လူတယောက်အဖြစ်နဲ့ မွေးလာတယ်။ ကြီးပြင်းတယ်။ အိုတယ် နာတယ် သေတယ်။ အိုတယ်ဆိုတာ ကြီးပြင်းလာတာကို တမျိုးဆိုတာလို့ ယူတယ်။ နာတာကတော့ အထွေအထူးပြောစရာမရှိ။ သေတာကလည်း အမျိုးအဆွေထဲ သေကြတာ မရှိတောင် ပတ်ဝန်းကျင်က လူတွေ သေနေကြတာ တွေ့နေရမှာပဲ။
Sep 30, 2024
မိရိုးဖလာ
အဲဒီအခါ မွေးဖွား ကြီးပြင်း အို နာ သေ ဆိုတာက မှန်နေတဲ့ ဖြစ်စဉ်ကြီး ဖြစ်နေတယ်။
မိရိုးဖလာဆိုတာ အဲဒီက စ တာ။
ဘာမှန်းမသိဘဲနဲ့ ကိုးကွယ်လိုက်ရတာရှိတယ်။ ဘာမှန်းမသိဘဲနဲ့ ရှိခိုးရိုကျိုးလိုက်ရတာရှိတယ်။ ဘာမှန်းမသိဘဲနဲ့ ရွတ်ဆိုလိုက်ရတာရှိတယ်၊ အာဂုံဆောင်လိုက်ရတာ အလွတ်ကျက်လိုက်ရတာရှိတယ်၊ လေ့လာလိုက်ရတာရှိတယ်။
ဘာမှန်းမသိဘဲနဲ့ လုပ်ခိုင်းလို့ လုပ်လိုက်ရတာကို အများအားဖြင့် ဆန့်ကျင်တတ်ကြတယ်။ မလုပ်ချင်ကြဘူး။ မိဘလူကြီးတွေက ဖိအားပေးတယ်။ မတတ်သာလို့ လုပ်ရတဲ့အခါ မလုပ်ချင် လုပ်ချင်နဲ့ လုပ်လိုက်ရတယ်။
အဲဒီလို လုပ်လိုက်ခဲ့ရတဲ့ ပုံစံတွေ၊ လုပ်နေကြရတဲ့ စနစ်တွေ ဘယ်လောက်များရှိနေကြမလဲ။
တခါ တွေးမိတာ တခုက ဒီလို။
မိရိုးဖလာ ဖြစ်ခဲ့တဲ့ ကိုးကွယ်မှု ယုံကြည်မှု ပူဇော်မှုတွေကို ဆန်းစစ်ကြည့်မှု။
ဒီလိုဆန်းစစ်ကြည့်မှုက ဘယ်လောက်များများရှိမလဲ။ ဆန်းစစ်ကြည့်တဲ့အခါမှာလည်း ဘက်မလိုက်ဆန်းစစ်မှုဆိုတာ ရှိနိုင်လား။ ဘာနဲ့ ဆန်းစစ်ကြည့်မလဲ။
အရွယ်ရောက်လာသူတိုင်းဟာ အစားအသောက်စားတဲ့အခါ ကိုယ်ကြိုက်တဲ့အစားအစာကို ရွေးချယ်စားသောက်လာတတ်ကြတယ်။ လူမမည်တုန်းကတော့ လူကြီးကျွေးတာကို ကြိုက်ကြိုက် မကြိုက်ကြိုက် စားရတဲ့အခြေအနေ။ ဒါဆိုရင် မိရိုးဖလာဖြစ်တဲ့ လက်ခံကျင့်သုံးခဲ့တာတွေကို အစားအသောက်ရွေးချယ်ခွင့်ရှိသလိုပဲ ကိုယ်ကြိုက်တာကို ရွေး၊ မကြိုက်တာကို ပယ်၊ ဒီလိုလုပ်တာကရော မှန်ကန်တဲ့လုပ်နည်းကိုင်နည်းဟုတ်ရဲ့လား။
ပြဿနာက အဲဒါပါပဲ။
မကြိုက်တာကို ပယ် ဆိုတာနဲ့ မိရိုးဖလာ ကိုးကွယ်ခဲ့တဲ့ လိုက်နာကျင့်သုံးခဲ့တဲ့ ဘာသာတွေ ယဉ်ကျေးမှုတွေကိုလည်း ဘာမှ ဆန်းစစ်ခြင်းမပြုတော့ဘဲ ပယ်လိုက်တာပါပဲ။ ပယ်ရုံတင်မကတော့ဘဲ တခြားသောသူတွေကိုလည်း ပယ်ကြဟေ့ ပယ်ကြလို့ အဖော်စပ်ကြပါတယ်။
