Nov 26, 2017

ရောင်းသူ ဝယ်သူ

ဖြစ်ရပ် (၁)
မနေ့နေ့လည်က ထမင်းသွားစားတဲ့အခါ ဝယ်တဲ့ဆိုင်ရှေ့မှာ တန်းစီ။ ရှေ့မှာ ဝယ်သူတစ်ယောက်ရှိ။ အဲဒီလူ မှာထားပြီးပြီလား ပိုက်ဆံရှင်းဖို့ စောင့်နေသလား မသဲကွဲ။ ရောင်းသူ နှစ်ယောက်မှာလည်း သူ့ဟာနဲ့သူ အလုပ်များနေပုံ။ တစ်ယောက်က ကဲ ဘာစားမလဲလို့ လက်ပြပြီးပြော။ ဒါဆို ရှေ့က တစ်ယောက် မှာထားပြီးသားဖြစ်မယ်လို့ ထင်။ အင်း ထမင်းစားမယ်ဗျာ၊ ဘာဟင်းထည့်၊ ရောင်းသူကလည်း ပန်းကန်မှာ ထမင်းထည့်၊ ဟင်းထည့်၊ နောက်ဘာထပ်ထည့်ဦးမလဲ ဆက်အမေးမှာ ရှေ့ကလူ မမှာရသေးတာ သူက သတိပြုမိ။
‌ရောင်းသူ။ ။ ဟာ တောင်းပန်ပါတယ်ဗျာ။ ထိုလူကို ကြည့်ရင်း တောင်းပန်။

အားနာမိတဲ့အတွက် ရောင်းသူ ကြည့်တဲ့ လူကိုပဲ အေးဗျာ ... ကျနော်လည်း တောင်းပန်ပါတယ်ဗျာလို့ ပြောလိုက်မိ။ ဝယ်သူကလည်း နှစ်ယောက်တည်း။
ထမင်းဟင်းထည့့်ပေးတဲ့ ရောင်းသူက ပိုက်ဆံယူ၊ ပိုက်ဆံအမ်းလုပ်ပေးတဲ့ သူ့လုပ်ဖော်ကိုင်ဖက်ကို သူ ရှေ့လူကို ကျော်ပြီး ရောင်းမိကြောင်း ပြောနေ။ ငွေရှင်းကောင်တာကိုင်တဲ့သူကလည်း ဝယ်သူကို ကြည့်ပြီး အမူအရာနဲ့ တောင်းပန်။ ကိုယ်တိုင်လည်း ထမင်းပန်းကန်ယူထွက်တဲ့အခါမှာ ရှေ့ကလူကို ဆောရီးနောက်တစ်ခါ ထပ်ပြော။ အဲဒီလူကလည်း ရပါတယ်ဆိုပြီး လက်ကာပြ။

ဖြစ်ရပ် (၂)

