Aug 19, 2014

အသုံးကျရဲ့လား (၉) .... သိုင်းဝတ္ထုများ



ကောင်းကင်ကပြာလဲ့နေ၏။ လေညင်းက အနောက်ရပ်ဆီမှ သာသာလေး တိုက်နေ၏။ တလောကလုံး သစ်ရွက်လေတိုးသံ၊ ကျေးငှက်သံများမှ တပါး ငြိမ်သက်လျှက်ရှိသည်။ တောတောင်တခွင်၏ တိတ်ဆိတ်မှုအား အဝေးမှ မြင်းခွာသံများက ဖြိုခွင်းလိုက်ပေပြီ "ခွပ် .. ခွပ် .. ခွပ် .. ဖြောက် .. ဖြောက် .. ဖြောက်" ။

ငယ်ငယ်က စွဲစွဲဲမြဲမြဲဖတ်ခဲ့သော မြန်မာပြန်သိုင်းဝတ္ထုများ၏ စ နေ...ကြ မရိုးနိုင်သော ဝတ္ထုနိဒါန်း။ ဟိုခေတ်တုန်းက သိုင်းဝတ္ထုဘာသာပြန်စာရေးဆရာများ ဖြစ်ကြသော ဆရာမောင်နှင်းဆွေ၊ ဆရာတက္ကသိုလ်နေလင်းအောင်၊ဆရာဝင်းကြွယ်၊ ဆရာဘုန်းကြွယ်၊ ဆရာမိုးကျော်သူ စသူတို့၏ စာအုပ်များ ဖတ်ခဲ့ရသည်။

ဆရာနွမ်ဂျာသိုင်း အား သိုင်းဝတ္ထုရေး စာရေးဆရာထင်ပြီး သူ့စာအုပ်တစ်အုပ် ငှားဖတ်ခဲ့ဖူးသည်။ နောက်မှ ရန်ကုန်စက်မှုတက္ကသိုလ်( အာအိုင်တီ) နောက်ခံဇာတ်လမ်းဖြစ်သောကြောင့် အဆုံးထိဖတ်ရင်း နွမ်ဂျာသိုင်းမှ နွမ်ဂျာသိုင်း ဖြစ်ခဲ့ဖူးသည်။ သိုင်း ပါလို့ ငှားဖတ်ဖြစ်ပြီး အင်ဂျင်နီယာကျောင်းသားဖြစ်ချင်ခဲ့ကာ စာကြိုးစားခဲ့ရသည်။ သိုင်းဝတ္ထုစွဲလမ်းမှု၏ ကောင်းကျိုးတစ်ခုပင်။

တက္ကသိုလ်ဝင်တန်းရောက်ချိန် မြန်မာစာဆရာ၏ သိုင်းဝတ္ထုနဲ့ပတ်သက်သော ကောက်ချက်ကြောင့် ဆယ်တန်းဖြေပြီး နောက်ပိုင်းကာလမှ တက္ကသိုလ်တက်ချိန်အထိ အားရင်အားသလို သိုင်းဝတ္ထုဆက်ဖတ်ဖြစ်သည်။ ဆရာပြောခဲ့တာက "ဆရာတို့တော့ သိုင်းဝတ္ထုတွေ ကြိုက်တယ်၊ အဲဒီ ဇာတ်လမ်းတွေထဲမှာ အဖြူရောင်သိုင်းသမားနဲ့ အနက်ရောင်သိုင်းသမားဆိုပြီးရှိတယ်၊ အဖြူရောင်သိုင်းသမားလို့ခေါ်တဲ့သူတွေက လူကောင်းတွေ၊ အနက်ရောင်တွေက လူဆိုးလူညစ်တွေ၊ သူတို့တွေ သိုင်းချ၊ ဇာတ်သိမ်းမှာ အဖြူရောင်သိုင်းသမားတွေ နိုင်ပွဲရ။ ဒီလိုချည်းပဲ။ အညစ်အပတ် မပါဘူး။ လူကောင်းနဲ့လူဆိုးမှာ လူကောင်းနိုင်တာကို ပြတယ်။ မတရားလုပ်သူတွေ မိုက်ဇာတ်သိမ်းတယ်။ ဘာပဲပြောပြော သိုင်းဝတ္ထုတွေက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ဆိုတာ သင်ခန်းစာပေးတယ်၊ ဆရာတော့ သိပ်ကြိုက်တာပဲ" သူကြိုက်သလို ကိုယ်ကလည်း သိုင်းဝတ္ထုလုံးချင်းချည်းဖတ်သည်မှ အုပ်တွဲလိုက်များဖတ်သည်အထိ တိုးတက်ခဲ့သည်။