ဒီလိုနဲ့ပဲ တန်ဖိုးမဖြတ်နိုင်တဲ့ ဘာသာတွေ ယဉ်ကျေးမှုတွေဟာ တနေရာကနေ တနေရာကို ပြောင်းရွှေ့သွားတာ ဒါမှမဟုတ် မူရင်းနေရာဌာနတွေမှာ ကင်းပျောက်သွားတာမျိုး ဖြစ်သွားကြတာပါပဲ။
အဖိုးအဖွားတွေက (အထူးသဖြင့် အဖွားလုပ်သူတွေက) နတ်ကိုးကွယ်ကြတယ်။ နတ်ကန္နားပွဲပေးပြီး ပူဇော်ပသတဲ့အထိ လုပ်ကြတဲ့သူတွေ။ သူတို့လုပ်တဲ့အတွက် နတ်ကန္နားပွဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးကြုံဖူးတယ်။ နတ်ဝင်သည်တွေ (နတ်ကတော်တွေ) ဘယ်လိုနတ်ဝင်ကြတယ်၊ ဘယ်လိုသောက်စားပျော်ပါးကြတယ်ဆိုတာတွေ တွေ့ရတယ်။ နတ်ပွဲမှာ နတ်ဆိုင်း(နတ်ဒိုး)တီးသူတွေ ဘယ်လိုတီးကြတယ်ဆိုတာတွေ မြင်ရကြားရတယ်။ နတ်ပွဲမှာ တီးတဲ့သီချင်းတချို့ဟာလည် ရှေးခေတ်နတ်တွေကို ချော့တော့ ရှေးသီချင်းနဲ့ချော့ရတယ် ခဏထား၊ အတီးသမားတွေကလည်း သူတို့ရတဲ့ သီချင်းကြီးတွေတီးပြီး ချော့တော့ ဒါတွေပဲ ကြားဖန်များတော့ နားယဉ်လာကြတယ်။
အဲဒီနောက်မှာ တခြားတခြားသော နတ်ပွဲတွေကို အဝေးက မြင်ရတာနဲ့ ဘယ်နတ်တော့ ဝင်နေပြီဆိုတာ ခန့်မှန်းမိတဲ့အခြေအနေရောက်လာတယ်။ ဘယ်တီးလုံးတော့ တီးတော့မယ်၊ အင်ထရိုစနေပြီ ဆိုတာမျိုး။
မိရိုးဖလာ ယုံကြည်မှုကနေ ရလာတဲ့ အကျိုးအမြတ်တွေပေါ့။ ဒီနတ်ပွဲကြီး လုပ်တဲ့ယုံကြည်မှုကနေ နောက်ပိုင်းမျိုးဆက်တွေကြတော့ မလုပ်နိုင်ကြတော့ဘူး။ မယုံကြည်လို့ မလုပ်တာ။ လုပ်ဖြစ်ရင်တောင် ယဉ်ကျေးမှုပွဲတရပ်အနေနဲ့ လုပ်ပြတာမျိုးပဲ ဖြစ်တော့မယ်။
နောက်တခုက ဗုဒ္ဓဘာသာကိုးကွယ်မှု။
လက်ရှိမှာ ခေတ်စားလာတာက အစဉ်အဆက်လက်ခံယုံကြည်ကျင့်သုံးလာခဲ့တဲ့ (တနည်း) ကျမ်းစာတွေထဲက အပိုင်းတွေကို တချို့ကို ပယ်၊ တချို့ကို ယူတဲ့ပုံစံ။ အစားအသောက်အနေနဲ့ပြောရင် အရသာရှိတာ တန်ဖိုးရှိတာမရှိတာ မသိဘူး၊ ကိုယ်ကြိုက်တဲ့အစားအစာကို ကိုယ်တိုင်ရွေးစားကြသလိုမျိုး။
အဲဒီမှာ ဘာဖြစ်နိုင်သလဲဆို အရေးပါတဲ့ အပိုင်းတွေ ပြတ်ကျန်ခဲ့တာမျိုး၊ ပျောက်ကွယ်သွားတာမျိုး ဖြစ်သွားတော့တာပါပဲ။
