Jul 3, 2016

နေရာနဲ့ အခါ

တခါမှာ စာမေးပွဲတခုဖြေနေရတဲ့အချိန်။ အောင်မှတ်လို့ သတ်မှတ်ထားတဲ့ပမာဏလောက်ကို မှတ်ဉာဏ်ထဲကနေ အတင်းကာရော ဖျစ်ညှစ်ထုတ်နေရတဲ့ကာလ။ နှစ်ဆယ်နဲ့မှ လေးနာရီတောင်မပြည့်သေး၊ ပြန်လည်နွှေးထားတဲ့ သီအိုရီတွေ၊ တွက်ပုံတွက်နည်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဆိုတာ၊ မချိမဆန့် မြန်မြန်ဆန်ဆန်ရိုက်သွင်းထားတဲ့ပုံစံဖြစ်နေတဲ့အတွက် တော်တော်နဲ့ ပြန်လည်ဖော်လို့မရတဲ့ အပိုင်းအခြားတခုမှာပေါ့။

အရွယ်ရောက်လာပြီး ခုနက စာမေးပွဲလိုမျိုးကို ဖြေရမယ့်အခါမှာ စိတ်ထဲမှာ အောင်မှတ်လောက်ပဲ စိတ်ဝင်စားတော့တယ်။ အောင်မှတ်ရဖို့ မှတ်ထားတဲ့အပိုင်းတွေကို ပြန်ဆွဲယူ။ ရှင်းပြတုန်းက နားလည်သလိုလိုရှိသား၊ ဒါမျိုးဆင်တူပုစ္ဆာကို စာမေးပွဲမှာမေးတဲ့အခါ မေးခွန်းဖတ်ကြည့်ပြီး မေးခွန်းထုတ်တဲ့ ဆရာမနှယ် အလွယ်လေးလာမေးရသလားလို့ ပြုံးလိုက်သေး။ တွက်ကြည့်တဲ့အခါမှာ တလွဲ။ လွဲနေမှန်းသိနေတာကိုက အခြေအနေမဆိုးသေးဘူးလို့ပဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေချိန်။

"ဟေ့လူ ဟေ့လူ" အသံက ခပ်အုပ်အုပ်လေး။ ဒီမှာ အဖြေရဖို့ သီသီလေးလိုတော့တဲ့စက္ကန့်ပိုင်းမှာမှ ဘယ်သူက လှမ်းခေါ်နေပါလိမ့်။

စာမေးပွဲခန်းစောင့်တဲ့ ဆရာ၊ ဆရာမတွေကလည်း အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်။

ထပ်ကြားရတယ်။

"ဟေ့လူ ဟေ့လူ"

တော်တော်တိုးပေမယ့် ပထမတခေါက်အသံကတည်းက နည်းနည်းဂရုပြုမိထားတဲ့အတွက် ခေါင်းကို ဆတ်ကနဲ ဘယ်လှည့်ညာလှည့် လှည့်လိုက်တယ်။ ဘယ်လှည့်လိုသာပြောရတယ်၊ အဲဒီဖက်မှာက နံရံပဲရှိပါတယ်။ ညာဖက်မှာတော့ စာဖြေနေတဲ့ ဘော်ဒါတယောက်ရှိတယ်။ စာရေးစားပွဲခုံရှည်တခုံတည်းမှာ တဖက်တချက်စီ အစွန်းဖက်မှာ ထိုင်ပြီး စာဖြေရတာဖြစ်ပါတယ်။

ကြည့်လိုက်တော့ ဘော်ဒါက လက်ဟန်နဲ့ပြရင်း ပြောတယ်။

"ဘယ်နှနာရီ ရှိပြီလဲ"

ဒီက ကောင်ကလည်း ခပ်အုပ်အုပ်လေး ပြန်ဖြေတယ်။

"နှစ်နာရီ ထိုးတော့မယ်"

