Jul 7, 2024

ယုံချင်ယုံ မယုံချင်နေ ပညာရပ်များ

သူငယ်ငယ်က လမ်းလျှောက်သွားတဲ့အခါ လူသွားလမ်းပေါ်မှာ ခဲလုံးလေးတွေ အမှိုက်ကလေးဘာလေးများတွေ့ရင် ဘေးဖယ်တာပဲဖြစ်ဖြစ် အမှိုက်ပုံးထဲပဲဖြစ်ဖြစ် လုပ်တတ်တယ်။ လမ်းသွားလမ်းလာများ ခလုတ်တိုက်ချော်လဲတာတွေ မဖြစ်အောင်လေဆိုပြီး သူပြောလေ့ရှိတယ်။

တခါမှာတော့ အိမ်ခြံဝင်းထဲအဝင်မှာ ခဲလုံးလေးတွေ လေးငါးခြောက်လုံးကို ကျားကွက်လိုအကွက်တွေရေးဆွဲထားတဲ့အပေါ်တွေမှာတင်ထားတာတွေ့လို့ ကောက်ပြီး လွှင့်ပစ်မယ်ကြံတုန်း "ဟေ့ အဲဒါ နင့်အဖိုး အင်းကွက်ဆွဲထားတာတွေ သွားမထိနဲ့" လို့ အိမ်ထဲက လူကြီးတယောက်က လှမ်းသတိပေးတယ်။ ဘေးက အသာရှောင်ပြီး အိမ်ပေါ်ရောက်မှ အကျိုးအကြောင်းသိရတယ်။
ကလေးငယ်တယောက် မှက္ခရုပေါက်လို့ အင်းကွက်ချပြီး ပျောက်အောင်လုပ်တယ်ဆိုပါတယ်။
အဲဒီကလေး မှက္ခရုပျောက်သွားလားဆိုတော့ ပျောက်သွားတာပါပဲ။ ပျောက်သွားတဲ့အခါ သူက ဘာသွားစိတ်ဝင်စားလဲဆို အဖိုးဆွဲတဲ့ အင်းကွက်ဆိုတာကို သူလည်း ဆွဲတတ်ချင်လာတယ်။ ဒါနဲ့ မေးကြည့်တော့ မင်းငယ်ပါသေးတယ်ကွာ မတတ်ချင်ပါနဲ့ဦးဆိုလို့ အဲဒီမှက္ခရုပျောက်စေအင်းကွက်ဆွဲတာကို မတတ်ခဲ့။
အဖိုးလည်း လွန်ခဲ့ပြီ။
တခါ သူ့အစ်ကိုတယောက်ဟာ မကြာခဏဆိုသလို ရေယုန်ပေါက်လေ့ရှိတယ်။ ဆေးမြီးတို ဆေးမြီးရှည်တွေနဲ့မပျောက်၊ ဆရာဝန်ဆေးနဲ့လည်း မပျောက် ဆိုတဲ့အခါ သူ့အဖေတွေက အိမ်နီးနားချင်းဖြစ်တဲ့ ဘကြီးတယောက်ဆီကို သွားခိုင်းတယ်။
ပြန်လာ၊ သိပ်မကြာဘူး ပျောက်သွားတာပဲ။
နောက်တခါ ထပ်ဖြစ်တော့ သူလည်း သိရအောင် လိုက်ကြည့်မယ်ဆိုပြီး လိုက်သွားတယ်။ သူဘာတွေ့လဲဆို ဘကြီးက ဘုရားစင်ကိုသွားပြီး ဖန်ခွက်ထဲထည့်ထားတဲ့သောက်တော်ရေကပ်တယ်၊ ပြီးတော့ ရွတ်ဖတ်တာတွေလုပ်တယ်၊ ခဏနေတဲ့အခါ ရော့ ဒီရေသောက်လိုက် ပျောက်လိမ့်မယ်ဆိုပြီး ရေကို ကုန်အောင်သောက်ခိုင်းလိုက်တယ်။