ဆိုကြပါစို့။ လူကြီးမိဘတွေက ကျက်ခိုင်းလို့ ကျက်မှတ်ခဲ့ရတဲ့ ဂါထာတိုလေး။ အနက်အဓိပ္ပါယ်မသိဘူး။ အလွတ်သာ ရသွားတယ်။ ကြီးတဲ့အထိ သတိရတိုင်း ပါးစပ်ကနေ အသံထွက် ဆိုတာမျိုး၊ စိတ်ထဲကနေ ရွတ်ဆိုနေတာမျိုး လုပ်တယ်။ ဒီဂါထာ ဘာမှန်းမသိဘူး။ ပြင်သစ်စာ ဂျာမန်စာ အီတလီစာတွေ မတတ်ဘဲ သူတို့သီချင်းတွေကို နားထောင်နေသလိုမျိုး လိုက်ဆိုနေသလိုမျိုး။ တချိန်မှာမှ အလျဉ်းသင့်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်က လေ့လာချင်လို့ လေ့လာလိုက်ရတဲ့အခါမှာမှ ဂါထာရဲ့ အနက်အဓိပ္ပါယ်ကို သိသွားတဲ့အခါ ဪ တသက်လုံး စွဲစွဲမြဲမြဲရွတ်လာခဲ့တာ ဒီလိုအနက်ရှိပါလားဆိုတာ မြင်သွားတယ်။
ကျက်သာကျက်ခဲ့ရတယ်၊ အလွတ်သာရသွားတယ်၊ ခဏခဏ ရွတ်ဆိုတာမျိုးမရှိတော့ ကြာလာတဲ့အခါ မေ့သွားတယ်။ အနက်အဓိပ္ပါယ်ကို နားလည်သွားတဲ့အဆင့်ထိ မရောက်လိုက်ဘူး။ မူရင်းဟာ ပျောက်သွားတာ။ အစဖော်လို့ မရတော့ဘူး။
ဂါထာကို ရထားတဲ့သူ အလွတ်ဆိုနိုင်တဲ့သူဟာ ဘာနဲ့တူသလဲဆို ကျောပိုးအိတ်ထဲမှာ တန်ဖိုးရှိတဲ့ ပတ္တမြားတလုံးကို ထည့်ထားပြီး ရတနာသိုက်ရှာနေတဲ့သူနဲ့ တူနေတယ်။ ကိုယ့်အိတ်ထဲမှာရှိတာ ပတ္တမြားမှန်း မသိဘူး။
ဂါထာကို ရထားပြီး မရွတ်တော့ဘဲ မေ့ပျောက်သွားတဲ့သူကတော့ ဘာနဲ့တူသလဲဆို အိတ်ထဲရှိခဲ့တဲ့ ပတ္တမြား အိတ်ထဲကနေ ထွက်ကျသွားတာတောင် မသိလိုက်တဲ့သူနဲ့ တူနေတယ်။
လက်ရှိတွေးဖြစ်တာကတော့ မိရိုးဖလာ လက်ခံခဲ့တာတွေကနေ အကျိုးအမြတ်ရနိုင်တယ်ဆိုတာ ဖြစ်တယ်။ တချိန်မှာ နောက်ကမျိုးဆက်က မေးလာတဲ့အခါ အကျိုးသင့် အကြောင်းသင့် ဖြေနိုင်အောင် ကျင့်ကြံအားထုတ်လေ့လာထားဖို့ လိုပါလိမ့်မယ်။
မေးတဲ့မေးခွန်းတွေရဲ့အဖြေကို အဖေလည်း မသိဘူး၊ အမေလည်း မသိဘူး၊ အဲဒီအတွက် ငါတို့လည်း သိစရာမလိုဘူး ဆိုတာမျိုးဖြစ်သွားတဲ့အခါ အိတ်ထဲက ပတ္တမြားကတော့ သူနဲ့ထိုက်တဲ့သူဆီ ခုန်ထွက်သွားပါလိမ့်မယ်။
မိရိုးဖလာနဲ့ပတ်သက်ပြီး တွေးစရာကျန်ရင် အိမ်စာပေးတယ်လို့ပဲ သဘောထားပြီး ဆက်တွေးကြပေတော့။
ကျော်မောင်(တိုင်းတာရေး)
၃၀-စက်တာဘာ-၂၀၂၃
Jul 7, 2024
တအိမ်လို
ကစားသမားတိုင်း ကစားဖူးသူတိုင်း သိကြတယ်။ တအိမ်လိုဆိုတာနဲ့ အဲဒီအိမ်ထဲ ပိုက်ဆံပိုက်ပြီး ပြေးပြေးဝင်တတ်ကြတယ်။ တအိမ်လိုတယ် မင်းပါမလားဆိုတဲ့အခါ နှစ်ပွဲသုံးပွဲမကစားနိုင်တဲ့သူတွေဆို တအိမ်လိုထဲ ပြေးမဝင်နိုင်ကြဘူး။ အဲဒီတော့လည်း ဘေးထိုးလုပ်ရတာ။ ဘေးထိုးရဲ့ အားသာချက်က အိမ်ကောင်းနေတဲ့ဘက်ဆိုရင် ဘေးထိုးရဲ့အိတ်ကပ်ဟာလည်း ဖောင်းလာတတ်လေ့ရှိတယ်။ အားနည်းချက်ကတော့ ကတ်ပြားကို ကိုယ့်လက်နဲ့ကိုယ်တိုင် အရသာခံပြီးပွတ်ကြည့်ရတာ မဟုတ်တဲ့အတွက် နည်းနည်းတော့ အရသာပျက်တာပါပဲ။
