စာကြည့်တိုက်ရှိ စာအုပ်စင်များတွင် စာအုပ်များကို ထောင်လိုက် စီစီရီရီ စီထားကြသည်။ စီထားသောစာအုပ်များကို စာအုပ်လာဖတ်သူများ စာအုပ်ငှါးရှော့ပင်းထွက်သူများက စာအုပ်အနှောင့်ပါ စာရေးသူ စာအုပ်အမည်တို့ကို ကြည့်ကြသည်။ သူတို့အမြင်အာရုံတွင် နှစ်သက်သည့်စာအုပ်ကို မြင်သည့်အခါ ထင်သည့်အခါ ထိုစာအုပ်ကို စာအုပ်စင်မှ ဆွဲထုတ်ကာ စာမြည်းကြသည်။ သဘောကျပါက အိမ်ရောက်သည့်အခါမှ အားပါးတရဖတ်ရှုရန် ငှါးရမ်းကြသည်။
တချို့သော စာကြည့်တိုက်သုံးစွဲသူများမှာ သူတို့ငှါးလိုသော စာအုပ်ကို စာကြည့်တိုက်ကက်တလောက်တွင် ရှာထားပြီး ဖြစ်ပုံရသည်။ ဖုန်းတွင်မှတ်ထားကြသည်။ စာအုပ်စင်များကြား ဖုန်းတကိုင်ကိုင်ဖြင့် လိုချင်သော စာအုပ်ကို လိုက်ရှာကြသည်။
ယခုပြောမည့်စာအုပ်များမှာ “နောက်ကျနေသော စာအုပ်များ”အကြောင်း ဖြစ်သည်။
စာအုပ်စင်တွင်စီထားသည့် စာအုပ်များ၏ နောက်ဘက်တွင် ကျနေသည့် စာအုပ်တချို့ရှိကြောင်း စာအုပ်စင်များကို မွှေသည့်အခါတိုင်း မကြာခဏ သတိပြုမိသည်။ ထိုစာအုပ်များ အဘယ်အကြောင်းကြောင့် နောက်ဘက်တွင် ကျနေရပါသနည်းဟု လေ့လာကြည့်သည့်အခါ -
(၁) စာအုပ်များကို စာအုပ်စင်မှ ယူလိုက်သည့်အခါ(သို့မဟုတ်) စာအုပ်စင်ထဲသို့ ပြန်ထားသည့်အခါတွင် စာအုပ်အချင်းချင်း ပွတ်တိုက်မှု ဖြစ်ပွါးရာမှ စာအုပ်တချို့သည် စာအုပ်စင်အတွင်းဘက်သို့ မရောက်ချင်သော်လည်း ရောက်သွားကြခြင်း
(၂) စာအုပ်စင်တွင် စာအုပ်များ သိပ်သည်းပြည့်နှက်နေပြီး ရှေ့တွင်စီရန် နေရာမရှိသည့်အခါနှင့်ကြုံရသည်တွင် နောက်မှရောက်သည့်စာအုပ်များမှာ ချောင်ထဲသို့ ခေတ္တအထားခံရခြင်း
(၃) စာအုပ်များပေါ်တွင် ခဏတဖြုတ်တင်ထားရာမှ အတွင်းဘက်သို့ မတော်တဆပြုတ်ကျသွားသည်ကို သတိမထားမိကြခြင်း -
စသည် စသည် အချက်များကြောင့်ဟု လေ့လာတွေ့ရှိမိပါသည်။
ဤတွင် ဆက်စပ်တွေးတောမိသော အချက်တချက်မှာ ထိုစာအုပ်များသည် မည်သည့်အချိန်တွင်မှ စာဖတ်သူများ၏ မြင်ကွင်းသို့ ရောက်ရှိလာနိုင်မည်နည်းဟူသော မေးခွန်းဖြစ်သည်။
စာကြည့်တိုက်သုံးစွဲသူများအတွက် စာကြည့်တိုက်အတွင်းရှိ စာအုပ်စင်များပေါ်တွင် ထိုစာအုပ်များ ရှိနေသည်မှာ မှန်သော်လည်း စာဖတ်သူများက ငှါးရမ်းဖတ်ရှုမြည်းစမ်းကြည့်ရန်မှာမူ အခွင့်သာခွင့် မရနိုင်ကြသည့် စာအုပ်များအဖြစ်သို့ ရောက်နေကြရသည်။ တနည်းဆိုရသော် ထိုစာအုပ်များသည် တခြားသောစာအုပ်များနှင့်ယှဉ်ပါက စာဖတ်သူများလက်သို့ရောက်ရန် နောက်ကျနေသော စာအုပ်များအခြေအနေသို့ သက်ဆင်းနေကြရသည့်သဘောဖြစ်နေပေသည်။
နောက်ကျနေသော စာအုပ်များကို စာကြည့်တိုက်ရောက်သည့်အခါတိုင်း သတိတရဖြစ်စွာဖြင့် ရှိလိုရှိငြား ရှာကြည့်မိသည်။
နောက်ကျနေသော စာအုပ်သည် နာမည်ကြီးစာအုပ်တအုပ်ဖြစ်သည်ကို တွေ့ရပါက လွန်စွာစိတ်မကောင်းဖြစ်ရသည်။ အဖိုးတန်စာအုပ်ကောင်းတအုပ်အဖို့ ဖတ်သူမဲ့ဘဝသို့ ရောက်ရှိနေချိန်သည် မည်မျှကြာမြင့်နေသည်ကို မည်သူက အရေးတယူရှိနိုင်ပါအံ့နည်း။ ထိုစာအုပ်ကိုယ်တိုင်သည်ကလည်း “ငါက ဒီမှာ၊ ငါ့ကိုအသုံးပြုကြ၊ ငါ့စာအုပ်ထဲမှာရှိတဲ့ ရသ သုတတွေကို ရရှိခံစားကြ၊ ငါ့ကို မြည်းစမ်းကြ” ဟု အဘယ်သို့ ပြောဆိုနိုင်ပါအံ့နည်း။
စာကြည့်တိုက်သို့ ရောက်သည့်အခါ နောက်ကျနေသော စာအုပ်များကို ရှာဖွေကာ စာပေသမားများထံအရောက်ပို့ပေးနိုင်ပါမူကား ထိုစာအုပ်များက ကျေးဇူးအထူးတင်ရှိနေကြပေလိမ့်မည်။
ကျော်မောင်(တိုင်းတာရေး)
၁၅-ဖေဖေါ်ဝါရီ-၂၀၂၆
No comments:
Post a Comment