ငယ်စဉ်အခါက ဝတ္ထုစာအုပ်စဖတ်ဖြစ်သည်မှာ အပြည့်အစုံမဟုတ်တော့သော မောင်နှင်းဆွေ ဘာသာပြန် သိုင်းဝတ္ထုတစ်ပိုင်းတစ်စ စာအုပ်အဟောင်းမှစသည်။ အတွင်းအား၊ ကိုယ်ဖော့ပညာ၊ အကြောပိတ်ခြင်း၊ လက်နက်ပုန်း၊ ဂူအောင်းကာသိုင်းကျင့်ခြင်း၊ ၀ါးစိမ်းရွက်အရက်(သိုင်းသမားတွေ အရက်ကြိုက်တာ တစ်ခုတော့ ချွင်းချက်ထားရမလို ၊ အားကျပြီး စမ်းသောက်ခဲ့လျှင် ဂျက်ကီချန်း သရုပ်ဆောင်သလို အရက်မူးသိုင်းသမား မဖြစ်ဘဲ အသည်းကွဲသိုင်းသမားဖြစ်သွားမလား မပြောတတ်) ဘာသိုင်းညာသိုင်း၊ ဟိုဂိုဏ်း ဒီဂိုဏ်း စသော သိုင်းဝတ္ထုဝေါဟာရများ ယဉ်ပါးလာသည်။ သိုင်းဝတ္ထုထဲတွင် တွေ့ရတတ်သော "မည်သို့မည်ပုံလုပ်လိုက်သည်မသိ" ဟူသော စာသားအား အလွန် သဘောကျသည်။ သိုင်းဝတ္ထုဖတ်သက်ရင့်လာသောအခါ စာဖတ်မြန်လာတာ သတိထားမိသည်။ ကျောင်းစာများ မှတ်ရ ဖတ်ရသည်တွင် ထိုသို့ သိုင်းစာပေ၊ သိုင်းဝတ္ထုဖတ်သည့်အလေ့အထက အထောက်အကူကောင်းကောင်းပြုသည်။စာအတော်သွားသည်။ စာဖတ်အား ကောင်းလာသည်။ တစ်ခြားသူတွေတော့ မသိ၊ ကိုယ့်အတွက်တော့ ဝတ္ထုဖတ်ခြင်းအစ သိုင်းဝတ္ထုများက ဟုဆိုရပါမည်။ တခါတလေ စာကြီးပေကြီးဖတ်နေရင်းမှ သိုင်းဝတ္ထုများ ကောက်ကိုင်မိသည်။ ကျေးဇူးရှင် သိုင်းဝတ္ထုများအား မမေ့စကောင်း အလေးထားဖတ်ဖြစ်သည်။

မိုးသောက်ပန်း၊ အပတ်စဉ်ထုတ် ရွှေသွှေးဂျာနယ်၊ လစဉ်ထုတ် ရတနာမွန်မဂ္ဂဇင်း၊ ကာတွန်း ၊ ပုံပြင်စာအုပ်များမှသည် သိုင်းဝတ္ထု၊ ထိုမှသည် ဆရာမင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင၊် ဆရာရာဇဂဏီ၏ လူသူတော် သျှောင်တစ်စောင်း ၊ ဆရာရွှေဥဒေါင်း၏ စုံထောက်ကြီး ဦးစံရှား ၊ ဆရာမြသန်းတင့် ဘာသာပြန်သော ရှားလော့ဟုမ်း၊ ဆရာဒဂုန်ရွှေမျှား၏ ဦးထင်ကျော် စွန့်စားခန်းများ စသည် စသည်မှ ဆရာမဂျူး၏ ပင်လယ်နှင့်တူသော မိန်းမများ၊ ဆရာမခင်နှင်းယု၏ မွှေး၊ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သော လီယိုတော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး စသော ဝတ္ထုရှည်ကြီးများ ၊ အတ္ထုပ္ပတ္တိ စာပေများ၊ မှန်နန်းရာဇဝင် ကဲ့သို့ ရာဇဝင်စာအုပ်များ စုံစုံလင်လင်ဖြင့်သာမက ၊အချစ်ဝတ္ထု၊ ဘဝသရုပ်ဖော်ဝတ္ထု၊ ဒသနစာပေ၊ ဘာသာရေး စာပေပါမကျန် ဖတ်ရှုခဲ့ရသည်။ ဟိုတုန်းက စာကျက်သော်လည်း စာမရနိုင်ဖြစ်ကာ အခက်တွေ့ပြီး ဆက်မကျက်ချင်အောင် ပျင်းနေလျှင် "ဟို ကောင်လေး .. သိုင်းဝတ္ထုတွေကျတော့ သုံးလေးငါးအုပ် ညဉ့်နက်သန်းခေါင်ထိ ဖတ်၊ စာလေး တစ်ပုဒ်ကျတော့ ဇွဲလေး အားထည့်ပြီး ကျက်တာမဟုတ်ဘူး"ဟု သိုင်းဝတ္ထုများနှင့် နှိုင်းယှဉ်ကာ အဖေ အမေတို့၏ အားပေးတိုက်တွန်းသံများဖြင့် အတန်းတွေ တစ်တန်းပြီး တစ်တန်း အောင်ခဲ့ရသည်။