ဒီနေ့မနက်မှာ အီကြာကွေးနဲ့ လဘက်ရည်သွားဝယ်။ ရှေ့မှာ တန်းစီသူ မရှိ။ ရောင်းတဲ့သူက အီကြာကွေးထားတဲ့ ကောင်တာဘက်မှာ မရှိ။ တဘက်မှာက လဘက်ရည် ကော်ဖီရောင်းနေတဲ့ အန်တီကြီးတစ်ယောက်ရှိ။. သူက မအားသေး။
ဆက်စောင့်နေ။
ဝယ်သူတစ်ယောက် ဘေးနားလာရပ်။ သူက နောက်ကနေ တန်းမစီ။ အစတော့ ဘာတွေရှိလဲ ဘာတွေဝယ်စားရင်ကောင်းမလဲလို့ သူလိုက်ကြည့်နေတာလို့ထင်။ ကြည့်တာဆိုလည်း ကြည့်ဗျာ၊ ရှေ့ကလူကို အရင်ရောင်းရမှာ။ အရင်တန်းစီ အရင်ရ စနစ်။
ဆိုင်ထဲက အန်တီကြီးတစ်ယောက် ကောင်တာဘက်လာတဲ့အခါ သူက ဝယ်သူနှစ်ယောက်လုံးကို မြင်။
ဟိုလူက သူဝယ်မယ့်ဟာတွေကို ဦးစွာအရင်ပြော။ ရောင်းသူက ဘာမှ မမေးရသေး။ အန်တီကြီးက ဝယ်သူပြောတာကို ဆုံးအောင် နားထောင်။ ပြီးမှ ရှင့်ရှေ့မှာ ဝယ်သူရှိတယ်လေလို့ လက်ညှိုးညွှန်ပြီးပြော၊ ပုဂ္ဂိုလ်လည်း နည်းနည်းအောင့်သွားပုံရှိ။
ဆောရီးသံ မကြားရ၊ ဆောရီးအမူအရာ မမြင်ရ။
မှာစရာရှိတာမှာနေတဲ့အချိန် ပုဂ္ဂိုလ်က တခြားဘက် ထွက်သွား။ အမှန်က လဘက်ရည်သွားဝယ်တာဖြစ်။ ဒါကို မသိတဲ့ အန်တီကြီးက ဝယ်သူ စိတ်ဆိုးပြီး ထွက်သွားတယ်ထင်၊ ပွစိပွစိပြော။
ပိုက်ဆံရှင်းစရာရှိတာ ရှင်းပြီး လဘက်ရည်သွားဝယ်တော့ အနှီပုဂ္ဂိုလ်က ရှေ့မှာ ရှိနေ။ ဘာမှမမှာသေး။ ရှေ့က အဲဒီလူပိုက်ဆံရှင်းပြီးတော့မှ လဘက်ရည်ချိုချိုတခွက်မှာ။
လဘက်ရည်က မသောက်ခင်ကတည်းက ချိုနေပုံရှိ။

ကျော်မောင်(တိုင်းတာရေး)
၂၆-နိုဝင်ဘာ-၂၀၁၇

Nov 19, 2017

ပတ်ချာလည်

တနေ့မှာ အရံဟင်းအနေနဲ့ ချဉ်ပေါင်ချဉ်ရည်ဟင်းကို ကလေးအမေက ချက်ကျွေးပါတယ်။ ကလေးအဖေက ညစာစားရင်းနဲ့ ဒီလိုပြောမိတယ်။

"ချဉ်ပေါင်ဟင်းမှာ မျှစ်လေး တစ်ဖက်နှစ်ဖက်လောက်ပါရင် ပိုကောင်းမယ်ကွာ"။

ချဉ်ရည်ဟင်းကို ဇွန်းနဲ့ ခပ်သောက်ရင်း တစ်ခွန်းမက ဆိုမိတာ။ အဲဒီမှာ ထမင်းစားရင်းနဲ့ ကလေးအဖေနဲ့ ကလေးအမေ ဒီလို ဒိုင်လေးတွေ ပြောဖြစ်ကြတယ်။

"အင်းလေ နောက်တစ်ခါချက်ရင် မျှစ်ထည့်ချက်တာပေါ့"

"မျှစ်ထည့်တာတော့ ဟုတ်ပါပြီ။ ချဉ်ပေါင်ထပ်ဝယ်ရမယ်ထင်တယ်။ ချဉ်ပေါင်ကလည်း အိမ်နားဆိုင်မှာ ရှိတချက် မရှိတချက်နဲ့"

"အခုချက်ပြီးတာတောင် ချဉ်ပေါင်က တစ်စည်းပိုသေးတယ်လေ။ ထပ်ဝယ်ဖို့ မလိုတော့ဘူး"

အဲဒါနဲ့ နောက်နှစ်ရက်မြောက်မှာ ချဉ်ပေါင်နဲ့မျှစ်ချဉ်ရည်ဟင်း စားရပါတယ်။ ဟင်းထည့်ပန်းကန်လုံးထဲမှာ ချဉ်ပေါင်နဲ့မျှစ် ဒန့်နေကြသလိုပါပဲ။ ငရုတ်သီးစိမ်း ပင်နံသီးလေးတွေကလည်း တချက်တချက် ဝင်ဝင်စပ်ပါသေးတယ်။

