Jul 1, 2017

ပုံပြောရအောင်ပါ

တခါတုန်းကပေါ့။ အဲဒီလို တခါတုန်းကပေါ့လို့ အစချီလိုက်ရင် ပုံပြင်တွေကိုနားထောင်ချင်တဲ့ ကလေးတွေဆိုတာ ဘေးနားဝိုင်းလာတာပါပဲ။ လူငယ်တွေ လူကြီးတွေကတော့ ခပ်လှမ်းလှမ်းမှာပေါ့။ မကြားတကြားလေး နားထောင်နေကြတယ်ဆိုပဲ။ အဲဒီမှာပဲ ပုံပြောပြမယ့် ပုံပြင်ပြောသူပေါ့၊ သူက ပုံမပြောခင် ကြိုပြောထားလိုက်တယ်။ 

“ကဲ ကလေးတွေ ကလေးတွေ … အခုပြောပြမှာက ဟိုးရှေးရှေးတုန်းက ပုံပြင်တော့ မဟုတ်ဘူးကွယ့်။ သိပ်မကြာသေးတဲ့ ကာလမှာ ဖြစ်ခဲ့တဲ့ အလွန်ထူးဆန်းတဲ့ ပုံပြင်လေးတပုဒ်ကို ပြောမှာ ဖြစ်တယ်ကွယ့်။ မော်ဒန်ပုံပြင်ပေါ့ကွယ်”

အဲဒီလိုလည်း ပြောလိုက်ရော ….. 

ရှေးရှေးတုန်းက ပုံပြင်တွေကိုပဲ နှစ်သက်သဘောကျတဲ့ ကလေးတွေက အားပါးတရ နားထောင်ဖို့ ပြင်နေရာကနေ ထထွက်သွားကြတယ်။ မော်ဒန်ပုံပြင်တွေကို သူတို့က လက်မခံဘူးဆိုတာ ပြတာတဲ့။ ရှေးရှေးတုန်းက ပုံပြင်တွေ ပြောရင် ပြန်လာမယ်ဆိုပဲ။ 

“အေး အေး လောလောဆယ်ဆယ်တော့ အခုပြောမယ့်ပုံပြင်ပဲ ဒီကနေ့ပြောမှာ”

ပုံပြင်ပြောသူက သူ့ပုံပြင်ကို စပြောပါတော့တယ်။ 

“တိုင်းပြည်တပြည်မှာ …..” 

“ပုံပြောတဲ့ဦးကြီး …. ခဏ ခဏ” ရှေ့ဆုံးက ကလေးလေးတယောက်က ထအော်တာပါ။

“ဟေ့ ဘာတုန်းကွ .. ဒီမှာ တိုင်းပြည်တပြည်မှာလို့ပဲ စရသေးတယ်”

“ကျနော်တို့ကိုပြောမှာက မော်ဒန်ပုံပြင်ဆို၊ အဲဒါ ဘယ့်နှယ်ကြောင့် တိုင်းပြည်တပြည်မှာလို့ ပြောရသတုန်း”

“ဟေ … တိုင်းပြည်လို့ မပြောလို့ ဘယ်လိုပြောရမှာတုန်း”

“နိုင်ငံလို့ ပြောလေဗျာ နိုင်ငံ နိုင်ငံ။ တိုင်းပြည်ဆိုတာ ဟိုးရှေးရှေးတုန်းက အသုံး၊ ပုံစံဟောင်းကြီးဗျ” 

“ဟုတ်တယ် ဟုတ်တယ်။ ပြင်ပြောပါ ပြင်ပြောပါ” (ကလေးများ အားလုံးမှ အော်သံများ)

“အင်းအင်း .. ပြန်ပြင်ပြောမယ် … နိုင်ငံ နိုင်ငံ။ နိုင်ငံတနိုင်ငံမှာ အလွန်ချမ်းသာတဲ့ …. “

“နေဦးဗျ နေဦး” 

“ဟ ဘာဖြစ်ပြန်ပြီလဲ” 

