Feb 24, 2016

အကောင်းတကာ့ အကောင်းများ

တချိန်မှာ သင်ပြနေတဲ့ ဆရာက စာသင်နေရင်း ဗဟုသုတအလို့ငှာ ဘယ်သူ့ကိုသိလား ဘယ်ဝှာ့ကို သိကြလားဆိုပြီး အတန်းသူ အတန်းသားတွေကို မေးပါတယ်။ သူမေးတဲ့သူတွေက ကမ္ဘာကျော် ပန်းချီဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ နာမည်တွေဖြစ်ပါတယ်။ တယောက်ပြီးတယောက်ရဲ့နာမည်တွေ ရွတ်ပြတယ်။ အတန်းရှိလူတွေ ခေါင်းခါတယ်။ မသိဖူး၊ မကြားဖူးဘူးပေါ့။
ဆရာက ပြောတယ်။ အဲဒီလူတွေကို မသိတာ ကိစ္စမရှိပါ။ ဒါပေမယ့် သူတို့တီထွင်ဖန်တီးခဲ့တဲ့ အနုပညာတွေကို အကောင်းတကာ့ အကောင်းများလို့ ဆိုင်ရာ ပညာရှင်တွေက လက်ခံနေကြတယ်။ အဲဒီတော့ အကောင်းတကာ့ အကောင်းဆိုတာတွေကို သိသင့်ပါတယ် ဆိုပြီး တအ့ံတသြဖြစ်ကာ ပြောပါတယ်။

သူပြောခဲ့တာနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာဆက်စပ်တွေးကြည့်မိပါတယ်။စာပေ စတဲ့ အနုပညာပိုင်းမှာတင် မဟုတ်ဘဲ တခြားအပိုင်းများကိုဖြစ်ပါတယ်။

ငါးပိရည်ကို ဥပမာပေးကြည့်ရအောင်ပါ။ အောက်ပြည်အောက်ရွာမှာ ငါးပိရည်ဆိုတာ ထမင်းဝိုင်းတိုင်းမှာ မပါမဖြစ်တဲ့ အမယ်ဖြစ်ပါတယ်။ တို့စရာ အတို့အမြှုပ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မွှေးပျံ့ပျံ့လေး ကျိုထားတဲ့ ငါးပိရည်လေးကို ခွက်သေးသေးလေးထဲမှာ ထည့်ပြီး ထမင်းဝိုင်းမှာ အလယ်ထိုင်ခွင့်ရတဲ့ အမယ်ပါ။ အဲဒီမှာ မွှေးပျံ့ပျံ့လေးလို့ သုံးတာက ငါးပိရည်စားတဲ့သူတွေအတွက်ဖြစ်ပြီး သူတို့အတွက်က ဒါသည် မွှေးတာပါပဲ။ မကြိုက်တဲ့ သူအတွက် က ငါးပိရည်အန့့ံသည် နံလိုက်တာလို့ သုံးကြပါတယ်။ ငါးပိရည်ကောင်းတယ်ကွ ငါးပိရည်စားလို့ ဘယ်လိုပဲ တိုက်တွန်း တိုက်တွန်း အန့ံမကြိုက်တဲ့သူက စားကောင်းတယ်လို့ ထင်ကိုမထင်ပါ။ အဲ သူစားမိသွားလို့ အရသာကို စွဲသွားမိပြီဆိုမှ ကောင်းမှန်းသိသွားတာပါပဲ။

အကြိုက်ဆိုတာ တယောက်နဲ့တယောက် မတူပါ။ တယောက်အစားအစာသည် အခြားတယောက်အတွက် အဆိပ် ဆိုပြီး ရှိသလို ပညာရှင်တွေ ပညာရှိတွေရဲ့ တွေးခေါ်ပုံချင်း ၊ အကြိုက်ချင်းသည် တူညီကြသည် ဆိုတာလည်း ရှိပါတယ်။

အစားအသောက်နဲ့ပတ်သက်လို့ စားဖွယ်တခုခုစားတဲ့အခါ ဒီအစားအစာ တော်တော်ကောင်းတာပဲလို့ ပြောတတ်ကြပါတယ်။ တခါမှာ အဲဒီလိုပြောလိုက်တာကို အနီးက တယောက်က ခင်ဗျားဗျာ သူ့ထက်ကောင်းတဲ့ ဒီလိုမျိုး အစားအစာ ခင်ဗျားမစားဘူးသေးလို့ပါလို့ ပြောပါတယ်။