စားရင်းသောက်ရင်းနဲ့ ဒိုင်တွေ ပစ်ကြပြန်ပါတယ်။

"ချဉ်ဟင်းက သောက်လို့ကောင်းကွာ၊ မျှစ်လေးတွေလည်း ပါတော့။ ဒါနဲ့ မျှစ်က ဘယ်ကသွားဝယ်လိုက်သလဲ"

"မြို့ထဲ မသွားဖြစ်တော့ ဟိုဘက်လမ်းကူးပြီး ကုန်စုံဆိုင်ကြီးဆီကနေ ဝယ်လိုက်တယ်၊ မြန်မာမျှစ်တော့ ဘယ်ဟုတ်ပါ့မလဲ၊ စားရတာတော့ အဆင်ပြေတယ်မဟုတ်လား"

"အား ... ပြေတယ် ပြေတယ်၊ ဒါမျိုး စားရတာ ကောင်းတယ်။ ဒီနိုင်ငံက လူတွေတော့ ဒါမျိုးစားဖူးကြမှာ မဟုတ်ဘူး။ ဒီလောက်ကောင်းတဲ့ အရသာကို ဒို့တတွေပဲ သိတာ"

"ဝယ်ကောင်းကောင်းနဲ့ ဝယ်ထားလိုက်တာ မျှစ်တောင် ပိုသေးတယ်။ ချဉ်ပေါင်ကတော့ ဟိုတစ်ခါက ပိုတဲ့ တစ်စည်းကို ချက်လိုက်တာဆိုတော့ မရှိတော့ဘူး"

"အေးပါကွာ၊ ရုံးက အပြန် ကြုံတဲ့အခါ ချဉ်ပေါင်ရွက်တွေ့ရင် ဝယ်ခဲ့လိုက်မယ်"

အဲဒီလိုနဲ့ ... ရက်အနည်းငယ်အကြာ ....

ဒီတစ်ခါတော့ ဒိုင်မပစ်တော့ဘဲ ဖုန်းအချင်းချင်း စာလုံးပစ်ကြပါတယ်။

"ကလေးအမေရေ ... ချဉ်ပေါင်ဟင်းချက်စားကြဦးမလား၊ ရုံးကနေ မကြာခင်ပြန်တော့မယ်"

"ဝယ်ခဲ့ ကလေးအဖေ .... ချဉ်ရည်ဟင်းမချက်ဘဲ မျှစ်နဲ့ရောကြော်မယ်လေ ဒီတစ်ခေါက်တော့"

"အိုကေ"

ချဉ်ပေါင်ရွက်ကြီးတွေ အတော်ဖားတာတွေ့တာနဲ့ အားရဝမ်းသာစွာပဲ နှစ်စည်းဝယ်လိုက်ပါတယ်။ အဝသာ ကြော်ပေတော့ ကလေးအမေရေပေါ့။

"ဟင် .. ချဉ်ပေါင်က နှစ်စည်းတောင်မှ"

"ဟုတ်တယ် မျှစ်ပိုတယ်ဆို၊ အဲဒါနဲ့ ရောကြော်လိုက်ကြတာပေါ့"

"ဒါပေမဲ့ မျှစ်က တစ်ထုပ်ပဲ ကျန်တော့တာ"

"ကြည့်သာ စီစဉ်လိုက်ပါ ကလေးအမေရာ"

နောက်တစ်နေ့ ရုံးကအပြန် အိမ်အရောက် ...

"ချဉ်ပေါင်ကြော်န့ံ သင်းပျ့ံနေပါလား၊ စားကြမယ်ဟေ့"

"ဟား ... ဒီတစ်ခါ အတော်များတာပဲ၊ မျှစ်ထည့်လိုက်လို့ များသွားပုံပဲ"

"ချဉ်ပေါင်တစ်စည်း ကျန်သေးတယ်လေ၊ နှစ်စည်းဆိုရင် မျှစ်နဲ့ မမျှဖြစ်နေမှာ"

"ဒါဆို မျှစ်ဝယ်ရဦးမှာပေါ့"

