Jan 13, 2016

ဟိုက်ဂျင်းန် နောက်ဆက်တွဲ

ကုန်တိုက်ကြီးက အန်တီကြီးရှင်းပြတာမှာ သူတို့ကုန်တိုက်ဟာ ဟိုက်ဂျင်းန်းကို အလွန်ဂရုစိုက်ကြောင်း၊ တကိုယ်ရည်သန့်ရှင်းမှုသည် ကုန်တိုက်ရှိ ဝန်ထမ်းများ အားလုံးလိုက်နာကျင့်သုံးရမည်ဖြစ်ပြီး ကုန်တိုက်ရှိ ကုန်စို၊ ကုန်ခြောက်၊ အသင့်စားနိုင်သော စားသောက်ကုန်ပစ္စည်းများတွင် ဝန်ထမ်းဖြစ်သူများ ဂရုမစိုက်မှုကြောင့်ဖြစ်စေ၊ ထုပ်ပိုးမှုလုပ်ရာတွင် သုံးသော ကိရိယာများ မသန့်ရှင်းမှုကြောင့်ဖြစ်စေ စျေးဝယ်သူများတွင် အစာအဆိပ်တောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက သူတို့ကုန်တိုက်အနေဖြင့် ရှိဆဲအဆင့်ဖြစ်သော သန့်ရှင်းမှု ပထမအဆင့်မှ ကျသွားနိုင်ပါကြောင်း ရှင်းပြပါတယ်။

အဆင့်ကျတာအရေးမကြီး၊ စျေးဝယ်သူတွေ အတွက် လုံခြုံစိတ်ချရတဲ့ အစားအသောက် သန့်ရှင်းမှုဆိုတဲ့ အချက်ကို သူတို့ ကုန်တိုက်မှ အလွန်အလေးထားပါကြောင်း ပြောပါတယ်။ အပေါ်မှာ အဖြူရောင်တီရှပ်ဝတ်ရမယ်။ ပလတ်စတစ်လက်အိတ်သုံးရမယ်။ ဦးထုပ်ဆောင်းရမယ် ဆိုတာပါပဲ။ ရှေ့ကနှစ်ချက်ကို သဘောတူပေမယ့် ကုန်တိုက်ထဲ ဦးထုပ်ဆောင်းရမယ့်အချက်ကို သဘောမကျပါ။

တအိမ်တည်းနေ သူငယ်ချင်းတယောက်နဲ့ အချိန်ပိုင်းဝင်လုပ်ကြတာဖြစ်လို့ သူတို့မှာ အချိန်ပိုင်းအလုပ်သမား နှစ်ယောက်တိုးပါတယ်။ အလုပ်လုပ်ရမယ့် နေရာက သက်ဆိုင်ရာမန်နေဂျာကနေ ဟိုက်ဂျင်းန်ဆိုတာနဲ့ ပတ်သက်လို့ ထပ်ရှင်းပြပါတယ်။ အဲဒီမှာမှ ဘာကြောင့် ဦးထုပ်ဆောင်းရသလဲဆိုတာ နားလည်သွားပါတယ်။ လေအေးစက်တွေ အေးနေအောင်ဖွင့်ထားတဲ့ ကုန်တိုက်ထဲမှာ နေလည်းမပူဘဲနဲ့ ဘာကြောင့်ဦးထုပ်ဆောင်းရသလဲဆိုတော့ ဝန်ထမ်းဆီက ဆံပင်တွေဖြစ်ဖြစ်၊ ဗေါက်တွေဖြစ်ဖြစ်၊ ဦးခေါင်းထက်မှာ ရှိနိုင်တဲ့ ပိုးမွှားတွေ မကျရောက်အောင် ကာကွယ်တာဖြစ်ပါသတဲ့။ အလုပ်ဆင်းတဲ့အခါတိုင်း မန်နေဂျာက သူ့ဝန်ထမ်းတွေ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းရှိတာကို အမြဲမြင်ချင်သူဖြစ်ပါတယ်။

ဒါက အဲဒီကုန်တိုက်မှာ ဘာကြောင့် ဟိုက်ဂျင်းန်ဆိုတာ သူတို့ အလေးထားသလဲဆိုတာဖြစ်ပါတယ်။