ဖဲထုပ်နှစ်ထုပ်ဗူးခွံနဲ့ ဖဲချပ်တိုင်းရဲ့ကျောဘက်မှာ လေကြောင်းလိုင်းတခုအမှတ်အသားပါတော့ အံ့အားသင့်မိတယ်။ ဝီကီမှာရေးထားချက်ကို ဖတ်ရတဲ့အခါမှ လေကြောင်းလိုင်းတွေမှာ ခရီးသည်တွေကို ဖဲထုပ်ဝေတဲ့အလေ့အထရှိခဲ့ကြောင်းတွေ့ရတယ်။ ဒီအလေ့အထဟာ အခု ခေတ်မစားတော့ပြီလို့ပြောတယ်။
ကစားနည်းနဲ့ပတ်သက်လို့ မှတ်မိတာလေးတွေ ရှိတယ်။
အဖေက သူ့သားနှစ်ယောက် အရွယ်ရောက်တဲ့အခါ မင်းတို့ကို ဖဲကစားနည်းသင်ပေးရဦးမယ်လို့ ခဏခဏပြောတယ်။ သားတွေကလည်း အဖေသင်ပေးမယ့်အချိန်ကို စောင့်နေတာနဲ့ ကျွမ်းကျွမ်းကျင်ကျင်မကစားတတ်ကြ။ တခါမှာတော့ နောက်ချင်တာနဲ့ အဖေ ဖဲရိုက်နည်းသင်ပေးမယ်ဆိုတာ လုပ်လေ ဆိုတော့ ဖဲထုပ်က အိမ်မှာမရှိ၊ ကွမ်းယာဆိုင်သွားဝယ်ကွာဆိုပြီး ပြောတဲ့အခါ ဘေးမှာရှိတဲ့အမေက ကြားပြီး ဒီသားအဖတွေ အိမ်ပေါ်မှာ ဖဲမရိုက်ကြပါနဲ့ မလုပ်ကောင်းပါဘူးဆိုတဲ့ ရှေးထုံးဗီတိုသုံးပြီး ပယ်ဖျက်လိုက်တာကနေ ဖဲသင်ပေးတဲ့ဆီ မရောက်။
အခုက တမျိုးတွေးမိပါတယ်။ အဖေဖြစ်စေချင်တာက ဒီလိုဖြစ်ဖို့များပါတယ်။ သားတွေဟာ ဒီလိုပညာရပ်နဲ့ပတ်သက်ရင် အရပ်ထဲမှာပဲဖြစ်ဖြစ် ကျောင်းကနေပဲဖြစ်ဖြစ် တတ်မြောက်လာဖို့ရည်ရွယ်ပုံရပါတယ်။ အဖေသင်ပြပေးစရာမလိုတော့ဘူး၊ ကျနော်တို့တော့ ဖဲနည်းမျိုးစုံထဲက ဘယ်နည်းတွေကိုတော့ ရိုက်တတ်နေပြီဆိုတာမျိုး ဖြစ်ချင်ပုံရပါတယ်။ အိမ်ပေါ်ကို ဖဲထုပ်တင်ခွင့်မရတဲ့အခါ ဖဲချပ်နဲ့မပြဘဲ ဖဲရိုက်နည်းတွေကိုတော့ အလျဉ်းသင့်ရင် ပြောပြတတ်ပါတယ်။ ကောင်းစွာ နားမလည်ခဲ့ ကောင်းစွာ မတတ်မြောက်ခဲ့ပါ။
အခုတော့ သူဖဲရိုက်နည်း မသင်ပေးခဲ့ရတဲ့ သူ့သားကနေ သူ့မြေးမလေးကို ဖဲနည်းမျိုးစုံတွေထဲက တွမ်တီဝမ်းနဲ့ ပိုကာဒေါင်းတာလောက် အင်ထရိုအနေနဲ့ သင်ပေးနိုင်ခဲ့တယ်။ အူနို (Uno) ကစားတတ်နေတဲ့ကလေးကို အနည်းငယ်ပြောပြလိုက်တာနဲ့ နားလည်လွယ်တာ သတိထားမိတယ်။
