Feb 9, 2016

ကျောင်းတုန်းက

ပုစ္ဆာ ဆိုတာ 
+++++++
စာမေးပွဲတခုဖြေတုန်းက မေးခွန်းတပုဒ်မှာ ပေးထားချက်တခုလိုနေတာ သွားတွေ့တယ်။ သုံးပုဒ်မြောက်လောက်မှာ ဖြစ်တဲ့အတွက် စာဖြေချိန် နာရီဝက်လောက်ကြာမှ ပူညံပူညံအသံတွေထွက်လာကြတယ်။

မေးခွန်းကို ပြန်ဖတ်တယ်။ ဟာ ဒီပုစ္ဆာက အဲဒီပေးထားချက်မပါလည်း ကိုယ်ဖာသာကိုယ် ဖြစ်စေဆိုတဲ့ ကိန်းဂဏန်းတခုထားတွက်ရင် ရတဲ့ပုစ္ဆာ။

အဲဒါနဲ့ let me assume ဆိုပြီး ရဲရဲဝံံံ့ဝံံ့ရှိစွာနဲ့ ဂဏန်းတလုံး ကောက်သုံးလိုက်ပြီး အဖြေထုတ်တယ်။ ပူညံပူညံလုပ်နေတဲ့သူတွေက လုပ်နေတုန်း။ စာဖြေတဲ့နေရာက အခန်းရဲ့ရှေ့ပိုင်းလောက်မှာ ကျတဲ့အတွက် နောက်လှည့်ပြီး ဘော်ဒါတွေကို အသိပေးလိုက်သေးတယ်။ ဒီပုစ္ဆာမှာ assume ထားပြီးတွက်နိုင်တာပဲဆိုပြီး။

မေးခွန်းထုတ်တဲ့ တီချယ်ကြီး အမောတကောရောက်လာတယ်။ ဂဏန်းတခုပေးတယ်။ အဲဒါနဲ့တွက်။ တီချယ် ကျနော်တော့ assume လုပ်လိုက်ပြီ။ ရတယ် သား။ ပိုကောင်းတာပေါ့။ တီချယ်ပြန်ထွက်သွားတယ်။ 
အမှန်က ဘယ်ပုစ္ဆာမှ ပေးထားချက်မပြည့်စုံတာတို့ ပြည့်စုံတာတို့ မရှိဘူး။ မပြည့်စုံဘူးထင်ရင် ဖြည့်စွက်တွက်ပဲ။

တီချယ်တယောက်ပြောတဲ့ အတွေ့အကြုံက ဒီလို။ 
ဆရာကြီးက ပုစ္ဆာတပုဒ် ကျောက်သင်ပုန်းပေါ်မှာ ရေးသွားတယ်။ ခင်ဗျားတို့ အဲဒါတွက်ထားနှင့်ကြလို့ ဆိုပြီး စာသင်ခန်းအပြင်ထွက်သွားတယ်။ အားလုံးတွက်ကြတယ်။ အဖြေမရဘူး။ တော်တော်ကြာတဲ့အထိ အဖြေမထွက်ဘူး။ 
ဆရာကြီးပြန်ဝင်လာတယ်။ အခြေအနေမေးတယ်။ 
အားလုံးက ခေါင်းခါတယ်။ တော်တော်ခက်တယ်။ အဖြေခုထိမထွက်ဘူး။
အေးလေဗျာ ဘယ်အဖြေရပါ့မလည်း အဖြေမရှိတဲ့ပုစ္ဆာ ခင်ဗျားတို့ကို တွက်ခိုင်းကြည့်တာတဲ့။

တီချယ်က သူ့ကိုယ်တွေ့ကို ပြောပြရင်း တဆက်တည်းမှာပဲ အဲဒီဆရာကြီးနာမည်ပြောပြသွားတယ်။ နာမည်ပြောတာနဲ့ သိမှာဖြစ်တယ်။

ဆယ်တန်းတုန်းက အဖြစ်တခု ပြန်အမှတ်ရတယ်။ သချာင်္မှာ ဓမ္မဓိဌာန်ဆိုတဲ့ မေးခွန်းရှိတယ်။ Multiple choice လို့လည်းခေါ်တယ်။ ပေးထားတဲ့ အဖြေ ငါးခုထဲက တခုကို ရွေးလိုက်ရတဲ့မေးခွန်း။