ဘယ်အပိုင်းမှာပဲဖြစ်ဖြစ် အကာက ဘယ်သို့ အနှစ်က ဘယ်ညာ စသဖြင့် သိသင့်ပါတယ်။

အကောင်းတကာ့ အကောင်းတွေကို သိအောင်ဆိုတာလည်း တကယ်တော့ မလွယ်ပါ။ အကောင်းတွေ ရှာရင်းနဲ့ ကောင်းသထက်ကောင်းတာတွေလို့ထင်တာတွေထဲမှာ တဝဲလည်လည်ရင်း ဘဝတွေလည်း ကုန်ဆုံးသွားရပါတယ်။
အကောင်းဆုံးဆိုပေမယ့် အကောင်းဆိုတာ ဘယ်တော့မှ အဆုံးထိရှိမယ် မထင်ပါ။

ကျော်မောင်(တိုင်းတာရေး)

၁၉-၉-၂၀၁၅

Feb 22, 2016

ဒါတာဘေ့စ်တွေ

Database တွေကိုပြောတာပါ။ http://venus.wis.ntu.edu.sg/lib_databases/ မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒါတာဘေ့စ် နာမည်တွေ တွေ့နိုင်ပါတယ်။ သုံးတဲ့သူနာမည် (user name) နဲ့ စကားဝှက် (password) ရှိတော့မှ ထိုထိုဒါတာဘေ့စ်တွေအထဲကို ဝင်ရောက်ဖတ်နိုင်ပါတယ်။
တခါမှာ လက်ချာရိုက်နေတဲ့ ဆရာက ဒီလိုပြောပြဖူးပါတယ်။
သူ ကျောင်းစာကြည့်တိုက်ကို စာအုပ်သွားရှာရင်း ရောက်သွားတော့ လူတယောက်၊ အတိအကျပြောရရင် ကျောင်းတက်နေဆဲ ပညာသင်တယောက်၊ နိုင်ငံခြားသားဖြစ်ဖို့များပါတယ်၊ အဲဒီတယောက်က ဒါတာဘေ့စ်တွေထဲက စာတမ်းတွေ (Papers) ကို အားပါးတရ ကော်ပီကူးယူနေပြီး သူ့ မန်မိုရီတုတ်ချောင်းထဲ ပြောင်းထည့်နေတယ်။

Memory stick လို့ အဲဒီတုန်းက ခေါ်တယ်၊ နောက်ပိုင်းမှာ လက်မလောက်ပဲ ဖြစ်သွားလို့ thumb drive လို့ခေါ်တယ်၊ တလောကတောင် http://www.maxim.com/…/five-dimensional-data-storage-human-… ဆိုတဲ့သတင်းမှာ သိုလှောင်နည်းပညာတွေ အံ့မခန်းဖြစ်လာတာ ဖတ်လိုက်ရပါတယ်၊ နောက်ဆုံးပေါ်သတင်း latest news ဖြစ်တဲ့အတွက် ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။ ဒါက စကားချပ်ပါ။

ဟိုလူရဲ့ အပြုအမူကို တွေ့တဲ့အခါ ဆရာလည်း စဉ်းစားလို့ မရဖြစ်နေတာရှိတယ်။ အဲဒါက အဲဒီလူဟာ ဘာကြောင့်မို့လို့ စာတမ်းတွေကို အငမ်းမရ ကူးယူနေရတာလည်း ဆိုတာပါပဲ။ စာကြည့်တိုက်ကို လာရင်လာ၊ ဒါမှမဟုတ် တနေရာရာကနေ အဲဒီ ဒါတာဘေ့စ်တွေထဲ ဝင်ပြီး အချိန်မရွေးကြည့်နိုင် လေ့လာနိုင်တာပဲတဲ့။ သိမ်းထားစရာ လိုလို့လားပေါ့။ သူက ဒီလိုတွေးနေတာ။