ထိုသို့ အသုံးကျခဲ့သော အနှီ မြန်မာပြန်သိုင်းဝတ္ထုများအား မြန်မာစာပေ၏ မည်သည့်နေရာတွင် ထည့်သွင်းကြပါမည်နည်း။ စာဖတ်ချင်စိတ်အား နှိုးဆွနိုင်စွမ်းရှိသော၊ အဖြူ အမည်း အကောင်း အဆိုး သဘောကို ရိုးရှင်းပေါ်လွင်အောင် ဖွဲ့နွဲ့ထားသော၊ စာဖတ်နှုန်း မြန်စေသော ထိုဝတ္ထုမျိုးများအား မည်သို့ သတ်မှတ်ကြပါမည်နည်း။ မည်သို့ပင်ဆိုစေ သိုင်းဝတ္ထုများသည် ကလေးစာပေမှ လူကြီးစာပေသို့ အကူး ပေါင်းကူးပေးသော စာပေတံတား အမျိုးအစားတစ်ခုဟု သတ်မှတ်ပါသည်။

ဆရာမောင်ထင်၏ ကိုဒေါင်း ဝတ္ထုမှ နာမည်ကျော်စာကြောင်းဖြစ်သော "ကိုဒေါင်းကား သေလေပြီ၊ ကိုဒေါင်း သက်တော်ရာကျော် ရှည်ပါစေသတည်း" ကို တုပယူသုံးခွင့်ပြုပါ "သိုင်းဝတ္ထုများကား မှိန်စပြုလေပြီ။ သိုင်းဝတ္ထုများ သက်တော်ရာကျော် ရှည်ပါစေသတည်း"။ ။

ကျော်မောင်(တိုင်းတာရေး)
၁၉-သြဂုတ်-၂၀၁၄

Aug 15, 2014

အသုံးကျရဲ့လား (၈) ... သတင်း

တစ်ယောက်နဲ့ တစ်ယောက်မေးလေ့ရှိတယ် "ဘာသတင်းထူးသေးလဲ" ပြန်ပြောတယ် "အရင်လိုပါပဲ၊ ဘာမှ မထူးပါဘူး" ။ ဒါဆိုရင် "သြော် သတင်းမဖတ်ရသေးဘူး ထင်တယ်" ၊ တချို့မေးလေ့ရှိတာ "ဟို သတင်းကြားပြီးပြီလား" အဲဒီနောက် သတင်းဖလှယ်ကြ။ သတင်းရေးတဲ့သူ သတင်းသမားက သတင်းသစ်ရအောင်ရှာ၊ သတင်းနောက်ကို လိုက်၊ သတင်းရေး၊ သတင်းဖတ်သူ နားထောင်သူ သတင်းကြည့်သူက ဖတ်၊ နားေ...ထာင် ကြည့်။ သတင်းဖတ်သူထဲမှာ အပေါ်ရံ ဖတ်သူ၊ နှိုက်နှိုက်ချွတ်ချွတ်ဖတ်သူ၊ သတင်းကို သိပြီး အသုံးချသူဆိုပြီး ခွဲနိုင်ပါတယ်။ သတင်းကို အသုံချနိုင်သူ အတွက် သတင်းဟာ အသုံးကျပါတယ်။သတင်းစာဆရာကြီး လူထုစိန်ဝင်း က "သတင်းဆိုတာဟာ အစီရင်ခံစာမဟုတ်ဘူး၊ အစည်းအဝေး မှတ်တမ်းမဟုတ်ဘူး၊ လူ့လောက၌ ဖြစ်ရိုးဖြစ်စဉ်ထက် ဆန်းကြယ်တဲ့ ဖြစ်ရပ်အကြောင်းအရာများကို စကားပြေနဲ့ အတိုဆုံး အရှင်းဆုံး ရေးသားတင်ပြထားတဲ့စာ" လို့ ဖွင့်ဆိုပြခဲ့ပါတယ်။