အဲဒါနဲ့ သူလည်း စာဆက်ဖြေ၊ ကိုယ်လည်း ခေါင်းတွေ ချွေးထွက်အောင် စဉ်းစား။

နာရီဝက်လောက်ကြာတော့ တခါထပ်ကြားပြန်တယ်။

"ဟေ့လူ ဟေ့လူ" "ဟမ်"

"ဘယ်နှနာရီ ရှိပြီလဲ" "နှစ်နာရီ မိနစ်သုံးဆယ်"

"အင်း"

အဲဒီပုဂ္ဂိုလ် စာတွေ ဆက်ရေး ဆက်ဖြေနေတယ်။ တော်တော်များများကို ရေးဖြေနေတာ။

သိပ်မကြာမီမှာပဲ။ လုပ်ချောင်းဟန့်သံကြားလိုက်ပြီး "အခုကော ဘယ်လောက်ရှိသွားပြီလဲ" လို့မေးလာပြန်ပါရောဗျာ။

"အချိန်ပြည့်တော့မယ်၊ နောက်ဆယ်မိနစ်ဆိုရင် ပြည့်ပြီ" ဖြေသာဖြေလိုက်ရတယ်။ သိပ်တော့ မကျေနပ်။ ကိုယ်တော်ချောက နာရီမပတ်။ သူကလည်း သိပုံရတယ်။ အချိန်တွေမေးတိုင်း မေးတိုင်း မဖြေချင့်ဖြေချင်ဖြေနေသောသူရဲ့ လေသံကို ဖမ်းမိသွားပုံပေါ့။ အချိန်ပြည့်လို့ စာရွက်တွေသိမ်းတဲ့အခါမှ နှစ်ယောက်စလုံး ထိုင်ခုံမှ ထကြ၊ ပုဂ္ဂိုလ်က နှုတ်တောင် မဆက်သွား။

တခုမေ့သွားတယ်။ အချိန်မေးသူကို အဆင်ပြေအောင် လက်ပတ်နာရီအိုလေးကို လက်ကနေ ချွတ်ပြီး စားပွဲခုံရဲ့ အလယ်လောက်မှာ ထားထားလိုက်ဖို့အကြံကို စာမေးပွဲခန်းမက ထွက်လာမှ ရမိတယ်။ အေးပေါ့။ နောက်တရက် ဆက်ဖြေရဦးမှာပဲ။ ရောက်တာနဲ့့ လက်ပတ်နာရီလေးကို အလယ်ခေါင်မှာ တင်ထားလိုက်မယ်။ သူလည်း နာရီကြည့်နိုင်၊ ကိုယ်လည်း အချိန်ခဏခဏ မေးခံရလို့ စာဖြေရတာ အနှောက်အယှက်မရှိနိုင်။ ကိုယ့်တွေးချက်နှင့်ကိုယ် ဟုတ်နေတာပေါ့။

နောက်တရက်ရောက်၊ စာမေးပွဲခန်းထဲကို နောက်နည်းနည်းကျမှဝင်၊ ထိုင်ခုံမှာ ဝင်ထိုင်မလို့ ပြင်တဲ့အချိန်မှာ စာရေးစားပွဲခုံကို ကြည့်မိတယ်။

ဟိုက် ဘာကြီးတုန်း။

စားပွဲတင်နာရီကြီးလေ။ စွင့်စွင့်ကားကားလို့ ပြောရမလားပဲ။ သုံးနေကြနှိုးစက်နာရီလိုမျိုး သေးသေးလေးမဟုတ်၊ ထုနဲ့ထည်နဲ့ လေးထောင့်ကျကျ ခန့်ခန့်ထည်ထည်ကြီး။ ဒီလူဗျာ ဒီလောက်ရှိတဲ့ နာရီကြီးကို စာမေးပွဲခန်းထဲ ဘယ်လိုလုပ်ယူလာတုန်းဆိုတာ မတွေးတတ်အောင်ပါပဲ။ ဆရာ ဆရာမတွေကို ပြောဆိုခွင့်တောင်းပြီး ယူလာပုံရပါတယ်။ စစ်တုရင် ပြိုင်ပွဲတွေက စားပွဲတင်နာရီတွေကိုတောင် မြင်ယောင်မိပါတယ်။