လပတ်စာမေးပွဲမှာ ဖြေတဲ့အခါ အမှတ်ပြည့်မှာ တမှတ်လျော့တယ်။ အဖြေမရှိပါလို့ရေးခဲ့တာ။ အမှန်က အဖြေကို မရတဲ့အတွက် တနည်းပြောရရင် ပေးထားတဲ့ အဖြေငါးခုထဲက ဘယ်တခုနဲ့မှ မတူလို့ သချာင်္ဆရာမ မေးခွန်းမှားနေပြီ အဖြေမှန်မပါဘူးဆိုတဲ့သဘောနဲ့ အဖြေမရှိပါလို့ ရေးခဲ့တာပါပဲ။ ဖြေလွှာပြန်ပေးတဲ့နေ့မှာ ဆရာမဆီက အကြံပေးချက်တော်တော်များများ နားထောင်လိုက်ရတယ်။ စာမေးပွဲတွေဖြေတဲ့အခါ သတိထားစရာဖြစ်သွားပါတယ်။

ပုစ္ဆာတွေတွက်ပါများလာတဲ့အခါ ပုစ္ဆာကောင်းလေးတွေ ရလာတယ်။ တချို့ကလည်း အဖြေရှိတယ်။ တချို့ကလည်း အဖြေမရသေးဘူး။ တချို့ကလည်း ပေးထားချက်တွေက မပြည့်မစုံဖြစ်နေတယ်။ တချို့မှာလည်း ဘာကိုရွေးရမှန်းမသိလောက်အောင် ဖြစ်နေတယ်။

ပုစ္ဆာတွေကို ရှုပ်စရာလို့မမြင်ဘဲ ထုတ်ကာသာ ရှင်းကြပေရော့ဗျာ။

++++++++++++++++++++++++++++++++++++

ခဲတံနှင့် ဗလာစာအုပ်
+++++++++++
ကျောင်းသုံးဗလာစာအုပ်မှာ ဘော့ပင်နဲ့ စရေးရတာက ငါးတန်းမှာ စတယ်။ ခဲတံသုံးတာကိုတော့ မလျော့သေးဘူး။ ခဲတံကို ချွန်မြဲချွန်တယ်။ ချွန်စက်သုံးရတာထက် ခဲတံချွန်ဓားကို သုံးပြီးချွန်ရတာကို ကြိုက်တယ်။ ခဲတံကို ဗလာစာအုပ်မှာ ဘေးမျဉ်းသားတဲ့အခါ မျဉ်းပိတ်တဲ့အခါ ပုံဆွဲတဲ့အခါ သချာင်္တွက်စဉ်အကြမ်းခြစ်တဲ့အခါ သုံးတယ်။

နောက်တနည်းသုံးတာက ကစားတာမှာ သုံးတယ်။ စာရွက်ကို ဗလာစာအုပ်အလယ်က ဖြဲယူ ဘော့ပင်နဲ့ အပေါက်သေးသေးလေးတွေ ဖောက် တဖက်တချက်မှာ ဂိုးတိုင်ပုံစံဆွဲ ဂိုးတိုင်အလယ်မှာ အပေါက်ကြီးကြီးဖောက် ခဲတံကိုင် စာရွက်ကို ဘောလုံးကန်မယ့် နှစ်ယောက်က တဖက်တချက်ကကိုင် ခဲတံကို အပေါက်တွေဖောက်ထားတဲ့ စာရွက်အောက်ကနေ အပေါက်တွေရှောင်ပြီး တဖက်ဂိုးပေါက်ရှိရာသွား အပေါက်ထဲ ခဲတံက ခဲဆံဝင်သွားရင် တဖက်လူအလှည့်။ 
အဲဒီလို အသုံးဝင်ခဲ့တဲ့ ခဲတံ။

ဘော့ပင်ခဲတံဆိုတာ ပေါ်လာတယ်။ နည်းနည်းဖိတာနဲ့ ခဏခဏကျိုးတတ်လို့ မသုံးတာများတယ်။ ရိုးရိုးခဲတံပဲသုံးတယ်။

