Jun 4, 2016

စာမေးပွဲ

ကကြီးကို ခကွေးက ဒီလိုမေးတယ်။

"ဘာကြောင့် ကကြီးလို့ ခေါ်တာလဲ"

ကကြီးက ပြန်ပြောတယ်။ 
"ခကွေးလို့ ဘာကြောင့်ခေါ်တာလဲဆိုတာ ဖြေနိုင်ရင် ကကြီးလို့ ဘာကြောင့် ခေါ်တာလဲဆိုတာ ဖြေမယ်"

တဆက်တည်းမှာပဲ ကကြီးက ခကွေးကို ပြန်မေးလိုက်တယ်။ 
"နေပါဦး ဘာကြောင့် ကကြီးအကြောင်း စိတ်ဝင်စားရတာတုန်း"

"ခကွေးလို့ ဘာကြောင့်ခေါ်တာလဲဆိုတာ စဉ်းစားနေရင်းနဲ့ ရှေ့က ကကြီးအကြောင်းကို စဥး်စားမိသွားတယ်၊ အဲဒီမှာပဲ ကကြီးအကြောင်းသိချင်လာတယ်။ အဲဒါနဲ့ မေးမိတာ"

စိတ်ဆိုးသွားတဲ့ ကကြီးက "နောက်ကို သူများအကြောင်းသိချင်ရင် ကိုယ့်အကြောင်းကိုယ်သိအောင် အရင်လုပ်ပြီးမှ မေး" လို့ ဒေါနဲ့မောနဲ့ပြောတယ်။

ခကွေးက ခေါင်းကို လက်နှင့် အသာကုတ်ရင်း

"သူများအကြောင်းသိမှ ကိုယ့်အကြောင်းကိုယ်သိမှာ ဖြစ်တဲ့အတွက် မေးတာ"
"ဘာကြောင့် ကကြီးလို့ ခေါ်တာလဲ"

ဤတွင် စကားပြောခန်း ခဏရပ်သိမ်းသည်။

ဆောင်ပုဒ်မှာ "မေးမြန်းခြင်းဖြင့် သိလိုစိတ်ကို ထိုးဆွပါ" ဟူ၍။

ကျော်မောင်(တိုင်းတာရေး)
၄-ဇွန်-၂၀၁၆

May 5, 2016

ကဗျာတွေ စာတွေ ဖတ်ကြမယ်

ကဗျာတွေ စာတွေ ဖတ်ကြမယ်

ကဗျာတွေက ဖတ်လို့ကောင်းပါတယ်
စာတွေကလည်း ဖတ်လို့ကောင်းပါတယ်
ကဗျာတွေ ခေတ်အဆက်ဆက်မှာ ရှိတာဟာ
ကဗျာစာဆိုတွေ ခေတ်အဆက်ဆက်မှာ ရှိလို့ပါပဲ

စာရှိရင် ကဗျာရှိတာပါပဲ
ကဗျာရှိတာ ကဗျာစာဆိုတွေကြောင့်တင်မဟုတ်
ကဗျာတွေကို လက်ဆင့်ကမ်းသယ်နိုင်သူတွေကြောင့်လည်းပဲဖြစ်ပါတယ်
အင်တာနက်ခေတ်မှာ ကဗျာတွေ လက်ဆင့်ကမ်းကြရအောင်ပါ
ရှာရ ဖွေရ လွယ်အောင် ကြိုးစားကြတာပေါ့။

ကဗျာတွေလည်း ဖတ်
ကဗျာတွေလည်း စပ်ကြပါ
စာတွေလည်း ဖတ်
စာတွေလည်း မထပ်ရအောင် ရေးကြပါ

အချိန်တွေ မပေးနိုင်ပေမယ့် 
ပေးနိုင်မယ့် အချိန်မှာ ဖတ်ကြ စပ်ကြပါ

ဖတ်သမျှကို အခြားသူတွေလည်း သိအောင်
ဝေမျှပါ

ကဗျာတွေ စာတွေ ဖတ်ကြပါစို့။ ။

သတိ - ကဗျာတွင် စျေးမတက်ရ

"ရောင်စုံဘောလုံး ရောင်စုံဘောလုံး တလုံးငါးပြား တလုံးငါးပြား ကြိုက်တဲ့အရောင်ရွေးပါ ကြိုက်တဲ့အရောင်ရွေးပါ တလုံးငါးပြား တလုံးငါးပြား"

ဖေဖေကျော်က အထက်ပါအတိုင်း သမီးဖြစ်သူကို ရောင်စုံဘောလုံး ကဗျာလေး ဆိုပြနေချိန်မှာ မေမေယဉ်က ကြားဖြတ်ပြောတယ်

"တလုံးခြောက်ရာလို့ရွတ်ပါ၊ တလုံးငါးပြား မဟုတ်တော့ဘူး"

"မရဘူး၊ တလုံးငါးပြားက တလုံးငါးပြားပဲ"

"ငါးပြားခေတ် မဟုတ်တော့ဘူးလေ"

"အဲဒီ ကလေးကဗျာ စကြားတုန်းက တလုံးငါးပြားပဲ၊ အခုမှ ခေတ်နဲ့လျော်ညီအောင် တလုံးခြောက်ရာလို့ မပြောင်းနိုင်ဘူး"