ကြုံလို့ မနေ့က အတွေ့အကြုံတခု ပြန်လည်ဖောက်သည်ချပါရစေ။

အပြင်မှာ အလုပ်တခုပြီးတဲ့အခါ ထမင်းစားချိန်ဖြစ်လို့ နီးစပ်ရာ စားသောက်ဆိုင်တန်း (ဒီက အခေါ် Food court) မှာ စားဖို့ စားပွဲလိုက်ရှာတဲ့အခါမှာပေါ့။ အဲဒီမှာ စားပြီးသောက်ပြီး ပန်းကန်ခွက်ယောက်တွေကို လိုက်သိမ်းနေတဲ့ လူကြီးတယောက်ရှိတာတွေ့ရတယ်။ တချက်မှာ အဲဒီလူကြီးက သူ့ခြေထောက်တဖက်ကို ထိုင်ခုံပေါ်တင်လိုက်ပြီး သူ့ခြေထောက်မှာ ဝတ်ထားတဲ့ ခြေအိတ်ရှည်ရှည်ကြီးကို လက်ဗလာနဲ့ ဆွဲတင်လိုက်တာ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီလက်နဲ့ပဲ ဟိုခုံရှည်ကိုထိ ဒီခုံရှည်ကိုထိတာပါ။ တဆိုင်ချင်းစီမှာ NEA (National Environment Agency) ကစစ်ဆေးပြီး ပေးထားတဲ့ လက်မှတ်တွေရှိပါတယ်။ သန့်ရှင်းမှု ပထမအဆင့်၊ သန့်ရှင်းမှု ဒုတိယအဆင့် ဆိုတာမျိုးပေါ့။ ဒါပေမယ့် စားသောက်ဆိုင်တန်းတခုလုံးစာအတွက် သတ်မှတ်ပေးထားတာ မရှိပါ။ ဆိုင်တခုချင်းစီမှာပဲ တွေ့ရပါတယ်။

အစားအစာတခုစားပြီး ဝမ်းလျှောဝမ်းပျက်ကြပြီဆိုရင် စဉ်းနှီတုံးမသန့်လို့လား၊ ခုနက သုံးတဲ့ ပန်းကန်ခွက်ယောက်တွေ မသန့်လို့လား စသည်ဖြင့် မီးခိုးကြွက်လျှောက်လိုက်ကြပါတယ်။ သစ်သီးတွေ စိတ်ရာမှာသုံးတဲ့ စဉ်းနှီတုံးဟာ အသားတွေတုံးတဲ့ စဉ်းနှီတုံးဖြစ်တဲ့အတွက် အစာအဆိပ်သင့်ပြီး ဒုက္ခရောက်ကြတာတွေ ရှိပါတယ်။ ပိုမိုလေ့လာနိုင်အောင် အောက်က အင်တာနက်စာမျက်နှာတွေမှာ ဖတ်ကြည့်နိုင်ကြပါတယ်။

(1) http://www.nea.gov.sg/…/guidelines-on-proper-usage-and-clea…(2) http://www.nea.gov.sg/…/nea-food-hygiene-newsletter-2014-is…

ကျော်မောင်(တိုင်းတာရေး)
၄-၉-၂၀၁၅

Jan 12, 2016

ကြည့်ခဲ့မိသော ရုပ်ရှင်ကား (Unbroken)

သူငယ်ချင်းက ပြောထားတာကြာပြီ။ လက်မှတ်နှစ်စောင် ရုံးက ရထားတယ်။ ကားကောင်းရှိရင် ကြည့်မယ်ဗျာတဲ့။ မနေ့ ည(၆)နာရီလောက်မှာ ဖုန်းခေါ်တယ်။ ကွန်ပျူတာသုံးပြီး GV Yishun မှာ ပြနေတဲ့ရုံတင်ကားနဲ့ အချိန်ကို ကြည့်။ အိုကေ Unbroken ကြည့်မယ်။ ဒါရိုက်တာက ဂျိုလီ ဗျ။ ဇာတ်ကားထဲ သူမပါဘူးလား။ ပါနိုင်မယ် မထင်ဘူး။ နောက်ပြီး အဲဒီကားက ဖြစ်ရပ်မှန် လို့ပြောတယ်။ ဒါနဲ့ ကြည့်ဖြစ်တယ် ဆိုပါတော့။

ဆိုးဆိုးပေပေ ကောင်လေးတယောက် ၊ သိပ်အဆိုးကြီးတော့ မဟုတ်ဘူး၊ သူ့အဖေ ရိုက်လောက်တဲ့ အထိလောက်ပဲ။ ဘယ်အဖေက ကိုယ့်သားသမီးကို ရိုက်ချင်မလဲဗျာ။ ဒါပေမယ့် သူ့အကို လေ့ကျင့်ပေးလို့ အိုလံပစ်မှာတောင် အပြေးသမားလေး ဖြစ်ခဲ့သူ။ စစချင်း အပြေးလေ့ကျင့်နေတုန်း သူက ဆက်မပြေးချင်တော့ဘူး။ အားလျှော့ချင်လာတယ်။ စက်ဘီးပေါ်က နည်းပြတဖြစ်လဲ သူ့အကို ပီတာ က စကားတခွန်းပြောတယ်။ "IF YOU TAKE IT, YOU CAN MAKE IT" တဲ့။ ဒီစကားကို ဇာတ်လိုက် Louis Zamperini (လူဝီ ဇန်ပါရီနီ) က ဇာတ်ဝင်ခန်းတနေရာမှာ တခြားတယောက်ကို ပြောခဲ့ပါသေးတယ်။ ဘာသာပြန်ကြည့်တယ် "မင်း အဲဒါကို ရွေးလိုက်ရင် မင်းလုပ်နိုင်တယ်" ။ သိပ်တော့ မဟုတ်သေးဘူး။ ပြန်ပုံကြီးက ထောက်နေပါသေးတယ်။ မိတ်ဆွေများ ပြန်ကြည့်ကြပါ။