ခဲတံကို လက်မှာကိုင်လို့မရအောင်တိုသွားတဲ့အခါ လွှင့်မပစ်ရက်ဘူး။ တခါသုံးဘော့ပင်တွေက ဘော့ပင်ကိုယ်ထည်ကို ခဲတံချွန်ဓားနဲ့ စိတ်ရှည်လက်ရှည်ဖြတ်တယ်။ ခဲတံတိုရဲ့ အရင်းပိုင်းမှာ ခဲဖျက်လေးတွေကို ရွှေရောင်သံအပတ်လေးနဲ့ ပတ်ထားတာရှိတယ်။ အဲဒါကို ပါးစပ်နဲ့ကိုက်ဖြုတ် ခုနက ဘော့ပင်ကိုယ်ထည်ထဲကို ထည့်လို့ရအောင် ဓားနဲ့ အသားတွေကို နည်းနည်းရွေလိုက်တယ်။ အဲဒီမှာ လက်လုပ် ဘော့ပင်ခဲတံကို အားပါးတရသုံးတယ်။

တယောက်လိုက်လုပ်တာတွေ့ နောက်တယောက်က လိုက်တုလုပ်ပြီး သုံးကြတယ်။ ဘယ်သူက စလုပ်သလဲဆိုတာ မူပိုင်ခွင့်တွေ မောင်ပိုင်ခွင့်တွေ မသိတော့ တော်တော်အဆင်ပြေတယ်။ ဆရာမတွေမြင်တဲ့အခါ တော်တော် ကပ်စေးနည်း ကော်တရာလေးတွေလို့ ထောပနာပြုတယ်။ ဆရာမသုံးကြည့်ပါလားဆိုတော့ တပည့်ကျော်တွေကို ပြန်ပြုံးပြတယ်။

တရက် ကျောင်းစာတွေ အိမ်မှာလုပ်နေတုန်း (အိမ်မှာ လုပ်ရတဲ့အတွက် အိမ်စာလို့ ခေါ်သတဲ့။ များသောအားဖြင့် ကျောင်းစာကို ကျောင်းမှာပဲ လုပ်ခဲ့တာများတယ်။ အိမ်မသယ်ဘူး။ လေးလို့။ နောက်ပြီး အပြင်စာတွေ ဖြစ်တဲ့ ကာတွန်းတွေ ဝတ္ထုတွေဖတ်ဖို့ အချိန်ပေးရသေးတယ်။ ကာတွန်းစာအုပ်ကောင်းကောင်းဆို တသက်လုံးဖတ်ပါတယ်။ အဲဒီအချိန်မှာ အများဆုံးဖတ်ဖြစ်တာက သိုင်းဝတ္ထုတွေပဲ။ တခြားစာကြီးပေကြီးတွေလည်းဖတ်တယ်) အဲဒီလို ကျောင်းစာလုပ်နေတုန်းမှာ အဖေက နောက်ကနေ အပေါ်စီးပြီး ကြည့်တယ်။ ပြောပြီ။

မင်း စာရေးတာ မျဉ်းကြောင်းမရှိတဲ့ ဟိုအပေါ်တို့ အောက်တို့မှာလည်း ရေးလေကွာတဲ့။

ဟာ အဖေကလည်း မျဉ်းကြောင်းထားထားတာ သူ့မှာရေးဖို့လေ။

လပ်နေတယ်ကွ။ အပေါ်မှာ သုံးကြောင်းစာ အောက်မှာ သုံးကြောင်းစာလောက် ရေးတတ်ရင်ရတယ်။

ဆရာမတွေ ဆူရင်။

ရေးကြည့်ပါဦးကွာ။

အဲဒီနောက်ပိုင်း မျဉ်းကြောင်းမဆွဲထားတဲ့နေရာတွေမှာ ဖြည့်ရေးပါတော့တယ်။ 
ဆရာ ဆရာမတွေက ချီးကျူးပါတယ်။ 
တက္ကသိုလ်ရောက်တဲ့အခါ ပုံဆွဲစာအုပ်လိုစာအုပ်မျိုးဝယ်သုံးပါတယ်။ မျဉ်းကြောင်းမပါပါ။ စာအုပ်တအုပ်ထဲကို ဘာသာရပ်ပေါင်းစုံ စာပေါင်းချုပ်ကြီးအဖြစ် ဖန်တီးပါတယ်။

