Dec 26, 2022

ဘာက အရင်

 မေး။ ။ "ဘာဖြစ်လို့ ကော်ဖီထုပ်ထဲက ကော်ဖီမှုန့်နဲ့ ကော်ဖီဖျော်တဲ့အခါ ခွက်ထဲကို ကော်ဖီမှုန့်တွေ အရင်ထည့်ပြီးမှ ရေနွေးကို နောက်မှ ရောရတာလဲ၊ ရေနွေးအရင်ထည့်လို့မရဘူးလား"

ဖြေ။ ။ "သံပရာသီးကို ဓါးနဲ့ထက်ဝက်ခြမ်းပြီး သံပရာရည်ဖျော်တဲ့အခါ ခွက်ထဲကို သံပရာရည်မညှစ်ထည့်ခင် သကြားနှစ်ဇွန်းလောက် အရင်ထည့်ပြီးမှ အဲဒီသကြားပုံပေါ်ကို သံပရာရည်ညှစ်ထည့်ရသလိုပေါ့"
မေး။ ။ "ဟုတ်ပါပြီ။ ခုနမေးတာက ကော်ဖီဖျော်တာ၊ သံပရာရည်ဖျော်တာ မဟုတ်ဘူးလေ"
ဖြေ။ ။ "သဘောတရားတွေက အတူတူပဲဆိုတာ ပြောချင်လို့ သံပရာသီးနဲ့ ရှင်းပြတာ။ နားလည်သွားတဲ့အခါ ကော်ဖီရော သံပရာရည်ရော နှစ်မျိုးရသွားတယ်မဟုတ်လား"
မေး။ ။ "ရေအရင်ရောပြီး ဖျော်ထားတဲ့သံပရာရည်တခွက်လောက် "
ဖြေ။ ။ 😛

Sep 2, 2022

ကြည်နူးရသည်


ခင်မင်ရင်းနှီးတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များထဲကနေ သူတို့ ဒီဘဝ ဒီလောကမှာ မရှိတော့တဲ့နောက် သူတို့တွေဆီကနေ တိုက်ရိုက်နည်းဖြင့်သော်လည်းကောင်း သွယ်ဝိုက်နည်းဖြင့်သော်လည်းကောင်း လောကီ လောကုတ္တရာနဲ့ဆိုင်တဲ့ အကျိုးရှိရာ တခုခုကို ရယူတတ်ကြဖို့လိုပါတယ်။

ပြန်တွေးမိတဲ့ အခါတိုင်း (ပြန်တွေးတယ်ဆိုတော့ မြင် ကြား နံ စား ထိတွေ့ မဟုတ်တော့ မနောဓါတုယာ) ကြည်နူးရတဲ့ အဖြစ်အပျက်လေး တခုရှိပါတယ်။
မတ္တရာဆရာတော်လို့ အဖေ အမေက သုံးနှုန်းပါတယ်။ မတ္တရာဘက်ကလို့ သိထားကြလို့ပါ။ ရပ်ကွက်ပဌာန်းပွဲကျင်းပရာကနေ သိကျွမ်းလာခဲ့တဲ့ ဆရာတော်ပါပဲ။ မြို့ကြီးပြကြီးကမဟုတ်လေတော့ နယ်ဘုန်းကြီးပေါ့။ သို့သော်လည်း တခါလောက် ပဌာန်းရွတ်တာကနေ နယ်ဘုန်းကြီးဟာ စာတတ်ပေတတ်ပုဂ္ဂိုလ်မှန်း ရပ်ကွက်ကသိရာကနေ ပဌာန်းပွဲသိမ်းတရားပွဲမှာလည်း တရားဟော အင်မတန်ကောင်းတဲ့ ဆရာတော်အနေနဲ့ မှတ်မိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဆရာတော်ဟာ ရန်ကုန်ကြွလာရင် အိမ်မှာ သီတင်းသုံးပါတယ်။ အဖေ အမေတို့ကိုတော့ တရားစကားနဲ့ ဆက်စပ်တာတွေ ဟောကောင်းဟောပါလိမ့်မယ်။ ကိုယ်တိုင်ကတော့ တက်ကြွတဲ့ ကြက်ဖအရွယ်ဖြစ်လေတော့ ဝတ္ထုကာတွန်းဖတ်တာကိုပဲ ပျော်မွေ့ခဲ့လေသည်ပေါ့။
နှစ်အတော်ကြာလို့ တရက်မှာ ဆရာတော်က အိမ်ကို ကြွလာတယ်။ အဖေ အမေတို့ကလည်း မတွေ့တာကြာပြီဖြစ်တဲ့ ဆရာတော်ကို ဝမ်းသာအားရ ဖူးကြပြီး ဆရာတော် သီတင်းသုံးဖို့ နေရာထိုင်ခင်းကို ပြင်ဆင်တော့ ဆရာတော်က ဒကာကြီး ဒကာမကြီးတို့ အခုလာတာက ဘယ်ရိပ်သာမှာ တရားအားထုတ်ဖို့ လာတာ၊ အခု အဲဒီမသွားခင် ခင်ဗျားတို့ဆီ လာတာပဲလို့ ပြောတယ်။ ပြောပုံဆိုပုံဟာ အရင်အခေါက်တွေတုန်းက အတိုင်းပါပဲ။ ခင်ခင်မင်မင်ရင်းရင်းနှီးနှီးဆိုပါစို့။ အဖေနဲ့အမေကလည်း ဒိလိုဆိုရင်ဖြင့် အရှင်ဘုရား တရားအားထုတ်ပြီး နယ်ပြန်မကြွခင် အိမ်ကို ကြွဖြစ်အောင် ကြွပါဘုရားလို့ လျှောက်ကြတယ်။
မှတ်မိသလောက်ကတော့ နှစ်လ သုံးလ မကဘူးထင်တယ်။ အဲဒီလောက်ကြာပြီးတဲ့အခါမှာ ဆရာတော်က လက်ဆွဲအိတ်လေးဆွဲပြီး အိမ်ကို ကြွလာတယ်။ အဖေနဲ့အမေရော တအိမ်သားလုံးရော ဝမ်းသာကြတာပေါ့။ ဆရာတော်ဟာ သူ့ရပ်ရွာ ပြန်မကြွခင် အိမ်ကြွလာတယ်ဆိုတော့ ဝမ်းသာကြတာပေါ့။
အဖေက လျှောက်တယ်ထင်တယ်။ အရှင်ဘုရား တရားစခန်းက အတော်ကြာတာဘုရား ဆိုတော့ ဆရာတော်က အေးဗျာ တရားအားထုတ်ပြီးတဲ့အခါမှာလည်း တရားပြ တရား စစ်ပေးတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဆောင်ရွက်ရတာဖြစ်လို့ ယခင်မှန်းထားတာထက် ကြာသွားတယ်လို့ တည်တည်ငြိမ်ငြိမ်ဖြေပါတယ်။ အဲဒီတုန်းက တရားနဲ့ ပတ်သက်လို့ သဒ္ဓါစိတ်လောက်သာ ရှိတဲ့ လူငယ်တယောက်ရဲ့ စိတ်မှာ ဘယ်လိုခံစားမိသလဲဆိုရင် ဆရာတော်ဟာ တရားစခန်းက အပြန်မှာ အရင်ကနဲ့ မတူဘူးဆိုတာပါပဲ။ ဒီထက်ပိုပြီး မသိပါ။
