Jan 27, 2016

ခေတ်မီ နည်းပညာရပ်တွေ သုံးမရတော့တဲ့အခါ

ရှစ်ထပ်မှာ နေတဲ့ ကောင် ဓါတ်လှေကားပျက်တာ အခုမှ ကြုံဖူးတဲ့အခါ ရိုးရိုးလှေကားအတိုင်း အပြေးတပိုင်း ဆင်းခဲ့ပါတယ်။ သုံးထပ်မှာ ပေါက်ဖော်တယောက် ဓါတ်လှေကားခလုတ် နှိပ်နေတာမြင်လို့ ဟေ့လူ အဲဒါပျက်နေတာလို့ အော်ပြောပြီး ဆက်ဆင်းတယ်။ ဟိုလူလည်း စပွိုင်းလား ဆိုကာ နောက်က လိုက်ဆင်းတယ်။ ဓါတ်လှေကားက နံပါတ်ပြတဲ့နေရာမှာ 10 out of order လို့ရေးထားတာ။ 

မှတ်တိုင်ရောက်တော့ နံပါတ် ၈၀၀ ဘတ်စ်ကားက ဆိုက်နေပြီ။ ကားမှတ်တိုင်မှာ တန်းစီစနစ်မသုံးတဲ့အခါ ဦးရာလူ တက်ပဲ။ တုတ်ကောက်ကိုင်ထားတဲ့ အဘိုးကြီးတယောက် မြည်တွန်တောက်တီးပြီး ကားပေါ်တက်သွားတယ်။ သူ့နာမည်က ဦးရာလူဖြစ်မယ်။ကားနောက်ဖက် တိုးကြလို့ ပြောတာထင်ပါတယ်။

ကားသမားက ရှေ့တံခါးမပိတ်ခင် ကားပေါ်တက်ဖို့ပြင်နေသူတွေကို လှမ်းပြောတယ်။ နောက်ကားလာပြီ အဲဒါ စောင့်စီးကြတဲ့။ ဟိုကားက မီးပွိုင့်မိနေတယ်။ 

ရထားစောင့်တဲ့ဆီကိုသွားဖို့ လမ်းမှာ စက်လှေကား လေးစင်း စီးရတယ်။ ပေါက်ဖော်ကြီးတွေနိုင်ငံမှာ စက်လှေကားသတင်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့အပြီးမှာ ဒီကလူတွေလည်း စက်လှေကားဆိုတာကို သတိလက်လွတ် ဖုန်းလေးပွတ်ပြီး မစီးရဲကြတော့ဘူး။ 

ရထားစီးနေရင်း လမ်းမှာသာ ရထားပျက်နေရင် ဘာလုပ်ကြမလဲဆိုတာကို တွေးမိသွားသေးတယ်။ ကိုယ်စီးတာ မပျက်ရင်တောင် ရှေ့က ရထားပျက်ရင်လည်း နှောင့်နှေးတာပါပဲ။ 

ရထားဘူတာကထွက်ပြီး ကားစီးရပြန်တယ်။ နှစ်ထပ်ကားဖြစ်တယ်။ အပေါ်ထပ်တက်မယ့်လှေကားနံရံမှာ အပေါ်ထပ်ရှိ ကျန်သေးတဲ့ ခုံနေရာလွတ်အရေအတွက်ပြတဲ့ စက်က ပျက်နေတယ်။ ပါးတဲ့ကားစီးခရီးသည်တွေက ဘတ်စ်ကား မောင်းသူရဲ့ရှေ့ခေါင်းပေါ်မှာရှိတဲ့ CCTV ကို လှမ်းကြည့်ပြီးမှ အပေါ်ကိုတက်ကြတယ်။ CCTV က အပေါ်က ခရီးသည်တွေကို ရိုက်နေတာ။ ခုံလွတ်ရှိရင် လှမ်းမြင်ရတယ်။ ဟင် ခင်ဗျားက အခုမှသိတာလား။ ကျနော်လည်း သူများတွေ အဲဒီလိုကြည့်ကြတာမြင်လို့ သိသွားတာ။

ခေတ်မီနည်းပညာရပ်တွေ သုံးမရတဲ့အခါ ခေတ်ဟောင်းနည်းပညာရပ်တွေ ပြန်ခေတ်စားလာတယ်။ 

ဘာပဲပြောပြော ရေကူးတတ်အောင် လုပ်ရဦးမယ်။ လှေလှော်တတ်အောင်လည်း ကျင့်ဦးမှ။ 

ကျော်မောင်(တိုင်းတာရေး)