မှတ်မိတဲ့နောက်တခုက ရပ်ရွာထဲက နာရေးအိမ်တွေမှာ ဖဲဝိုင်းလုပ်ကြတဲ့အခါ ရှိုးကစားတဲ့ဝိုင်းမှာ ကစားကြသူတွေဟာ တကယ့်ဖဲသမားကြီးတွေပုံစံပါပဲ။ ရှိုးကစားနေကြသူတွေဟာ ဂျိမ်းစ်ဘွန်းကားတွေထဲက ဇာတ်ကောင်တွေစတိုင်အတိုင်း မျက်နှာအနေအထား ထားတတ်ကြလို့ ရှိုးကစားနေကြပြီဆိုရင် အနိုင်အရှုံးထက် ကစားသူတွေရဲ့ သရုပ်ဆောင်ပီပြင်မှုကို မြင်တွေ့ရတာက ရယ်စရာလိုလိုဖြစ်နေတတ်ပါတယ်။ တွမ်တီဝမ်း ဘူကြီး ရှမ်းကိုးမီး ကစားတဲ့သူတွေကိုတော့ ကလေးဝိုင်းသာသာသဘောထားတတ်ကြတယ်။ အချိန်ကုန်ချင်တဲ့အခါ ပိုကာဒေါင်းကြတယ်။
အဖေက တခါမှာ ဖဲဝိုင်းဘေးထိုးလေ့ရှိသူအကြောင်းကိုသိတော့ သူနဲ့ကြုံတဲ့အခါ ဖဲကစားနည်းမှာ ဖဲချပ်ဘယ်နှစ်ချပ်ပါလည်းလို့ မေးပါတယ်။ ဟိုလူက မဖြေနိုင်တဲ့အခါ မင်းကွာ ဘေးထိုးတာတောင် ဖဲချပ်ဘယ်လောက်ပါလည်းဆိုတာလောက်တော့ သိအောင်လုပ်ပါကွာလို့ ပြောပါတယ်။
ပင်လယ်ပျော်ကြီးတယောက်ဖြစ်တဲ့ ဦးလေးပြောပြခဲ့တဲ့ နိုင်ငံကျော်အဆိုတော်ကြီးတယောက်ရဲ့ ဖဲရိုက်ကျွမ်းကျင်ပုံ၊ ဖဲကိုင်တဲ့လက်ချောင်းလေးတွေဟာ နူးညံ့နေပုံ (ဖဲချပ်ကို လှန်ကြည့်စရာမလိုပဲ ပွတ်ကြည့်တာနဲ့သိလောက်အောင်နူးညံ့)၊ ဘယ်လောက်ပဲ နိုင်နေနေ ရှုံးနေနေ မိန်းမပြောထားတဲ့အချိန်ပြည့်တာနဲ့ ဖဲဝိုင်းက ထပြန်ပုံကို ကြားခဲ့ရဘူးတယ်။ သူသိတာကလည်း တဆင့်စကားဆိုတော့ ဟုတ်ချင်မှာ ဟုတ်နိုင်မယ့်ပုံပါပဲ။
မိတ်ဆွေတယောက်ရဲ့ ကျောင်းနေဖက်ဖြစ်သူ တယောက် ပြောပြတာကလည်း စိတ်ဝင်စားစရာပါ။ သူက ဖဲရိုက်တာမှာ နာမည်ကြီးမင်းသမီးကြီးတွေနဲ့ ရိုက်ဖူးတဲ့သူဖြစ်ပါတယ်။ သူကတော့ ဖဲဆရာဖြစ်ပုံရပါတယ်။ ဖဲအကြောင်း ဖဲကစားနည်းနဲ့ပတ်သက်လို့ မမေးခဲ့ရတာ နောင်တရမိပါတယ်။
ပြဿနာက ဖဲကစားနည်းမှာ ငွေကြေးပါလာတဲ့အခါ လောင်းကစားဖြစ်တာပါပဲ။ လောင်းကစားဖြစ်တဲ့အခါ တပြားရှုံးရှုံး နှစ်ပြားရှုံးရှုံး ပြူးတော့ပြဲတော့တာပါပဲ။
ဖဲကစားနည်းကို အပျော်ကစားကြတာမျိုး ဉာဏ်ရွှင်အောင် ကစားကြတာမျိုး နည်းကြပါတယ်။ ဖဲသမားဆိုရင် လောင်းကစားသမားဆိုပြီး နှာခေါင်းရှုံ့ချင်ကြတယ်။
တွေးမိတာက ဖဲကစားနည်းကို ပြိုင်ပွဲပုံစံလုပ်ပြီး ဒိုင်းတွေဘာတွေပေးရင်လည်း ဖဲကစားနည်းဟာ ပိုက်ဆံနဲ့ကစားရတာလောက် စိတ်ဝင်စားဖွယ်ကောင်းမှာ မဟုတ်ပါ။
