ပုံပြင်တွေ ပြောပြကြဖို့ပါ။ ဘယ်အရပ်ဒေသ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ကလေးပုံပြင်စာအုပ်တွေ ပုံပြောကောင်းသူတွေ များစွာလိုအပ်ပါတယ်။ ပုံပြင်ဟောင်းတွေ ပြန်လည်ဖော်ထုတ်ပြီး ပုံပြင်အသစ်တွေ ထပ်မံဖန်တီးရမှာပါ။
ပုံပြင်ဟာ ကလေးစာပေမှာ အဓိကကျပါတယ်။ "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဖ" ဆိုတဲ့အတွက် ကလေးရဲ့ ဦးဆုံးဆရာသည် မိဘတွေပဲဖြစ်ပါတယ်။ ပုံပြင်ကောင်းကောင်း ပြောတတ်တဲ့ အဖေ အမေတွေ ဖြစ်ဖို့လိုပါတယ်။ မိဘအဖြစ်ရောက်သွားကြသူများ သူတို့ငယ်စဉ်ကလေးဘဝမှာ ပုံပြင်များစွာနားထောင်ခွင့်ရခဲ့မယ်ဆိုရင် သူတို့သားသမီးများအား ထိုပုံပြင်များ ပြန်လည်ပြောပြနိုုင်မှာပါ။ ပုံပြင်အတော်များများ နားမထောင်ခဲ့ရ၊ မဖတ်ခဲ့ရတဲ့သူများအတွက် မိဘဖြစ်လာတဲ့အခါ ပုံပြင်တွေဖတ်ဖို့လိုအပ်ပါတယ်။ သူတို့ရဲ့ကလေးတွေကို ပုံပြောပြဖို့ပေါ့။ ကလေးတွေကို ပုံပြင်စာအုပ်ဖတ်ပြတာကလည်း ပုံပြောခြင်းတစ်မျိုး ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စာသင်ကျောင်း မတက်ရမီ ကျောင်းနေအရွယ်မတိုင်မီမှာ ပုံပြင်များစွာကို သူတို့လေးတွေ နားရည်ဝနေနိုင်ပြီပေါ့။
စာသင်ကျောင်းရောက်တဲ့အခါ ဆရာ ဆရာမများပြောပြတဲ့ တိုင်းရင်းသားရိုးရာပုံပြင်များ၊ နိုင်ငံတကာ ပုံပြင်များ စသည်ကို နားထောင်ပြီး ပုံပြင်ကို ပိုမိုနှစ်သက်လာနိုင်ပါတယ်။ ပုံပြောကောင်းတဲ့ ဆရာ ဆရာမ သင်တဲ့ဘာသာရပ်မှာ ထူးချွန်ထက်မြက်တဲ့ ကလေးတွေ အမြောက်အမြား ပေါ်ထွက်လာနိုင်ပါတယ်။
ပုံပြောပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ပုံပြင်တွေကို ကလေးများစိတ်ဝင်စားလာအောင် ပြုလုပ်နိုင်ပါတယ်။ စာကြည့်တိုက်တွေမှာ စာကြည့်တိုက်မှုးတွေက ကလေးတွေကို ပုံပြောပြကြတဲ့ အစီအစဉ်ရှိပါတယ်။ ကလေးတွေကိုယ်တိုင် စာဖတ်နိုင်တဲ့အခါ သူတို့နဲ့ သင့်တော်မယ့် ပုံပြင်စာအုပ်တွေ ညွှန်းပြရပါမယ်။ စာအုပ်အရာင်းဆိုင်တိုင်း ပုံပြင်စာအုပ်များ ရောင်းဖို့ လိုပါတယ်။ ပုံပြင်အတော်များများဟာ စိတ်ကူးသက်သက်မျှ ဖြစ်နိုင်ပေမဲ့ ထိုပုံပြင်တွေမှ တစ်ဆင့် စိတ်ကူးကောင်းတွေ၊ ဓလေ့ထုံးစံတွေ၊ အတွေးသစ် အမြင်သစ်တွေ ထပ်ဆင့်ပွားများစေပါတယ်။ ပုံပြင်များ နားထောင်ခြင်း ဖတ်ရှုခြင်းဖြင့် သက်ဆိုင်ရာ စကားလုံးဝေါဟာရများကြွယ်ဝလာနိုင်ခြင်း၊ ဇာတ်လမ်းဇာတ်ကွက် အစီအစဉ်နှင့်စီကာပတ်ကုံး ရေးဖွဲ့ထားမှုများအား သတိပြုမိလာစေခြင်း၊ ကလေးများ၏ စူးစမ်းလေ့လာချင်စိတ်များ ပိုမိုအားသန်လာစေခြင်း၊ အကောင်း အဆိုး အကြောင်း အကျိုးကို ပုံပြင်များမှပေးသော သင်ခန်းစာ အနေအဖြစ် စတင်သိရှိလာစေနိုင်ခြင်း၊ ပုံပြင်ပါ ဇာတ်ကောင်များ၏ ကောင်းမွန်သော အကျင့်နှင့်လုပ်ရပ်များအား အတုယူအားကျလာစေခြင်း စသည့် ကျေးဇူးတစ်ပုံတစ်ပင် ရစေနိုင်ပါတယ်။
ကလေးတွေက များသောအားဖြင့် ပုံပြင်အသစ်အသစ်တွေ နားထောင်ချင် ဖတ်ရှုချင်ကြတယ်။ ပုံပြင်ဟောင်းကို ပြန်ပြောမိပါက ပြောပြီးသားကြီးဆိုပြီး စောဒကတက်ပါလိမ့်မယ်။သူတို့စိတ်ဝင်စားလာတဲ့အခါ မျက်လုံး အဝိုင်းသားနဲ့ အားပါးတရ နားစွင့်ထားကြပါလိမ့်မယ်။ ပုံပြောသူရဲ့ လေယူလေသိမ်းကို လိုက်ပြီး ပုံပြင်ထဲမှာ မျောပါကြပါလိမ့်မယ်။ မရိုးနိုင်တဲ့ ပုံပြင်တွေအတွက် ထပ်ခါထပ်ခါ ပြောပြပေးဖို့ တောင်းဆိုမှုတွေ ရှိတတ်ပါတယ်။ အိပ်ရာဝင်ပုံပြင်တွေဟာ ကလေးများအဖို့ အိပ်ဆေးကောင်းတွေ ဖြစ်ပါတယ်။ ပုံပြင်တွေကို သူတို့ကိုယ်တိုင်ဖတ်တဲ့အခါ ထမင်းမေ့ ဟင်းမေ့ ဖြစ်တတ်ပါတယ်။ တစ်ချို့က ပုံပြင်တိုလေးတွေ၊ ပုံတိုပတ်စတွေ ဖတ်ရတာ နှစ်သက်ပြီး တစ်ချို့က ပုံပြင်ရှည်တွေကိုမှ တမေ့တမော စွဲွဲလမ်းးစွာ ဖတ်ရှုကြပါတယ်။
ပုံပြင်တွေကို အသံနေ အသံထား မှန်မှန်ကန်ကန်ဖြင့် လေ့ကျင့်ဖတ်ရှုပါက ပုံပြောကောင်းသူ ဖြစ်လာနိုင်ပါတယ်။ ပုံပြင်နားထောင်ခြင်း၊ ပုံပြင်ဖတ်ရှုခြင်းဖြင့််လည်း ပုံပြောကောင်းသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
"ဟိုးရှေးရှေးတုန်းက" ၊ "တစ်ခါတုန်းက" လို့သာ စလိုက်ပါ။ ပုံပြင်ချစ်သူတွေ ဘယ်လောက်ရှိသလဲဆိုတာ တွေ့ရပါလိမ့်မယ်။ ။
ကျော်မောင်(တိုင်းတာရေး)
၂၀-သြဂုတ်-၂၀၁၄