Apr 14, 2016

သင်္ကြန်ပလေးဘက်


မုန့်လုံးဆို ရေပေါ်၊ ဒီဖေကျော် အလွန်ကြိုက်
သင်္ကြန်မှာ သူ မအိုက်တယ်၊ ရေပုံးကိုပိုက်။
တစီးမှ အလွတ်မပေး၊ အငြိုးတေး လုံးဝမပါ
သည်အခါ သည်ကာလ၊ ညအမှောင်
ယောင်ယောင်သန်းလေမှ၊ ရေပုံးကိုချ။
                                    သင်္ကြန်တွင်းမို့၊ သင်္ကြန်ထမင်း သင်္ကြန်ဟင်းစား
                                    သင်္ကြန်သီချင်းနားထောင်၊ သင်္ကြန်အကကြည့်
                                    သင်္ကြန်ပီတိတွေနဲ့၊ သင်္ကြန်စာတွေဖတ်
                                    သင်္ကြန်တွေအကြောင်း ပြန်ပြောင်းပြောကြ
                                    သင်္ကြန်ဇာတ်လမ်းထဲက၊ သင်္ကြန်မှာ မပျော်ရ
                                    သင်္ကြန်မှာ မပါးရ၊ ဖလန်းဖလန်းမထရရှာတဲ့
                                    သင်္ကြန်ချစ်တဲ့သူတယောက်အကြောင်း
                                    စာနာကာ ကရုဏာသက်။
 နောက်တနေ့မနက်၊ နေလည်းထွက်ရော
 ခပ်မိုက်မိုက်ဒီဇိုင်းထွင်ကာ၊ အကြင် သင်္ကြန်ပိုးထသူသည်
 ရေကစားရန် ပြင်ပါတော့သည်၊ ဘယ်သူ ဆူဝံ့ ဟန့်ဝ့ံပါမည်နည်း ။
                                                                     
   ဖေကျော်
   သင်္ကြန်အကျနေ့ ၁၃၇၇/၇၈

Mar 3, 2016

အတွေးများဖြင့်

လွန်ခဲ့တဲ့ တနလာင်္နေ့က အတွေ့အကြုံတခုပါ။ ရထားစီးတဲ့အခါ ခါတိုင်းလိုပဲ စီးတဲ့အချိန်က ခရီးသည် အသင့်အတင့် ရှိတဲ့အချိန်ဖြစ်လေတော့ ရထားဆိုက်ဆိုက်ချင်းမှာပဲ ခြေထောက်နှစ်ချောင်းနေရာရအောင် ရထားတွဲအတွင်းဖက် ခပ်ကျကျကို သွားရပ်ပါတယ်။ လွယ်ထားတဲ့ ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ချထားလိုက်ပါတယ်။ ချပြီးတာနဲ့ ဘေးဘီဝဲယာ တချက်တော့ ဝေ့ကြည့်လိုက်မိပါတယ်။ ကုန်ကြမ်းရှာတယ်ပဲပြောပြော၊ အကျင့်ပါတယ်ပဲဆိုဆို၊ စီးတဲ့ ရထားတွဲထဲက ခရီးသည်တွေ ဘယ်လိုလူတွေလည်း ဆိုတာ၊ ပတ်ဝန်းကျင်က ဘာတွေဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ သိအောင် ပြုတဲ့ အပြုအမူပါပဲ။

ဒါကို ဆရာတယောက်က surroundings observation လို့ နာမည်ပေးထားပါတယ်။ ပိုက်ဆံမကုန်၊ အသိတိုးစေတဲ့ လေ့လာချက်ဖြစ်ပါတယ်။ ရထားပေါ်မှာ မြင်ရ ကြားရတာတွေ ခဏဆိုပြီး အထင်မသေးပါနဲ့၊ တချိန်မှာ အသုံးဝင်လာကောင်း ဝင်လာနိုင်ပါတယ်။ ရထားပေါ်တင် မဟုတ်၊ တခြားနေရာမှာလည်း ပတ်ဝန်းကျင် စူးစမ်းလေ့လာခြင်း ဆိုတာ အရေးပါပါတယ်။

ဟိုဟိုဒီဒီ တချက် ဝေ့ကြည့်တဲ့အခါ ဘေးချင်းကပ် ရပ်နေတဲ့ တယောက်ရဲ့ ကျောပိုးထားတဲ့အိတ်ကို မြင်လိုက်ရပါတယ်။ ကျောပိုးအိတ်က အတော်သေးပါတယ်။ သားရေနဲ့ လုပ်ထားသော ကျောပိုးအိတ်ဖြစ်ပါတယ်။ အဲဒီ ကျောပိုးအိတ်က ဇစ်ပွင့်နေပါတယ်။ အိတ်ကို ဖွင့်ပြီးတဲ့အခါမှာ ပြန်ပိတ်ဖို့ မေ့သွားတာဖြစ်နိုင်ပါတယ်။