"ဒါဆို သမီးလေး အရွယ်ရောက်လို့ ငါးပြားဆိုတာ ဘာလည်း မေးရင် ဘယ်လိုရှင်းပြကြမလဲ၊ အဲဒီအခါ ဖေဖေကျော်ပဲ ရှင်းပြလိုက်"

အကွက်ကလည်း ဆိုက်လာတော့

"အေးကွ၊ ပိုတောင် ရှင်းပြလို့ကောင်းသေး၊ သမီးရေ ငါးပြားဆိုတာ အဖေတို့တုန်းကလေ ဆိုပြီး အစချီလိုက်ရင် ဘာပြောကောင်းမလဲ တထောင့်တညပုံပြင်ထက်တောင် ကျော်သွားနိုင်သေး"

"ရောင်စုံဘောလုံး ရောင်စုံဘောလုံး တလုံးငါးပြား တလုံးငါးပြား"

ကလေးကဗျာများ ပိုမိုဖွံ့ဖြိုးလာနိုင်ပါစေ။ ။

ကျော်မောင်(တိုင်းတာရေး)
၂-မေ-၂၀၁၆

Apr 23, 2016

[ဘောင်ခတ်ကြည့်ခြင်း]

ဆရာမင်းသိင်္ခ၏ ဝတ္ထုစာအုပ်တအုပ်တွင် ဇာတ်ကောင်တယောက်ပြောသော "ဘာကိုပဲကြည့်ကြည့် ဘောင်ခတ်ကြည့်" ဆိုသည်ကို ပြန်လည်အမှတ်ရမိသည်။
ငယ်စဉ်လူငယ်ဘဝက ထိုဝတ္ထုဖတ်နေစဉ် ဖတ်လက်စစာအုပ်ကို ဘေးအသာချကာ အိမ်နံရံရှိ ဘောင်မခတ်ထားသော အရာများအား စိတ်ထဲမှနေ၍ ဘောင်ခတ်ကာ လိုက်ကြည့်မိသည်။
ဓာတ်ပုံရိုက်ဝါသနာပါသည့်အတွက် ကင်မရာမရှိခင်ကပင် လက်ဝါးနှစ်ဖက်သုံးပြီး ပါးစပ်မှ ချပ် ချပ် ချပ် ဟု အသံထွက်ကာ လက်ဝါးကင်မရာ ရိုက်ခဲ့သည်။
ဘယ်ဖက်လက်ဖဝါးအား မျက်နှာရှေ့တည့်တည့်တွင် လက်မထောင်ကာ ကန့်လန့်ဖြတ် အလျားလိုက် ထားသည်။ ညာဖက် လက်ဖမိုး၏ လက်ညှိုး အား ဘယ်ဖက်လက်ဖဝါးမှ လက်မနှင့် ထိစေ၍၊ ဘယ်ဖက်လက်ဖဝါး လက်ညှိုးအား ညာဖက် လက်ဖမိုး လက်မနှင့် ထိစေကာ ညာဖက် လက်ဖမိုးကို ဘယ်ဖက်လက်ဖဝါးပေါ်တွင် ထားသောအခါ လက်ညှိုး လက်မများ ကြားတွင် ထောင့်မှန်စတုဂံပုံစံ ဟင်းလင်းပေါက်တခု ရပေမည်။
မျက်လုံးတဖက်မှိတ်လျက် ထိုဟင်းလင်းပေါက်ကို အသုံးပြုကာ ရိုက်လိုသော မြင်ကွင်းများကို လက်ဝါးဓါတ်ပုံရိုက်ယူနိုင်သည်။
ဘောင်ခတ်ကြည့်ခြင်း ဖြစ်ပါသည်။
ဘောင်ခတ်ကြည့်ခြင်း၏ အကျိုးဆက်မှာ ထိုဘောင်ခတ်ကြည့်သော နေရာ သို့မဟုတ် အရာဝတ္ထု သို့မဟုတ် သက်ရှိအား ပိုမိုစူးစိုက်ကာ လေ့လာနိုင်ခြင်းဖြစ်ပေသည်။. ထိုတွင် ယခင်က သတိမထားမိခဲ့သော၊ အရေးမစိုက်မိခဲ့သော အရာများအား ထင်ထင်ရှားရှား တွေ့လာနိုင်ပါသည်။
ပမာအားဖြင့် ပေးရပါလျှင် ဘောင်မခတ်ထားသော ပန်းချီကား၊ ဘောင်မခတ်ထားသော ဓာတ်ပုံ တို့ကို စိတ်ထဲကနေ ဘောင်ခတ်မကြည့်တတ်သောအခါ၊ သို့မဟုတ် လက်ဝါးကင်မရာသုံးပြီး မျက်လုံးတဖက်မှိတ် မကြည့်တတ်သောအခါ ထိုအရာများကို ထင်ထင်ရှားရှားမြင်နိုင်ဖို့ အနည်းငယ်ခက်ခဲလှပါသည်။
ဘောင်ခတ်ကာ မြင်နိုင် ကြည့်နိုင်ကြဖို့ လိုပါသည်။
ကျော်မောင်(တိုင်းတာရေး)
၂၃-ဧပြီ-၂၀၁၆