ဆရာပြောပြကတည်းက ကျနော်ကလည်း ဟိုလိုတွေးခဲ့ပါတယ်။ ဆရာသမားမသိတာက အကယ်၍များ ထိုပုဂ္ဂိုလ်ဟာ ကျောင်းမှာ လက်ရှိတက်ရောက်နေတဲ့ ပညာသင်မဟုတ်တော့ဘူးဆိုရင် သူ့အတွက်က ဘယ်လိုလုပ် အချိန်မရွေး ထိုထို ဒါတာဘေ့စ်တွေကို ဝင်ကြည့်နိုင်မှာလည်း။ ဒါကိုကြိုမြင်ပြီး သူကူးနေတာပဲ ဖြစ်ရမယ်လို့ တွေးခဲ့ပါတယ်။ ဟိုတယောက်ရဲ့ ကွက်ကျော်အတွေးကို ခံစားကြည့်တာ။ တခြားအကြောင်းလည်း ရှိရင်ရှိနိုင်ပါတယ်။

ဒါနဲ့ စကားစပ်လို့ဗျာ။ ကျနော်တို့ဆီက ဘယ်တက္ကသိုလ်တွေမှာများ အဲဒီ ဒါတာဘေ့စ်တွေ ပေါပေါများများ ရနေ သုံးနေကြပါပြီလည်းဆိုတာ သိချင်လှပါတယ်။ သိချင်ရုံသက်သက်ပဲဖြစ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၂၂-၂-၂၀၁၆

စာကြွင်း။ ။ Database ကို ဒါတာဘေ့စ်လို့ တိုက်ရိုက် မြန်မာမှု ပြုခြင်း၊ ထွင်ရေးခြင်း မဟုတ်ပါ။ ခေါ်နေကြအတိုင်း ကိုယ့်အသံထွက်အမှန်နဲ့ကိုယ်ပဲ အသံထွက်ကြပါရန်။

Feb 17, 2016

တိုတိုထွာထွာ ဟိုရောက်ဒီရောက်

ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပဲ

အဖေ့ရဲ့ အကို ဦးလေးကျောင်းဆရာရေးခဲ့တဲ့ ကဗျာတပုဒ်ကို မှီးပါတယ်။ သူက သူ့ကဗျာထဲမှာ လယ်သမားသည် လယ်သမားအလုပ်လုပ်တယ်၊ ကျောင်းဆရာသည် ကျောင်းဆရာအလုပ်လုပ်တယ်၊ အလုပ်သမားသည် အလုပ်သမားအလုပ်ကို လုပ်တယ် စသဖြင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်ဖြင့် ပတ်ဝန်းကျင်အတွက်ရော လုပ်နေသူအတွက်ရော သာယာစိုပြည်မယ်လို့ ဖွဲ့ဆိုပါတယ်။ အထိမ်းအမှတ် ထုတ်တဲ့ မဂ္ဂဇင်းတစောင်က လက်ရာဖြစ်ပါတယ်။ 
ကျနော်မမွေးခင်က ရေးခဲ့တဲ့ ကဗျာဖြစ်တဲ့အတွက် နှစ်ပေါင်း ၄၀ လောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ကိုယ်ဘာလည်း ဆိုတာ သိဖို့ အရင်လိုပါတယ်။ သိပြီးတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သိဖို့ လိုပါတယ်။
တံတားဆောက်တဲ့ အင်ဂျင်နီယာ တံတားဆောက်နေတာ မဆန်းပါ။ 
ကုန်သည်အဖို့လည်း ရောင်းဝယ်ဖောက်ကားမှု ပြုနေတာဟာ သူ့အလုပ်ပါ။ 
ဆရာဝန်လည်းပဲ လူနာတွေကို ဆေးကုနေတာ ကျန်းမာရေးနဲ့ပတ်သက်တာတွေမှာ ပညာပေးလုပ်နေတာဟာ သူ့အလုပ်ပါပဲ။ 
ပန်းချီဆရာက ပန်းချီတွေ ဆွဲနေပါမယ်။ ဒါသူု့ဝါသနာ သူ့အလုပ်ပါ။
စာရေးဆရာက စာတွေရေးနေပါမယ်။
ကျောင်းသူကျောင်းသားက စာပေတွေ လေ့လာသင်ယူမယ်။ ပိုမိုတတ်ကျွမ်းအောင် အားထုတ်မယ်။

အဲဒီတော့ ကိုယ့်အလုပ် ကိုယ်လုပ်၊ သူု့အလုပ် သူလုပ်နေကြတာဟာ တကယ်တော့ မဆန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။