ဆရာတော့်ကို ကန်တော့ကြပြီးတဲ့အခါ အဖေက ဟေ့ သား ဆရာတော့်ကို ကားမှတ်တိုင်လိုက်ပို့ ခေါင်းခန်းကနေ ရအောင်စီစဉ်နော်ဆိုပြီး ကားခပါ ပေးလိုက်ပါတယ်။ ဆရာတော့်အိတ်ကို ဝမ်းသာအားရဆွဲပြီး ဆရာတော်နဲ့အတူ ကားမှတ်တိုင်ရှိရာဆီ လမ်းလျှောက်သွားကြပါတယ်။ ဆရာတော်က လမ်းလျှောက်ရာမှာ တရားမှတ်ပြီး လျှောက်နေချင် လျှောက်နေပေမယ့် အိတ်ဆွဲပြီး လျှောက်နေတဲ့ ခေတ္တဘုန်းကြီးကျောင်းသားကတော့ စိတ်ထဲမှာ ပူပန်မှုနဲ့ပါ။
ပူပန်စိုးရိမ်တာက ဒီလို။
ကားခေါင်းခန်းဆိုတာ အင်းစိန်လမ်းမကြီးမှာ အဲဒီတုန်းက ပြေးဆွဲတဲ့ လိုင်းကား (၄၈) ကားရဲ့ ခေါင်းခန်း။ ကားဆရာက ရှေ့ခန်းဆိုရင် နှစ်ဦးတင်တယ်။ များသောအားဖြင့် ပိုက်ဆံရှိတဲ့ ကောင်မလေးတွေသာ ခေါင်းခန်းစီးကြတာများတယ်။ အဲဒီတော့ ခေါင်းခန်းမှာ ဆရာတော်နေရာရဖို့ဟာက အတော်ခက်ခဲလိမ့်မယ်။ ဒီလိုတွေးပြီး စိုးရိမ်ပူပန်နေတာ။
ကားမှတ်တိုင်ရောက်၊ (၄၈) ကားထိုးရပ်၊ ကားခေါင်းခန်းလှမ်းကြည့် ဦးဇင်းတပါးတွေ့၊ ကားဆရာကို မေးတော့ ကားဆရာက လက်အုပ်လေးချီ အရှင်ဘုရား ကြွပါဘုရားတဲ့၊ ထိုင်နှင့်နေတဲ့ ဦးဇင်းကလည်း ဆရာတော်ကို လက်အုပ်ချီပြီး နေရာပေး၊ ကဲ ကားဆရာ ကျေးဇူးပဲဗျာ ရော့ ဆရာတော့်အတွက် ကားခဗျို့ ဆိုတော့ သူ လှူပါရစေတဲ့။
ဆရာတော့်ကို လက်အုပ်ချီနှုတ်ဆက် အိမ်ပြန်ရောက်တဲ့အခါ အဖေနဲ့ အမေကို အဲဒိအကြောင်းလေး ပြောပြတော့ သူတို့မှာ ဝမ်းသာကြတယ်။
ဒီဖြစ်ရပ်လေးဟာ အဖေတို့ အမေတို့နဲ့ messenger ကနေတဆင့် စကားပြောကြတဲ့အခါ ဆက်စပ်မိတဲ့အခါတိုင်း ပြန်ပြောင်းပြောမိတဲ့အဖြစ်အပျက်လေးပဲ။ ပြောတဲ့အခါတိုင်း ကြည်နူးခြင်း ဖြစ်ရတယ်။ အခု ဒါကို ပြန်ရေးတဲ့အခါမှာလည်း ကြည်နူးခြင်းဖြစ်ရတယ်။
ပထမဆုံးအပိုဒ်မှာ ရေးခဲ့သလိုပါပဲ။ တခုခုရအောင် ယူတတ်ရင် အကျိုးရှိပါလိမ့်မယ်။ တခုထက်မက ရသွားရင်တော့ သာဓုခေါ်ဆိုရပါလိမ့်မယ်။ ဒီစာဖတ်ပြီး ကြည်နူးခြင်းဖြစ်ရတယ်ဆိုရင် ပြန်ရေးပြတဲ့သူလည်း ကြည်နူးနေရမှာပါပဲ။ အဖေ အမေ အစ်ကို မရှိတော့တဲ့နောက် ပထမဆုံးရေးဖြစ်တဲ့ စာပါ။ သူတို့က ကျနော်စာရေးရင် သဘောကျတယ်၊ ကြည်နူးကြတယ်လေ။