Jan 24, 2016

တွေးမိလေသော - ခြင်ချော်လဲ

စခဲ့တာက အဖွားရဲ့ အိမ်ဦးနတ်ဖြစ်တဲ့ အဘပါပဲ။ အဘက ဆံပင်တိုတိုထားတဲ့သူ။ ဒါပေမဲ့ ဆံပင်ကို အုန်းဆီအမြဲလိမ်းတယ်။ သူတို့ခေတ်မှာ အုန်းဆီအပြင် တခြားခေါင်းလိမ်းဆီတွေ ရှိပေမယ့် သူကတော့ အုန်းဆီမှ အုန်းဆီပါပဲ။ ငါးကျပ်သားလောက်ထည့်နိုင်တဲ့ ပုလင်းထဲက အုန်းဆီကို လက်ဝါးနှစ်ဖက်ထဲထည့်ပြီး အကျအန လိမ်းပါတယ်။ ပြီးတော့မှ အနီးအနားမှာရှိတဲ့ မြေးဖြစ်သူတွေကို ငါ့မြေးတွေ လာစမ်းဆိုပြီး အုန်းဆီလိမ်းပေးပါတယ်။ အဲဒီက စတာပါပဲ။ တခြားမြေးတွေတော့မသိ။ ကျော်မောင်ဆိုတဲ့ "စကားများ "က အဘလိုပဲ အုန်းဆီမှ အုန်းဆီဖြစ်သွားပါတယ်။ 

ဘာကြောင့် အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်သုံးရသလဲဆိုတာ တတ်သမျှဉာဏ်နဲ့ တွေးကြည့်မိပါတယ်။ ဦးခေါင်းဟာ လူရဲ့ကိုယ်မှာ အပေါ်ဆုံးအပိုင်းဖြစ်ပါတယ်။ ဆံပင်က အဲဒီဦးခေါင်းမှာရှိတာပါ။ အုန်းဆီကို အုန်းသီးကနေ ရပါတယ်။ အုန်းသီးဆိုတာ လူထက်မြင့်တဲ့ အုန်းပင်မှာ သီးပါတယ်။ အုန်းပင်ပုတွေ မပါပါ။ 

နောက်တခါ အုန်းဆီသည် သူ့အလိုလိုက ဘာမှ မရောစပ်ရပဲ မွှေးပြီးသား ဖြစ်ပါတယ်။ 

ကြုံခဲ့ရတာလေးက ဒီလိုပါ။ 

အလယ်တန်းကျောင်းသားဘဝ ကျောင်းပိတ်ရက်အတွင်း ကျောင်းမှာ ကြက်ခြေနီသင်တန်းတက်ပါတယ်။ ပတ်တီးစည်းနည်းအမျိုးမျိုးကို သင်ယူရပါတယ်။ တခြားဟာတွေလည်း ပါသပေါ့။ သင်တန်းမှာ နည်းပြဆရာမက ဘယ်လိုအခြေအနေမှာ ဘယ်စည်းနည်းဟာ ဆောင်ရွက်ဖို့ခက်ခဲကြောင်း ဉာဏ်သုံးရကြောင်း သင်ပါတယ်။ ဥပမာအားဖြင့် မျက်လုံးတဖက် ထိခိုက်သွားသူကို ပတ်တီးစည်းရမယ်ဆိုရင် ပုံမှန်ဆိုရင်တောင် ခက်ခဲကြောင်း တခါတလေမှာ လူနာက ခေါင်းလိမ်းဆီ လိမ်းထားရင် အတော်မလွယ်ကြောင်း ဟာသနှောကာ ပြောပြပါတယ်။ ရယ်စရာအဖြစ် သဘောထားကာ နေခဲ့ပါတယ်။ 

အဲ စာမေးပွဲ စာတွေ့အပြီး လက်တွေ့မှာ မေးမယ့် ဆရာမဆီကို နှစ်ယောက်တတွဲ ဝင်ရတယ်။ အဲဒီမှာ တွဲဖက်ကျတာက အငယ်တန်းက ချောင်ယွန်ဖတ်ပဲ။ တရုတ်မင်းသား ချောင်ယွန်ဖတ်ပုံစံဖမ်းပြီး ကေ တော်တော်သတဲ့ သူဖြစ်လို့ သူ့ဆံပင်က အမြဲတမ်း ပြောင်လက်နေပါတယ်။ 