“အလွန်ချမ်းသာတယ်ဆိုတာ ဘယ်လောက်ချမ်းသာတာလဲ၊ ဘီလ်ဂိတ်ထက် ချမ်းသာတာလား၊ ဇူကာဘက်ခ်ထက် ပိုတာလား၊ ဟို ကာလကောင်းကိုမိလို့ ချမ်းသာသွားကြတဲ့ ဟိုပုဂ္ဂိုလ်တွေထက် သာတာလား.. အဲဒါလည်း ထည့်ပြောဦးဗျ”

“ဟုတ်ပြီ … နိုင်ငံတနိုင်ငံမှာ လက်ညှိုးထိုးရင် သူပိုင်တဲ့မြေတွေမလွဲအောင် ကျိကျိတက် ချမ်းသာတဲ့ ကလေးလေးတစ်ယောက် ရှိသတဲ့ကွယ်။ ကဲ အဲဒီလိုပြောရင် အဆင်ပြေကြတယ်မလား”

“ကောင်းတယ် ကောင်းတယ် ဆက်ပြော ဆက်ပြော … ချမ်းသာသာက ကလေးလေးတစ်ယောက်တဲ့။ တော်တော်နားထောင်လို့ကောင်းတယ်။ ဆက်ပြောဗျ ဆက်ပြော”

“နားထောင်လို့တော့ကောင်းပါတယ် … ဒါပေမဲ့ မရှင်းတာတခုရှိတယ်။ ဖြေဗျ” 

ထောင့်တထောင့်မှာ နားထောင်နေတဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးလေးက ထပြောတယ်၊ သူက ပုဆိုးကိုတော့ ကွင်းသိုင်းမဝတ်ထားဘူး။ ဒူးခေါင်းဖြဲထားတဲ့ ဂျင်းဘောင်းဘီရှည်ဝတ်ထားတယ်။

“အဲဒီကလေးက ဘယ်လိုလုပ်ပြီး ချမ်းသာလာတာလည်း ဆိုတာ ပြောဗျ။ ဒါ ကျနော်တို့ ကလေးတွေအားလုံး အတုယူရအောင်လို့ပါ”

အင်း ခက်ပြီ။ 

“ငါ ဖတ်ထားတဲ့ အဲဒီပုံပြင်မှာ ချမ်းသာသော ကလေးလေးလို့ပဲ ပါတယ်။ ဘယ်လိုချမ်းသာလာသလဲဆိုတာ မပါဘူးကွ”

အဲဒီမှာပဲ ပုံပြင်နားထောင်မယ်ဆိုတဲ့ ကလေးတွေ တယောက်တပေါက်ဖြစ်ကုန်ကြတယ်။ 

“မပါတဲ့အတွက် မပြောနိုင်ဘူးဆိုရင် ဆက်မပြောပါနဲ့တော့ဗျာ”

“အေး ဟုတ်တယ်ဗျို့၊ ဆက်မပြောနဲ့တော့”

“ပုံပြင်လည်း ပြောချင်သေး၊ ပုံပြင်ထဲက အကြောင်းတွေ မေးတော့လည်း မသိပါဆိုပြီး ပြောသေး”

“ဘာလိုဗျ၊ သူများရေးထားတဲ့ ပုံပြင်”

“သူ့ပုံပြင်လည်း မဟုတ်ဘူး။ သူများရေးထားတဲ့ ပုံပြင်တွေ လာပြောနေတာပဲ”

“နောက်ဆို ကျနော်တို့ကို ပုံပြောမယ်ဆိုရင် ကိုယ်ပိုင်ပုံပြင်ပဲ လာပြောပါ”

“ကဲ ဘော်ဒါတို့ရေ …. ပုံပြင်ရှာထွက်ကြဦးမယ်ဟေ့” 

“ပုံပြင်သစ်တွေများ ကြားရမလားလို့ လာနားထောင်တာ … ဘယ့်နှယ် … သူများရေးထားတဲ့ ပုံပြင်ဖတ်ပြီး လာပြောနေတာကိုး”

“ကိုယ့်ပုံပြင်ကိုယ်ဖန်တီးနိုင်မှ လာနားထောင်မယ်။ ပုံပြင်အသစ်တွေ ဖန်တီးလိုက်ဦးဗျ”

“ကဲ .. သွားလိုက်ဦးမယ်ဗျို့”