ကျော်မောင်(တိုင်းတာရေး)
၁၀-ဩဂုတ်-၂၀၂၁
(မနှစ်က ရေးတဲ့စာ၊ ပြန်ဖတ်ရင်း ကြည်နူးရလို့ ပြန်တင်တယ်)

လုပ်တတ် ကိုင်တတ်

ဝါဝင် ဝါထွက်လား ဝါမဝင်ခင် ဝါမထွက်ခင်လား လုပ်ရလေ့ရှိတဲ့ ရိုးရာပူဇော်ပသမှုတခုကို တနှစ်မှာ ကိုယ်တိုင်ဦးစီးပြီးလုပ်ရတယ်။ အဲဒီနှစ်မှာ အဖေက နယ်ရောက်နေတဲ့အတွက် သားရေ မင်းပဲအဆင်ပြေသလိုလုပ်လိုက်ကွာ၊ ငါလုပ်တာကိုင်တာလည်း မင်းမြင်ခဲ့တာပဲ၊ အဆင်ပြေမှာပါလို့ အားပေးတယ်။
မနက်စောစောထပြီး နာရီဝက်အတွင်း တနာရီအတွင်းမှာ လုပ်စရာရှိတာတွေကို ဆက်တိုက်လုပ်ရတယ်၊ ပင့်စရာရှိတာတွေကိုလည်းပင့်ရတယ်၊ ကျွေးစရာရှိတာတွေကိုလည်း ကျွေးရတယ်၊ ဆုတောင်းစရာရှိတာတွေကိုလည်း ဆုတောင်းရတယ်၊ ပြန်ပို့စရာရှိတာတွေကိုလည်း ပြန်ပို့ရတယ်။ မနက်ပွဲပြီးလို့ နားမယ်မကြံနဲ့၊ နေ့ခင်းပွဲနဲ့ ညနေပွဲဆိုတာလည်း ရှိသေးတယ်။ ညနေပွဲအတွက် အမေချက်တဲ့ကြက်သားဟင်းဟာ ပုံမှန်ချက်တဲ့ ကြက်သားဟင်းနဲ့မတူဘူး၊ ဖြစ်နိုင်တာကတော့ သေရည်နဲ့မြည်းဖို့အတွက်ဖြစ်လို့ ကြက်သားဟင်းကို ပုံစံကွဲချက်တာ ဖြစ်နိုင်တယ်။ ကျန်တဲ့အချိန်တွေမှာ ကြက်သားဟင်းချက်ရင် ဒီလိုပုံစံမျိုး ဘယ်အခါမှ မချက်ပါ။ ညနေပွဲမတိုင်ခင် နီးရာစားသောက်ဆိုင်သွားပြီး သေရည်တဖန်ခွက်သာသာလောက် သွားဝယ်ရတယ်။ ပွဲပြီးတဲ့အခါမှာ သေရည်ကို သောက်မယ့်သူမရှိတဲ့အတွက် စွန့်ပစ်ရပါတယ်။ ကြက်သားဟင်းကတော့ ပွဲလာသွားတဲ့ ပုဂ္ဂိုလ်က အနံ့ပဲသုံးဆောင်သွားပုံရလို့ တအိမ်သားလုံးအတွက် ညစာကောင်းကောင်းစားခွင့်ရပါတယ်။ ပြန်ကောက်ရရင် တရက်တည်းမှာ လုပ်ရတဲ့ ပွဲသုံးပွဲအတွက် လုပ်တတ်ကိုင်တတ်သူ ရှိဖို့ လိုပါတယ်။