တအိမ်လို လို့သာ အသံပြုလိုက်ပါ။ ဝင်မယ် ဝင်မယ်ဆိုတဲ့အသံတွေကို ကြားရပါလိမ့်မယ်။ ဖဲကစားနည်းဟာ အစမပြုလိုက်နဲ့၊ စ လိုက်တာနဲ့ စွဲမက်စေတဲ့ကစားနည်းဆိုတာ ကစားကြည့်မှသိနိုင်ပါလိမ့်မယ်။
ဖဲကစားခြင်းဖြင့် အတွက်အချက်တော်နိုင်ကြပါစေ၊
သရုပ်ဆောင်ကောင်းနိုင်ကြပါစေ၊
ဉာဏ်ရွှင်နိုင်ကြပါစေ။
ကျော်မောင်(တိုင်းတာရေး)
၂၉-ဇွန်-၂၀၂၄
လမ်းသွားလမ်းလာ
ရကောက် ရထားကြီး အိပ်ငိုက်စီးမယ်ကြံတဲ့အခါ အဓိကကတော့ နေရာရဖို့ပဲ။ ရထားမှာ Show you Care Offer this seat ဆိုတဲ့ခုံဟာ ဦးစားပေးခုံဖြစ်တယ်။ တချို့က အဲဒီခုံလွတ်ရင် ဦးစားပေးထဲမပါပေမယ့် ခပ်တည်တည်ပဲ ဝင်ထိုင်လေ့ရှိကြတယ်။
တယောက်က ဒီလိုသင်ပေးတယ်။
သူကိုယ်၌ကလည်း သူပြောတဲ့စကားအတိုင်းကျင့်သုံးသူဖြစ်တယ်။
ပြောကတည်းက “ဟာဗျာ … ဒီလိုကတော့ မလုပ်သင့်ပါဘူး” လို့ ပြောတော့ မင်း အတော်ညံ့သေးတာပဲလို့ ကောင်းချီးပေးပါတယ်။
ဒီမနက်တော့ ဦးစားပေးထိုင်ခုံဘေးမှာ နေရာလွတ်ရတော့ ဝင်ထိုင်ပါတယ်။ မူလရည်ရွယ်ချက် အိပ်ငိုက်မယ်ဆိုတာက ဘေးတဖက်မှာ ရှိနေတဲ့ secondary ကျောင်းသား(ထင်ရ)က ဖုန်းဖွင့်ထားတဲ့အပေါ်လက်နဲ့ဖိထားရင်း အိပ်ငိုက်နေပါပြီ။
ကျောင်းယူနီဖောင်းရဲ့ကျောဘက်မှာ ကျောင်းနာမည်ပါပါတယ်။ အသာလေးမှတ်လိုက်ပြီး အဲဒီကျောင်းဆိုရင် ဘယ်ဘူတာဆင်းရမလဲဆိုတာ ဖုန်းနဲ့ရှာပါတယ်။ primary ရော secondary ရောက ဘူတာတူပါတယ်။
ဘူတာမရောက်ခင်မှာ ဆိုက်ရောက်မယ့်ဘူတာကို ကြေငြာပါတယ်။
ရောက်တဲ့အခါ အိပ်နေသေးတဲ့ ကျောင်းသားကို နှိုးမေးလိုက်ပါတယ်။
“မင်း ဆင်းရမယ့် ဘူတာက ဒီဘူတာလား”
သူက အိပ်ချင်မူးတူးနဲ့
“ဟုတ်တယ်” ဖြေပြီး ပြန်အိပ်မလိုလုပ်ပါတယ်။
“အေး အခုရောက်ပြီ” ဆိုမှ
ဝရုန်းသုန်းကား ထပြေးပါတယ်။
ပြေးရင်းမှာ ကျေးဇူးတင်ပါတယ် ဆိုပြီးတော့ ပြောသွားလေရဲ့။
ကျော်မောင်(တိုင်းတာရေး)
၂၄-ဇွန်-၂၀၂
အသံများ
ဒီနေ့ သွားရင်းလာရင်း စကားပြောရင်းနဲ့ ကြုံရတာတခုကို အခြေပြုပြီး အသံဆိုတဲ့အကြောင်း အတွေးထဲရောက်လာလို့ အခုလိုချရေးဖြစ်တယ်။