အိုလံပစ်ပွဲက ဘာလင်မြို့မှာ ကျင်းပတာ။ နာဇီအလံတွေ တလူလူနဲ့ပါ။ လူဝီရဲ့ အပြေးဝတ်စုံမှာ Tornado လို့ တွေ့ရတယ်။

ဒုတိယကမ္ဘာစစ်မှာ လေတပ်စစ်သားလေး၊ ဗုံးကြဲလေယာဉ်ပေါ်မှာ၊ ရွပ်ရွပ်ချွံချွံ အမှုထမ်းတယ်။ တိုက်ပွဲ အတွင်းမှာပဲ ဟိုတုန်းက အကြောင်းတွေ ပြန်စဉ်းစားမိတာလေးတွေ၊ တိိုက်ပွဲကို ပြန်ရောက်သွားပုံလေးတွေပြတာ အချိတ်အဆက်မိတယ်။

ရေမျောနေကြရင်း ဖြစ်ပျက်ကြတာလေးတွေက ဖတ်ခဲ့ရတဲ့ "တိုက်ရေယာဉ် ၁၀၃" စာအုပ်ပါ ဆရာမောင်သော်က ရေးတဲ့ အချက်တွေကို မြင်ယောင်မိတယ်။ ဘဝဆိုတာ မှန်းလို့မရဘူး။ ဖြစ်သွားနိုင်တယ်။ ကိုယ်ရှင်သန်ဖို့ သူတပါးအသက်ကို သတ်ရတာလည်း ရှိမယ်။ မညှာမတာပေါ့။ အဲဒီ ဘဝတွေ မရောက်သေးတာဘဲဲ ကံကောင်းတယ်မှတ်ပါတယ်။

အသက်ကယ်လှေပေါ်မှာ သုံးယောက်သားမျောနေတုန်း၊ လေယာဉ်တစင်းတွေ့ ၊လက်တွေ ရမ်းပြကြ မီးကျည်သေနတ်ပစ်ဖောက်ကြ၊ လေယာဉ်လှည့်လာတော့ ကယ်တင်သူမဟုတ်ဘဲ ပစ်သတ်သူဖြစ်နေတယ်။ ရေထဲဆင်းပြေးတော့ ရေထဲမှာကလည်း ငါးမန်းတွေကရှိ။ လှိုင်းကြီးတဲ့ ပုံစံ ရိုက်ပြတာ မဆိုးပါ။

နိပွန်စစ်ဗိုလ်လေးနဲ့ ဆုံပုံက နေရာ နှစ်ခုမှာတောင်ပါ။ တကယ့်အဖြစ်အပျက်ကလည်း တကယ့်အဖြစ်အပျက်ဆိုတော့ အတော် ဝဋ်ကြီးတာပါပဲ။ နိပွန်လေးကို စိတ်ဓါတ်ရေးရာအရရော၊ လုပ်နိုင်စွမ်းအရရော အနိုင်ရခဲ့ပုံက လွယ်လွယ်လေးတော့ မဟုတ်ပါ။

တကားလုံး ပြန်ဝေဖန်ရရင် ဂျိုလီရဲ့ ကင်မရာအယူအဆတွေ၊ ရိုက်ချက်တွေ၊ ဇာတ်ကွက်တွေ မဆိုးလှပါ။ အကောင်းကြီးတော့ မဟုတ်ပါ။ သူလည်း စွမ်းနိုင်သလောက် ကြိုးစားကြည့်တာဖြစ်မှာပါ။ ဖြစ်ရပ်မှန်မှာ ဟိုဟာထည့် ဒီဟာထည့်ပြီး ကြည့်ကောင်းအောင် တန်ဆာဆင်လို့မရပါ။ ဒါကို သူငဲ့ပုံ ရပါတယ်။ ပင်လယ်မှာ မျောနေတဲ့ အခန်းကို အနည်းငယ်ချုးံပြီး စစ်သုံ့ပန်း ဘဝကို ဒီထက်ပိုရိုက်ပြတာမျိုး၊ စစ်ထဲမဝင်ခင် ဘဝကို ရိုက်ပြတာမျိုးဆို ပိုသင့်မှာပါ။ အချစ်အကြောင်း မပါတဲ့ ဇာတ်ကားလေးပေါ့ဗျာ။ ဒါပေမယ့် မိဘမေတ္တာလေးတွေ၊ အကိုတယောက်ရဲ့ ထားရှိတဲ့ စေတနာလေးတွေ တွေ့ရပါတယ်။