ပျောက်တာပဲ။
အိမ်ပြန်ရောက်တော့ ကြုံရတာလေး ပြောပြ၊ အဲဒီဘကြီးနည်း သူလည်းသိချင်တယ်ဆိုပြီး အာကျယ်ကြည့်တဲ့အခါ အဲဒီဘကြီးပညာက မင့်လိုကောင်မျိုး ဘယ်ရလိမ့်မလဲ ဘယ်ပေးလိမ့်မလဲ၊ သူတို့ပညာက လူတိုင်းပေးလို့မရဘူးဆိုတာ ကြားရပြန်တော့ ပညာယူဖို့လက်လျှော့လိုက်ရတယ်။ သူ့အစ်ကိုလည်း ရေယုန်ပေါက်တာ မဖြစ်တော့ဘူး။ သူလိုက်သွားတဲ့အတွက် ဘကြီးက ရိပ်မိပြီး နောက်တခါမလာရအောင် အပြတ်ကုပေးလိုက်ပုံရပါတယ်။
ထိုဘကြီးလည်း မရှိတော့။
တခါမှာ သူ့အမေဟာ အတော်လေးကို နာမကျန်းဖြစ်တယ်။ ဗေဒင်တွေဘာတွေ တွက်ကြည့်တဲ့အခါ ကံနိမ့်နေတယ် ဂြိုဟ်ညံ့ထဲရောက်နေတယ် ဘာညာပေါ့။ သူ့အဖေက ရုံးမှာရှိတဲ့ ဘိုးတော်တယောက်နဲ့တိုင်ပင်ပြီး ဘိုးတော်ညွှန်ကြားတဲ့အတိုင်း သူ့အမေအရပ်နဲ့ညီတဲ့ သစ်ကိုင်းကို ရှာ၊ သူ့အမေအဝတ်တွေပတ်၊ သူ့အမေခြေသည်းလက်သည်းတွေထည့်ပြီး မြစ်ထဲမျှောလိုက်တယ်။ သိပ်မကြာခင်မှာပဲ သူ့အမေဟာ ကျန်းမာရေးပြန်ကောင်းလာပြီး ထူထူထောင်ထောင်ဖြစ်လာတယ်။ အဲဒီ ဘိုးတော်ဟာ ထွက်ရပ်ပေါက်မဖြစ်သွားရင်တော့ လောကထဲ ရှိသေးလား မရှိသေးလား သူမပြောတတ်။
ဒီတခါတော့ သူကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံ ဆိုပါတော့။
ညဖက်မှာသူ့အမေကိုယ်တိုင်ချက်တဲ့ ဟင်းတွေထဲက ကန်စွန်းရွက်ကြော်ဟာ အလွန်တရာမှစားကောင်းတဲ့အတွက် အတော်များများစားလိုက်မိတယ်။ ည ၁၂ နာရီကျော်တဲ့အခါ ဗိုက်က အခင်းကြီးမသွားနိုင်ဘဲ မနေနိုင်မထိုင်နိုင် နာပါလေရော။ လူကြီးတွေအကုန်လန့်နိုးပြီး ဝိုင်းမေး ဝိုင်းကူပေါ့။ ဆေးခန်းသွားဖို့ကလည်း ဆေးခန်းတွေပိတ်ချိန်ဖြစ်နေပြီ။ ဆေးရုံပြေးဖို့ကလည်း အဲဒီတုန်းက ညဖက်ကားငှားဖို့တာ လွယ်တဲ့အလုပ်မဟုတ်ပြန်ဘူး။