အဲဒီနေ့မှာတော့ "ဟေ့လူ ဟေ့လူ" ဆိုတဲ့ ခေါ်သံလည်း မကြားရ၊ "ဘယ်နှနာရီ ရှိပြီလဲ" လို့ မေးသံလည်း နှုတ်ဆိတ်။

အဲ နေဦးဗျ။ နာရီရဲ့ စက္ကန့်လက်တံသွားနေသံကတော့ တချက်ချက်နဲ့ တိတ်ဆိတ်နေတဲ့ စာမေးပွဲခန်းကို ဖုံးလွှမ်းနေလေရဲ့။

အဲဒီနေ့က ဖြေတဲ့ဘာသာ ဂုဏ်ထူးအမှတ်တောင် ရတယ် ထင်ပါရဲ့ဗျာ။

ကျော်မောင် (တိုင်းတာရေး)
၃-ဇူလိုင်-၂၀၁၆

Jul 1, 2016

ကူညီခြင်း ဆိုရာဝယ်

သောကြာနေ့က ရုံးရောက်ဖို့ ကားစီးတဲ့အခါ နှစ်ထပ်ကားစီးရတယ်။ စီးနေကြအတိုင်း အတွင်းဖက်လှေကားကနေတဆင့် အပေါ်ထပ်ကို တက်တယ်။ လှေကားတက်တက်ချင်းမှာ တွေ့တဲ့ ထိုင်ခုံမှာဝင်ထိုင်တယ်။ ခါတိုင်းထိုင်နေကြက ကားမှန်နားကပ်လျက်၊ အခုက ခရီးသည်တယောက်ရှိနှင့်နေတဲ့အတွက် လျှောက်လမ်းဖက်က ထိုင်ခုံမှာ ထိုင်လိုက်ရတယ်။ ထိုင်ခုံတွေက သီးခြားခုံတွေကို နှစ်ခုံစီတွဲထားတာ။ ခရီးသည်တွေ တယောက်ချင်း ကားပေါ်တက်လာနေကြ၊ ထိုင်ခုံမှာ ထိုင်ကြ၊ ထိုင်နေတဲ့သူတွေက ဖုန်းတွေသုံးကြနဲ့ မကြာခင်မှာပဲ ကားက စထွက်ပါတယ်။

နှစ်ထပ်ကားမောင်းတဲ့ ဘတ်စ်ကားကပ္ပတိန်က လူလတ်ပိုင်းအရွယ် မလေးအမျိုးသမီးဖြစ်ပါတယ်။ ကားထွက်ချိန်မှာပဲ လုပ်စရာနှစ်ခုကို သတိရမိတယ်။ ကျောပိုးအိတ်ထဲမှာ ပါတဲ့ စာအုပ်ကို ထုတ်ဖတ်မလား၊ ဖုန်းထဲက မှတ်စုမှာပဲ တိုတိုထွာထွာရေးမလားဆိုတာပါပဲ။ ဖုန်းက လက်မှာ ကိုင်ပြီးသားဆိုတဲ့အတွက် ရေးဖို့ရွေးချယ်လိုက်ပြီး ဖုန်းကို ဖွင့်ပါတယ်။ ကားက ဂိတ်ကအထွက် မီးပွိုင့်မှာ မီးနီမိနေပါတယ်။ 