ကဲ စမေးပြီ ဘာနည်းကို ချည်ပြဆိုတော့ ချောင်ယွန်ဖတ်ကို လုပ်ခိုင်းတာက လွယ်တယ်ထင်ပါတယ်။ ကျော်မောင့်အလှည့်မှာ ချောင်ယွန်ဖတ်ကို မျက်လုံးတဖက်စည်းပေးရမယ်တဲ့။ အဲဒီအခါမှ သူဖက်လှည့်ပြီး စည်းဖို့ ပတ်တီးပြင်တဲ့အခါ ခါတိုင်းထက် ပိုပြောင်တဲ့ သူ့ဆံပင်ကိုတွေ့ရပါတယ်။ ခြင်နားရင်တောင် ချော်လဲသွားနိုင်ပါတယ်။ ကြိုးစားပြီး စည်းပါတယ်။ မရပါ။ 

ဆရာမက ပြုံးပြီးကြည့်နေပါတယ်။ ဉာဏ်သုံးရမယ်ဆိုတဲ့ သင်တန်းဆရာမစကားပြန်အမှတ်ရကာ ပတ်တီးတခုယူ သူ့ခေါင်းပေါ်မှာ အသာတင် ပြီးမှ မျက်လုံးတဖက်ကို စည်းပေးလိုက်ပါတယ်။ 

အဲဒီသင်တန်းမှာ တတိယဆုရတာတော့ နောက်မှပဲ ပြောကြတာပေါ့။ 

ကျော်မောင်(တိုင်းတာရေး)
၇-၉-၂၀၁၅


တော်တော် လက်မတည့်တဲ့ ကောင်တွေ

မိုးသည်းသော တနေ့။ တိကျစွာ ပြောရလျှင် ကျောင်းပိတ်ရက် စနေ နေ့လယ်ခင်း။ 
မိုးသားတွေ ညို့ကာ မိုးသီးမိုးပေါက်တွေက ကြီးကြီးမားမား။ အင်္ဂလိပ်အီဒီယမ်မှာ "raining cats and dogs" လို့ခေါ်သည်။

၅ တန်းကျောင်းသား ကျော်မောင်လည်း အမေ့ဆီက ပါမစ်တောင်း၊ ရတာနဲ့ဘောင်းဘီတိုလဲဝတ်ကာ သူငယ်ချင်းအပေါင်းတို့ ပျော်ပျော်ပါးပါး မိုးရေချိုးကာ ဘောလုံးကန်နေသော ကွင်းပြင်သို့ ပြေးချေသည်။ မိုးကြိုး မကြောက်၊ လျှပ်စီးမကြောက်။ 

ဒေဝေါကြီး ခဏနား။ မိုးရွာတုန်း ရေခံ .. အဲလေ မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ ..
ဟုတ်ပါဘူး ... မိုးသည်းတုန်း ကမြင်းရတာ ဖြစ်လို့ မိုးတိတ်မှာ စိုးရွံ့ကြ။ မိုးတိတ်လို့မဖြစ်။

ဘောလုံးကန်နေတုန်း အုပ်စုထဲက ဘော်ဒါနှစ်ကောင် လက်သွားဆော့ကြသည်။ မလှမ်းမကမ်းက တိုက်ရှေ့မှာ ဒိုင်နာကားက ညအိပ်လေ့ရှိသည်။ ပိုင်ရှင်က အဲဒီတိုက်က နှစ်ထပ်မြောက်မှာ နေသည်။ သူ့အခန်းက မီးကြိုးသွယ်ကာ သူ့ကားကို ညဘက်အတွက် မီးလုံးထွန်းပေးထားသည်။ ကားမီးခွက်တွေ ဘာတွေ ခိုးသည့်ရန်မှ ကင်းဝေးရန်ဖြစ်သည်။

မီးလုံးကို ၀ါးတိုင်ထောင်ထားသည့် အပေါ်တွင် တိုင်ထိပ်နှင့် ချည်ကာ အလင်းပေးသည်။ မနက်က ပိုင်ရှင် အဖိုးကြီး မီးပိတ်ဖို့ မေ့သွားတာ ဖြစ်မည်။ မီးလုံးက မိုးမှောင်မှောင်အောက်တွင် ၀ါထိန်ကာ နေ့ခင်းဖက်တွင် လင်းနေဆဲ။ 