ကံကောင်းချင်တော့ သူတို့အိမ်မှာ တိုင်းရင်းဆေးဆရာတယောက် အလည်ရောက်နေတယ်။ သူက နာမည်ကျော်သမားတော်ကြီးထံမှာ ပညာဆည်းပူးနေတဲ့ လက်ထောက်သမားတော်လောက်ဖြစ်နေသူပေါ့။ အဲဒီလူက တခါမှာ သူ့ဆရာကြီးက ခိုင်းလွန်းတာ မခံနိုင်လို့ ထွက်ပြေးလာတယ်။ ရန်ကုန်က သူတို့အိမ်ဆီ ပြေးလာတဲ့အခါ ဆွေမျိုးမကင်းလည်း ဖြစ်နေတော့ သူ့အဖေက ဟေ့ကောင် မင်းသည်းခံပြီး ပညာသင်ကွ၊ လာ ငါနဲ့ပြန်လိုက်ခဲ့ဆိုပြီး ဆရာကြီးဆီပြန်အပ်ပေးရတဲ့သူပဲ။ သူ့အဖေကတော့ တိုင်းရင်းဆေးထက် အနောက်တိုင်းဆေးကို ပိုအားသာပြီး ပိုသုံးလေ့ရှိသူ။
အဲဒီတိုင်းရင်းဆေးဆရာပေါက်စက အဲဒီညက ဗိုက်နာနေတဲ့သူ့ကို အေး အေး ငါ့တူ ဦးလေးကုပေးမယ်ဆိုပြီး ပြောတယ်။ သူ့အဖေကို အစ်ကို ကျနော့်ကို ယုံရင် ကျနော့်ဆေးလေးတိုက်ကြည့်ဗျာဆိုပြီး ဆေးတဖုံပေးပါတယ်။ ကဲ တိုက်လိုက် တိုက်လိုက်ဆိုတဲ့အခါ ရေထဲထည့်ဖျော်ထားတဲ့ ဆေးခါးကြီးကို သူလည်း နှာခေါင်းပိတ်ပြီး သောက်ရပါတော့တယ်။
ဆယ့်ငါးမိနစ်ကြာတော့ ဗိုက်က တဂွီဂွီမြည်ပြီး ကောင်းသွားပါတယ်။
တိုင်းရင်းဆေးဆရာလည်း သူ့နယ်မှာ နာမည်ကြီးပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှာတယ်လို့ ကြားရပါတယ်။ နှမြောစရာပေါ့။
ယုံချင်လည်း နေ၊ မယုံချင်လည်း နေပေါ့။
သူကြုံရ တွေ့ရ ကြားရတာတွေ ရေးပြတာပဲ။
ငယ်ငယ်တုန်းက ရွတ်ခဲ့ရတဲ့ "ဉုံဖွ ပျောက်စေသတည်း" ဆိုတာလေးကိုတော့ လွမ်းမိတာအမှန်ပဲ။
ကျော်မောင်(တိုင်းတာရေး)
၂၇-မေ-၂၀၂၄
(စာကြွင်း - ဆောင်းပါးလို့မှတ်ချင်လည်း ဆောင်းပါးပေါ့၊ သူရေးပြတာ ဝတ္ထုတိုကြီးပါဆိုလည်း ဝတ္ထုတိုကြီးပေါ့)