လွယ်ထားတဲ့ ကျောပိုးအိတ်ပွင့်နေတာကို မြင်ရဖို့ဆိုတာ ကြည့်သူက အရပ်အနည်းငယ်မြင့်မှ ဖြစ်မှာပါ။ ကျောပိုးအိတ်လွယ်ထားသူက အသက် ၅၀ ပိုင်းလောက်ရှိမယ့် မလေးလူမျိုး အန်တီကြီး တယောက်ဖြစ်ပါတယ်။ အရပ်က နည်းနည်းပုပါတယ်။ ဒါကြောင့်သူ့အိတ်အတွင်းဖက်လောက်ကို နည်းနည်း မြင်ရတာပါ။သူကြည့်လိုက်တော့ သူက မျက်လုံးလေးမှေးပြီး သူ့စည်းစိမ်နဲ့သူ။ "ဟလို" ဆိုပြီး ပါးစပ်ဟလိုက်ရင် သူ့မျက်လုံးပွင့်လာမယ်၊ "ဟလို" လို့ အသံထွက်တဲ့သူကို လိုက်ကြည့်မယ်၊ အဲဒီမှာ "your bag" လို့ ပြောလိုက်ရင် ပွဲပြီးသွားမယ်၊ သူသိသွားရင် "Thank you" တွေ ဘာတွေ ပြောပြီး သူ့အိတ်ဇစ်ကို ဆွဲပိတ်မယ်။ ဒါက ပထမဆုံး ပေါ်လာတဲ့ အတွေး။ ဒါပေမယ့် အဲဒီ "ဟလို" ဆိုတာကို ပြောဖို့ နှုတ်လေးနေတယ်။

သူ့ရဲ့ တဖက်မှာ မိန်းမတယောက်ရှိတယ်။ အဲဒီတယောက်က ပွင့်နေတဲ့ ကျောပိုးအိတ်ကို မျက်နှာမူပြီး ဖုန်းသုံးနေတယ်။ အန်တီကြီးက ဘယ်ဘူတာကနေ စီးလာတယ်မသိ၊ ဟိုတယောက်ကလည်း တွေ့ရဲ့သားနဲ့ ဘာကြောင့် မပြောသလဲ။ အဲဒီ အမျိုးသမီးကို ကြည့်တော့ သူကလည်း သူ့ အာရုံနဲ့သူ။ ဒါပေမယ့် စိတ်ထဲမှာ ဘာသွားဖြစ်သလဲဆို ဟာ ဒီအမျိုးသမီး သူ့ရှေ့တည့်တည့်မှာ အိတ်ပွင့်နေတာကို မိန်းမချင်း လက်တို့လိုက် ရတာပဲ၊ ဘာလိုပါလိမ့်လို့တွေးမိ။ ဒါက ဒုတိယ ဖြစ်သွားတဲ့ အတွေး။

ရထားက တဘူတာဆိုက်သွားပြီး နောက်တဘူတာကို ဆက်မောင်းနေတယ်။ အဲဒီ နောက်တဘူတာမှာ ဆင်းရမှာ၊ မောင်းချိန်က ရှစ်မိနစ်လောက်ရှိတယ်။ ကဲ ဘာမှ ဆက်တွေးမနေနဲ့ သူ့ကံနဲ့ သူရှိပါစေ။ သူလည်း သူ့အကြောင်းနဲ့သူ၊ တခြားသူတွေ့ရင် သတိပေးမှာပါပဲ။ အတွေးတွေကို ဖြတ်တဲ့ တတိယအတွေး။

တတိယအတွေးကို စတုတ္ထအတွေးက ဒီလိုလာဖျက်တယ်။ 
ဒီအန်တီကြီးရဲ့ အိတ်ထဲမှာ ပိုက်ဆံအိတ်လည်း ပါချင်ပါမယ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပါချင်ပါမယ်၊ ပြုတ်ကျနိုင်တဲ့ တိုလီမိုလီလည်း ပါချင်ပါမယ်။ အဲဒါတွေ မတော်လို့ ပြုတ်ကျ၊ လွင့်ကျသွားရင် သူ့ခမျာ အလုပ်ရှုပ်တော့မှာပါ။ အဲဒါကြောင့် နောက်ဘူတာ မဆင်းခင် သူ့အိတ်ပွင့်နေတာကို ပြောဖြစ်အောင် ပြောမယ်။