အခုလည်း ခဲတံချွန်နေဆဲ မျဉ်းကြောင်းမပါတဲ့ ဗလာစာအုပ်ကို နှစ်သက်နေဆဲ ဖြစ်ပါတယ်။

ကျော်မောင်(တိုင်းတာရေး)
၄-၂-၁၆

Feb 2, 2016

အဆိုကောင်းလိုက်ပုံကြောင့်

မြို့ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ထားတဲ့ ရွာ၊ နာမည်က ရွာသစ်လို့ တွင်တယ်။ စတင်အခြေချသူတွေကလည်း လူသစ်တွေ ဖြစ်တဲ့အတွက် ရွာသစ်ဆိုတဲ့ နာမည်နဲ့ လိုက်တယ်။ မျိုးဆက်တွေ နှစ်ဆက်သုံးဆက်လောက်ဖြစ်လာတဲ့အခါနဲ့ တခြားရွာအသစ်အသစ်တွေ နီးစပ်ရာမှာ ပေါ်ပေါက်လာတဲ့အခါ ရွာသစ်ကလည်း အမည်သာကျန်တော့တာ၊ လူတွေလည်း လူဟောင်းတွေ ဖြစ်ကုန်တာပေါ့။

တဖက်ကမ်းက မြို့ပေါ်မှာ ကျောင်းတက်ကြ၊ ကုန်သွယ် စျေးရောင်းပြုကြနဲ့ ကြာလာတဲ့အခါ ရွာသစ်မှာ ရှိတဲ့သူတွေလည်း တခြားမြို့တွေရောက်၊ မြို့ကြီးတွေမှာ ကြီးပွားသူ ကြီးပွားကြနဲ့၊ ရုန်းကန်နေသူတွေကလည်း တပုံတပင်၊ လက်ရှိရွာသစ်မှာပဲ ဆက်လက်နေထိုင်ရင်း မိဘလက်ငုတ်လက်ရင်းတွေ အခြေမပြတ်ဆက်လည်ပတ်ကြ၊ ငတ်တလှည့် ပြတ်တလှည့်၊ လက်တလှည့်၊ ပြောင်တလှည့်၊ လက်တလှည့်ဆိုတာ စီးပွားဖြစ်တဲ့အခါမျိုး မြို့ပေါ်တက် ရွှေလေးဘာလေး ဝယ်ဝတ်နို်င်တဲ့အခါ နေရောင်ထိုးရင် လက်လက်ထနေ၊ ပြောင်နေတာကို ပြောတာ၊ မပြေလည်တဲ့အခါ ထုခွဲလိုက်နဲ့ လက်လက်သံသရာလည်နေတာ။

မိုးတွင်းဖက်ဆို ရွာမှာ ရေက အမြဲတက်လေ့ရှိတယ်။ အိမ်ခြေတိုင်တွေကို ခပ်မြင့်မြင့်ဆောက်ထားတယ်။ အိမ်တိုင်းမှာ လှေတစီးတော့ အနည်းဆုံးရှိတယ်။

မိုးတွင်း တရက်မှာ ရေကလည်း စီးကောင်းနေတယ်။ အိမ်တွေအောက်ကရေတွေ နိမ့်ရာဖက်ကို စီးသွားနေတယ်။ အိမ်တအိမ်မှာ ရှိတဲ့ကလေးမလေးတယောက်က နောက်ဖေးဖက်မှာ သီချင်းဆိုနေတယ်။ လူကြီးတွေက အိမ်ဦးခန်းဖက်လောက်မှာ ရှိတယ်။ သူတို့အလုပ်နဲ့ သူတို့။ အစတော့ ကလေးမဆိုနေတာ ဒီစာသားကိုပဲ ထပ်တလဲလဲ မပြီးမစီးနိုင်ဆိုနေတာလို့ အိမ်ရှေ့က လူတွေက ထင်နေတာ။ သေသေချာချာနားထောင်ကြည့်တာအခါ …
သူက ဒီလိုဆိုနေတာ ၊ သီချင်းဆိုတဲ့ပုံစံမျိုး ဆွဲဆွဲငင်ငင်နဲ့၊