ဘောလုံးကန်နေရင်းမှ ဟိုနှစ်ကောင် ဘာတွေသွားသွားလုပ်နေလည်း လိုက်ကြည့်.... 
သူတို့တွေက ခဲလုံးသေးသေးလေးတွေ ကောက်ကောက်ပြီး အဲဒီမီးလုံးကို တယောက်တလှည့် ပစ်နေကြတာ။ 

နောက်ကနေ ကြည့်လိုက်တယ်။ ဒီကောင်တွေ ပေါက်နေတာဆယ်ကြိမ် မကတော့ဘူး။

တလုံးမှ မထိကြ။ ဒါနဲ့ ကျော်မောင် ပါရပြီပေါ့ .... ပါလေရာ ငါးပိချက် မဟုတ်လား . ...

"ဟေ့ကောင်တွေ ဟေ့ကောင်တွေ တော်တော်လက်မတည့်တဲ့ ကောင်တွေ ... ဒီမှာ ကြည့် ... "

ပြောပြောဆိုဆို ခဲလုံးသေးသေး သုံးလေးလုံး ကောက်ပြီး သေသေချာချာမှန်းပြီး လှမ်းပစ်လိုက်တာမှာ သုံးလုံးမြောက် အရောက် .... 

" ခွမ်း"

"တွေ့လားကွ ... အဲလို လက်တည့်အောင် ပစ်ရတယ်" ဂုဏ်ယူဝ့ံကြွားစွာနဲ့ ပြောလိုက်သည်။ 

ဟိုနှစ်ကောင် ရယ်ဖြဲဖြဲနဲ့ ..." ဟာ ကျော်ကြီး ... ပြေးပြေး .. မီးလုံးကွဲသံကြားလို့ အဖိုးကြီး လသာခန်းဖက် ထွက်လာပြီ၊ မင်း ခွဲတာနော် ... လက်တည့်တယ် လက်တည့်တယ် .. ဟား ဟား ဟား ဟား " ဆိုပြီး ဘောကန်နေရာဖက် ပြေးကြလေသည်။

ဒီတွင်မှ လဒနှစ်ကောင် ကျော်မောင့်ကို ချောက်ချမှန်း ငတုံးက သိပါတော့တယ်။ 

လက်တည့်တဲ့ကောင် ငတုံးကျော်မောင် ....သြော် ဒီလဒတွေ မလွဲ လွဲအောင် ပစ်နေတာကို တော်တော်လက်မတည့်တဲ့ကောင်တွေလို့ အားမလို အားမရဖြစ်ပြီး ဝင်ကြဲတဲ့ ကောင် ... ပြေးပေဦးတော့ ... 

ကျော်မောင်(တိုင်းတာရေး)
၂၃-ဇန်နဝါရီ-၂၀၁၅

Jan 22, 2016

အဖွားနှင့် အတူ စျေးသွားခြင်း

အဖွားဆိုတာက အမေရဲ့ အမေ ဖြစ်ပါတယ်။ အဖွားအကြောင်းကို “အဖွားပြောသော ပုံပြင်” ဆိုတဲ့ ဆောင်းပါးတစောင်မှာ တစွန်းတစ ထည့်ရေးခဲ့ဖူးပါတယ်။ အဖွားက ကျနော့်တို့သိတတ်စအရွယ်လောက်မှာ အသက်ငါးဆယ်ကျော်ကျော်ဖြစ်နေပါပြီ။ အဖွားက သူ့နယ်မှာပဲ သူ့ရပ်ဆွေ ရပ်မျိုးတွေ၊ သားတွေ သမီးတွေ၊ မြေးတွေနဲ့ နေရတာ သဘောကျပုံပါ။ နီးစပ်ရာ ရွာနီးချုပ်စပ်တွေကိုလည်း စက်လှေနဲ့ အလည်အပတ်သွားဖို့ ဝန်မလေးတတ်ပါဘူး။ သာရေးနာရေး လက်မနှေးတတ်သူပါ။ သန်တုန်းမြန်တုန်းမှာ အဘနဲ့ အတူတူ သွားရင်သွား၊ သူတယောက်ထဲလည်း သွားရင်သွားတတ်သူပါ။ ပြန်လာရင် ထိုထိုရွာတွေက အမျိုးတွေ လက်ဆောင်ပေးတဲ့ ပစ္စည်းတွေနဲ့ တနင့်တပိုးပါပဲ။