ထိုသို့ဆိုရင်း ကလေးအဖေလည်း ချဉ်ပေါင်ပြုံးပြုံးကာ မျှစ်တစ်ဖက်ကို ဇွန်းနဲ့ ခပ်၍ ပါးစပ်ထဲထည့်ပြီး အသာအယာဝါးနေပါတော့သတည်း။


ကျော်မောင်(တိုင်းတာရေး)
၁၀-နိုဝင်ဘာ-၂၀၁၇

Oct 15, 2017

ဘယ်လိုမေးမလဲ

ခင်ဗျားဟာ အခန်းတစ်ခုထဲမှာ ပိတ်မိနေတယ်ဆိုပါစို့။ အခန်းထဲမှာ တံခါးနှစ်ခုရှိတယ်။ တစ်ခုက သေခြင်းကို ဖြစ်စေတဲ့ တံခါးဖြစ်ပြီး ကျန်တစ်ခုက လွတ်မြောက်ခြင်းကို ဖြစ်စေတဲ့ တံခါးဖြစ်တယ်။ သဘောက သေခြင်းဆိုတဲ့တံခါးကို ဖွင့်ပြီးထွက်ခဲ့ရင် သေခြင်းနဲ့ ကြုံရမှာဖြစ်ပြီး လွတ်မြောက်ခြင်းတံခါးကို ဖွင့်ပြီးထွက်နိုင်ခဲ့ရင်တော့ အခန်းထဲကနေ လွတ်မြောက်မှာဖြစ်ပါတယ်။

အခန်းထဲက တံခါးတစ်ခုစီရဲ့ အနားမှာ ဖုန်းတစ်လုံးစီရှိကြတယ်။ တံခါးတွေရဲ့ တဖက်ခြမ်း၊ အခန်းအပြင်ဘက်စီမှာ လူတစ်ယောက်စီထိုင်နေကြတယ်။ အဲဒီလူနှစ်ယောက်မှာလည်း တစ်ယောက်က အမြဲတမ်းမှန်မှန်ကန်ကန်ပြောတဲ့သူဖြစ်ပြီး ကျန်တစ်ယောက်က အမြဲလိုလို မမှန်မကန်ပြောတဲ့သူဖြစ်တယ်။ ဖုန်းတွေထားတဲ့ရည်ရွယ်ချက်က အဲဒီလူနှစ်ယောက်ထဲက တစ်ယောက်ယောက်ကို အခန်းထဲမှာရောက်နေတဲ့လူက ဆက်သွယ်မေးမြန်းနို်င်ဖို့ဖြစ်တယ်။ အခန်းအပြင်ဘက်က လူနှစ်ယောက်ရှိရာမှာ ကြိုက်ရာလူတစ်ယောက်နဲ့ ဆက်သွယ်စကားပြောဆိုခွင့် ရမှာဖြစ်ပြီး မေးခွန်းတစ်ခွန်းသာ မေးခွင့်ရှိတယ်။ အပြင်က လူနှစ်ယောက်က ဘယ်ဟာ သေခြင်းတံခါး၊ ဘယ်ဟာ လွတ်မြောက်ခြင်းတံခါးဆိုတာကို သိတဲ့သူများ ဖြစ်တယ်လို့ ဆိုတယ်။

သေခြင်းတံခါးကို အဖြူရောင်သုတ်ထားပြီး ၊ လွတ်မြောက်ခြင်းတံခါးကို အနက်ရောင်သုတ်ထားတယ်။ အခန်းထဲက လူက ဘယ်ဟာ သေခြင်းတံခါး၊ ဘယ်ဟာ လွတ်မြောက်ခြင်းတံခါးဆိုတာ မသိဘူး။ သူမြင်ရတဲ့ အဖြူရောင်တံခါး၊ အနက်ရောင်တံခါးအနေနဲ့ပဲသိတယ်။