(အမေရေ …. အမေရေ … အမေ့ထဘီလေး …. ရေထဲပါသွားပြီ … 
အမေ့ထဘီလေး …. ရေထဲ ….. ပါသွားပြီ )

အဲဒါကိုပဲ သူက ဆိုနေတာ။ အမေဖြစ်သူက နောက်ဖေးကို ထသွားပြီး ဟဲ့ သမီး ဘာတွေဆိုနေတာလည်းဆိုတော့ စီးနေတဲ့ ရေကို လက်ညှိုးလှမ်းထိုးပြီး ဆိုပြန်တယ်

(အမေရေ …. အမေရေ … အမေ့ထဘီလေး …. ရေထဲပါသွားပြီ … 
အမေ့ထဘီလေး … ရေထဲ …. ပါသွားပြီ )

အမေက သူလက်ညှိုးထိုးရာကို ကြည့်တဲ့အခါ နောက်ဖေးမှာ လှန်းထားတဲ့ သူ့ထဘီက လေပြင်းပြင်းမှာ လွင့်ပြီး ရေထဲကျသွားပုံပေါ်တယ်၊ ပြီးတော့ ရေစီးနဲ့ ခပ်ဝေးဝေးကို မျောပါသွားတာကို သူ့သမီးက ပြောနေမှန်း သိလိုက်ရတယ်။

ကဲ ဟယ် … ဒေါက် ။

အမေက သမီးကို ဒေါကန်သွားပြီး ဦးခေါင်းကို နာအောင် ခေါက်လိုက်တာ။
ထဘီ ရေထဲကျပြီး မျောသွားတာကို အမေရေ အမေ့ထဘီ ရေထဲမှာ လိုက်ဆယ်ဦးလို့ မြန်မြန်မပြောဘူး၊ တော်တော် အဆိုကောင်းနေတယ်။ ငါ့ထဘီတော့ သွားပါပြီ။

အဲဒီအခါ သမီးက ငိုနေရင်း အခုလို ပြောလိုက်ပြန်ပါတယ်။ သီချင်းအဆိုအတိုင်းလည်းပဲဖြစ်ပါတယ်။ ရှိုက်သံလေးလည်း ပါသပေါ့။

(အမေရေ…. အမေရေ …..သမီးက…. အမေ့ကို …..သတိလည်းပေးသေးတယ်….. အခေါက်လည်း ခံရသေးတယ်……နောက်ဆိုမပြောတော့ဘူး …. မပြောတော့ဘူး.. မပြောတော့ဘူး)

အမေလည်း အဆိုကောင်းတဲ့သမီးကို ထပ်မရိုက်နိုင်တော့ဘဲ ထဘီတထည် ဆုံးရှုံးသွားတာကိုလည်း မေ့ကာ အားပါးတရ ရယ်မောနေပါတော့တယ်။

ကျော်မောင်(တိုင်းတာရေး)
၁-၂-၁၆

မှတ်ချက်။ ။ အဖေပြောပြတဲ့ သူတို့ရွာက ရယ်စရာ အဖြစ်အပျက်လေးတခုကို ပြန်ရေးပြခြင်းဖြစ်ပါတယ်။