အဖွားကို သူ့သားတွေ သမီးတွေဖြစ်တဲ့ ကျနော့် အမေ၊ အဒေါ်နဲ့ ဦးလေးတွေက အမလို့ ခေါ်ကြပါတယ်။ ဒါဆို ဘယ်သူ့ကို အမေလို့ ခေါ်တုန်းလို့ မေးကြည့်တဲ့အခါ အဖွားရဲ့ အမေ၊ သူတို့ အဖွားတော်သူကိုမှ အမေလို့ ခေါ်ကြပါသတဲ့။

အဖွားက သမီးကြီး မိသားစုရှိရာ ရန်ကုန်မြို့ကြီးကို လာလည်ခဲပါတယ်။ အဲ လာလည်ပြီဆိုရင်လည်း တလလောက်ပဲ နေတတ်ပြီး သူနေထိုင်ရာ တိုးမြစ်နားက နယ်မြို့လေးကိုဆီ ပြန်တော့တာပါပဲ။ အဲဒီအခါ ကျနော်တို့က နောက်တတ်ပါတယ်။ အဖွားက အဘကို စိတ်မချလို့ထင်တယ်လို့ ပြောတဲ့အခါ ဒီကလေးတွေလို့ အံကြိတ်ကြိမ်းမောင်းတတ်ပါတယ်။

အဖွားက ဟင်းချက်အတော်ကောင်းပါတယ်။ သူ့ချက်တဲ့လက်ရာကို အမေက အတော်မီိပါတယ်၊ အမေ့ထက် ဟင်းချက်ကောင်းသွားသူက ကျနော့်တဝမ်းကွဲအမဖြစ်သူပါ။ သူတို့က အဖိုး အဖွားနဲ့ အတူ နယ်မြို့မှာပဲ အတူတူနေကြတဲ့အတွက် မြေးအဖွားနှစ်ယောက် မီးဖိုချောင်ကိစ္စမှာ အဖွားကို သူက ကူညီရပါတယ်။ ဝမ်းကွဲအမက ဟင်းချက်ပုံ ဟင်းချက်နည်း တော်တော်များများကို လုပ်ရင်းကိုင်ရင်း အဖွားဆီက ဆရာစားမချန် ရခဲ့သူဖြစ်ပါတယ်။ ငါးပြေမဟင်းကို ကန်စွန်းရွက်အုပ်ချက်ထားတဲ့ အဖွားရဲ့လက်ရာ လယ်သူမချက်ဆိုရင် ထမင်းနှစ်ပန်းကန် သုံးပန်းကန်ဆိုတာ ဗိုက်ထဲကို လျှောကနဲပါပဲ။

အဖွားက ရန်ကုန်ကို လာလည်တဲ့အခါမှာလည်း ဟင်းချက်တာကို တာဝန်ယူသူပါ။ အမပဲချက်ပါမယ်၊ ညဉ်းလည်း တောက်လျှောက်ချက်ပြုတ်နေတာ၊ အေးအေးနေပါအေ လို့ အမေ့ကို နားနားနေနေနေခိုင်းပြီး သူပဲ ချက်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်သူဟာ ဟင်းစားကိုလည်း ကို်ယ်တိုင်သွားဝယ်ရတာကိုပဲ နှစ်သက်လေ့ရှိပါတယ်။ အဲဒါကြောင့် အဖွားက နီးရာစျေးကို လှုပ်တုပ် လှုပ်တုပ်နဲ့ သွားပါတယ်။ လှုပ်တုပ် လှုပ်တုပ်လို့ ပြောရတာက အဖွားက အသက်နည်းနည်းရလာတဲ့အခါ ဒူးနာပါတယ်၊ ညောင်းတာ ညာတာ ရှိပါတယ်။ အဖွားကို နင်းပေး နှိပ်ပေး အပူထုတ်ပေးဖူးပါတယ်။ အဖွားဆီက မုန့်ဖိုးရချင်တာလည်း ပါပါတယ်။ အမေတို့ အမလို့ ခေါ်တဲ့ အဖွား စျေးသွားတဲ့အခါ လိုက်ပါပြီး စျေးဝယ်ခြင်းဆွဲရသူကလည်း ကျနော် ကျော်မောင်ပေါ့ခင်ဗျာ။