အဲဒီမှာပဲ အောက်ထပ်က အသံတသံကြားပါတယ်။ ဘာပြောမှန်း မသဲကွဲပါ။ သေသေချာချာနားထောင်ကြည့်မှ " ဟလို ဟလို" ဆိုတာကို စကြားရတယ်။ တခုခုကို လက်နဲ့ တဖုန်းဖုန်းရိုက်နေတာလည်း ကြားရတယ်။ အသံထဲမှာ "အပေါ်ထပ်က တယောက်ယောက်ကူညီပါ" လို့ ကြားမိသလိုဖြစ်တော့ ထိုင်နေတဲ့နေရာကနေ ဘေးတွေ နောက်တွေ လှည့်ကြည့်မိတယ်။ လျှောက်လမ်းမှာ အန်တီတယောက် မတ်တပ်ရပ်ပြီး ဖုန်းသုံးနေတာကို တွေ့တယ်။ ရိပ်မိသွားပြီ၊ အောက်က တဒုန်းဒုန်းအသံနဲ့ ပြောသံတွေက ကားကပ္ပတိန်ဆီက လာတာ။ အပေါ်ထပ်မှာ မတ်တပ်ရပ်စီးခရီးသည် မရှိရဘူး။ အပေါ်ထပ်ကို တက်တဲ့လှေကားမှာလည်း မတ်တပ်ရပ်ခွင့်၊ ထိုင်ခွင့်မရှိဘူး။ 

အန်တီက ဖုန်းလေးပွတ်နေမြဲ၊ အောက်ကအသံကလည်း ပိုပြီး ညံလာသလို၊ ကားက မီးပွိုင့်ကနေ ထွက်စပြုနေပြီ။ 

အန်တီ ဒီမှာလာထိုင်ဆိုပြီး ပြောတဲ့အခါ အန်တီက ရပါတယ်တဲ့။ မဟုတ်ဘူး သွားထိုင်၊ အဲဒီမှာ မတ်တပ်ရပ်လို့မရဘူးပြောပြီး လှေကားကနေ အောက်ထပ်ကို ဆင်းခဲ့တယ်။ ကားကပ္ပတိန်ဆီက ကျေးဇူးတင်ပါတယ်ဆိုတာလည်း မကြားရပါ။ အောက်ထပ်က ခရီးသည်တွေဆီက အကြည့်တွေကို စူးစူးရဲရဲခံလိုက်ရပါတယ်။ စည်းကမ်းဖောက်တာ ဒီလူပဲဖြစ်မယ်ဆိုတဲ့အကြည့်။ ကားပ္ပတိန်အော်နေတာ ဒီလူပဲဖြစ်မယ်ဆိုတဲ့အကြည့်။ ကားကပ္ပတိန်ခေါင်းပေါ်ဖက်မှာရှိတဲ့ တီဗီကို ခရီးသည်တွေ ကြည့်ဖြစ်ချင်မှ ကြည့်ဖြစ်ကြပါလိမ့်မယ်။ သူက အဲဒီကနေ လှမ်းကြည့်ပြီး အန်တီ့ကို ပြောတာ။ 

ဘာပဲပြောပြော လုပ်သင့်တာတခုကို လုပ်ဖြစ်သွားတဲ့အတွက် ပီတိဖြစ်ရပါတယ်။

Jun 29, 2016

ရေးကြည့်တာပါ ::)

(က) သမီး မေမေ အိပ်နေတုန်း သမီးကလည်း သူ့ဘာသာသူ ကစားနေချိန် သမီး ဖေဖေက မျဉ်းကြောင်းမပါတဲ့ စာရွက်ဖြူပေါ်မှာ ဘော့ပင်နဲ့ ဟိုးအရင်တုန်းက ရေးခဲ့တဲ့ ဆောင်းပါးတပုဒ်၊ တိတိကျကျပြောရရင် ဝတ္ထုတပုဒ်ကို ညွှန်းတဲ့ အညွှန်းဆောင်းပါးကို စာပြန်စီကာ ထည့်သင့်တာထည့် ဖြုတ်သင့်တာဖြုတ်ပြီး လက်ရေးမူကနေ ဒစ်ဂျစ်တယ်သို့ပြောင်းကာ ကွန်ပျူတာထဲသို့ သိုလှောင်သိမ်းဆည်းခြင်းပြုလုပ်နေပါသည်။