Jan 30, 2016

သီချင်းတပုဒ်အား အမြစ်တူးမိခြင်း

ကြားဖူးနေတဲ့၊ သတိရရင်ဆိုဖြစ်တဲ့၊ ဂီတာနဲ့တီးချင်လို့မရရအောင်စာသားရှာပြီးတီးဖြစ်တဲ့ အဲဒီသီချင်း။ မိခင်ဘာသာနဲ့ ဆိုထားတာကိုလည်း သဘောကျတယ်။ ကျနော်တို့ဆီက အဆိုတော်က ကဗျာလည်းရေးတဲ့သူပါ။ 
တရက်မှာ သီချင်းကို အီတာလျံလိုလို ဂျာမန်လိုလို အသံထွက်နဲ့ ဆိုနေတာကြားပြီးကတည်းက မူရင်းကို အနောက််ဖက်ကပဲလို့ ထင်ခဲ့ပါတယ်။ စင်ကာပူက ကုန်တိုက်ကြီးတခုမှာ နေ့ခင်းဖက် နှစ်နာရီခွဲ သုံးနာရီလောက်ဆိုရင် အဲဒီသီချင်းကို ဖွင့်ပါတယ်။ မူရင်းဆိုတဲ့ ဘာသာနဲ့တော့ ဟုတ်ပုံမရဘူး။ အီတာလျံဖြစ်ဖို့များပါတယ်။ အဲဒါကြောင့် ရှာတဲ့အခါ လမ်းလွဲခဲ့တာပါပဲ။ကော်ပီမှန်းသိတယ်။ မူရင်းသီချင်းကို လိုက်ရှာတယ်။ 
ဟော အခု တွေ့ပါပြီ။ တွေ့တာမှ သီချင်းကိုသာမက သီချင်းရဲ့ လွှမ်းမိုးမှုအားကြီးတာကိုပါ တွေ့လိုက်တာပါ။ 
နိုင်ငံခြားဘာသာပေါင်း ၂၆ ဘာသာနဲ့ ပြန်ဆိုသီကျူးကြတဲ့သီချင်းပါ။

အဲဒါ ဘာဖြစ်လို့ပါလည်း။ ၁၉၇၇ မှာ အသံသွင်းပြီး ၁၉၇၈ မှာ ဖြန့်ဝေခဲ့ပါတယ်တဲ့။ လူကြီးတွေ လူလတ်တွေ လူငယ်တွေ အကြောင်း မဟုတ်ဘူးဗျ။ ကဲဗျာ အဲဒီလောက််ဆိုရင် ဘော်ဒါတို့လည်း သီချင်းကို ရှာတွေ့လောက်ပြီ ထင်ပါတယ်။ သဲလွန်စတွေကတော့ အပေါ်က စာသားတွေမှာ ပါပါတယ်။ 
ရှာခဲ့တာက တခြားအကြောင်းအရာတခုအတွက် ရှာတာပါ။

အဲဒီိလိုတမြန်နေ့က ရေးခဲ့တာမှာ ၁၉၇၈ မှာ ထုတ်တဲ့သီချင်း ၊ဘာသာ ၂၆ ဘာသာနဲ့ ပြန်ဆိုတီးမှုတ်ခဲ့တဲ့ သီချင်းအကြောင်းမိတ်ဆက်သဘောလောက်ပဲ ရေးခဲ့ပါတယ်။ ဖေ့ဘုတ်မှာပို့စ်တင်ပြီး မကြာခင်မှာ မိတ်ဆွေအကို တယောက်က Anak လို့ အဖြေမှန်ကို ပေးခဲ့ပါတယ်။ ဘာမဆိုသိနိုင်တဲ့ Google အကူအညီကြောင့်လို့ ဆိုပါတယ်။ သဲလွန်စအနေနဲ့ ကျနော်တို့ဆီက ပြန်ဆိုတဲ့ အဆိုတော်က ကဗျာဆရာလည်းဖြစ်ပါတယ် ဆိုတာ ရေးခဲ့ပါတယ်။ 

ကုန်တိုက်ကြီးတခုမှာ အချိန််ပိုင်း လုပ်နေတဲ့ ကာလအတွင်း အဲဒီသီချင်းကို သတိထားမိပါတယ်။ နေ့ခင်းပိုင်း ထမင်းစားပြီးချိန်ဆိုတာ အလွန်အိပ်ငိုက်လို့ကောင်းတဲ့အချိန်။ စျေးဝယ်သူလည်း ပါးပါတယ်။ အဲဒီနောက်ပို်င်း နှစ်နာရီခွဲ သုံးနာရီလောက်မှာဆိုရင် သီချင်းပြောင်းဖွင့်ပါတယ်။ တခြားအချိန်မှာတော့ မြူးမြူးကြွကြွလေးတွေဖြစ်ချင်ဖြစ်မယ် တီးလုံးလေးတွေပဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ခုနကပြောတဲ့ နှစ်ခွဲ သုံးနာရီလောက်မှာ အဲဒီသီချင်းကိုပဲ ပုံမှန်ဖွင့်တယ်။ အီတာလျံလိုဆိုထားတာလား၊ ဂျာမန်လိုဆိုထားတာလား မသိပါ။ ဖွင့်နေတဲ့အချိန်မှာ စျေးဝယ်ကျလာလေ့ရှိပါတယ်။ လာဘ်ခေါ်သီချင်းလားဆိုပြီး တွေးမိပါသေးတယ်။ ကြားမိတဲ့အခါ ဒီသီချင်းဟာ ဒို့ဆီက ကဗျာဆရာအဆိုတော် သီဆိုထားတဲ့ သီချင်းဆိုပြီး ရင်းနှီးနေတဲ့ သီချင်းဖြစ်နေပါတယ်။ ဗမာလိုဆိုတဲ့သီချင်းကိုလည်း အစအဆုံး အကုန်မရပါ။ သီချင်းနာမည်လည်း မသိပါ။ 

