုင်းတာရေး)
၁၅-ဖေဖေါ်ဝါရီ-၂၀၂၆