Aug 24, 2023

အနုတ်ပြိုင်ပွဲ (အခန်းဆက်)


အပိုင်း (၂)

ပြိုင်ပွဲဝင်များနှင့် ဆံပင်ဖြူအနုတ်ခံနေကြသူများသည် စင်ပေါ်တွင်ရှိနေကြသည်မှာ မှန်သော်လည်း ကျင်းပနေသည့်နေရာကို ပြောဖို့ရှိနေသည်။ "ကမ္ဘာ့အဆင့်ဆံပင်ဖြူနုတ်"ပြိုင်ပွဲကို မိုးလုံလေလုံကွင်းကြီးတခုတွင် ကျင်းပခြင်းဖြစ်သည်။ ယခုလို ဆံပင်ဖြူနုတ်ပြိုင်ပွဲသည် သူတို့ကမ္ဘာတွင် ပထမဆုံးသောပြိုင်ပွဲဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပဖြစ်လာပုံမှာ သိပ်မဆန်း။
ကမ္ဘာကြီးသည် အရှေ့ဘက်၌ တခုခုဖြစ်လျှင် အနောက်ဘက်က ချက်ချင်းသိသလို တောင်ဘက်က အပ်ပေါက်ချော်ထိုးသံကိုပင် မြောက်ဘက်က ဝေဖန်နိုင်သောအခြေအနေသို့ရောက်နေခဲ့ပြီဖြစ်သည်။ သို့သော် ကမ္ဘာ့လူသားတို့သည် အသိများနောက် သတင်းများနောက် အတင်းအဖျင်းများနောက်သို့ လိုက်ရင်းလိုက်ရင်းဖြင့် သူတို့၏ ဦးခေါင်းရှိ ဆံပင်များသည် နက်နေသည့်အခြေအနေမှ ဖြူသွားသည့် အခြေအနေသို့ တဖြည်းဖြည်းကူးပြောင်းရောက်ရှိလာသည်ကို သတိထားမိလာကြလေသည်။ အသက်ငယ်ငယ်နှင့် ခေါင်းဖြူလာသည်ကို မတားနိုင်သည်တွင် ပေါက်လာသည့် ဆံပင်ဖြူများကို နုတ်ပေးသည့် အလေ့အထများသည် မိသားစုများအတွင်း အသိုင်းအဝန်းများအတွင်းတွင် တတစတစ ခေတ်စားလာခဲ့လေသည်။
အိမ်တိုင်း အိမ်တိုင်းတွင် မွေးညှပ်တချောင်းစီသာရှိသည့်ကာလမှ ကိုယ်ပိုင်မွေးညှပ်တချောင်းစီ ဆောင်ထားကြသော ခေတ်သို့ ရောက်ရှိလာသည်။ မွေးညှပ်များသည်လည်း ဒီဇိုင်းမျိုးစုံ၊ အရည်အသွေးမျိုးစုံရှိသော၊ နိုင်ငံတကာတွင် အရောင်းရဆုံးသောပစ္စည်း၊ မရှိမဖြစ်လူ့အသုံးအဆောင်ကိရိယာအဖြစ်သို့ ရောက်ရှိလာခဲ့လေသည်။
မွေးညှပ်ထုတ်ဝေသော စက်ရုံများ အလုပ်ရုံများသည် အပြိုင်အဆိုင်ကြော်ငြာကာ ရောင်းချကြလေသည်။ ထိုတွင် ဆံပင်ဖြူနုတ်ပေးသော ကျွမ်းကျင်ပညာရှင်များလည်း များပြားစွာ ပေါ်ထွက်လာခဲ့သည်။ ဆံပင်နှင့်ပတ်သက်သော အထူးပြုသင်တန်းများ၊ ဆံပင်ဖြူပေါက်ခြင်းအန္တရာယ်မှကာကွယ်ခြင်း ဖိုရမ်များ ဆွေးနွေးပွဲများသည်လည်း ရေပန်းစားလာခဲ့သည်။ ဤသို့ဖြင့် မွေးညှပ်ထုတ်ဝေကြသည့် လုပ်ငန်းကြီးများပေါင်းစုကာ ဆံပင်ဖြူုနုတ်ပြိုင်ပွဲကို စတင်ကျင်းပလာခြင်းဖြစ်သည်။