ဗမာအဆိုတော်သီချင်းကို ယူကျူမှာ လိုက်ရှာပါတယ်။ တပုဒ်ဖွင့်လိုက် နောက်တပုဒ်ဖွင့်လိုက်နဲ့ အချိန်သာကုန်ပြီး လိုချင်တဲ့သီချင်းကို မရပါ။ တရက်ညီဖြစ်သူနဲ့ အွန်လို််င်းပေါ်မှာ စကားပြောနေတုန်း သူ့ကို မေးကြည့်မိပါတယ်။ လူငယ်ကလည်း လူငယ်၊ ခေတ်ကလည်း ရှေ့ပဲပြေးတာကြိုက်တဲ့ ပုဂ္ဂိုလ်လေးဆိုတော့ သိမှာတော့မဟုတ်ဘူးလို့ မရဲတရဲ ထင်မိပေမယ့် မသေချာတဲ့ ရာခိုင်နှုန်းကို စမ်းကြည့်တာပေါ့ဆိုပြီး ညီရေ ဟိုအဆိုတော်ဆိုတာလေကွာ သူု့သီချင်းသံစဉ်ကဒီလိုကွနဲ့ ရထားတဲ့ စာသားကို ဆိုပြ ပါးစပ်ဆိုင်းတီးပြနဲ့ ခေတ်လူငယ်ကလည်း သူလည်း ကြားဖူးတယ် အဲဒီသီချင်း သေချာအောင် သူ့ရဲ့ ဂီတာနည်းပြဆရာကို မေးပေးပါမယ်ဆိုလာတာနဲ့ အားတက်၊ နောက်တရက်မှာ သီချင်းနာမည်ပြောပါတယ်။ "သီချင်းများနဲ့လူ"။ ခေါင်းစဉ်သိတာနဲ့ ယူကျူ့မှာ သီချင်းများနဲ့လူလို့ ရိုက်ပြီး ရှာပါတယ်။ ကိုပလေးဘွိုင်သန်းနိုင်က အရင်ဆိုတာဖြစ်ပြီး ကိုထူးအိမ်သင်က နောက်မှ ပြန်ဆိုတာဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ 

ကျနော်သိတာက ကိုထူးအိမ်သင် သီဆိုတာကို ကြားဖူးတာပဲဖြစ်ပါတယ်။ အဲဒီသီချင်းမှာပဲ မူရင်းအဆိုတော်ဟာ Freddie Aguilar ဖြစ်ပြီး သီချင်းနာမည်က Anak ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ Anak ဆိုတဲ့ စကားလုံးကို ဂူးဂဲလ်လိုက်တဲ့အခါ Anak (song) ဆိုပြီး Wikipedia မှာဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီကပဲ Anak သီချင်းရဲ့ အောင်မြင်မှုကို သိခွင့်ရခဲ့ပါတယ်။ 