တွေးကြည့်ပါသေးတယ်။ အကိုလုပ်သူသာ မလေ့ကျင့်ပေးခဲ့ရင် သူဘာဖြစ်သွားမလည်း ဆိုတာပါပဲ။ လူဝီရဲ့ အကို ပီတာရဲ့ စိတ်ဓါတ်ကို အားကျမိပါတယ်။

မိဘတွေက သူတို့သားလေး အိုလံပစ်အပြေးပြိုင်ပွဲ တိုက်ရိုက်သတင်းကို ရေဒီယိုက နားထောင်၊ တမိသားစုလုံး စိတ်ပါဝင်စားစွာနဲ့ပါ။ အဲဒီရိုက်ချက်လေးကလည်း တကယ့် ကောင်းတဲ့ ပြကွက်ပါပဲ။ အမေလုပ်သူရဲ့ အားမာန်တွေ၊ အဖေလုပ်သူက ရှူးတိုးတိုးလို့ ပြတာတွေဖြစ်ပါတယ်။ လူဝီက kill in action လို့ခေါ်တဲ့ တိုက်ပွဲမှာကျဆုံးဆိုပြီး စာရင်းပါခဲ့ပြီး သေရွာပြန်ဖြစ်ခဲ့တဲ့ သူတယောက်ဖြစ်ပါတယ်။

လူဝီသည် နုုိင်ငံ့အတွက် သစ္စာရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဂျပန်တွေ အသံလွှင့်ရုံမှာ မဟုတ်တာ ပြောခိုင်းမယ် ဆိုတော့ သူတုံပြန်ခဲ့ပုံကို သူရောက်သွားတဲ့ နေရာပြရင်း ရိုက်ကွက်လေး ဖော်ကျူးတာက သင့်လှပါတယ်။

ရယ်လည်းရယ်ရ၊ ဂရုဏာလည်း သက်ရတဲ့ ဇာတ်ဝင်ခန်းက နိပွန်စစ်ဗိုလ်နဲ့ ဒုတိယအကြိမ် ပြန်ဆုံတဲ့ ပြကွက်မှာပါပဲ။ ကြည့်နေတဲ့ သူအားလုံးနီးပါးရယ်ကြပါတယ်။ စိတ်ထဲတွေမှာလည်း ဟာ လူဝီတော့ ခံရဦးမှာပဲလို့ သနားမိပြန်ပါတယ်။

ဇာတ်ကားပြီးသွားတော့ အပြင်က တကယ့် လူဝီ အဖိုးကြီးကို ရိုက်ပြပြီး စာတန်းတွေ ထိုးပါတယ်။ သူက အာဃာတတွေ မထားတော့တဲ့ အပြင် သူ့ကို ကောင်းကောင်းနှံခဲ့တဲ့ နိပွန်ကို တွေ့ဖို့တောင်းဆိုခဲ့ပါသေးတယ်။ ဟိုက အတွေ့မခံခဲ့ပါ။ ဒါလည်း သဘာဝကျပါတယ်။ အတော်လေးကို နှိပ်စက်ခဲ့တာမှာ သူ့တယောက်ကိုမှ ရွေးပြီး နှိပ်စက်ခဲ့တာလည်း ပါပါတယ်။ ရုပ်ရှင်ရုံက အထွက် အပြန်မှာ သူငယ်ချင်းက မေးပါတယ်။ ဘာကြောင့် နိပွန်စစ်ဗိုလ်က သူ့တယောက်တည်း (လူဝီ)ကို မျက်မုန်းကျိုးပြီး နှိပ်စက်ရတာလည်းတဲ့။ ပြန်ဖြေခဲ့တာက သူတယောက်တည်းကိုတော့ မဟုတ်ဘူး။ သူတို့ သဘောတရားအရ တယောက်ကို အပီအပြင် ကျွေးပြလိုက်ရတယ်။ ဒါမှ ကျန်လူတွေ ဖြုံသွားပြီး မလှုပ်ရဲတော့မှာလို့။ အခုပြန်တွေးကြည့်တော့ အတော်ဆိုးတဲ့ ဘဝပါ။ သူ့ကိုမှ အမျိုးမျိုးနှိပ်စက်ချင်လာအောင် သူ့ရဲ့ ကံကလည်း ထူးပေစွ။