အခု သူလွတ်မြောက်ရေးအတွက် ဘယ်တံခါးကို ဖွင့်ရမလဲဆိုတာ သူမသိဘူး။ မသိတဲ့အတွက် မေးနိုင်အောင် တံခါးတွေအနီးက ဖုန်းတွေသုံးပြီး အပြင်က လူနှစ်ယောက်ရှိတဲ့အထဲက တစ်ယောက်ကိုသာ မေးရတော့မယ်။ လူနှစ်ယောက်ကိုလည်း ဘယ်သူက မှန်မှန်ကန်ကန်ပြောတဲ့သူ၊ ဘယ်သူက မမှန်မကန်ပြောတဲ့သူဆိုတာ သူမသိဘူး။ ဘယ်လိုမေးမလဲ။ တစ်ယောက်ထဲကိုသာ မေးနိုင်တာဖြစ်ပြီး တစ်ခွန်းသာမေးနိုင်တာဖြစ်တယ်။ 
အဲဒီမှာ စဉ်းစားနည်း၊ မေးနည်းကို စကြည့်ရအောင်ပါ။ ဘယ်လိုမေးခွန်းမျိုးကို မေးကြမှာလဲတဲ့။

အများမေးမယ့် မေးခွန်းက “ဘယ်တံခါးဟာ လွတ်မြောက်ခြင်းတံခါးဖြစ်မလဲ” ဆိုတဲ့မေးခွန်းဖြစ်မှာပါပဲ။ ဒါဟာ အတော်ရိုးတဲ့ မေးခွန်းဖြစ်တာကြောင့်ဖြစ်ပါတယ်။

အဲဒီလိုမေးရင် ကိုယ်မေးတာခံရတဲ့သူဟာ မှန်ကန်တဲ့သူဆိုရင်တော့ အမှန်ကိုပြောတာနဲ့ ကြုံမှာပဲ။

ဒါပေမဲ့ အမှားပြောတဲ့သူနဲ့ ကြုံလိုက်ရရင်တော့ သေခြင်းတံခါးကို သွားဖွင့်ခိုင်းမှာပါပဲ။ အမေးခံရတဲ့သူအပေါ်မူတည်ပြီး မတူညီတဲ့ အဖြေကို ရနိုင်ပါတယ်။

ဒါဆို ဘယ်လိုမေးရမလဲ။

ဘယ်လိုမေးရမလဲဆိုတော့ တံခါးတွေရဲ့အကြောင်းကို သိထားတဲ့သူနှစ်ယောက်ထဲက တစ်ယောက်ကို ဒီလိုမေးရပါမယ်တဲ့။

“ဟိုတစ်ယောက်ဆိုရင် ဘယ်တံခါးကို ညွှန်ပြမှာလဲ” ဆိုတဲ့ မေးခွန်းကို မေးရမှာဖြစ်တယ်လို့ ပြောပါတယ်။

အမေးခံရတဲ့သူက မှန်ကန်တဲ့သူဆိုရင် ဘယ်လိုဖြေမလဲဆိုတော့ တစ်ခြားတစ်ယောက်ဆိုရင် သေခြင်းတံခါးဖြစ်တဲ့ အဖြူရောင်တံခါးကို ညွှန်ပြမယ်လို့ ဖြေမှာ ဧကန်ပါပဲ။ ပြောင်းပြန်ပြန်ယူရင် သူသာပြောခွင့်ရရင် လွတ်မြောက်ခြင်းတံခါးဖြစ်တဲ့ အနက်ရောင်တံခါးကို ညွှန်ပြပြောပြမှာပါပဲ။ သူဟာ မလိမ်တဲ့သူဖြစ်လို့ သူအမှန်သိထားတဲ့အတိုင်း ဘယ်တံခါးက လွတ်မြောက်ခြင်းတံခါးဆိုတာ သိတဲ့အတွက် သိတဲ့အတိုင်း အမှန်ပြောမှာဖြစ်ပါတယ်။ အခုတော့ သူ့အတွက်ဖြေခိုင်းတာမဟုတ်ဘဲ တခြားတယောက်ဆိုရင် ဘယ်လိုဖြေလိမ့်မလဲလို့ မေးတဲ့အတွက် သူမဖြေတဲ့ အဖြေ၊ လိမ်ပြောတဲ့သူဖြေမယ့်အဖြေကို ဖြေပေးလိုက်တာဖြစ်ပါတယ်။ သူဆိုရင် မှန်တာကို ဖြေမယ်၊ သူမဟုတ်တဲ့အတွက် မှားတာကို ဖြေနိုင်တာပဲလို့ ပြောမှာပါပဲ။