ပုံပြင်ပြောမည့်သူတစ်ယောက်တည်း နေရာတွင် ကျန်ခဲ့လေသည်။ ပုံပြင်သစ်ရှာဖွေနေသော ကလေးများကိုမှ ဖတ်ထားခဲ့ဖူးသော မော်ဒန်ပုံပြင်တစ်ပုဒ်သွားပြောဖို့ ကြံရွယ်ခဲ့သည်ကိုက သူ့အမှားသာ ဖြစ်လေတော့သတည်း။

ပုံပြင်ပြောသူတစ်ယောက်အကြောင်း၏ ပုံပြင်ဖြစ်ပါသည်။ 

ကျော်မောင်(တိုင်းတာရေး)
၀၁-ဇူလိုင်-၂၀၁၇


Jun 29, 2017

နေရာပေးခံရခြင်း

"ဟေ့ ဒီမှာ လာထိုင်စမ်းပါကွာ"

ကားပေါ်တက်တက်ချင်းမှာပဲ နှစ်ယောက်တွဲခုံမှာ တယောက်တည်း နေရာယူထိုင်နေတဲ့ အန်ကယ်ကြီးတယောက်က တခုံစာထိုင်နိုင်အောင် နေရာပေးရင်း လှမ်းပြောတာကို ကြားလိုက်ရတာ။

"နေပါစေဗျာ ရပါတယ်" အေးအေးဆေးဆေးငြင်းလိုက်တယ်။

ကားက မှတ်တိုင်ကနေ စထွက်ပြီ။

"လာထိုင်ပါကွ နေရာလွတ်ပါတယ်"

ထူးဆန်းတာက လူငယ်တွေကပဲ သက်ကြီးရွယ်အိုတွေကို နေရာထိုင်ခင်းပေးကြတာ တွေ့ဖူးနေတော့ အခုလို အသက်ခြောက်ဆယ်ကျော်လောက်ရှိပုံရတဲ့ သက်ကြီးပိုင်းတယောက်က နေရာပေးတာဟာ ပထမဆုံးကြုံဖူးတာပါပဲ။

တခြားခရီးသည်တွေကလည်း ရုံးဝန်ထမ်းတွေ လူငယ်တွေ များတာကြောင့် မတ်တပ်ရပ်ပဲ စီးကြပါတယ်။
အဲဒါနဲ့ ဝင်ထိုင်ပြီးတဲ့အခါမှာ အန်ကယ်ကြီးက စကားတွေစပြောပါတော့တယ်။

- သူဟာ အသက် ၆၉ နှစ်ရှိပြီဖြစ်ကြောင်း 
- အလုပ်လုပ်ခွင့် မရှိတော့ကြောင်း
- ၂၆ နှစ်လောက်ကို instructor အနေနဲ့ လုပ်ခဲ့ကြောင်း
- သူတို့တုန်းက မနက် ၄ နာရီထကာ အလုပ်လုပ်ရကြောင်း
- အသက်ငယ်ရွယ်စဉ်မှာ အလုပ်လုပ်တာ ကျန်းမာတဲ့အတွက် အဆင်ပြေကြောင်း 
- သူက အခု သူ့သမီးမိသားစုထံ အလည်လာရာမှ ပြန်လာခြင်းဖြစ်ကြောင်း 
- စျေးထဲရှိ ဆိုင်တွင်လက်ဘက်ရည် တခွက် ၁.၃၀ စင်ကာပူဒေါ်လာ ရှိသော်လည်း Bus Interchange တွင် 90 cents သာရှိသဖြင့် အဲဒီကို သွားမှာဖြစ်ကြောင်း 
- အသက်ကြီးလာတဲ့အခါ သူတို့သည် အသုံးမလိုတော့သည့်သူများ ဖြစ်သွားကြောင်း စတာတွေကို ဆက်တိုက်ပြောသွားပါတယ်။

မှတ်တိုင်သုံးမှတ်တိုင်မြောက်လို့ ဆင်းရမယ့် နေရာရောက်တဲ့အခါ ဘိုင့်ဘိုင် လို့ နှုတ်ဆက်ပြီး ကားပေါ်မှ ဆင်းခဲ့ပါတယ်။