စစခြင်း တရက်မှာ၊ အဲဒီ တရက်ဆိုတာက အဖွား သဘောင်္နဲ့ ရန်ကုန်ရောက်လာပြီး နောက်တနေ့မနက်မှာ၊ အဖွားက စောစောစီးစီး ရေမိုးချိုးပြီး အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ဝတ်ပြီးတဲ့အခါ စျေးခြင်းဆွဲပြီး စျေးသွားမယ် ပြင်ပါလေရော။ သားကျော်ရေ အဖွားနဲ့ လိုက်သွားလိုက်လို့ အမေက ပြောတဲ့အခါ ဟုတ်ကဲ့ဆိုပြီး အဖွားကို လက်တွဲပြီး စျေးကို လမ်းလျှောက်ကြပါတယ်။ စျေးနဲ့ အိမ်နဲ့က ကျနော်တို့ ကလေးနှုန်းနဲ့ဆို ကြာလှ ဆယ်မိနစ်ပေါ့။ အဖွားနဲ့သွားတဲ့အခါ နှစ်ဆမက ကြာပါတယ်။ ဒါက စျေးအဝ အရောက်ကိုပဲ ပြောတာပါ။

အဖွားမှာ စျေးဝယ်တဲ့စနစ်တခုရှိတာ အဖွား စျေးဝယ်တဲ့အခါ နောက်လိုက်ခြင်းဆွဲလုပ်ရင်းနဲ့ သတိပြုမိပါတယ်။ အဲဒါက ဘာလည်းဆိုတော့ သူက စျေးတန်း စတွေ့တာနဲ့ စဝယ်တာပါပဲ။ သားငါးစျေးတန်းက စျေးကြီးရဲ့ အဆုံးဖက်နားလောက်မှာ ရှိပါတယ်။ ကျနော့်အတွေးက သားငါးက အဓိက၊ စျေးအဆုံးမှာလည်း ရှိတယ်၊ အဲဒီကို အရင်သွား၊အဆုံးကနေမှ တဖြည်းဖြည်းစျေးအဝင်ဖက် ထွက်လာတာမှာ ဝယ်ချင်တာတွေ အဲဒီကျမှ ဝယ်။ အဖွားနဲ့ စျေးစလိုက်တဲ့နေ့မှာပဲ မြေးအဖွားနှစ်ယောက် နောင်ဂျိန်ပါပဲ။ အဖွားနောက်မှဝယ်၊ ပြန်လာမှဝယ်မယ်ဆိုရင်၊ ဒီကလေး မသိဘဲနဲ့၊ ပြန်လာရင် ဒီဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ တို့စရာတွေက ကုန်သွားလောက်ပြီ၊ မကောင်းတာတွေပဲ ကျန်ခဲ့မယ်တဲ့။

အဲဒီတော့ စျေးကို စဝင်ကတည်းက ဟိုဆိုင်တွေ့ ဒါလည်း လတ်လိုက်တာ၊ သမီးစားဖို့ ဝယ်သွားမှ၊ ဒီဆိုင်တွေ့ ဒါလေးဆို ကောင်လေးကြိုက်မှာပဲ၊ အဲ ပြောရဦးမယ်၊ ကောင်လေးဆိုတာ ကျနော့်အဖေကို ခေါ်တာ၊ ဒါတွေက ငါ့မြေးတွေ စားဖို့နဲ့ ၊ စျေးတန်းကလည်း ဘယ်ဖက် ညာဖက်မှာ ဗန်းလေးတွေ အခင်းလေးတွေနဲ့ ချရောင်းနေတဲ့ခေတ်ဖြစ်တဲ့အတွက် အဖွားက ဆိုင်တဆိုင်ရှေ့ရောက်ရင် မြေးရေ ခဏဆိုပြီး ဆောင့်ကြောင့်ထိုင်၊ သူ့စိတ်ကြိုက် ရွေးချယ်ကာ စျေးဆစ် ငွေချေ၊ ပြီးတာနဲ့ အိမ်ကယူလာတဲ့ စျေးဝယ်ခြင်းထဲ ထည့်ပါတယ်။ ကဲ မြေးရေ ဆွဲ ဆိုတာနဲ့ မြေးကျော်မောင်လည်း ဆွဲရပါတယ်။ ဆောင့်ကြောင့်ထိုင်ရာမှ ထဖို့ပြင်တဲ့ အဖွားကိုလည်း လက်တဖက်နဲ့ ထူရပါသေးတယ်။