အမေးခံရတဲ့သူက မမှန်မကန်တဲ့သူဖြစ်ရင်ရောတဲ့။

“တစ်ခြားတစ်ယောက်ဆိုရင် ဘယ်တံခါးကို ညွှန်ပြမှာလဲ” ဆိုတဲ့ မေးခွန်းကို သေခြင်းတံခါးကိုပဲ ညွှန်ပြပါလိမ့်မယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ သူက ဒီလိုဖြေဖြစ်လည်း ဆိုတော့ လိမ်တဲ့သူဟာ သူလိမ်ကြောင်းမပြချင်လို့ပဲဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့သူဟာ လွတ်မြောက်ခြင်းတံခါးကို ပြောမှာဖြစ်တယ်လို့ သူပြောမှာ မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။ သူက လိမ်မယ့်သူကိုး။

အဲဒါကြောင့် မေးခွန်းတစ်ခွန်းသာ မေးခွင့်ရမယ်ဆိုရင် ဘယ်သူ့ကိုပဲ မေးမေး “ဟိုတစ်ယောက်ဆိုရင် ဘယ်တံခါးကို ညွှန်ပြမှာလဲ” ဆိုတဲ့မေးခွန်းကို မေးလိုက်ရင်ဖြင့် သေခြင်းတံခါးဆိုတဲ့ တံခါးကို သေချာပေါက်သိနိုင်မှာဖြစ်ပြီး အဖြေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လွတ်မြောက်ခြင်းတံခါးကို ရဲရဲဝံ့ဝံ့ ဆွဲဖွင့်နိုင်လိမ့်မယ်လို့ ပြောထားပါတယ်။

ကျော်မောင်(တိုင်းတာရေး)

ဝန်ခံချက်။ ။ “100 Essential Things You Didn’t Know You Didn’t Know” ဆိုတဲ့ စာအုပ်ထဲက ပထမဆုံးဖတ်ဖြစ်ခဲ့တဲ့ “The Wonders of Tautology” ဆိုတဲ့ ဆောင်းပါးကို ကောက်နုတ်ဖော်ပြပါတယ်။ Professor John D. Barrow ရေးသားပြုစုပါတယ်။ စာကြည့်တိုက်က ငှားလာတဲ့ အဲဒီစာအုပ်ထဲက အဆိုပါ ဆောင်းပါးကိုဖတ်ပြီး Tautology (Logic) ဆိုတာကို အင်တာနက်ပေါ်မှာ သဘောလောက်ဆက်လက်လေ့လာကြည့်ဖြစ်သွားပါတယ်။

Aug 8, 2017

အခန်းပေါင်းစုံ စာသင်ပွဲကြီး

လေးတန်းလို့ ခေါ်တဲ့ စတုတ္ထတန်းမှာပေါ့။ ဟေ့ကောင်လေး မင်း ဘယ်နှတန်းရောက်ပြီလဲလို့ မေးရင် စတုတ္ထတန်းလို့ ဘယ်သောအခါမှ မဖြေဘူး။ လေးတန်းရောက်ပြီဗျလို့ပဲ ဖြေတယ်။ အဲဒီတုန်းက လေးတန်းရောက်ပြီဆိုရင် ဒါဟာ မူလတန်းအဆင့်မှာ အကြီးဆုံးအတန်းပဲ။

အကြီးဆုံးအတန်းဆိုတော့ အောက်က သူငယ်တန်း၊ ပ ဒု တ တန်းတွေနဲ့ယှဉ်ရင် သူက စီနီယာပဲ။

အဲဒီလေးတန်းရောက်တဲ့နှစ်မှာ စာကို ဖိဖိစီးစီးကျက်ကြရတယ်။ ကျက်ရဆို လေးတန်းသည် အစိုးရစစ်တဲ့ စာမေးပွဲဖြစ်လို့ပဲ။ ဟဲ့ ပေါ့ပေါ့မနေနဲ့နော် ငါတို့က ထုတ်တဲ့ မေးခွန်း ဖြေရမှာ မဟုတ်ဘူး။ သားရေ စာတွေကျက်ဟ သချာင်္တွေ တွက်ဟ မီးနင်းတွေကျက်ဟ။ မီးနင်းဆိုလို့ လျှောက်မတွေးနဲ့ဦး။ အင်္ဂလိပ်စကားလုံး meaning ကို မြန်မာမှုပြုထားခံရတဲ့ စကားလုံးကို ပြောကြဆိုကြတာ။