စစ်အတွင်းက ရာဇဝတ်ကောင်တွေ အကျဉ်းခံရာနေရာကို လူဝီကြီး သွားတွေ့တော့ ယခင် သူ အကျဉ်းကျခဲ့ရာမှာ အမှုထမ်းခဲ့တဲ့ ဂျပန်စစ်မှုထမ်းတွေက သူတို့ လူဝီကြီးကို သိကြောင်း ရှေ့ထွက်ပြီး အသိအမှတ်ပြုကြပါတယ်။ ဂျပန်မှာ (၁၉၉၈) မှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်မှာ မီးရှုးတိုင်ကိုင်ပြီး ပြေးခဲ့ပါသေးတယ်။ (၂၀၁၄) ဇူလိုင် (၂)၊ အသက် (၉၇) မှာ နမိုးနီးယားနဲ့ ဘဝတစ်ပါးပြောင်းခဲ့ပါတယ်။

ဇာတ်သိမ်းသီချင်းလေးကလည်း နားထောင်လို့ကောင်းဗျာ။

အပျော်သက်သက် သွားကြည့်မိပေမယ့် တကယ့်ဖြစ်ခဲ့တဲဲ့ ဘဝတွေ တွေ့ခဲ့ပါတယ်။ လူဝီ အဖို့ နိပွန်စစ်ဗိုလ်ကို ဘယ်လောက်မုန်းလည်းဆိုရင် "I want to kill him" လို့ အကျဉ်းကျဖက်် အရာရှိကို နှုတ်က ဖွင့်ပြောမိတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူခွင့်လွှတ်နိုင်တဲ့ အချိန်မှာ ဟိုတယောက်ကလည်း အတွေ့ကို မခံတော့ပါ။ ဘယ်လို မျက်နှာနဲ့ တွေ့နိုင်ပါမည်နည်း။ နိပွန်စစ်ဗိုလ် တဖြစ်လဲ ဂျပန်ကြီးလည်း တနု့့ံနု့ံနဲ့ ခံစားသွား မသွားမသိပါ။ မျက်နှာပြောင်တိုက်ပြီး အတွေ့မခံတာကလည်း သူမှားခဲ့တာကို ဝန်မခံရဲလောက်အောင် ဖြစ်သွားလို့လား ယူဆမိပါတယ်။ ချီးကျူးစရာပါ။ ဒါလေးတချက် တွေးမိပါတယ်။ မျက်နှာပြောင်မတိုက်တာလေးကိုပါ။ နောက်တချက်က ကိုယ်တိုင်ကလည်း အပြေးသမား ဖြစ်လို့လားမသိပါ၊ ဇာတ်လိုက်ဖြစ်သူ အပြေးသမားဖြစ်နေတာကိုက ဇာတ်ကားကို ပိုသဘောကျစေပါတယ်။

စစ်ဆိုတာ ကောင်းကို မကောင်းပါ။ ကိုယ် မသတ်ရင် သူက ကိုယ့်ကို သတ်မှာပါပဲ။ အဲဒီခေတ်တွေမှာ အသက်တိုတာများပါတယ်။ ဘဝ ဆိုတာ အနန ္တသူရိယအမတ် ဖွဲ့ခဲ့သလို "သမုဒ္ဒရာ ရေမျက်နှာထက် ခဏပွက်သည့် ရေပွက်ပမာ" ဆိုသလိုပါပဲ။

ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ကားလေးတကား ကြည့်ဖြစ်လို့ ရေးကြည့်မိတာပါ။ လိုက်ပြတဲ့ သူငယ်ချင်းကို လည်း ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်း (Unbroken) အကြောင်းနဲ့ တကယ့်ပုဂ္ဂိုလ် Louis Zamperini (လူဝီ ဇန်ပါရီနီ) အကြောင်း ပြည့်ပြည့်စုံစုံသိချင်ရင် အင်တာနက်မှာ ရှာနိုင်ပါတယ်။ Wikipedia ပေါ့ဗျာ။

ဇာတ်ကားကတော့ ကြည့်သင့်တဲ့ ကားကောင်း တခုဖြစ်ပါကြောင်း ။ ။

ကျော်မောင်(တိုင်းတာရေး)
၇-၂-၂၀၁၅

စာကြွင်း ။ ။ Unbroken ကို "မသေကောင်း မပျောက်ကောင်း" လို့ ဘာသာပြန်ရင် ကောင်းမလားပဲ။ ရုပ်ရှင်လိုက်ပြတဲ့ ဘော်ဒါကြီးက Unbroken ကို "မသေကောင်း မပျောက်ကောင်း" ဆိုတာထက် ကြ့ံကြံ့ခံနိုင်တဲ့ ပုံစံဖြစ်လို့ တခြားဘာသာပြန်စကားလုံးကောင်းကောင်းလေး မရှိဘူးလားလို့ ပြောပါတယ်။