မှိန်းနေတဲ့ အန်တီကြီးလည်း မျက်လုံးလေးပွင့်လာပြီး ဟိုဟိုဒီဒီကြည့်တယ်။ ဒီကောင့်ဖက်ကို မကြည့်၊ ဒီကကောင်ကလည်း သူ့မျက်နှာရှေ့ကို ကိုယ်ကို နည်းနည်း ရွှေ့လိုက်တယ်။ ဒါမှ သူမြင်မှာကိုး။ သူမြင်သွားတဲ့အခါ လက်ဝါးထောင်ပြလိုက်တယ်။ လက်ဝါးကို သူကြည့်တယ်။ ဖြန့်ထားတဲ့ လက်ဝါးကို လက်သီးဆုပ်လုပ်ပြလိုက်ပြီး လက်ညှိုးကို သုံးပြီး သူ့အိတ်ကို ညွှန်ပြလိုက်တယ်။ "ဟလို" တောင် ပြောစရာမလို၊ မိုက်သဟ။

အန်တီကြီးက ချက်ချင်း သဘောပေါက်တယ်။ သူ့အိတ်ဇစ်ပွင့်နေတာကို ကျကျနနပြန်ပိတ်လိုက်တယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

ရထားကလည်း ဘူတာကို ဆိုက်ပါပြီ။

တဒင်္ဂအတွင်းမှာပဲ အမျိူးမျိုး ဖြစ်သွားတဲ့ အတွေးတွေကို ပြန်ဆန်းစစ်ကြည့်ရင်း ......

ကျော်မောင်(တိုင်းတာရေး)
၃-မတ်-၂၀၁၆

Feb 25, 2016

ထသွား ပြန်ကြည့် သတိရှိပါ

အလုပ်ကို မနေ့က အသွား ဘတ်စ်ကားဆိပ်ရောက်အောင် လိုင်းကားနံပါတ် 800 ကို စီးရပါတယ်။ ဘတ်စ်ကားဆိပ်ကို ဒီကအခေါ်က (Bus Interchange) တဲ့။ ကားပေါ်ရောက်တဲ့အခါ ထိုင်ခုံလွတ်ရှိတဲ့ ကားနောက်ပိုင်းကို အနည်းငယ်လျှောက်ပြီး ကျကျနန ထိုင်စီးပါတယ်။ ကားက နှစ်စီးတွဲယာဉ်ပါ။ (Articulated bus) လို့ခေါ်ပါတယ်။နှစ်ထပ်ကားတွေကို (Double decker bus) ခေါ်ပါတယ်။

ကားဆိပ်ရောက် ဆင်းဖို့ပြင်တဲ့အခါ နောက်ဖက်မှာစီးသူတွေရဲ့ ထုံးစံအရ ခရီးသည်အားလုံးနီးပါးကုန်မှ ဆင်းနိုင်ပါတယ်။
ထွက်ပေါက်နားက ထိုင်ခုံရှေ့ကြမ်းပြင်မှာ ပန်းရောင်ပိုက်ဆံအိတ်တအိတ်တွေ့။ ကားဆရာ (Bus captain) ကို ဟိုထိုင်ခုံအောက်က တွေ့တာလို့ ပေးလိုက်တော့ သူက ကျေးဇူးပါတဲ့။ ကားကတ်ဖတ်စက် (card reader) ရှေ့မှာ ez link card ကို ထားတဲ့အခါ အသံမြည်ပြီး ကတ်ထဲက ကားစီးခ နှုတ်သွားပါတယ်။ (card reader ) ရှေ့မှာ ကတ်ထားလိုက်တာကို (tap) လုပ်တယ်လို့ခေါ်ပါတယ်။

ကားဆိပ်မှာ ကားထိုးပြီးလို့ ကားပေါ်က မဆင်းခင်မှာ ကားဆရာတွေဟာ ကားတစင်းလုံးကို လိုက်ကြည့်တဲ့ အလေ့ရှိပါတယ်။ ကားဆိပ်က စမထွက်ခင် ခရီးသည်တွေကို ကားတံခါးဖွင့်မပေးခင်မှာလည်း လိုက်ကြည့်ကြပါတယ်။ ကျန်ရစ်ပစ္စည်း ပြုတ်ကျပစ္စည်း ရှိလို့ရှိငြားပေါ့။ လုံခြုံရေးအတွက်လည်း ပါနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် မနေ့က ပြုခဲ့တဲ့ အသေးအမွှားကိစ္စလေးကို အိမ်ရှင်မကိုတောင် မပြောဖြစ်ဘဲ ဒီနေ့ကားစီးမှ သတိရမိပြီး စာတတန် ပေတတန်ဖွဲ့မယ်ကြံတော့ အခေါ်အဝေါ်မှန်အောင် ဂူဂဲလ်ရဲ့ အကူအညီရယူပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၂၄-၂-၂၀၁၆