(ခ) သမီး မေမေ အိပ်နေတယ်။ သမီးကလည်း သူ့ဘာသာသူ ကစားနေတယ်။ သမီးဖေဖေက စာအညွှန်းဆောင်းပါးတပုဒ်ကို ဒစ်ဂျစ်တယ်သို့ပြောင်းနေတယ်။ အဲဒီဆောင်းပါးက အရင်တုန်းက လက်ရေးနဲ့ ရေးခဲ့တဲ့ဆောင်းပါး။ မျဉ်းကြောင်းမပါတဲ့ စာရွက်ဖြူပေါ်မှာ ဘော့ပင်နဲ့ ရေးခဲ့တာပေါ့။ အခု ကွန်ပျူတာသုံးပြီး စာစီတဲ့အခါ အနည်းငယ်တည်းဖြတ်မှု လုပ်ရပါတယ်။

(ဂ) အိမ်မှုကိစ္စတွေ သမီးဝေယျာဝစ္စတွေ တနေ့လုံးလုပ်ရတဲ့အတွက် ညဖက်ရောက်လို့ သမီးမေမေ ပင်ပန်းသွားပြီး အိပ်ပျော်သွားချိန်မှာ သမီးက ဖေဖေ့ကို အထူးတလည် ဒုက္ခမပေးဘဲ သူ့ဘာသာသူ ခြင်းတောင်းကလေးတွေ အရုပ်လေးတွေ သစ်သားတုံးလေးတွေနဲ့ ဖေဖေ့နားမှာ လာကစားနေတယ်။ ဖေဖေကလည်း ဟိုးတုန်းက သူရေးခဲ့ဖူးတဲ့ မျဉ်းကြောင်းမပါ ဗလာစာရွက်ဖြူလွတ်ပေါ်က အညွှန်းဆောင်းပါးတစောင်ကို ဟိုပြင် ဒီပြင်လုပ်ပြီး ကွန်ပျူတာပြန်ရိုက်နေတယ်။

(ဃ) တနေ့လုံး မနားတမ်း အလုပ်နဲ့ လက်နဲ့ မပြတ်တဲ့ သမီးမေမေဟာ ညဦးပိုင်းရောက်တဲ့အခါ ဟန်မျှပင် မဆောင်နိုင်တော့ဘဲ အလွန်နွမ်းလျနေပြီဖြစ်တဲ့အကြောင်းကို နှစ်ခြိုက်စွာ အိပ်စက်ပြနေခြင်းဖြင့် သမီးဖေဖေကို သက်သေပြနေပါတယ်။ သမီးကလည်း ဖေဖေ့ကို သူကြိုက်တာ လုပ်ပါစေလေလို့ မပြောရုံတမယ် ဖေဖေ့ဘေးနားမှာ ကစားဖွယ်ရာတွေနဲ့ အလုပ်များနေပါတယ်။ ဖေဖေကတော့ လက်ရေးနဲ့ လှပသေသပ်စွာရေးထားတဲ့ ဆောင်းပါးလေးတစောင်ကို ကီးဘုတ် တဂျောက်ဂျောက်ရိုက်ကာ ပုံစံပြောင်းနေလေရဲ့။

(င) သမီး နဲ့ သမီးမေမေ သူတို့အလုပ် သူတို့ လုပ်နေကြချိန်မှာ သမီးဖေဖေလည်း သူဝါသနာပါရာ အလုပ်ကို လုပ်နေလျက်ရှိပါသည်။