ဒီနေ့အတွေ့အကြုံလေးပေါ့ခင်ဗျာ။ ပြန်လည်မျှဝေတာပါ။

ကျော်မောင်(တိုင်းတာရေး)
၂၉-ဇွန်-၂၀၁၇

Jun 22, 2017

မယုံလည်း

နှစ်ပေါင်း ဘယ်လောက်ရှိပြီဆိုတာ မရေတွက်နိုင်တဲ့ ကာလတုန်းက ဘယ်လိုသတ္တဝါလည်းဆိုတာ ပြောလို့ မရနိုင်သေးတဲ့ သတ္တဝါတွေ ရှိခဲ့သတဲ့။ အဲဒီသတ္တဝါထဲမှာ တစ်ကောင်က အတော်ဆန်းတယ်ဆိုပဲ။ အများလုပ်နေ ကိုင်နေ ပြုမူနေတာနဲ့ မတူရင် ဆန်းတယ်လို့ ဆိုကြတာကိုး။ သူက ဘယ်လိုဖြစ်နေသလဲဆို …

၁) အများအိပ်စက် အနားယူနေရင် သူက လန်းဆန်းတက်ကြွနေတတ်သတဲ့
၂) အများအိပ်ရာထ အလုပ်တွေလုပ်ဖို့ ပြင်ဆင်နေတဲ့အခါမှာ သူက အိပ်နေတတ်သတဲ့

တနေ့မှာတော့ သူတို့တွေ အစည်းအဝေးထိုုင်ပြီး အဲဒီကောင်ကို ဘယ်လိုလုပ်ကြမလဲဆိုတာ တိုင်ပင်ကြတာပေါ့။ တိုင်ပင်ကြတဲ့အချိန်မှာ ဟိုက အိပ်လို့ကောင်း ဟောက်လို့ကောင်းနေတဲ့အချိန်ပေါ့။

တကောင်က ပြောတယ် “ဟိုအကောင်ကိို နှိုးလိုက်ရင် ကောင်းမယ်”။

နောက်တကောင်က “မနှိုးပါနဲ့၊ အိပ်ပါစေ၊ သူ့မှာ အိပ်ပိုင်ခွင့်ရှိပါတယ်”လို့ တားတယ်။

တတိယတကောင်က “နှိုးလိုက်ပါ၊ သူနိုးလာတော့ ပြောရဆိုရတာ အဆင်ပြေတာပေါ့၊ ဒို့မှာလည်း နှိုးပိုင်ခွင့် ရှိတယ်မဟုတ်လား”လို့ နှိုးမယ်ဆိုတဲ့ဘက်က နေတယ်။

အဲဒီမှာပဲ နှိုးတာကို သဘောမတူတဲ့ အကောင်တွေက မနှိုးပါနဲ့လို့ ပြောကြပြန်တယ်။

နှိုးမယ်ဆိုတဲ့ဘက်နဲ့ မနှိုးဘူးဆိုတဲ့ဘက် ဖြစ်ကုန်တယ်။ နှိုးတာ မနှိုးတာ သူတို့နဲ့မဆိုင်ဘူး ကိုယ့်အလုပ်ကိုယ်လုပ်တာပဲ ကောင်းပါတယ်ဆိုတဲ့ ကြားနေတဲ့ ဘက်ကလည်း ရှိနေပြန်တယ်။

သူတို့တွေ ငြင်းကြခုံကြ ပြောကြဆိုကြ စကားများကြရင်းနဲ့ ညဘက်ရောက်လာတယ်။ သူတို့လည်း ခဏခဏ အိပ်ငိုက်သွားကြရင်းနဲ့ အကုန်လုံး အိပ်ကြတဲ့အထိ ဖြစ်သွားကြတယ်။

အဲဒီအခါမှာမှ တနေ့လုံး အိပ်နေခဲ့တဲ့ အကောင်က နိုးလာပါတော့တယ်။ 
သူက တခွန်းပြောလိုက်တယ်။

“တော်တော်အအိပ်မက်တဲ့ ကောင်တွေ။ ငါနိုးလာတိုင်း ဒီကောင်တွေ အိပ်နေတာချည်းပဲ။ ငါတစ်ကောင်တည်း ခါတိုင်းလိုပဲ အစာရှာထွက်ရဦးမယ်”