အဖွားက ရိုးရာကို စောင့်ရှောက်တဲ့သူဖြစ်ပါတယ်။ အဖွားရဲ့ အိမ်ဦးနတ် အဘကို ညွှန်းပါဆိုရင် ရိုးရာစောင့်ရှောက်သူကိုအစွမ်းကုန်ကူညီသူလို့ ညွှန်းရပါလိမ့်မယ်။ အဖွားရဲ့ ရိုးရာဟာ တော်ရုံတန်ရုံ စတိသဘောလုပ်တာမဟုတ်တဲ့အတွက် လုပ်ရတဲ့ အဆင့်တွေက များသလို ပါတဲ့အမယ်တွေကလည်း စုံလင်ပါတယ်။ မှတ်မိသလောက်မှာ အညာမုန့်အမျိုးမျိုးကို အဲဒီပွဲမှာ တွေ့ရပါတယ်၊ စားရပါတယ်။ ရိုးရာကျေးဇူးလို့ မပြောဘဲ အဖွားကျေးဇူးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အဘက သူ့ရိုးရာမဟုတ်ပေမယ့် ပင့်တာ ပြန်ပို့တာကအစ ပွဲကြီးပွဲလေး ပန်းကန်ခွက်ယောက်ထားတာအဆုံး သူကိုယ်တိုင်စီမံပေးတတ်သူဖြစ်ပါတယ်။ လုပ်တတ်ကိုင်တတ်သူဖြစ်ရုံမက လုပ်နေကိုင်နေတဲ့အချိန်မှာလည်း စကားသိပ်မပြောသူဖြစ်ပါတယ်။
စကားသိပ်မပြောသူဆိုတာ ဘာပါလိမ့်ဆိုပြီး သိချင်ကြလိမ့်မယ်။ ရိုးရာပွဲလုပ်တဲ့အခါမှာ ဘေးကနေ ကူညီတဲ့ မြေးတွေရှိတယ်။ မြေးတွေက အဘရဲ့ မျက်ရိပ်မျက်ကဲကို ကြည့်ပြီး လုပ်ကြရတယ်။ အဘက စကားမပြောဘဲ လုပ်တဲ့အခါ မြေးတွေကလည်း စကားမပြောရဲကြပါ။
ဒါနဲ့ပတ်သက်လို့ မရှင်းတာဟာ ရိုးရာပွဲကို အဖေနဲ့ တွဲလုပ်ရတဲ့ တမနက်မှာ ရှင်းသွားခဲ့ပါတယ်။ အိပ်ချင်မူးတူးထပြီး ကမန်းကတန်းမျက်နှာသစ်၊ သွားတိုက်၊ လက်ဆေးပြီး အဖေ့ကိုကူတဲ့အခါ အခုလို အိပ်ရေးပျက်ရတာဟာ ဒီရိုးရာပွဲကြောင့်ဆိုပြီး အပြစ်ဆိုချင်လာပါတယ်။ တိုက်ရိုက်မဆိုဝံ့တဲ့အခါ လူကြီးအတွက် အခက်တွေ့စေတဲ့ မေးခွန်းလေးတွေမေးတာကနေစပါတယ်။ မေးခွန်းမေးကတည်းက ဒီကောင်တော့ စပြီး ရစ်တော့မယ်လို့ သိနေတဲ့အဖေက "ဟေ့ကောင် စကားမပြောနဲ့ မြန်မြန်လုပ်ကွ"လို့ပြောပြီး မေးခွန်းကို မဖြေဘဲ ပြင်တာဆင်တာပြီးအောင် လုပ်ခိုင်းပါတယ်။ အုန်းသီးခြစ်ကွာလို့ ခိုင်းရင် အုန်းသီးကို အုန်းခြစ်နဲ့ မြန်မြန်ခြစ်ရပါတယ်။ အေး ရပြီ တော်တော့လို့ ရပ်ခိုင်းတဲ့အခါ မေးခွန်းမေးဖို့ ပြင်မလို့ရှိသေး၊ ကွမ်းရွက်လေးတွေ လိပ်ပြီး ဒီလိုလုပ်ကွာလို့ ခိုင်းပြန်ပါတယ်။ တခါ မုန့်ဆန်းထဲ သကြားထည့်ပြီး ဇွန်းနဲ့နယ်နေလို့ တရစပ်ခိုင်းပါတယ်။ အားလုံးပြီးတဲံ့အခါ ပို့စရာရှိတာ ပြန်ပို့ပြီး သိမ်းဆည်းတဲ့အခါမှ မင်းအိပ်ချင် ပြန်အိပ်လို့ အိပ်ခိုင်းပါတယ်။ အလုပ်ပဲ လုပ်ခိုင်းပြီး စကားမပြောခိုင်းပါ။ သူကိုယ်တိုင်လည်း ရိုးရာပွဲအတွက် လုပ်ကိုင်နေတဲ့အခါမှာ စကားမပြောပါ။