ကိုယ့်အလုပ်ကိုယ် မလုပ်တာကသည်သာ ဆန်းတာဖြစ်ပါတယ်။ အံ့သြရမှာဖြစ်ပါတယ်။

တွေးတတ် ခေါ်တတ် အမှန်ကို မြင်တတ်ကြပါစေ။


အပြန် အပြန် အပြန်လားကွဲ့

ကားဂိတ်ကနေ ရထားဘူတာရှိရာ လမ်းလျှောက်ရင်း သီချင်းတပုဒ်ကို သွားပြီး သတိရမိတယ်။ အပြန် အပြန် အပြန်လားကွဲ့ အသွား အသွား အသွားပါကွဲ့ ဆိုတဲ့ စာသားပါတဲ့ သီချင်းပဲ။ အလုပ်သွားနေတဲ့ လူအုပ်ကြီးကလည်း မီးပွိုင့်တွေမှာဆိုရင် ပိုထင်ရှားပါတယ်။

အဲဒီလိုပဲ အလုပ်ကနေပြန်လာကြတဲ့ လူအုပ်ဆိုတာကလည်း နည်းနည်းနောနောမဟုတ်ပါ။
အလုပ်တွေ လုပ်ကြဖို့လိုပါတယ်။ လုပ်နိုင်အောင် လုပ်ငန်းခွင်တွေ စက်ရုံ အလုပ်ရုံတွေ ရှိဖို့လိုပါတယ်။ လုပ်ငန်းခွင်တွေ စက်ရုံ အလုပ်ရုံတွေ ရှိဖို့ အလုပ်လုပ်ဖို့လိုပါတယ်။

အခွင့်အလမ်းကို မစောင့်မျှော်ဘဲ အခွင့်အလမ်းကို ဖန်တီးသူဖြစ်ရပါမယ်။ သူများဖန်တီးပေးထားတဲ့ အခွင့်အလမ်းကိုလည်း ရှေ့မှောက်ရောက်လာတဲ့အခါမှာ အမိအရဆုပ်ကိုင်ထားနိုင်တဲ့ အရည်အချင်းရှိသူတွေဖြစ်ရပါမယ်။

အပြန် အပြန် မဟုတ်ပါ။
အသွား အသွား အသွား ဖြစ်ပါတယ်။

မိတ်ဆွေ ရောင်းရင်း အပေါင်းအသင်းတို့ ...
လက်မှတ်တွေလည်း ဝယ်ပြီးပါပြီ။
ရထားကြီးလည်း စထွက်ဖို့ တာစူနေပါပြီ။ ကိုယ်စီလိုက်ပါရင်း လိုရာခရီးရောက်အောင် ကြိုးစားဆောင်ရွက်ကြပါစို့။

အပြန် အပြန် အပြန်လားကွဲ့ ...
အသွား အသွား အသွားပါဗျို့ ...

၁၇-ဖေဖော်ဝါရီ-၂၀၁၆

အူဘယ်နှစ်ခွေ

ဖော်မြူလာနို့မှုန့်သုံးပြီး ဖျော်ထားတဲ့ နို့ဗူးက နို့တစက်ကိုတောင် ကလေးလေးက အားမပေးနိုင်တော့ဘဲ ခပ်စောစော စက်တော်ခေါ်ပါတော့တယ်။ အဲဒီမှာ ကလေးအမေက ဒီလိုပြောပါတယ်။

"ကလေးအိပ်သွားတာနဲ့ တနေ့လုံးပင်ပန်းပြီး လူလည်း ချွတ်ခြုံကျသွားတာပဲ"

ဒါကိုကြားတဲ့အခါ ဖတ်နေဆဲစာအုပ်ဖြစ်တဲ့ ဆရာမောင်ထင်ရဲ့ "ပုဂ္ဂလအဘိဓာန်" ကို လက်က ခဏချပြီး ကလေးအဖေက ဒီလိုပြန်ပြောလိုက်တယ်။

"ကဲ ကဲ ကလေးအမေ အိပ်တော့ အိပ်တော့"

ကလေးအမေက ရယ်မောရင်း

"ကလေးအဖေ တော်တယ်၊ မိန်းမက ဘာဆိုလိုမှန်းသိတယ်၊ ဂွတ်နိုက်"