အဲဒါနဲ့ စဉ်းစားလိုက်တဲ့အခါ "မယိမ်းမယိုင်" ဆိုရင်ဘယ့်နှယ်နေမလည်းဗျပေါ့။

တွေးမိလေသော (၄) - အတန်း

ကိုးတန်းကျောင်းသားဘဝက ကြုံခဲ့ရတာ ပြန်တွေးမိတယ်။

စာသင်ခန်းထဲမှာ ကျောင်းသူကျောင်းသား ၅၀ ကျော်လောက်ရှိတယ်။ ခုံရှည်တွေမှာ သုံးယောက်တတွဲ ထိုင်ရတယ်။ ရှေ့ဆုံးတန်း နှစ်တန်းက လူကြိုက်များတယ်။ အကြောင်းရင်းဆန်းစစ်ကြည့်တော့ အဲဒီအတန်းနှစ်တန်းက အပေါက်ဝနဲ့နီးတယ် အဝင် အထွက်လွယ်တယ်။ စာသင်ဆောင်ရဲ့ ထိပ်ဆုံးခန်းဖြစ်ပြီး ဒုတိယအထပ်မှာရှိတယ်။ တခြားစာသင်ခန်းတွေနဲ့မတူတာက ဝင်ပေါက် ထွက်ပေါက်တခုတည်း။ အဲဒါကြောင့် ရှေ့ဆုံးအတန်းတွေက လူတကာထိုင်ချင်တယ်။

အတန်းပိုင်ဆရာမက စနစ်တခုလုပ်ထားတယ်။ ဒါလည်း ဟိုတုန်းကတည်းက ရှိနေတဲ့စနစ်ပဲ။ နေ့တိုင်း အတန်းပြောင်းထိုင်။ ပထမတရက်မှာ ရှေ့ဆုံးတန်းမှာ ထိုင်ရင် ဒုတိယရက်မှာ ဒုတိယအတန်းမှာ ဆင်းထိုင်။ နောက်ဆုံးတန်းရောက်ပြီး နောက်တရက်ဆို ရှေ့ဆုံးကိုပြန်ရောက်တယ်။

ကိုးတန်းမှာ ကျောင်းအပ်တာ တလနီးပါးနောက်ကျတယ်။ ဘော်ဒါတွေ အကုန်လုံးက တက်နေကြပြီ။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းတက်လာတော့ အစမှာ ကိုယ့်ကျောင်းအုပ်စုနဲ့ကိုယ်။ နောက်ကျတဲ့ ကျောင်းသားကို ဆရာမက နေရာပေးတယ်။ ရှေ့ဆုံးတန်းမှာ။ ဒီကျောင်းသားသစ် ဘယ်လိုကျောင်းသားမျိုးလည်းဆိုတဲ့ စရိုက်ကို အနီးကပ် လေ့လာလို့ရအောင်ဖြစ်နိုင်တယ်။

ဆရာမက သမိုင်းသင်ပါတယ်။ သူ့အတန်းချိန်အပြီးမှာပဲ အလယ်တန်းကျောင်းက ဘော်ဒါက လာပြောတယ်။ ဟေ့ ငါ့ဘေးမှာ တနေရာလွတ်တယ်။ လာထိုင်။ သူက ဘော်ဒါတွေနဲ့ နောက်တန်းလောက်မှာ ရောက်နေတာ။ အေးကွာ ထိုင်တာပေါ့ဆိုပြီး လွယ်အိတ်ယူပြီး အတန်းပြောင်းထိုင်တယ်။ လက်ရှိထိုင်နေတာက ဘော်ဒါအသစ်တွေနဲ့ဖြစ်ပါတယ်။ သူတို့ကို ငါ နောက်မှာ သွားထိုင်မယ်ပြောလိုက်တယ်။ တနေ့လုံး နောက်တန်းမှာ ဟေးလားဝါးလားနဲ့ သူငယ်ချင်းတွေ စာကိုပျော်ပျော်သင်ကြတယ်။

နောက်တနေ့ ကျောင်းမတက်ခင်မှာ တတန်းဆင်းရတဲ့အခါ နောက်ဆုံးတန်းရောက်သွားတယ်။ အတန်းပိုင်ဆရာမဝင်လာပြီး ဆရာမကို ဂါရဝပြု နှုတ်ဆက်ပြီးတဲ့အခါ ဆရာမ ဟိုဟိုဒီဒီကြည့်တယ်။ ကျောင်းသားသစ်ကို ထိုင်ရမယ့် ဒုတိယအတန်းမှာ မတွေ့ဘဲ နောက်ဆုံးတန်းမှာတွေ့တဲ့အခါ

"ဟို အကောင် ကိုယ့်အတန်းနဲ့ကိုယ် ဘာကြောင့်မနေတာလည်း။ လာ ကိုယ့်အတန်းမှာ ကိုယ်ပြန်ထိုင်။"

ဘော်ဒါက တိုးတိုးလေးပြောတယ်။" ဟေ့ကောင် သွားပြန်ထိုင် ဆရာမအချိန်ပြီးရင် ပြန်လာထိုင်လို့ရတယ်။ "
"အေး ငါလည်း အဲဒီလို တွေးတာပဲ။ ဂိုး ပြီ"