အဘဟာ အဖွားရဲ့ ရိုးရာပွဲတွေလုပ်တဲ့အပေါ်မှာ ဘာမှ အပြစ်မပြောသလို၊ အဘရဲ့ သားမက်ဖြစ်သူ အဖေကလည်း အမေ နှစ်စဉ်ပြုလုပ်နေကြ ရိုးရာပွဲတွေကို ကူညီလုပ်ကိုင်ပေးတဲ့အခါ စကားမပြောဘဲ လုပ်ပေးတတ်သူဖြစ်ပါတယ်။
အဘက မနက် ခြောက်နာရီနဲ့ ညနေ ခြောက်နာရီမှာ ဘုရားကို ပုံမှန်ဝတ်ပြုသူဖြစ်ပါတယ်။ အဖေကလည်း မနက်တကြိမ် ညတကြိမ် ဘုရားကို ပုံမှန်ဝတ်ပြုသူ ဖြစ်ပါတယ်။
သိတတ်စအရွယ်ကစလို့ သိခဲ့တဲ့ နှစ်စဉ်လုပ်နေကြလေ့ရှိတဲ့ ရိုးရာပွဲကို လွမ်းကြည့်တာပေါ့လေ။ ရိုးရာပွဲလုပ်တဲ့အတွက် ရရှိတဲ့ အကျိုးကတော့ အနံ့နဲ့ပဲ သုံးဆောင်တဲ့ပုဂ္ဂိုလ်တွေ ပြန်သွားတဲ့အခါ အမှန်တကယ်သုံးဆောင်ရတာပဲဖြစ်ပါတယ်။ ဘေးအိမ်တွေကို မနက်စောစော မုန့်ဆန်းဝေရတာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အလှူဒါနတခုလို ဖြစ်ခဲ့ပါတယ်။ အကျိုးများတဲ့အချက်ကတော့ လုပ်တတ်ကိုင်တတ်တယ်ဆိုတာကို နားလည်ခဲ့ရတာပဲဖြစ်ပါတယ်။
လုပ်တတ်ကိုင်တတ်ဖို့ဆိုတာကလည်း လုပ်ကြည့်ကိုင်ကြည့်မှ ဖြစ်တာဖြစ်ပါတယ်။
လုပ်တတ်ကိုင်တတ်ကြဖို့ လုပ်ကြည့်ကိုင်ကြည့်ကြပါစို့။
ကျော်မောင်(တိုင်းတာရေး)
14-Aug-22

ဝါဒများနောက် (လိုက်သူ မလိုက်သူ ရုန်းထွက်သူ ချည်နှောင်သူ ပြန့်ပွားသူ)

ဝါဒများသည် သူ့ထက်ငါဦးအောင် တဝါဒပြီးတဝါဒ ထွက်ပေါ်လာနေသကဲ့သို့ ထင်မှတ်ရသည်။ အသစ်အသစ်ဟူသော ဝါဒတို့မှာ အသစ်မဟုတ်ကြ၊ လွန်ခဲ့ပြီးသောကာလများ ရာစုနှစ် ထောင်စုနှစ်များဆီက ဝါဒဟောင်းများကို ရိုက်ချက်ပြောင်း တီးခတ်တူရိယာပြောင်း တင်ဆက်ပုံပြောင်းကာ cover song များ ခပ်တည်တည်ပြန်ဆိုကြသကဲ့သို့ မန်ဘာများတိုးပွားစေရန် တဖက်လှည့်ဖြင့် သိမ်းသွင်းကြသော ဝါဒများသာဖြစ်ကုန်ကြလေသည်။