သားငါးတန်း မရောက်ခင်မှာပဲ စျေးခြင်းက အတော်စုံနေပြီ ဖြစ်ပါတယ်။ ခြင်းဆွဲကလည်း ဘယ်ညောင်းရင် ညာဖက်နဲ့ဆွဲ၊ ညာညောင်းရင် ဘယ် တလှည့်စီ မနိုင်မနင်းဆွဲလို့။ သားငါးတန်းကထွက်၊ ပန်းသည်တွေဆီရောက်တဲ့အခါ ဘုရားကပ်ဖို့ ပန်းတွေ ဝယ်ပါတယ်။ အဲဒီ ပန်းစည်းတွေကို အဖွားက သယ်ပါတယ်။ စျေးကနေ ပြန်ထွက်တဲ့အခါမှာလည်း သူ့စိတ်ထဲ ဝယ်ချင်တာတွေ့ရင် မြေးရေ ပန်းတွေက အပွင့်တွေ လက်နဲ့ မထိစေနဲ့ ရော့ကိုင်ထားလို့ လှမ်းပေးရင်း စျေးဝယ်ပြန်ပါတယ်။

အိမ်ပေါ်ရောက်တဲ့အခါ ခြင်းဆွဲကျော်မောင်လည်း လက်မောင်းတွေ အတော်ညောင်းနေပြီ ဖြစ်ပါတယ်။ နောက်နေ့မနက် အဖွားစျေးသွားမယ်ဆိုတော့လည်း ကျော်မောင်ဆိုတဲ့ မြေးက မညည်းမညူ စျေးခြင်းလိုက်ပါဆွဲပေးလေ့ရှိပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဖွားက ရိုးရိုးအဖွားမဟုတ်ပါ၊ ခေတ်အတော်များများကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်တဲ့အတွက် ဆယ်ကျော်သက်ဝင်စ မြေးကို လွယ်လွယ်လေးပဲ မက်လုံးလေးပေးပြီး စည်းရုံးနိုင်ခဲ့သူပါ။

အဲဒါက စျေးကနေ ပြန်အထွက်မှာ ပြောင်းဖူးပြုတ်တို့၊ ပြောင်းဖူးမီးဖုတ်တို့၊ မုန့်ဆီကြော်တို့၊ ဖီးကြမ်းငှက်ပျောသီးတို့ အစရှိတဲ့ မုန့်ပဲသရေစာ အရောင်းဆိုင်တွေကနေ မြေးကျော်မောင် ကြိုက်ရာ သရေစာတခုထက်မကကို ဝယ်စားခွင့်ပေးထားတာပါပဲ။

မြေးကျော်မောင်ကလည်း အိမ်ရောက်တာနဲ့ ဘယ်အိမ်သားကိုမှ ပေးမကျွေးပါဘူး။ စားချင်ရင် အဖွားနောက်က စျေးခြင်းလိုက်ဆွဲကြလေလို့ ခပ်တင်းတင်း ပြောရင်း ဝယ်လာတဲ့ မုန့်ကို မြိန်ရည်ရှက်ရည် တဖြဲနှစ်ဖြဲဆွဲပါတော့တယ်။

အဲဒီလိုနဲ့ အဖွား ရန်ကုန်ကနေ နယ်မြို့ကို မပြန်မချင်း စျေးခြင်းဆွဲတာဝန်ကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့သောသူဖြစ်ပါကြောင်း ရှေးဟောင်းနှောင်းဖြစ် သတိရစရာအနေနဲ့ ရေးသားလိုက်ရပါတယ်။

အဖွားရဲ့ မြေးရေ ဘာစားဦးမလည်းလို့ မုန့်ဆိုင်ရှေ့ရောက်တိုင်း မေးတဲ့ အသံလေးကို အခုထိ ကြားယောင်နေမိပါကြောင်း။ ။

ကျော်မောင်(တိုင်းတာရေး) (ခ) မြေးကျော်မောင်
၂၂-၁-၂၀၁၆

စာကြွင်း ။ ။ ရသစာပေနွယ်သော ကိုယ်တွေ့ဆောင်းပါးလည်းဖြစ်၊ အဖွားအတွက် အမှတ်တရလည်းဖြစ်တဲ့ ဆောင်းပါးမျိုး ရေးသားခြင်းဖြစ်ပါတယ်။