(စ) သမီး ကစား ၊ မေမေနားချိန်၊ ဖေဖေမှာတော့ တဂျောက်ဂျောက်။

(ဆ) ကလေးအဖေ ကျနော် စာရေးနေသည်။

Jun 4, 2016

ပုံပြောခြင်း အတတ်ပညာ

ငယ်ငယ်တုန်းက စာဖတ်တဲ့အခါ စာစောင်တွေ မဂ္ဂဇင်းတွေမှာ ပုံပြင်တွေပါလာရင် တေးမှတ်ထားပြီး နောက်ဆုံးမှ ဖတ်တယ်။ ဘာနဲ့တူသလဲဆိုတော့ မုန့်ဟင်းခါးစားတဲ့အခါ ကြက်သွန်ဥပါလာရင် နောက်ဆုံးမှ စားသလိုပဲ။ တခြားအရသာတွေနဲ့ မရောစေဘဲ သီးသန့်စားလိုတာဖြစ်တယ်။ ပုံပြင်ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ၊ အခြားရသတွေနဲ့ မရောစေလိုတဲ့အတွက် တခြားဖတ်ဖွယ်မှတ်ရာတွေ ဖတ်ပြီးတဲ့အခါမှ သေသေချာချာ စိမ်ပြေနပြေဖတ်တယ်။

အဖေက အပြောအဟောကောင်းတယ်။ ဇာတ်နိပါတ်တော်တွေထဲက ဇာတ်ကြီးဆယ်ဘွဲ့အစရှိတာတွေ၊ သမိုင်းဆိုင်ရာပုံပြင်တွေ ပြောတယ်။ နောက်ပိုင်းမှာ ရတနာမွန်မဂ္ဂဇင်းတို့၊ မင်္ဂလာမောင်မယ် စာစောင်တို့၊ ရွှေသွေးဂျာနယ်တို့ ဖတ်လာတဲ့အခါ ပုံပြင်နားထောင်သူအဆင့်ကနေ ပုံပြင်ဖတ်သူဖြစ်လာတယ်။ ဒါပေမယ့် ဖတ်ထားတဲ့ပုံပြင်တွေကို ပြန်ပြောခွင့် မကြုံခဲ့ဘူး။ ညီငယ် အရွယ်ရောက်လာတဲ့အခါမှ အိပ်ရာဝင်ပုံပြင်တွေကို ပြောပြခွင့်ကြုံတယ်။

ညီအငယ်ကောင်က ပုံပြင်တွေကို မှတ်သားထားလေ့ရှိတယ်။ ဒီတစ်ပတ်မှာ ပြောတဲ့ပုံပြင်နဲ့ အရင်တစ်ပတ်မှာ ပြောတဲ့ပုံပြင် ထပ်လို့မရဘူး။ ကိုလေး အဲဒါပြောပြီးသားကြီးကွ ဆိုပြီး သတိပေးတတ်တယ်။ ညတိုင်း အိပ်ခါနီးတိုင်း ပြောရတာဆိုတဲ့အခါ သိထားတဲ့ပုံပြင်တွေလည်း တဖြည်းဖြည်း ရှားလာတယ်။ မသိသေးတဲ့ပုံပြင်အသစ်တွေကို လိုက်ရှာဖတ်ရတယ်။ စာအုပ်ဆိုင်တွေမှာ ပုံပြင်စာအုပ်တွေ့လို့ စိတ်ကြိုက်နဲ့ကိုက်ရင် ဝယ်တယ်။ မှတ်မိတာက လမ်းဘေးပလက်ဖောင်းပေါ်မှာ ချရောင်းနေတဲ့ ပုံပြင်စာအုပ်တစ်အုပ်တွေ့လို့ ဝယ်လိုက်ဖူးတယ်။ အဲဒီစာအုပ်က အင်္ဂလိပ်လိုရေးထားတဲ့ မြန်မာပုံပြင်များ စာအုပ်ပဲ။ အခုထိ ဖတ်လို့ မရိုးနိုင်ဘူး။