ကြုံရတာတခုက ဒီလိုပါ။ နောက်ကားက အကြောင်းမရှိ အကြောင်းရှာပြီး နောက်ကနေ ဟွန်းတီးတဲ့ကိစ္စပါပဲ။ ကားဟွန်းတွေကို ရှေ့အတွက်ထားတာတင်မကဘဲ နောက်အတွက်လည်း ထားပေးလိုက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဆိုင်းဝိုင်းမစခင် ပတ်ဝိုင်းခေါင်းဆောင်ဟာ ပတ်လုံးလေးတွေ အသံညှိလိုက် ပတ်စာကပ်လိုက် တီးလိုက်နဲ့ လုပ်နေတဲ့အခါ ဆယ်ကျော်သက်ကလေးတယောက်က သူနဲ့အတူပါလာတဲ့သုံးဆယ်ကျော်အရွယ်ဦးလေးကို အဲဒီနားကနေ မြန်မြန်သွားကြဖို့ တောင်းဆိုတယ်။ ဘာဖြစ်လို့လဲမေးတဲ့အခါ ပတ်လုံးစမ်းနေတဲ့သူရဲ့ တခါတခါတီးလိုက်တဲ့ အလုံးတလုံးရဲ့ အသံဟာ သူ့နားမှာ အတော်မခံမရပ်နိုင်ဖြစ်တယ်လို့ ဆိုတယ်။ ဦးလေးက နားထောင်ကြည့်ပြီး ငါတော့ ဘာမှမဖြစ်ဘူးလို့ ပြန်ပြောတယ်။
ကြုံဖူးကြနိုင်တဲ့တခုက ခြင်တကောင်လောက် အနားမှာ တဝီဝီနဲ့ ပျံနေတဲ့အခါ ခံရခက်တာမျိုး။ သူပျံနေတာကို မခံနိုင်သူရဲ့ လက်ဝါးနှစ်ဖက်ကြားမှာ ခြင်ခမျာ သွေးမစုပ်လိုက်ရဘဲ ဇီဝိန်ကြွေရတယ်။
အရင်ကဆိုရင် ရထားပေါ်မှာ ရှေ့ဘူတာကို ဘူတာနာမည်လောက်ပဲ ကြိုပြောလေ့ရှိတယ်။ အခုက ဘူတာနာမည်ကြိုမပြောခင်မှာ တီးလုံးလေး တတုံတုံနဲ့ လာပြီးမှ ဘူတာနာမည်ပြောတယ်။ ဒီလိုတီးလုံးလေးတွေ ရှေ့မှာ အင်ထရိုမဝင်ခင်ကဆို အိပ်ငိုက်နေသူတွေအဖို့ ဘယ်ဘူတာကို ကြေငြာလိုက်မှန်း မသိလိုက်ရဘူး။ အခုက တီးလုံးလေး အင်ထရိုသဘောမျိုးအရင်လာတဲ့အခါ တီးလုံးကြောင့် စိတ်ကအလိုလိုအာရုံစိုက်မိသွားတယ်။ ကြေငြာမယ့်အသံကို နားထောင်ဖို့ အသင့်အနေအထားဖြစ်သွားတယ်။ ဘာနဲ့သွားတူသလဲဆို ဟိုးတုန်းက တချို့လူတွေ "အိုင်ဆေး အိုင်ဆေး" လို့ စကားမပြောခင် အစပျိုးသလိုမျိုး။
တခါတုန်းက ညဖက်အိပ်တဲ့အခါ အပြင်ဘက်ကနေ သံပြိုင်အော်သံတွေ ကြားရတယ်။ ကလေးပေါက်စလေးတွေ အော်ငိုသံလိုမျိုးဖြစ်တဲ့အခါ ဒီအချိန်ဆိုရင်တော့ ပုံမှန်တော့မဖြစ်နိုင်၊ မှင်စာလေးတွေ ကစားခုန်စားပြီး အော်နေကြတာလို့ မကြုံဖူးတဲ့အသံကို စာတွေ့ထဲက အသံတွေနဲ့ အကဲဖြတ်ရင်း ထကြည့်ရင်ကောင်းမလား ဘာများတွေ့ရမလဲအတွေးများနေတုန်း ဘေးနားအိမ်က အဒေါ်ကြီးရဲ့ "မိဝါနဲ့ မိဖြူ လာစမ်း၊ ဘာတွေအလေလိုက်နေတာလဲ၊ ညည်းတို့နော် တခြားအိမ်တွေရော ငါရော အိပ်မရဖြစ်နေပြီ၊ ငါ လာပြီး ဆင်းရိုက်လိုက်ရ" ဆိုတဲ့အော်ငေါက်သံကြားမှ ဟာ ... ဒါ ကြောင်တွေအော်သံပါလားလို့ စပြီးကြုံရတာ။