မသိနေမလားဗျာ၊ ဟုတ်ဖူးလား။ ပေးထားတဲ့ စာစုတိုခေါင်းစဉ်အတိုင်းပဲပေါ့။


Feb 15, 2016

တွေးမိလေသော (၂၀) - ကလေးငယ်နှင့် သူ၏လှုပ်ရှားမှုများ


နှစ်နှစ်အရွယ် ကလေးငယ်ကို သစ်သားတုံးလေးတွေနဲ့ ဆော့ကစားစေတယ်။ တတုံးပေါ် တတုံးဆင့်ပြပြီး ကစားနည်းကို အတုယူစေတယ်။ သူက လိုက်လုပ်တဲ့အခါလည်း ရှိတယ်၊ မလုပ်တဲ့အခါလည်း ရှိတယ်။ ဒေါင်လိုက်ထောင်ထားတဲ့ စက္ကူကတ်ထူဗူးပေါ်မှာ သစ်သားတုံးလေးတွေကို သူ့ဖာသာသူ စီစီရီရီ တင်တယ်။ အောက်ကျသွားတဲ့ သစ်သားတုံးလေးတွေကို သူက ပြန်ကောက်တယ်။ သူ့ဖာသာသူဖန်တီးတဲ့ ကစားနည်း။

ရှူး … တိုးတိုးဆိုတဲ့ အမူအရာတခုကို လူကြီးတွေက သင်ပေးလိုက်တယ်။ နှုတ်ခမ်းရှေ့မှာ လက်ညှိုးကို ဒေါင်လိုက်ထောင်ပြီး တိုးတိုးနေနော်ဆိုတဲ့ အမူအရာ။ သူက လိုက်လုပ်တဲ့အခါ လူကြီးတွေလို လက်ညှိုးကို ဒေါင်လိုက်မထောင်ဘဲ ကန့်လန့်ဖြတ် အလျားလိုက်ထားတယ်။ သွားတိုက်တဲ့ ပုံစံပေါ့။ ဒီလိုမဟုတ်ဘူး၊ ဒီလိုဆိုပြီး သူ့လက်ညှိုးကို ဒေါင်လိုက်ထားရင်လည်း သူက မရ၊ သူလုပ်တဲ့အတိုင်း အလျားလိုက်ထားတာပါပဲ။

အင်္ကျ ီလဲပေးတဲ့အခါ အရင်တုန်းကဆိုရင် သူ့လက်နှစ်ဖက်ကို လဲပေးတဲ့သူက မြှောက်ရတယ်။ အခုနောက်ပိုင်းမှာ ကဲ ကလေးရေ လက်မြှောက်ဆိုရင် လက်နှစ်ဖက်ကို မြှောက်ပါတယ်။ အဲ ဒါပေမယ့် ထိုးရမယ့်လက်နေရာကို မထိုးဘဲ တလွဲလျှောက်ထိုးတာလည်း တွေ့ရပါတယ်။ အစတော့ ဒီကလေး မှားထိုးတယ်ထင်တာ၊ နောက်မှ သူက လူကြီးကို ပြန်စတာဖြစ်မှန်း သိရပါတယ်။

အဆိုတော်ကြီး ဘိုဘိုဟန်ရဲ့ မြန်မာပြည်က ကောင်းဘွိုင် သေနတ်မပစ်ပါ အစချီတဲ့ သီချင်းကို ဂစ်တာနဲ့တီးပြတဲ့အခါ ကလေးရေ ကပါ ကပါလို့ ပြောစရာမလိုဘဲ သူ့ဖာသာသူ ခေါင်းလှုပ် လက်လှုပ် ခါးလှုပ်နဲ့ ကပါတယ်။ ခက်တာက ကလေးရဲ့အဖေပဲ ဂစ်တာကို မတောက်တခေါက်တီးတတ်ပေမဲ့ ကလေးက သူ့အမေကို ဂစ်တာတီးစေပါတယ်။ ကလေးအဖေဂစ်တာတီးရင် အဲဒီ ဂစ်တာကို ယူပြီး ကလေးအမေကို သွားပေးပါတယ်။ တီးစေပါတယ်။ ကလေးအမေရဲ့ ဒေါင်ဒေါင်ဒင်ဒင် တီးခတ်မှုကို ပိုမိုနှစ်သက်တယ်လို့ တွေ့ရပါတယ်။

ကလေးအဖေက လက်တော့ပ်ကွန်ပျူတာကို သုံးနေတဲ့အခါ သူက ဘေးနားမှာ သူ့စမ်းသပ်ချက်နဲ့သူရှိနေတတ်ပါတယ်။ အဲဒါက ကြွက်လို့ခေါ်တဲ့ mouse တပ်ထားတာကို လာလာပြီး ဆွဲနှုတ်လိုက် ပြန်တပ်လိုက်နဲ့ အလုပ်များနေတာပဲဖြစ်ပါတယ်။