အဲဒီအထဲက ပုံပြင်တွေ ဖတ်ပြီး ညီကို ပြန်ပြောတယ်။ ပြန်ပြောဖို့ ဖတ်ရတဲ့အတွက် ဖတ်ရတာအပြင် ယုတ္တိယုတ္တာဆိုတဲ့ကိစ္စကိုလည်း ထည့်စဉ်းစားရပြန်တယ်။ ဒီကောင်က ပုံနားထောင်တဲ့အခါ ကြားဖြတ်မေးလေ့ရှိတယ်။ အဖြေခက်တဲ့အခါ ဒါ ပုံပြင်ကွလို့ ပြောလိုက်ရတယ်။

တစ်ညမှာ အတော်အိပ်ချင်လာတာနဲ့ ပုံပြင်မပြောဘဲ အိပ်တော့မယ်လို့ ပြင်တယ်။ ပုဂ္ဂိုလ်လေးက ဟေ့ ကိုလေး ပုံပြောဦးကွလို့ တောင်းဆိုတယ်။ အေး ပြောတာပေါ့ဆိုပြီး စိတ်ထဲရောက်လာတဲ့ ပုံတွေ ပြောတယ်။ အဲဒါ ငါ သိတယ်ကွလို့ သူကပြော၊ နောက်တစ်ပုံပြောင်းပြော၊ ဒါလည်း သိပြီးသား၊ နောက်တစ်ပုံပြောင်းပြော၊ ပုံတွေထပ်နေပြီလို့ ပြော၊ အဲဒါနဲ့ ဘာလုပ်ရသလဲဆိုတော့ ဉာဏ်သုံးရပါတော့တယ်။

ပုံပြင်တွေကို သုံးလေးပုံလောက် ပေါင်းလိုက်တယ်။ နားထောင်နေတဲ့ ညီငယ်လည်း အတော်သဘောကျသွားတယ်။ သူလည်း သိတော့သိတယ်။ ဒါပေမယ့် ပုံပြင်က အသစ်လိုဖြစ်နေတဲ့အခါ ဘာစောဒကမှ မတက်နိုင်တော့ဘူး။

ပြောရင်းပြောရင်းနဲ့ ပုံပြင်ကို ဘယ်လို အဆုံးသတ်ရမယ်မှန်း မသိတော့တဲ့ အခြေအနေရောက်လာတယ်။ လိုက်ပေါင်းရင်း ပေါင်းရင်းနဲ့ ပုံပြင်က မဆုံးနိုင်တော့ဘူး။ နားထောင်သူက သေသေချာချာနားထောင်နေတယ်။ သူက သမ်းတောင် မသမ်းဘူး။ ပုံပြောသူက မျက်ခွံတွေ လေးလာတယ်။ စကားလုံးတွေ ဗလုံးဗထွေးဖြစ်လာတယ်။ ပုံပြင်က အစီအစဉ်မကျတော့ဘဲ ဟိုရောက်ဒီရောက်ဖြစ်လာတယ်။ ငါ အိပ်တော့မယ်ကွာလို့ ပြောကြည့်တယ်။ ဟိုက လက်မခံဘူး။ ပြီးတော့ ဘာဖြစ်သွားလဲဆိုတာကိုသာ မေးနေတယ်။ ပြောရင်းပြောရင်းနဲ့ ပုံပြောသူ အိပ်မောကျသွားတယ်။

မနက်အိပ်ရာထတဲ့အခါ ညီငယ်က အခုလိုကောင်းချီးပေးတယ်။

"ကိုလေးရေ ညက မင်းပြောတဲ့ပုံပြင် အရမ်းကောင်းတယ်။ ပုံပြောနေတဲ့ မင်းတောင် အိပ်ပျော်သွားတယ်"

ပုံပြောခြင်းဖြင့် အိပ်မောကျနိုင်ကြပါစေ။

ကျော်မောင်(တိုင်းတာရေး)
၄-ဇွန်-၂၀၁၆