ရှေးခေတ်က သတင်းဆိုတာ "လူ့သတင်း လူချင်းဆောင်"၊ ခြေမြန်တော် ဆိုတာ ထိုခေတ်တွေက သတင်းပေးပို့ရတဲ့ ကိစ္စပါလုပ်ရတယ်။ မြန်မှရတာကိုး။ အေသင်တွေ ပါရှန်းကို စစ်ပွဲနိင်တဲ့သတင်း မာရသွန် အရပ်က အသက်စွန့်ပြီးပို့တဲ့ ဖိုင်ဒိအိဒိ (Pheidippides) ကို အေသင်မြို့မှ အပြေးသမားဆိုပြီး ဂုဏ်ပြုကြတယ်၊ သူသည် သတင်းကို အသက်ပေးကာ ပို့တဲ့ သတင်းသမားလည်းဖြစ်တယ်။ သူက ခြေမြန်တော်။

ဒီဖက်ခေတ်မှာ သတင်း ယူနိင်၊ပို့နိုင်တဲ့ နည်းလမ်းအတော်များများရှိလာပါပြီ။ သတင်းဖတ်သူတွေ ကြည့်သူတွေ နားထောင်သူတွေ အတွက်လည်း သတင်းရနိုင်တဲ့ နည်းလမ်းများစွာ ရှိလာပါပြီ။ သတင်းစာ၊ ဂျာနယ် တွေအပြင် အင်တာနက်ဆိုတာ သတင်းအတွက် အသုံးကျတဲ့ လက်နက်တစ်ခုဖြစ်လာတယ်။ လူမှုကွန်ရက် (social networking) တွေက တဆင့် သတင်းတွေ ဖလှယ်ကြတယ်။ အဲဒီထဲမှာ Facebook က သတင်းစုံတယ်။ တစ်ချို့ Facebook သုံးသူတွေက ကိုယ်အကြောင်းကိုယ် ရေးတယ်။ သူများအကြောင်း ပြန်ရေးတယ၊် သတင်းဌာနတွေက သတင်းတွေ ပြန်ညွှန်းကြတယ်။ သာမန်မဟုတ်တဲ့ ထူးခြားဖြစ်ရပ်ပါရင် သတင်းဖြစ်သွားတယ်။ အခု သတင်းထူးတစ်ခုရ၊ ချက်ချင်း တည်းဖြတ် ချက်ချင်းတင်၊ သတင်းကို ချက်ချင်းသိနိုင်တဲ့ ခေတ်မျိုး ရောက်နေပါပြီ။ အဲဒီမှာ သတင်းရဲ့ အမြန်နှုန်းကို ပြောစရာ မရှိနိုင်တော့ပေမဲ့ အရေးကြီးတဲ့ တစ်ချက် ကျန်ပါတယ်... ရတဲ့ သတင်းရဲ့ တိကျခိုင်မာမှု။ အမှန်ဆုံး သတင်း။ သတင်းများများဖတ်သူဟာ သတင်းရဲ့ မှန်ကန်နိုင်မှု ပမာဏကို အနည်းအများ သူ့အလိုလို မှန်းဆတတ်နိုင်သွားတယ်။