ကျော်မောင်(တိုင်းတာရေး)
၂၂-ဇွန်-၂၀၁၇

Jun 20, 2017

လွယ်သည် ခက်သည် မလွယ်မခက်

ပုံ - အမျိုးသားပြတိုက်(ရန်ကုန်)တွင် ရိုက်ယူခဲ့သည်

ဒီလိုဗျ။ ဒီနေ့ကြုံလိုက်ရတာလေး ပြန်မျှဝေချင်တဲ့အတွက်ပါ။
လုပ်ရမယ့်အလုပ်ကို မလုပ်ခင် အရင်စူးစမ်းကြည့်တယ်။ ဘယ်လောက်လွယ်မလဲ၊ ခက်မလဲ ဆိုတာအပြင် အချိန်ဘယ်လောက်လောက်ပေးရမလဲဆိုတာပါ စိတ်က တွက်လိုက်တယ်။
ခက်တာပဲ အရင်စလိုက်ရကောင်းနိုးနိုး၊ လွယ်တာပဲ အမြန်ပြီးအောင် လုပ်လိုက်ရကောင်းနိုးနိုး ဖြစ်သွားလိုက်သေးတယ်။
အဲဒါမှာ တခုကို ပြန်အမှတ်ရမိလိုက်တယ်။ ခက်တာကို အရင်လုပ်ရမှာပေါ့ဆိုပြီး လုပ်ခဲ့တုန်းက အဲဒီခက်တဲ့အပိုင်းက ဖြေရှင်းချိန်အတော်ယူသွားတဲ့အတွက် လွယ်တာတွေ ပြီးအောင်လုပ်ဖို့ အချိန်နည်းသွားခဲ့တယ်။ ကဲ အဲဒီတော့ ခက်တာကို ခဏထားပြီး လွယ်တာကို ကိုင်မယ်ကြံတယ်။
အဲဒီလို လွယ်တာကို ကိုင်မယ်ကြံတဲ့အခါ တခါတုန်းက ကြုံခဲ့ရတာလေးက
ပြန်ပေါ်လာပြန်ရော၊ စိတ်ထဲမှာ။ လွယ်တာတွေလုပ်နေတဲ့အခါ ခက်တာလည်းလုပ်ပါဆိုရော ခက်တဲ့အပိုင်းကို ဖြေရှင်းဖူးတဲ့ အတွေ့အကြုံမရှိတဲ့အတွက် ခေါင်းကိုက်ပါရော။ လိုအပ်နေတဲ့သူက ပြောတယ်၊ ခက်တဲ့ဟာက သူတို့အတွက် အလွန်ကို အရေးကြီးပါတယ်တဲ့၊ ခက်တဲ့အပိုင်းကို အရင်ဦးဆုံး လုပ်စေချင်တာပါပဲတဲ့။ အခုက အချိန်လည်း သိပ်မရတော့ပါတဲ့။ ရတဲ့အချိန်လေးအတွင်းမှာ ခက်တဲ့အပိုင်းကို ပြေလည်အောင် ဖြေရှင်းပေးပါတဲ့။ အဲဒီလို ကြုံခဲ့ရတာကို စိတ်ထဲပြန်ပေါ်လာတဲ့အခါ လွယ်မယ်လို့ ထင်တဲ့ဟာကိုလည်း မကိုင်ဖြစ်ပြန်ဘူး။
ကဲကွယ် .. မလွယ်မခက်ပဲ လုပ်တာကောင်းပါတယ်ဆိုပြီး စဉ်းစားလိုက်ပြန်ပါတယ်။ ဒီတခါကြပြန်တော့ ပြဿနာက တမျိုး။ လွယ်လည်း မလွယ်ဘူး ခက်လည်းမခက်ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲဆိုတဲ့ အပိုင်းက လာပြန်ရော။
ဒီနေ့ကြုံခဲ့ရတာ အဲဒါဗျ။
အဲဒီလို လွယ်တာကို အရင်စမလား၊ ခက်တာကို အရင်စမလား၊ မလွယ်မခက် ကို စမလားလို့ ကြံနေတာနဲ့ပဲ နာရီဝက်လောက် အချိန်ဖြုန်းမိသွားပါတော့တယ်။