ရှိပြီးသား ဝါဒဟောင်း(ဝါ)ဝါဒကောင်း/ဆိုးများကို ဝေဖန်ရသည်မှာ လွယ်ကူလှပေသည်။ ဝါဒတခုကို အတွင်းကျကျလေ့လာကြည့်ပြီးမှ ဝေဖန်ကြရန်ဟူသောဝေဖန်လေကန်အဆိုဝါဒကိုလည်း ပယ်ခဲ့ကြသည်ဖြစ်သည့်အလျောက် ထိုထိုဝါဒများကို နှိမ်ချပြောဆိုရသည်မှာ ခက်ခဲခြင်းမရှိ အချိန်ပေးရခြင်းမျိုးမရှိဘဲဖြစ်သဖြင့် အဆင်ပြေကြရသည်။
အံ့ဩဖွယ်ကောင်းသည့်အချက်မှာ ဝါဒတခုကို ပစ်ပယ်ပြီးသောအခါ ထိုဝါဒကိုသာ အဓိကထား၍ ကိုယ်တိုင်ဘဝင်မကျသည်များကို ပြောဆိုဝေဖန်လာကြခြင်းဖြစ်သည်။ ထိုအချက်၏ ဖြစ်နိုင်ချေမှာ ဝါဒတခုမှ ရုန်းထွက်ခဲ့သူဟု ကိုယ်တိုင်ထင်မှတ်ခဲ့သူသည် သူကဲ့သို့ အခြားသူများကိုလည်း ရုန်းထွက်စေလိုသော စေတနာရှိသူ ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်ထပ်ဖြစ်နိုင်ချေတခုမှာ ကိုယ်တိုင်မရှင်းခဲ့သည်ကို မေးမြန်းခြင်းမပြု ဆက်လက်လေ့လာခြင်းမပြုဘဲ မသိနားမလည်ခြင်းဟူသောသစ်ပင်အောက်မှ ပြေးထွက်ကာ မည်သည့်သစ်ပင်အောက်သို့ နားခိုရမည်မှန်းမသိချိန်တွင် သက်သာရာရလိုရငြား ပြောကြဆိုကြ ရေးသားကြခြင်း ဖြစ်နိုင်သည်။
အတော်များများမှာ ကိုယ်တိုင်လက်ခံထားကြသော ဝါဒအပေါ်တွင်သာ သစ္စာရှိလိုမှု၊ ထိန်းသိမ်းလိုမှု၊ ပို၍ပို၍ပြန့်ပွားလာအောင်ဆောင်ရွက်လိုမှု၊ မိမိခံယူထားသော ဝါဒသည်သာ လောကတွင် အမှန်ဟု ရှေးဦးစွာဆုံးဖြတ်ထားရှိမှု၊ ထိုဝါဒရှိ ရှေးလူတို့ မဖြေရှင်းနိုင်သော အချက်အလက်များကို မည်သို့သောအကြောင်းခြင်းရာများကြောင့် မဖြေရှင်းနိုင်ရသနည်းဟု ဆန်းစစ်မှုနည်းပါးမှု စသည် စသည်တို့လွှမ်းမိုးနေသည့်အတွက် ထိုထိုဝါဒတို့၏ အရေးပါသည်များကို ကျော်လွှားခဲ့ကြ မမြင်ခဲ့ကြ ဖြစ်နေကြပုံပေါ်သည်။
ဝါဒများနောက် လိုက်သူ မလိုက်သူ ရုန်းထွက်သူ ချည်နှောင်သူ ပြန့်ပွားသူ(များ)ထဲတွင် ကိုယ်တိုင်သည် မည်သို့သောပုံစံဖြင့် ပါဝင်နေသည်ကို ဆန်းစစ်ကြည့်ဖို့လိုသည်။