 နေ့တိုင်း သတင်းဖတ်ဖို့လိုပါတယ်။ စင်ကာပူမှာ မနက်စောစော ဘူတာရုံတို့ ကားမှတ်တိုင်တို့နား အခမဲ့ဝေတဲ့ သတင်းစာတွေရှိတယ်။ ရုံးသွား ကျောင်းသွားရင်း လမ်းမှာ ဖတ်နိုင်အောင် လုပ်ထားတာ။ ပြေးပြေးလွှားလွှားနဲ့ ဖတ်ကြတာတွေ့ရတယ်။ တချို့ လက်ကိုင်ဖုန်းသုံးပြီး အင်တာနက်မှာ သတင်းဖတ်ကြတယ်။ သတင်းတစ်ခုကို စောစောသိသူဟာ တစ်ခြားသူထက် သာပါတယ်။ ဒါကြောင့် မနက် စောစောမှာ သတင်းဖတ်ဖို့လိုပါတယ်။ ဘာသတင်းပဲဖြစ်ဖြစ် ဖတ်ပါ။ နောက်ပိုင်းမှာ ကိုယ်သိချင်တဲ့ သတင်းမျိုး ရွေးချယ်ဖတ်တတ်သွားပါလိမ့်မယ်။ အများသိဖို့ရေးထားတဲ့ သတင်းမျိုးတွေ ကိုယ်လည်း သိအောင် ဖတ်ဖို့လိုပါတယ်။ လူဟာ အကြိုက်ချင်း မတူသလို သိချင်တဲ့ သတင်းလည်း မတူတတ်ပါဘူး။ သတင်း သိပြီးတဲ့အခါ အဲဒီသတင်းကို အခြေခံပြီး ကိုယ့်အတွက် အများအတွက် အသုံးချနိုင်ရင် အကောင်းဆုံးပါ။
သတင်းရဲ့ ကောင်းကျိုးကိုသိရှိပြီး သတင်းကို မှန်ကန်စွာ အသုံးချတတ်ကြပါစေ။ ။

၁၅-သြဂုတ်-၂၀၁၄

Aug 12, 2014

အသုံးကျရဲ့လား (၇) .... ပေါင်ချိန်စက်

အဖေနဲ့ မွေးနေ့တူ သမီးလေး မွေးလာတော့ (၆)ပေါင် (၁၅) အောင်စ။ ဆေးရုံရဲ့ ပေါင်ချိန်စက်က ပြောတာ။(၇) ပေါင် တစ်အောင်စ လျော့လို့လည်း ပြောလို့ရတယ်။ တိကျရဲ့လား၊ဆေးရုံက ပေါင်ချိန်စက်  မှန်ရဲ့လား လို့တော့ စောဒက မတက်မိခဲ့။ယူနစ်ပြောင်းကြည့်တော့ (၃.၁၄၆၈) ကီလို။ ပေါင် တွေ အောင်စ တွေ သုံးနှုန်းနေဆဲ၊  SI ယူနစ် စနစ် ပြောင်းဖို့ တာစူနေဆဲ ကိုယ့်နိုင်ငံမှာ သမီးမွေးလာတဲ့ အတွက် ဂုဏ်ယူတယ်။
သမီးကြီးလာရင်  ဒို့မွေးတုန်းက ဒို့နိုင်ငံဟာ ကမ္ဘာမှာ International System of Unit (SI) မပြောင်းသေးဘဲ ကျန်နေတဲ့ သုံးနိုင်ငံထဲက တစ်နိုင်ငံ အဖြစ်ရှိနေသေးတယ်လို့ သူများတွေကို သမီး ပြောပြနိုင်တယ်လေ..
အဲဒီ သုံးနိုင်ငံက မြန်မာ၊ လိုက်ဘေးရီးယား နဲ့ အမေရိကန်။
တစ်ခါ စူပါမားကတ်ထဲ လျှောက်ကြည့်။ စပျစ်သီးပုံထားတဲ့နားမှာ ပေါင်ချိန်စက် တွေ့ ၊ ဘာအတွက်လည်း မေးတော့ စပျစ်သီးချိန်တာတဲ့။ ကဲ လုပ်ပြပါဦး ဆိုတော့ စပျစ်သီး တစ်တွဲ တင်၊ ပြတဲ့ ကျပ်သား (မြန်မာ အတိုင်းအတာ)ကို ပေါက်စျေးနဲ့ မြှောက်ပြတယ်။ ဒီပေါင်ချိန်စက် မှန်ရဲ့လား မေးတော့ မှန်ပါတယ်တဲ့။ ဘာကိုကြည့်ပြီး မှန်ပါတယ်လို့ ပြောတာပါလည်းဆိုတော့ ဟီး ... ကျွန်မလည်း မသိဘူးတဲ့။
နောက်တစ်ခါ ရွှေဆိုင်တွေဆီ ရောက်သွား။ ဒီတစ်ခါတော့ ရွှေချိန်စက်လို့ ခေါ်မလားပဲ။ OHAUS တံဆိပ်နဲ့ ပေါင်ချိန်စက်တစ်လုံး ဆိုင်တစ်ဆိုင်မှာ သေသေချာချာထားတာ တွေ့တော့ ဟာ... အဲဒါကြီး ဘာလုပ်တာလည်း မေးတော့ ဒါ ရွှေအရည်အသွေးစစ်စက် အရမ်းမှန်တယ်တဲ့။ မှန်ကြောင်းလည်း ဘာမှ အထောက်အထား မတွေ့ရပါလား ဆိုတော့ ဘုကြည့် ကြည့်တာ ခံရပြီး အမလေး.. ရွှေဆိုင်တိုင်း ဒါမျိုးသုံးနေကြတာပဲ.. မမှန်ရင် သုံးပါ့မလား... ဆိုပြီး စျေးဆက်ရောင်း.. အင်း... ရိုက်ထုတ်မခံရတာ ကံကောင်းတာပဲ..
ပေါင်ချိန်စက်မှသည် တိကျမှန်ကန်သော တိုင်းတာမှုသုံး အတိုင်းအတာပစ္စည်း ကိရိယာများအား မှန်ကန်စွာ သုံးပြီး သကာလ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ စက်မှု လက်မှု တီထွင်မှုများ အစရှိသည့် ပြည်တွင်းလုပ်ငန်းများပါမက နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်ရသည်များတွင် ပိုမိုအဆင်ပြေစေဖို့ ကျွန်တော်တို့ ကြိုးပမ်းရဦးမည် ဖြစ်ပါကြောင်း မိတ်ဆွေများအား  တိုက်တွန်းရေးသားလိုက်ရပါသည်။