ပြိုင်ပွဲစည်းကမ်းများထုတ်ရန်အတွက် လပေါင်းများစွာကြာအောင် တိုင်ပင်ဆွေးနွေးခဲ့ကြရသည်။ ဆံပင်ဖြူသာ နုတ်ရန် နှင့် ဆံပင်နက် နုတ်မိပါက အမှတ်လျော့မည်ဆိုသည့်အချက်မှာ အလွန်အရေးကြီးသဖြင့် ထိုအချက်ကို ရှေ့ဆုံးစည်းကမ်းများတွင် ထည့်သွင်းကြသည်။
နိုင်ငံအသီးသီးမှ ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်သော်လည်း နောက်ဆုံးယှဉ်ပြိုင်ရမည့် အဆင့်သို့တက်လာသူအားလုံးမှာ တနိုင်ငံထဲမှ ပြိုင်ပွဲဝင်များသာ ဖြစ်နေသည့်အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီမှာ အလုပ်များသွားရသေးသည်။ ပြန်လည်သုံးသပ်ပြီးသောအခါမှ ထိုနိုင်ငံမှာ ဆံပင်ဖြူအနုတ်အများဆုံးနိုင်ငံဖြစ်ကြောင်းနှင့် ထိုနိုင်ငံအတွင်းရှိ ဆံပင်ဖြူနုတ်ကျွမ်းကျင်ပညာရှင်များမှာ တခြားနိုင်ငံများနှင့်ယှဉ်လျှင် များစွာ ကျွမ်းကျင်တတ်မြောက်ကြသည်သာမက အနုတ်ခံသူများ၏ ကောင်းမွန်သောအားပေးမှုများကို ရရှိကြသည်ကို သူတို့တွေ့ရှိရလေသည်။
ပြိုင်ပွဲဝင် သုံးယောက်သည် ကွင်းထဲရှိ စင်မြင့်ပေါ်တွင် ဆံဖြူများများကို နည်းပညာပါပါ ဟန်ပါပါ လက်သွက်သွက် အကြည့်ကောင်းကောင်းတို့ဖြင့် နုတ်နေကြလေပြီ။
သူတို့သုံးယောက်ကား -
(၁) အကြေစား
(၂) အရှည်စား နှင့်
(၃) အပျောက်စား တို့ဖြစ်ကြလေသည်။
အထက်ပါနာမည်များကို သူတို့သည် လွယ်လွယ်ကူကူဖြင့် ရလာခဲ့ကြခြင်း မဟုတ်သည်ကို ကြည့်ရှုအားပေးနေသည့် ပရိသတ်များသာမက ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်အားလုံးနှင့် ကမ္ဘာသူ ကမ္ဘာသားအားလုံးကပါ သိရှိနေကြပြီဖြစ်သော်လည်း စာဖတ်သူများသိရှိပုံမပေါ်သည့်အတွက် ဤနေရာတွင် တယောက်စီ၏အကြောင်းကို အကျဉ်းမျှ ဖော်ပြပါအံ့။ သည်းခံ၍ ဖတ်ရှုကြပါကုန်။
ဆက်ရန် -
အပိုင်း (၃) မျှော်