ကျောင်းထိုင်ဆရာတော်ဟာ ဆွမ်းစားပြီးတဲ့အခါ စာဝါချတော်မူတယ်။ အဲဒီမှာ သူ့ကျောင်းမှာက မတူညီတဲ့စာသင်သားတွေရှိတော့ သူက တူညီတဲ့စာသင်သားတွေကို စုပြီး အရင်စာချ၊ တခါတလေမှာလည်း တတန်းမှာ ကိုရင်ကြီးတပါးပဲရှိတဲ့အခါ အဲဒီကိုရင်ကြီးကို အရင်စာဝါချ၊ ပြီးတဲ့အခါ ကဲ မင်း စာသွားအံတော့၊ ရရင် လာဆိုလို့မိန့်၊ နောက်တဖွဲ့ကို စာချ၊ ကဲမင်းတို့အဖွဲ့လည်း ဟိုထောင့်ကိုသွား စာအံနေကြ၊ ကဲ လာ ပရိတ်ကြီးတတ်ချင်တဲ့ မောင်ကျောင်းသားတို့ မနေ့က ဘယ်အထိရောက်ပြီလဲ ရော့ ဒါကို နောက်ကနေ လိုက်ဆိုကြဆိုပြီး တက်ပေး၊ ပြီးတဲ့အခါ မင်းတို့လည်း ဟိုးနောက်ကိုသွားပြီး စာအံနေကြလို့ မိန့်တယ်။ ကိုရင်ကြီးတွေ ကိုရင်ငယ်တွေ ကျောင်းသားတွေ စာအံနေတဲ့အခါ ဆရာတော်ကြီးက ထိုင်ခုံပေါ်မှာပဲ မျက်လုံးလေးမှေးလို့ အနားယူတယ်။
သူက စကတည်းက ဘယ်အုပ်စုက ဘယ်ထောင့်မှာ ဘယ်အဖွဲ့က ဘယ်နားမှာ စာအံနေလဲဆိုတာ သိပုံရတယ်။ တဖက်ဖက်ကနေ စာအံတဲ့အသံမကြားတော့တာနဲ့ မျက်လုံးမဖွင့်ဘဲ လက်ထဲမှာကိုင်ထားတဲ့ကြိမ်လုံးနဲ့ လှမ်းပြောတတ်တယ်။
"ဟေ့ ဒီဘက်တိုင်နားက အသံတိတ်သွားပါလား" အဲဒီအခါ အိပ်ငိုက်နေတဲ့ကိုရင်ကြီးငယ်တွေလည်း အလန့်တကြားဖြစ်ပြီး ဝရောဝရောနဲ့ စာတွေပြန်အံကြ။
"ဟေ့ ဟိုးနောက်ဘက်က အသံမကြားရပါလား" ကြားတာနဲ့ အနောက်ကစာသင်သားတွေကလည်း ဝရောဝရောနဲ့ စာတွေအံကြ။
ဆရာတော်ဟာ မျက်လုံးဖွင့်ကြည့်စရာမလိုဘဲ အသံကို နားထောင်ပြီး စာအံခိုင်းတာကို ပြန်အမှတ်ရမိတယ်။
အသံထဲမှာတော့ အသံလည်းကျယ် ကြားတဲ့သူအပေါင်းလည်း မနှစ်သက်၊ အနံ့အသက်ကလည်း မကောင်းဆိုတာက လေလည်သံပါပဲ။ လေလည်သံကြားတာနဲ့ အနံ့မရောက်ခင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြပါတယ်။
အဲဒီလေလည်သံကို "အေး ... ကောင်းတယ်ဟေ့ ... အဲဒီလို လေလည်ပေးမှ ငါ့သားလေး ငါ့သမီးလေး ဗိုက်နာနေတာပြန်ကောင်းမှာ" ဆိုတဲ့ သားသမီးတွေ လေလည်တာကို ထွက်မပြေးဘဲ ချီးမွမ်းသဘောကျတဲ့ မိခင်တွေရဲ့ မေတ္တာသံကတော့ မည်သည့်အသံနှင့်မျှ တုယှဉ်ပြိုင်လို့မရတဲ့ အသံဖြစ်တယ်လို့ ဆိုရမှာပါပဲ။
ကျော်မောင်(တိုင်းတာရေး)
၁၀-ဇွန်-၂၀၂၄
Subscribe to:
Posts (Atom)