   ကျော်မောင်(တိုင်းတာရေး)
   ၉-သြဂုတ်-၂၀၁၄

အသုံးကျရဲ့လား (၆) ... နေရာ

နောက်ဆို ရထားစီးစီး ကားစီစီး  ဒါမျိုးလုပ်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပါတယ်။ ရထားပေါ် ကားပေါ်ရောက်တာနဲ့ ထိုင်ခုံလွတ် တွေ့ရင် ဝင်ထိုင်လိုက်ရမယ်။ ဘယ်နေရာ ဖြစ်ဖြစ်၊ ဒီမှာက Reserved Seat လို့ခေါ်တဲ့ ဦးစားပေး ထိုင်ခုံတွေက ရထားတွေ ကားတွေမှာ ရှိတယ်။ အဲဒီနေရာ တွေ့ရင်လည်း ကိုယ်က ဦးရင် အရင်ဝင် ထိုင်။ ဟာ ဒီကောင် ဦးစားပေး ထိုင်ခုံတောင် မရှောင်ဘူး၊ တော်တော်ဆိုးတဲ့ကောင်.. နေဦး..  ကိုယ်နေရာ ရပြီးမှ ဘေးပတ်ပတ်လည်ကို ကြည့် မယ်။ ပထမ ကိုယ်ဝန်ဆောင်၊ ဒုတိယ မသန်စွမ်း(သို့)ထိခိုက်ဒဏ်ရာ ရထားသူ၊ တတိယ သက်ကြီးရွယ်အို၊ စတုတ္ထ ရင်ခွင်ပိုက် ကလေးငယ် ချီပိုးထားတဲ့ မိခင် ဖခင် အုပ်ထိန်းသူ၊  ပဥ္စမ ငါးနှစ်အောက် ကလေး ၊နောက်ပြီးတော့ အထုပ်အပိုးနဲ့သူ .... အစဉ်အတိုင်း ဦးစားပေးနိုင်ရင် ပေး ၊ မပေးနိုင်လည်း အဲဒီအထဲမှာ ပါတဲ့သူ ပေးရမယ်။ ဘာပေးမှာလည်း ...
ခုနက ဝင်ထိုင်လိုက်တဲ့ နေရာ။ အဲဒီ နေရာကို ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲနဲ့ မြန်မြန်ပေးရမယ်။
အစ ကတည်းက ထိုင်ပြီး စီးနင်း လိုက်ပါဖို့ မရည်ရွယ်၊ အမှန်တကယ် လိုအပ်သူတွေကို ပေးဖို့ နေရာဦးတာ ဖြစ်တယ်။ နည်းလမ်းက လွတ်တာတွေ့ ဝင်ထိုင်၊ ထိုင်ပြီး ဝန်းကျင်ကြည့်၊ လိုအပ်သူကို နေရာပေး .... အတိုကောက် မှတ်ရင် ထိုင်၊ ကြည့်၊ ပေး ။ ဒါလေးပဲ... မြန်မြန်လုပ်ရမယ် ... ထိုင်၊ ကြည့်၊ ပေး။