ထိုင်ရမယ့် အတန်းမှာ ပြန်ထိုင်ပြီးတာနဲ့ ဆရာမက တခွန်းတည်း ထပ်ပြောပါတယ်။

"တခြား ဆရာတွေ ဆရာမတွေကိုလည်း ပြောထားလိုက်ဦးမယ်။ ကျောင်းသားသစ် ထိုင်တဲ့နေရာကို" ။ ။

ကျော်မောင်(တိုင်းတာရေး) ၂-၉-၂၀၁၅

မှတ်ချက်။ ။ မြန်မာ့သမိုင်းဘာသာရပ်သင် အတန်းပိုင်ဆရာမ ဒေါ်ခင်သန်းညွန့် အမှတ်တရပါ။ ဆရာမ ကျန်းမာရွှင်လန်းပါစေ။


Jan 11, 2016

တွေးမိလေသော ပြောင်းပြန်အတွေးများ

တခါတလေ တွေးမိတာတွေမှာ ဇောက်ထိုးအတွေးတွေ၊ ပြောင်းပြန်အတွေးတွေ ဖြစ်ဖြစ်သွားလေ့ရှိတယ်။ အကျိုးနဲ့အကြောင်းမှာ ဒီအကျိုးရရှိတာဟာ ဒီအကြောင်းတွေကြောင့်ပဲလို့သိရတဲ့အခါမှာ ဒီအကြောင်းတွေလုပ်ရင် ဒီအကျိုးတွေ ရမှာပေါ့လို့ ပြန်လှန်တွေးရမယ့်အစား ဒီအကြောင်းတွေသာ မလုပ်ခဲ့ရင် ဘယ်အကျိုးတွေများရသွားမလည်းဆိုတာမျိုး တွေးမိတာ ဖြစ်ပါတယ်။

စာဖတ်ကြပါ စာဖတ်ကြပါလို့ ကိုယ်တိုင်လည်း ဖတ်၊ သူများတွေလည်း ဖတ်ဖြစ်အောင်တိုက်တွန်းနေရင်းနဲ့ ပြောင်းပြန်အတွေး၊ ဆန့်ကျင်ဖက်အတွေးကို တွေးမိပြန်ပါတယ်။ 

စာမဖတ်နဲ့ စာမဖတ်နဲ့လို့များ တိုက်တွန်းခဲ့ရင် ဘယ်လိုများဖြစ်မလဲဆိုတာပါပဲ။ အဲဒါနဲ့ ချရေးကြည့်တယ်။ 
စာမဖတ်ရင် ဒါတွေရမယ် ဆိုပြီး
၁) အချိန်ကုန်သက်သာသွားတယ်။ ဟုတ်တယ်လေ။ စာဖတ်ဖို့ဆိုတာ အချိန်လေး ဘာလေးပေးနိုင်မှ ဖတ်နိုင်တာ။ စာဖတ်ဖို့ အချိန်ဖဲ့မပေးနိုင်ဘူး။ စာအုပ်ရှိတဲ့နေရာ စာအုပ်ရောင်းတဲ့နေရာတွေ လိုက်ရှာစရာ သွားစရာ မလိုတော့ဘူး။ ဖတ်စရာမှတ်စရာ ဘာမှ မဝယ်တဲ့အတွက် အချိန်သာမက ငွေကုန်ပါသက်သာစေတယ်။ စာကြည့်တိုက်တွေမှာလည်း အသင်းဝင်စရာမလိုတော့တဲ့အတွက် ငွေကုန်ကြေးကျ မရှိတော့ပြန်ဘူး။ 

၂) မျက်စိညောင်းသက်သာစေတယ်။ စာဖတ်တယ်ဆိုတာ မျက်စိနှစ်လုံးကို အနားမပေးဘဲ အလုပ်လုပ်ခိုင်းရတာ။ သက်သာတယ်ကို မရှိဘူး။ အိပ်ချိန်မှပဲ အနားပေးရတယ်ဆိုတာ မဖြစ်သင့်ဘူး။ 

၃) စာမဖတ်တဲ့အတွက် အဲဒီက ရလာမယ့် နောက်ဆက်တွဲ စဉ်းစားစရာတွေ မရှိတော့ဘူး။ ထပ်ဆင့်အတွေးတွေ မပေါ်တော့တဲ့အတွက် စာဖတ်တဲ့တခြားသူတွေနဲ့ ဆွေးနွေးစရာ မလိုတော့ဘူး။ သူတို့နဲ့ ထွေရာလေးပါး ပြောဆိုစရာ အကြောင်းမရှိတော့ဘူး။ သူတို့ကလည်း ကိုယ် စာမဖတ်ဘူးဆိုတာ သိတဲ့အတွက် စာအကြောင်းပေအကြောင်း တကူးတက ပြောကြဆိုကြစရာမလိုတော့ဘူး။ အဲဒီအတွက် စာဖတ်တယ်ဆိုတဲ့သူတွေရဲ့ ရန်မှ ကင်းဝေးသွားမယ်။ တနည်းအားဖြင့် နားငြီးသက်သာသွားမယ်။ 