ကျော်မောင်(တိုင်းတာရေး)
၃၀-၁-၂၀၁၆

Jan 27, 2016

ခေတ်မီ နည်းပညာရပ်တွေ သုံးမရတော့တဲ့အခါ

ရှစ်ထပ်မှာ နေတဲ့ ကောင် ဓါတ်လှေကားပျက်တာ အခုမှ ကြုံဖူးတဲ့အခါ ရိုးရိုးလှေကားအတိုင်း အပြေးတပိုင်း ဆင်းခဲ့ပါတယ်။ သုံးထပ်မှာ ပေါက်ဖော်တယောက် ဓါတ်လှေကားခလုတ် နှိပ်နေတာမြင်လို့ ဟေ့လူ အဲဒါပျက်နေတာလို့ အော်ပြောပြီး ဆက်ဆင်းတယ်။ ဟိုလူလည်း စပွိုင်းလား ဆိုကာ နောက်က လိုက်ဆင်းတယ်။ ဓါတ်လှေကားက နံပါတ်ပြတဲ့နေရာမှာ 10 out of order လို့ရေးထားတာ။ 

မှတ်တိုင်ရောက်တော့ နံပါတ် ၈၀၀ ဘတ်စ်ကားက ဆိုက်နေပြီ။ ကားမှတ်တိုင်မှာ တန်းစီစနစ်မသုံးတဲ့အခါ ဦးရာလူ တက်ပဲ။ တုတ်ကောက်ကိုင်ထားတဲ့ အဘိုးကြီးတယောက် မြည်တွန်တောက်တီးပြီး ကားပေါ်တက်သွားတယ်။ သူ့နာမည်က ဦးရာလူဖြစ်မယ်။ကားနောက်ဖက် တိုးကြလို့ ပြောတာထင်ပါတယ်။

ကားသမားက ရှေ့တံခါးမပိတ်ခင် ကားပေါ်တက်ဖို့ပြင်နေသူတွေကို လှမ်းပြောတယ်။ နောက်ကားလာပြီ အဲဒါ စောင့်စီးကြတဲ့။ ဟိုကားက မီးပွိုင့်မိနေတယ်။ 

ရထားစောင့်တဲ့ဆီကိုသွားဖို့ လမ်းမှာ စက်လှေကား လေးစင်း စီးရတယ်။ ပေါက်ဖော်ကြီးတွေနိုင်ငံမှာ စက်လှေကားသတင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့အပြီးမှာ ဒီကလူတွေလည်း စက်လှေကားဆိုတာကို သတိလက်လွတ် ဖုန်းလေးပွတ်ပြီး မစီးရဲကြတော့ဘူး။ 

ရထားစီးနေရင်း လမ်းမှာသာ ရထားပျက်နေရင် ဘာလုပ်ကြမလဲဆိုတာကို တွေးမိသွားသေးတယ်။ ကိုယ်စီးတာ မပျက်ရင်တောင် ရှေ့က ရထားပျက်ရင်လည်း နှောင့်နှေးတာပါပဲ။ 

ရထားဘူတာကထွက်ပြီး ကားစီးရပြန်တယ်။ နှစ်ထပ်ကားဖြစ်တယ်။ အပေါ်ထပ်တက်မယ့်လှေကားနံရံမှာ အပေါ်ထပ်ရှိ ကျန်သေးတဲ့ ခုံနေရာလွတ်အရေအတွက်ပြတဲ့ စက်က ပျက်နေတယ်။ ပါးတဲ့ကားစီးခရီးသည်တွေက ဘတ်စ်ကား မောင်းသူရဲ့ရှေ့ခေါင်းပေါ်မှာရှိတဲ့ CCTV ကို လှမ်းကြည့်ပြီးမှ အပေါ်ကိုတက်ကြတယ်။ CCTV က အပေါ်က ခရီးသည်တွေကို ရိုက်နေတာ။ ခုံလွတ်ရှိရင် လှမ်းမြင်ရတယ်။ ဟင် ခင်ဗျားက အခုမှသိတာလား။ ကျနော်လည်း သူများတွေ အဲဒီလိုကြည့်ကြတာမြင်လို့ သိသွားတာ။

ခေတ်မီနည်းပညာရပ်တွေ သုံးမရတဲ့အခါ ခေတ်ဟောင်းနည်းပညာရပ်တွေ ပြန်ခေတ်စားလာတယ်။ 

ဘာပဲပြောပြော ရေကူးတတ်အောင် လုပ်ရဦးမယ်။ လှေလှော်တတ်အောင်လည်း ကျင့်ဦးမှ။ 

ကျော်မောင်(တိုင်းတာရေး)