တဦးတယောက်သည် ဝါဒသစ်တစ်ခုကို ကိုယ်တိုင်စတင်တော့မည်၊ စတင်နေသည်၊ ရှင်းပြနေသည်ဟုဆိုပါလျှင် ထိုဝါဒသစ်ဆိုသည်မှာ ရှေးရှေးတုန်းက ရှိခဲ့သော ဝါဒဟောင်းဖြစ်သည် မဖြစ်သည်ဟူသည်ကို အဘယ်ကဲ့သို့ ဆန်းစစ်မည်နည်း။
ကိုယ်တိုင်သည် ဝါဒတခုကို လက်ခံခဲ့သည်။ နောက်များမကြာမီတွင် ထိုဝါဒမှ ရုန်းထွက်ချင်သည်။ လက်ခံခဲ့စဉ်တွင် မည်သူမျှကိုမှ ပြောကြားခြင်းမရှိခဲ့ပါလျှင် ရုန်းထွက်သည့်အခါတွင်လည်း မည်သူမျှကိုမှ ပြောကြားခြင်းရှိရန် မလိုအပ်။
ကိုယ်တိုင်သည် ဝါဒတခုကို လက်ခံခဲ့သည်။ နောက်များမကြာမီ ထိုဝါဒကို လေ့လာရင်း ယခင်ကထက် ပိုမိုလက်ခံခဲ့သည်တွင် အစားကောင်းစားသည့်အခါ အခြားသူများကိုလည်း မြည်းခိုင်းကြည့်လိုစိတ်မျိုးဖြစ်လာသဖြင့် ကိုယ်တိုင်လက်ခံထားသော ဝါဒသည် ကောင်းသောဝါဒဖြစ်ကြောင်း လိုက်လံပြောဆိုခြင်းရှိရာတွင် ဝါဒချင်း ဝေဖန်ငြင်းခုံမှုများ ဖြစ်ကြလေသော သာဓကများစွာကို ကြားဖူးကြပေလိမ့်မည်။
ဝါဒများနောက် တခုပြီးတခုလိုက်နေသူများလည်း ရှိကြပေလိမ့်မည်။ ရှိပြီးသား လက်ခံပြီးသား ဝါဒများကို တခုပြီးတခု ခွာချနေကြသူများလည်း ရှိကြပေလိမ့်မည်။ ဝါဒတခုကို ဆုပ်ကိုင်လျက် တခြားဝါဒများကို ပယ်ကြသူများလည်း ရှိကြပေလိမ့်မည်။ မည်သည့်ဝါဒကိုမျှ လက်မခံတော့ပြီဟူသော ဝါဒမဲ့ဝါဒနောက်သို့ စီးမျောသွားသူများလည်း ရှိကြပေလိမ့်မည်။
အသစ်အသစ်သော လူသားများတိုးပွားလာသည်နှင့်အမျှ အသစ်အသစ်သော ဝါဒများကို ရှာဖွေလာကြ၊ အဟောင်းအဟောင်းသော ဝါဒများကို အရောင်ပြန်တင်ကြ၊ ဟိုမရောက်ဒီမရောက်ဝါဒများကို မိတ်ဆက်ကြခြင်းများ ပေါများလာကြပေသည်။
ဝါဒတို့သည် ဝါဒတို့အတိုင်း ရှိမနေ။ လက်ခံကျင့်သုံးသူ ပယ်ဖျက်သူ ဆက်ခံသူတို့အလိုအတိုင်း ကြီးပွားတိုးတက်ခြင်း ဆုတ်ယုတ်ခြင်း တည်တံ့နေခြင်းတို့ဟူသော ဖြစ်မြဲအတိုင်းသာ ဖြစ်တည်၍ နေကြပေကုန်သတည်း။
ကျော်မောင်(တိုင်းတာရေး)
၁၉-ဩဂုတ်-၂၀၂၂