Aug 20, 2023

အနုတ်ပြိုင်ပွဲ (အခန်းဆက်)


အပိုင်း (၁)

ပြိုင်ပွဲဝင်အားလုံး စင်ပေါ်မှာ မတ်တပ်ရပ်နေကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ဘေးနားရှိ ထိုင်ခုံအသီးသီးတွင် ဆံပင်ပုံစံတပုံစံထဲညှပ်ထားသည့် လူလတ်ပိုင်းအရွယ်များ ထိုင်နေကြသည်။ ထိုင်ခုံညာဖက်လက်ရန်းတွင် စာရေးရန်လုပ်ထားသောပျဉ်ပြားတစ်ပြားစီရှိသည်။ ထိုပျဉ်းပြားပေါ်တွင် အနက်ရောင်ဘုတ်ပြားတစ်ခု ပေးထားသည်။ ပြိုင်ပွဲဝင်များလက်ထဲတွင် မွေးညှပ်တစ်ခုစီနှင့် ဘီးတစ်ချောင်းစီကိုင်ထားကြသည်။ ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြပြီ ဖြစ်သည်။
ပြိုင်ပွဲကြီးကြပ်ရေးကော်မတီမှ အကြီးအကဲတစ်ယောက် စင်ပေါ်တက်လာပြီး မိုက်ခွက်ကိုင်ကာ စကားတစ်ခွန်းပြောရင်း ပြိုင်ပွဲအား စတင်လိုက်ပါသည်။
"ယနေ့ကျင်းပတဲ့ ကမ္ဘာ့အဆင့် ဆံပင်ဖြူနုတ်ပြိုင်ပွဲကို စတင်ပါတော့မယ်၊ ဝမ်း တူး သရီး ... စ"
ပြိုင်ပွဲဝင်အားလုံး၏ လက်များသည် သူတို့ဘေးနားထိုင်နေကြသော လူများ၏ဦးခေါင်းများထံတွင် မွှေနှောက်ကြရင်း အဖြုရောင်ရှိသော ဆံပင်များကို တဖြုတ်ဖြုတ်ဆွဲနုတ်နေကြလေပြီ။
ပြိုင်ပွဲအားလုံးတို့သည် အောက်ပါစည်းမျဉ်းစည်းကမ်းကို လိုက်နာကြရသည်။
(၁) ဆံပင်ဖြူကိုသာ နုတ်ရမည်။
(၂) ဆံပင်နက်မှားနုတ်ခဲ့လျှင် အမှတ်လျော့မည်။
(၃) နုတ်ပြီးသော ဆံပင်ဖြူများကို အနက််ရောင်ဘုတ်ပြားပေါ်တွင် တင်ရမည်။ အနက်ရောင်ဘုတ်ပြားတွင်မဟုတ်သော ဆံပင်ဖြူများကို မရေတွက်ပါ။
(၄) ဆံပင်ဖြူအနုတ်ခံနေသူ၏ မျက်နှာတွင် ဆံပင်ဖြူတစ်ချောင်းနုတ်လိုက်တိုင်း နာကျင်မှုဝေဒနာကို တွေ့လျှင် အမှတ်လျော့ခံရမည် (မျက်နှာများကို ကင်မရာဖြင့် အနီးကပ်ချိန်ထားသည်)
(၅) နုတ်ပြီးသော ဆံပင်ဖြူများသည် ဦးခေါင်းပေါ်တွင် မကျန်ခဲ့စေရ၊ ကျန်ခဲ့လျှင် အမှတ်လျော့မည်။
(၆) ပြိုင်ပွဲချိန်ပြည့်သောအခါ ထိုင်နေသူများ၏ ဆံပင်များသည် ရှုပ်ပွမကျန်ခဲ့စေရ။
(၇) နုတ်ပြီးသော ဆံပင်ဖြူများကို ဆံပင်ဖြူရေတွက်စက်ထဲထည့်ကာ ရေမည်၊ အဖြူတဝက် အနက်တဝက် ဆံပင်များကို အမှတ်ဝက်ပေးမည်။
(၈) အနိုင်ရသူအား ရွှေမွေးညှပ်ကြီးတစ်ခု ချီးမြှင့်မည်။
ရွှေမွေးညှပ်ကြီးတစ်ခု ရဖို့တစ်ခုအတွက် သူတို့လာပြိုင်ကြခြင်း မဟုတ်။ ချန်ပီယံဖြစ်သွားပါက သူတို့၏ဆံပင်ဖြူတစ်ပင်နုတ်ခသည်လည်း အဆ ၁၀ ဆထက်မက တက်နိုင်ခွင့်ရှိသွားသည်ကို အားလုံးနားလည်ကြသည် ဖြစ်သည်။ ချန်ပီယံဖြစ်သွားသူနုတ်ပေးသော ဆံပင်ဖြူများကို တချို့သော ဖောက်သည်များက အမှတ်တရအနေဖြင့် သိမ်းဆည်းထားကြသေးသည်။
ပြိုင်ပွဲဝင်များသည် သူတို့လက်များ သူတို့မျက်စိများကို လျင်မြန်စွာဖြင့် လှုပ်ရှားနေကြလေသည်။
ဆက်ရန် -
အပိုင်း (၂) မျှော်
ကျော်မောင်(တိုင်းတာရေး)
၂၀-ဩဂုတ်-၂၃