အဲဒါနဲ့ တနှစ်ပတ်လုံး အပင်ပန်း အဆင်းရဲခံပြီး အမျိုးမျိုးသော ထိုးနှက်မှုတွေကြားမှာ စာတွေကြိုးစားခဲ့ရတယ်။ ဘာတုန်းဟ အမျိုးမျိုးသော ထိုးနှက်မှုတွေလို့မေးရင် တခြားတော့ မဟုတ်ဘူး။ အစိုးရစစ်တဲ့ စာမေးပွဲနော် စာတွေရပြီလားလို့ အိမ်နီးချင်းတွေက ပြုံးပြုံးလေးထိုးနှက်တယ်။ တနင်္ဂနွေနေ့လိုမျိုး ညဘက် တီဗီမှာပြတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတာကို သွားကြည့်တဲ့အခါ အတော်စာရလို့ လာကြည့်တာလားဟင် ဆိုတာမျိုး ခနဲ့တာတွေ၊ သောကြာနေ့လို့မျိုး ကျောင်းဆင်းပြီး ညနေပိုင်းမှာ ဘောလုံးကန် ဂေါ်လီရိုက်တာမျိုးဆိုရင် အိမ်စာတွေ ပြီးပြီလားလို့ မေးသွားကြသူတွေက တဖုံနဲ့ ဒါမျိုးလေးတွေကို ဖြတ်ကျော်ခဲ့ရတယ်။

အလယ်တန်းကျောင်းဖြစ်တဲ့အတွက် လေးတန်းအခန်းပေါင်းက လေးခန်းရှိမယ်လို့ ပြန်တွေးယူရတယ်။ မှတ်မိတာက အေခန်းဆိုတဲ့အခန်းပဲ။ အဲဒီအခန်းမှာက လူတော်တွေများသလို ကောင်မလေးချောချောတွေလည်း များတယ်။ မုန့်စားကျောင်းဆင်းချိန် ကျောင်းပတ်တဲ့အခါ ခဏ ခဏ သွားတတ်တဲ့ အခန်းပါပဲ။

စာမေးပွဲကြီး စစ်ခါနီးတဲ့အခါမှာတော့ အချိန်ပိုခေါ်ပါတယ်။ 
အဲဒီမှာ အခန်းပေါင်းစုံ စာသင်ပွဲကြီး ဆိုတာ စတင်ကြုံရပါတော့တယ်။

လေးခန်းလုံးကို ပေါင်းလိုက်ပါတယ်။ ကျောင်းဆောင်ရဲ့ အပေါ်ထပ်ဟာ အခန်းကျယ်ဖြစ်တဲ့အတွက် စာသင်ခုံတွေ ထိုင်ခုံတွေကို ဖယ်လိုက်ပြီး လေးတန်း ကျာင်းသူ ကျောင်းသားတွေဟာ သစ်သား ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး စာသင်ကြရပါတယ်။ လေးခန်းပေါင်းဖြစ်တဲ့အတွက် စာသင်တဲ့ ဆရာ ဆရာမတွေဟာ နောက်က စာသင်သူတွေ ကြားရအောင် အသံတော်တော်ကျယ်ကျယ် ထုတ်ကာ စာသင်ပေးကြရတဲ့အတွက် ဆရာ ဆရာမတွေလည်း အတော် ပင်ပန်းကြရပါတယ်။