ဒါကို တွေးမိတာက ဒီလို.. ပြီးခဲ့တဲ့ တနင်္ဂနွေက အဘိဓမ္မာ သင်တန်းတက်ဖို့ ဘွန်လေး (Boon Lay) ကို ရထားနဲ့ အသွား၊ ထိုင်ခုံ နေရာ မရ၊ ကိစ္စ မရှိ။ ပိတ်ရက်ဆိုတော့ ရထားမှာ လူ မကျပ်ဘူး။ အဲဒီမှာ မိသားစု တစ်စု တက်လာတယ်။ အဖေလုပ်တဲ့ သူက (၆)နှစ် အရွယ် သား ကို လက်ဆွဲလို့၊ အမေက သုံး လေး လ သား အရွယ် ကလေးကို ရင်ခွင်ပိုက်အိတ် (baby carrier) နဲ့ ချီပိုးထားလို့။ ထိုင်ခုံ ထိုင်နေသုူများ သူတို့ သားအမိကို မြင်တယ်။  ဒါပေမဲ့  ဘယ်သူမှ နေရာမပေး။ ဒီလိုလား .. ရိုးရိုးထိုင်ခုံမှာ ထိုင်နေသူတွေထဲမှာ ခုနက အပေါ်မှာ စဉ်ပေးထားသူတွေ မပါဘူး။ အားလုံး သက်လယ်ပိုင်းတွေ။ ဒီသားအမိ ကို တွေ့မှပဲ အိပ်ချင်ယောင်ဆောင်သူတွေ တွေ့ရတယ်။ အားနာပြီး ထပေးရမှာ စိုးလို့ ဖြစ်မယ်။ ရှေ့ ဘူတာရောက်ခါနီး ရှေ့က ထိုင်ခုံနှစ်လုံး လွတ်ပြီ။ ဝင်မထိုင်သေးဘဲ ဝမ်းသာသာနဲ့ နေရာလွတ်ကလေး ဟိုမိသားစုတွေ့အောင် အချက်ပေးမလို့ရှိသေး ဂိမ်းကစားနေတဲ့ (၁၀)နှစ် အရွယ် ကောင်လေးနဲ့ သူ့အမေ အပြေးလာထိုင်သွားတယ်။ ခပ်တည်တည်ပါပဲ။ ဒါကို တစ်ခြားသူတွေ မြင်တယ်။ မြင်တဲ့ အဆင့်ပဲ။ ဟိုလူတွေ မထ ပေး ၊ ငါတော့ ထပေး မယ် စိုးစဉ်းမရှိ။
နောက် ဘူတာရောက်တော့ လွတ်သွားတဲ့ ခပ်လှမ်းလှမ်းက ထိုင်ခုံကို  သားသည်အမေကို လက်ညှိုုးထိုးပြ၊ သူတို့ထိုင်တော့မှ သက်ပြင်းချရပါတယ်။ ဒီလို အဖြစ်မျိုုး ခဏ ခဏကြုံရတယ်။ ထိုင်ခုံလွတ်တွေ့၊ မထိုင်ဘဲ ထိုင်ဖို့လိုုအပ်သူကို ဝင်ထိုင်ဖို့ အချက်ပေးလိုက်ချိန် တစ်ခြား သန်သန်မာမာ လူက  ခပ်တည်တည်ဝင်ထိုင်၊ တစ်ချို့များ စမတ်ဖုန်း လေး ချက်ချင်းထုတ်ပြီး အလုပ်များတဲ့ ပုံစံဖမ်း။ အဲဒီလို ကြုံကြုံနေလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကပဲ ထိုင်၊ ကြည့်၊ ပေး ဆိုတာလေး စလုပ်ဖြစ်မယ်လို့ စိတ်ကူးရတာပါပဲ ၊ နေရာ ဆိုတာ လိုအပ်တဲ့ သူတွေအတွက် အတော် အသုံးကျမှာပါ။    ။

  ကျော်မောင်(တိုင်းတာရေး)
  ၅-သြဂုတ်-၂၀၁၄