ဘာသာပြန် (၂)


“Tell Tale” stories ဆိုတာ ဝတ္ထုတိုတွေ ပေါင်းစုထားတဲ့ စာအုပ်နာမည်။ Jeffrey Archer ရဲ့လက်ရာတွေ။ #1 New York Times Bestselling Author ဆိုတာ စာအုပ်မျက်နှာဖုံးမှာ ရေးထားတယ်။ ခင်မောင်တိုး ရဲ့ “စိုးစိတ်စွေ စံစားစေ”သီချင်းထဲက “အကောင်းကြိုက်သူ အဟောင်း နှိုက်မရှာဖူးကွာ” ဆိုတဲ့စာသား သတိရမိတယ်။ အဟောင်းထဲနှိုက်ရှာရင်း တွေ့မိတဲ့ စာအုပ်ပါပဲ။

Jeffrey Archer ဆိုပြီး ရှာကြည့်တဲ့အခါ ဖတ်ရတဲ့ သူ့ဘဝဇာတ်ကြောင်းကလည်း သူရေးတဲ့ဝတ္ထုတိုတွေလိုပဲ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။
“Tell Tale” စာအုပ်နောက်ကျောဖုံးမှာရေးထားတဲ့ မှတ်ချက်တွေထဲက “One of the top ten storytellers in the world” ဆိုတာနဲ့ “Archer is a master entertainer” ဆိုတာကို ဖတ်မိပြီး စာကြည့်တိုက်ရဲ့စာအုပ်စင်ကနေ ဒီစာအုပ်ကို ဆွဲထုတ်ခဲ့တာပါပဲ။
စဖတ်မိတဲ့ “Who Killed the Mayor?” ။ ဇာတ်ကြောင်းဟာ ဘာဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ အဆုံးထိဖတ်မိစေတဲ့ ဇာတ်လမ်း။
“A Wasted Hour” ထဲက လက်မထောင်ပြီး ကောလိပ်အထိ ကားကြုံလိုက်စီးကာ စာရေးဖို့ဇာတ်လမ်းရှာလေ့ရှိတဲ့ Kelley။
Kelley က သူ ဆယ့်နှစ်နှစ်သမီးအရွယ်မှာ ဖတ်ခဲ့တာက “The Grapes of Wrath”။ “Of Mice and Men” ထဲက “Guy don’t need no sense to be a nice fella” ကို ရွတ်ပြ။
ကားကြုံလိုက်ပို့တဲ့ အဖိုးကြီးက John။ သူက သူ့ဘဝဇာတ်လမ်းကို ပြောပြတယ်။ ဇာတ်လမ်းအဆုံးမှာ အဖိုးကြီး John ပြောသွားတာလေးက “I enjoyed talking to you too” တဲ့။ John က ဘယ်သူဖြစ်မလဲ။ “ကျွန်တော်ဆက်၍ ရေးချင်သော ဝတ္ထုများ”ကို သတိရမိလိုက်တယ်။
“Double or Quits” ရဲ့ လှည့်ကွက်လေးက လှပါတယ်။
“A Good Toss to Lose” က နောက်ဆုံးဇာတ်သိမ်းတဲ့အခါမှာမှ ဇာတ်လမ်းအစပိုင်းကိုပြန်ဖတ်ဖို့ စေ့ဆော်ပေးတဲ့ ဝတ္ထုတိုဖြစ်နေပါတယ်။
Jeffrey ရဲ့ လက်ရာတွေဟာ မြန်မာပြန်အနေနဲ့ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ အခုမိတ်ဆက်ပြထားတဲ့ “Tell Tale”က ၂၀၁၇ အောက်တိုဘာထုတ်ဖြစ်ပါတယ်။
ကျော်မောင်(တိုင်းတာရေး)
၁၉-ဩဂုတ်-၂၀၂၃