တခါ သူ့ရှေ့က လက်ဖက်ရည်ခွက်ထဲကို ပေါင်မုန့်နှစ်ပြီး စားတာကို တွေ့သွားတဲ့အခါမှာ ရေခွက်ထဲက ရေကိုလည်း စားစရာတွေ နှစ်ပြီး ဆော့တဲ့ကစားနည်း သူ့အတွက် တိုးသွားတာတွေ့ရပါတယ်။

ပန်းပင်တွေကို ရေလောင်းတဲ့အခါ သူ့ကိုလည်း အညောင်းအညာပြေ လမ်းလျှောက်လို့ရအောင်ဆိုတဲ့စိတ်ကူးနဲ့ ဖိနပ်စီးပေးပြီး ပန်းပင်တွေကို လိုက်ကြည့်စေပါတယ်။ သူ့အရပ်နဲ့ မီတဲ့ ပန်းပင်တွေရဲ့ အကိုင်းအခက်တွေကို လက်ညှိုးလေးနဲ့ ထိလိုက်၊ အပင်လေးတွေ လှုပ်သွားတဲ့အခါ သဘောကျလိုက်နဲ့ ဖြစ်နေပြန်ပါတယ်။ ပန်းအိုးတွေထဲက မြေစို်င်ခဲတွေကို လက်လေးနဲ့ ကိုင်ကြည့်ပြီး စူးစမ်းတာမျိုးလည်း တွေ့ရပြန်ပါတယ်။

အပြင်ထွက်ပြီး ဟိုနားဒီနား လမ်းလျှောက်ကြတဲ့အခါ ကလေးလေး သက်တောင့်သက်သာရှိပါစေတော့ဆိုပြီး တွန်းလှည်းပေါ်မှာ နေခိုင်းရင် ခဏပါပဲ။ ဖိနပ်ဝတ်ပေးပြီး လမ်းလျှောက်တဲ့အခါမှာ သူ့တွန်းလှည်းကိုနောက်ကနေ တွန်းပါတယ်။ အဲဒါက သူ့ကို ပျော်ရွှင်စေတဲ့ကစားနည်းဖြစ်နေပြန်ပါတယ်။

လှေကားထစ်တွေတွေ့ရင် ဆင်းရ၊ တက်ရမှ ကျေနပ်ပြန်ပါတယ်။ ဆင်းရမယ့် လှေကားထစ်ဆိုရင် တထစ်ချင်း ဆင်းပါတယ်။ အစမှာ လူကြီးက နောက်ကလိုက်ပြီး လက်လေးကိုင်ပေးထား ပခုံးလေးကိုင်ပေးထားနဲ့ ထိန်းပေးရပါတယ်။ သူကျွမ်းကျင်သွားတဲ့အခါမှာ လူကြီးကိုင်တာကို မကြိုက်တော့ပါဘူး။ လာကိုင်တဲ့လက်တွေကို ခေါင်းရမ်းပြီး ဖယ်ထုတ်ပါတယ်။ သူလဲမကျအောင် ချော်မလဲအောင်ပဲ ဘေးကနေ ထိန်းပေးရပါတယ်။ အဆင်းပြီးတဲ့အခါ အဲဒီ လှေကားထစ်ကိုပဲ နောက်တကြိမ် ပြန်တက်ပါတယ်။ လာကိုင်တာကို မကြိုက်ပါ။ သူတက်လို့ ဆင်းလို့ အားရတဲ့အခါမှ ကဲ ကလေးရေ ရှေ့ဆက်သွားကြမယ်လို့ ပြောနိုင်ပါတယ်။

ကလေးရဲ့ လှုပ်ရှားမှုတွေဟာ ကလေးမှာဖြစ်ပေါ်လာတဲ့ သူ့အတွေးတွေကတဆင့် ဖြစ်လာရတယ်လို့ တွေးမိပါတယ်။

ကလေးတယောက်နဲ့တယောက် အတွေးများ မတူနိုင်တဲ့အတွက် သူတို့တွေရဲ့ လှုပ်ရှားမှုတွေဟာလည်း ကွာခြားနေကြမှာဖြစ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၁၅-၂-၂၀၁၆