၄) စာ ဆိုတာတွေဟာ ဘဝတွေထဲက ရေးတဲ့စာ အများအားဖြင့် ဖြစ်တတ်တယ်။ စိတ်ကူးယဉ်ရေးတာတွေလည်း ရှိမယ်။ အဲဒီစာတွေမဖတ်တဲ့အတွက် ရသတွေ အလင်္ကာတွေ ဂုဏ်မြောက်တဲ့ အဖွဲ့တွေ အနွဲ့တွေ သိရန်မလိုတော့ဘူး။ မသိတဲ့အတွက် ခေါင်းထဲမှာ ဦးဏှောက်ထဲမှာ နေရာအတော်များများ ရှိနေနိုင်တယ်။ စာတွေ ကဗျာတွေ ဝတ္ထုတွေနဲ့ ခေါင်းထဲမှာ ပြည့်နှက်မနေတော့ဘူး။ အကန့်အသတ်တွေ မရှိနေနိုင်တော့ဘူး။ 

၅) စာတွေ အတော်များများဟာ အစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ စည်းမျဉ်းတွေကို ပါးပါးလေးထည့်ထားတာတွေရှိတယ်။ တချို့ကလည်း အသစ်အသစ်သော စည်းမျဉ်းတွေကို စတင်ထည့်သွင်းကြတယ်။ စာဖတ်တဲ့သူတွေက ဒါတွေဖတ်ပြီး လိုက်နာကြတယ်။ ဂိုဏ်းတွေကွဲကုန်တယ်။ တူရာတူရာတွေ စုကြတယ်။ မတူတာတွေ တဖက်နဲ့တဖက် တိုက်ခိုက်ကြတယ်။ စာမဖတ်တဲ့အတွက် အဲဒီအဖွဲ့အဖွဲ့တွေထဲမှာ ကိုယ်မပါတော့ဘူး။ ရန်မရှိတဲ့ ငြိမ်းချမ်းတဲ့ဘဝကို ခံစားနိုင်တယ်။ 

၆) တစပေါ်လျှင် ချည်စငင်သို့၊ သဘင်ပွဲမှောက် ဆိုရေးရောက်က ဆိုတာတို့၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး ဆိုတာတို့ ဆိုတာက စာဖတ်သူတွေအတွက် သတ်မှတ်ထားပေးတာ၊ စာမဖတ်တဲ့အတွက် ချည်စငင်စရာလည်း မလိုဘူး၊ ပုစွန်တွေဝါးစားနေစရာလည်း မလိုဘူး။ တချောင်ချောင်မှာ ထိုင်ပြီး ပြုံးပြနေလိုက်ရုံပဲ။
  
၇) ကိုယ့်လိုပဲ စာမဖတ်တဲ့သူတွေများလာရင် စာကြည့်အသင်းတို့၊ စာဖတ်အသင်းတို့နေရာမှာ စာမကြည့်ရအသင်း၊ စာမဖတ်ရအသင်းတွေ ဖွဲ့နိုင်တယ်။ အဲဒီအခါ ဘာဆိုဘာမှ မဖတ်တဲ့သူကို ခေါင်းဆောင်တင်ရမှာပဲ။ 

ခင်ဗျားလည်း အခု ကျနော့်စာစုတိုကို ဖတ်ပြီးသွားရင် ဘယ်စာမှ ဖတ်မနေတော့နဲ့။ ကျနော့်စာလည်း မဖတ်နဲ့။ တခြားသူတွေရေးတဲ့စာလည်း မဖတ်နဲ့။ ကြာလာတဲ့အခါ စာမဖတ်အသင်းမှာ ခင်ဗျားလည်း ခေါင်းဆောင်တွေ ဘာတွေဖြစ်လာမှာပဲ။ အဲဒီတော့မှ ကျနော့်ကျေးဇူးကို သတိရရင်ရ၊ မရလည်း ကိစ္စမရှိဘူး။ ဘာလို့လည်းဆို ကျေးဇူးရဲ့အကြောင်းကို စာတွေထဲဖတ်မှ ပိုသိမှာ။ စာမဖတ်တဲ့အတွက် ခင်ဗျား သိမှာမဟုတ်ဘူး။ ကျနော်လည်း အဲဒီအချိန်မှာ စာမဖတ်အသင်းမှာ ခင်ဗျားထက်ကြီးတဲ့ ရာထူးကြီးကြီး ရချင်တောင် ရနေမှာ။ 

ကျော်မောင်(တိုင်းတာရေး)
၁၅-၁၂-၂၀၁၅