ဘ၀က တိုသတဲ့


ဖြစ်ရပ်နှစ်ခု ဒီမနက်ကြုံရပါတယ်။

၁) ဒီက Shopping mall မှာရှိတဲ့ ဆိုင်တွေဟာ မနက် ၁ဝနာရီကျော်ကျော်လောက်မှ ဆိုင်ဖွင့်လေ့ရှိပါတယ်။ ဘူတာသွားတဲ့လမ်းမှာ ဖိနပ်ဆိုင်တဆိုင်ရဲ့ ဘာဂျာတံခါးမှာ စာရေးထားတာတွေ့တယ်။ 
Life is short, buy the shoes တဲ့။ 
ဘဝကတိုတောင်းပါတယ် ဖိနပ် ဝယ်ပါတဲ့။ 
တော်တော်ကောင်းတဲ့ ကြော်ငြာစာသားပါပဲ။ 
ဒါက တွေ့ခဲ့ရတဲ့ ဖြစ်ရပ်ပါ။

၂) ရထားစီး ကားစီးတဲ့အခါ သုံးရတဲ့ကတ် ez-link card ကို ပိုက်ဆံထပ်ဖြည့်ဖို့ ဖြည့်တဲ့စက်ဆီသွားပါတယ်။ ကတ်ကို တင် ခလုတ်တွေနှိပ် ပိုက်ဆံထည့်တာ ကိုယ့်ဘာသာကိုယ်အသုံးပြုနိုင်အောင် လွယ်တဲ့စက်တွေပါ။ တန်းစီနေတုံးမှာ လူနှစ်ယောက်ရောက်လာပြီး မေးပါတယ်။ စက်ဘယ်လိုသုံးရမလည်းတဲ့။ ကဲ လာဗျာ ဒီမှာပြမယ်ဆိုပြီး ငွေထည့်တာကို ကိုယ့်ကတ်ပြားနဲ့ သရုပ်ပြသပေါ့။ သူက တဆယ်တန်ပြပြီး ငါးကျပ်ဖိုးပဲ တိုးချင်တာ ရမလားတဲ့။ ဒါဆို ခင်ဗျားတို့ passenger service ကိုသွားဆိုတော့ အဲဒီကပြောတယ် ငါးကျပ်ဖိုးတိုးလို့မရဘူး။ စက်မှာကလည်း တဆယ်ထည့်ရင် ငါးကျပ်ပြန်အမ်းမယ်မထင်ပါ။ သူက ရွေးရတာကိုး။ သေသေချာချာ မသိတဲ့အတွက် ခင်ဗျားတို့ ခုနကောင်တာပြန်သွား ၅ ကျပ်တန်နှစ်ရွက်လဲလာခဲ့ပြီး ဒီစက်မှာ ပြန်လုပ်ကြည့်ဆိုပြီး ပြောခဲ့ပါတယ်။ 
ဒါက ပြောဆိုကြုံတွေ့ရတဲ့ဖြစ်ရပ်ပါ။

ဖြစ်ရပ်နှစ်ခု ပေါင်းကြည့်ရအောင်ပါ။

ဘဝတိုတိုမှာ ဖိနပ်ဝယ်ပါလို့ ဖိနပ်ဆိုင်က တိုက်တွန်းနေတဲ့အချိန်မှာ တဆယ်ဖိုး ရထားစီးတဲ့ကတ်ထဲ မထည့်နိုင်ဘဲ ငါးကျပ်ဖိုးပဲ ထည့်နိုင်တဲ့ သူများအတွက် ဘဝဆိုတာ ဘယ်လိုများ တိုနိုင်ပါလိမ့်မလည်းဟု အတွေးပေါက်ကာ ဘဝ ဆိုတဲ့စကားလုံးနှစ်လုံးသည် ဖေ့ဘုတ်ပေါ်တွင် ဘွ ဆိုသော တလုံးအဖြစ်သို့ သက်ဆင်းလျှောကျနေပြီဖြစ်ကြောင်း ။

ကျော်မောင်(တိုင်းတာရေး)
၂၀-သြဂုတ်-၂၀၁၅