လေးတန်းကျောင်းသူ ကျောင်းသားတွေအတွက်ကတော့ ပျော်စရာကြီးဖြစ်ပါတယ်။

ဘာကြောင့်လဲဆို လေးခန်းပေါင်းလိုက်တဲ့အခါ အေခန်းက ဘယ်မှာထိုင်၊ ဘီခန်းက ဘယ်မှာထိုင် စသည်ဖြင့် သတ်မှတ်ပေးတာ မရှိပါဘူး။ အဲဒီတော့ အဆင်ပြေရာ နေရာတွေမှာ ထိုင်ကြတာပေါ့။ ဒါဟာ ဆယ်ကျော်သက်ရောက်တော့မယ့် ရောက်ခါစ ကျောင်းသားအတွက် အခွင့်ကောင်းပဲဖြစ်ပါတယ်။ ကြိုက်တဲ့နေရာ ထိုင်လို့ ရတယ်ဆိုတဲ့အတွက် ချောချောလှလှလေးတွေ ရှိတဲ့နေရာ ခပ်လှမ်းလှမ်းမှာ သူငယ်ချင်းတွေ နေရာလုကြပါတယ်။

အေခန်းက မဒီတွေကို ဘီခန်းတို့ စီခန်းတို့က ငနဲတွေက ဂေါ်နေတဲ့အခါ အေခန်းက ငနဲတွေက မာန်ဖီကြပါတယ်။ ဒီလိုပါပဲ ကိုယ့်အခန်းက ခပ်လှလှကျောင်းသူကို တခြားအခန်းက မျှော်ကြည့်တာကို တွေ့တဲ့အခါ လက်သီးလေးပြကြ အံလေးကြိတ်ပြကြနဲ့ပေါ့။

ထမင်းစားချိန်ဆိုရင် အိမ်ကနေ ထမင်းဘူးတွေ သံပရာရည်တွေ ဘာတွေညာတွေ လာပို့ကြ၊ ဟင်းပေါင်းတွေစားကြနဲ့ ကြည်နူးစရာကောင်းလှပါတယ်။

စာသင်ချိန်မှာတော့ ဆရာ ဆရာမတွေက တပည့်တို့ ဒီအပုဒ်ကို ဒီလိုမေးရင် ဘယ်လိုဖြေမှာလဲ ကဲ ဖြေကြပါဦးဆိုရင် လေးခန်းပေါင်းရှိတဲ့ သင်တန်းသားတွေဟာ တိတ်ဆိတ်သွားလိုက်တာများ ချောက်ခြားစရာတောင် ဖြစ်ပါတယ်။

စာမေးပွဲဖြေဖို့ တပတ်လောက်အလိုမှာ ကြေညာချက်ထွက်လာပါတယ်။ အစိုးရစစ်စာမေးပွဲမဟုတ်တော့ပါတဲ့။ မြို့နယ်စစ်စာမေးပွဲလိုလို ကိုယ့်ကျောင်းကိုယ်စစ်လိုလိုမျိုး ဖြစ်သွားပါတယ်။

အဲဒါနဲ့ ကိုယ့်အိမ်မှာပဲကိုယ် စာပြန်ကျက်ကြပေတော့လို့ ဆိုတဲ့အတွက် အခန်းပေါင်းစုံ စာသင်ပွဲကြီးကနေ မခွဲချင်ဘဲ ခွဲကြရပါတယ်။

ဒါပဲ ကောင်းပါတယ်လေ၊ အိမ်မှာ စာကျက်တဲ့အတွက် စာတခုတည်းကိုပဲ အာရုံထည့်ပြီး ကျက်နိုင်ခဲ့တယ် မဟုတ်လား။

အခန်းပေါင်းစုံ စာသင်ပွဲကြီးကို အမှတ်ရလျက် ....

ကျော်မောင်(တိုင်းတာရေး)
၆-သြဂုတ်-၂၀၁၇
(နေ့စွဲတပ်မှပဲ ဒီနေ့ဟာ ဟီရိုရှီးမားမြို့ အနုမြူဗုံးကြဲခံရတဲ့ နေ့ပဲလို့ အမှတ်ရမိပါတယ်၊ အဲဒီအနုမြူဗုံးကို နာမည်ပေးထားတာက Little Boy တဲ့လေ)