သည်အသုံးအဆောင်နှင့်ပတ်သက်လာလျှင် ပြောကြဆိုကြတာများသည့် အသုံးအနှုန်းများစွာရှိသည်။ “လူတို့၏အသုံးအဆောင်များ”ဟု လေ့လာမည်ရှိသော် ယခုပစ္စည်းလေးကို ရှေ့ဆုံးမှာထားပြီး လေ့လာရမည့်သဘောရှိသည်။
ဇာတ်လမ်းက အပ်နဖားပေါက်ကနေ စသည်။
“မြေးရေ အဖွားကို ဒီအပ်ကြိုးလေး ထိုးပေးစမ်းပါ”
“အဖွားကြီး မင်းမျက်မှန် ပါဝါတွေတိုးနေပြီ”
“အဖိုးကြီးရယ် ရှင်ပဲ မျက်မှန်တပ်ဖို့ လုပ်ပါဦး၊ မဟုတ်ရင် အဖွားခိုင်းခါနီးတိုင်း စာဖတ်နေတဲ့ ငါ့မြေးကို အကူအညီတောင်းပါ့မလား”
မြေးဖြစ်သူက အဖိုးအဖွားနှစ်ယောက် အချေအတင်ဖြစ်နေကြသည်ကို ရယ်ကျဲကျဲလုပ်ရင်း ဖတ်လက်စစာအုပ်ကို အသာချကာ အဖွားဆီက အပ်နှင့်အပ်ချည်ကြိုးကို ယူလိုက်သည်။
“အဖွား ခွေးစာ သွားကျွေးလိုက်ဦးမယ်၊ ထိုးထားနှင့်”
ခွေးစာသွားကျွေးနေသော အဖွား ပြန်ရောက်လာသည်။
“ဟင် အခုထိ မရသေးဘူးလား”
“ဒီအပ်က အပေါက်ကျဉ်းတယ် အဖွားရဲ့”
“ဟေ့ အဖွားကြီး မင့်မြေးကို အပ်နဖားပေါက် ကြီးတဲ့ဟာ ရှာပေးလိုက်ဦး၊ တကတည်းကွာ အဖွားမှုန်နေလို့ မြေးတွေ အားကိုးကာမှ”
“အဲဒီလို ထိုးလို့ဘယ်ရမှာလဲ၊ ဒီမှာကြည့် အပ်ချည်ကြိုးအစကို မဖွာအောင် ဟောသလို အရင် လုပ်ရတယ်”
အစကို လျှာပေါ်တင်ရင်း ပြန်ထုတ်သည့်အခါ အပ်ချည်ကြိုးစမှာ ချွန်ချွန်လေးဖြစ်သွားပြီး အပ်ပေါက်သေးထဲ ထိုးဖို့ လွယ်ကူသွားသည်။
“မှောင်နေသေးရင် လင်းတဲ့နေရာသွားကွ” အဖိုးက လှမ်းပြောသည်။
“ရပြီ အဖိုး ရပြီ၊ ဒီမှာ ဝင်သွားပြီ။ ဟာ ဟ၊ ဒါ ပထမဆုံးအကြိမ် အပ်ပေါက်ထဲ ကြိုးထိုးရခြင်းပဲ” အားရဝမ်းသာစွာဖြင့် ပြောသော်
အဖိုးအဖွားနှစ်ဦးစလုံးက သူ့ကို တအံ့တဩကြည့်ရင်း
“ဟေ … မင်းတခါမှ အပ်နဖားမထိုးဖူးဘူးပေါ့”
“အဖိုးကြီးရယ် သူအပ်နဖားမထိုးဖူးတာကလဲ ရှင့်သမီး မျက်စိမမှုန်သေးလို့ဖြစ်မှာပေါ့၊ အကြီးမ လာမှ မေးရဦးမယ်၊ ငါ့သမီးကြီးလည်း လေးဆယ်ကျော်တော့မယ်၊ မျက်မှန်တော့ လုပ်ဦးလို့ ပြောရဦးမယ်၊ မမြင်မစမ်းနဲ့ အပ်နဖားထိုးနေပုံရတယ်”
တခါတွေ့ဖူးသည်က ကျောင်းနေဖက်သူငယ်ချင်းတယောက်၏ အဖွားမှာ မျက်မှန်လည်းမတပ်၊ နေ့အလင်းရောင်မှုန်ပြပြအခြေအနေတွင် အပ်နဖားကြိုးကို ကိုယ်တိုင်ထိုးနိုင်နေခြင်းပင်။ အိမ်မှာ ထိုအကြောင်းကို ပြောပြသည့်အခါ အဖေနဲ့အမေက မှတ်ချက်ပေးသည်။
“အဲဒီ အဖွားကြီးက ကံကောင်းတာပဲ၊ မင့်အမေဆို ငါကြည့်နေတာ ခုနောက်ပိုင်း သူအပ်နဖားထိုးရင် မျက်မှန်တပ်ထားတာတောင် အတော်ထိုးယူနေရတယ်”
အမေ မျက်မှန်စတပ်သည့်အခါ အဖွားမရှိတော့ပါ။ အဖွားကတော့ ငါ့သမီးကြီး မျက်စိမမှုန်သေးဟု ထင်ကောင်းထင်သွားနိုင်သည်။
အဖွားအား ကူကာ အပ်နဖားကြိုးကို သူ့ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာထိုးခဲ့သော ထိုလူငယ်လေးသည် နောင်နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ဆိုရှယ်မီဒီယာပေါ်တွင် ဤသို့ ရေးပြီး တင်လေသည်။
ကိရိယာလွတ်
=========
“အပ်တချောင်း
ရောင်းရန်ရှိသည်။
နဖားကြိုး
တမိနစ်အတွင်း
ထိုးပြနိုင်သူ
အလကားရမည်။”
ကြာပေါ်
၂၈-မတ်-၂၆
အပ်နဖားကြိုးကို တမိနစ်အတွင်း ထိုးပြနိုင်သူ တရက်ကြာပြီးသည်အထိ မရှိ။ ထိုအကြောင်းကြောင့် မည်သူ့ကိုမျှ အပ်တချောင်း အလကားပေးရန်မလို။
ဤသို့ဖြင့် အပ်တချောင်းသည် ရောင်းကုန်လက်ကျန်အဖြစ် လက်ဝယ်တွင် ဆက်လက်တည်ရှိနေပါလေတော့သတည်း။
ကျော်မောင်(တိုင်းတာရေး)
၂၉-မတ်-၂၀၂၆
#ဆီမီးခွက်(၂)
Mar 29, 2026
ဆီမီးခွက်
(၁)
မှတ်တိုင်သို့ နှစ်ထပ်ကားတစီးဆိုက်လာသည်။အောက်ထပ်တွင် ထိုင်ခုံပြည့်သလောက်ဖြစ်နေပုံရ၍ အပေါ်ထပ်တက်လာခဲ့သည်။ ဘယ်ဘက်ရှေ့ဆုံးသုံးခုံမြောက်တွင် ထိုင်လိုက်သည်။ ငါးမှတ်တိုင်စီးရဦးမည်။ မှတ်တိုင်တိုင်း ခရီးသည်အတင်အချ အတက်အဆင်းရှိလျှင် အိမ်နားမှတ်တိုင်ကို ရောက်ဖို့ ဆယ်မိနစ်လောက်ကြာမည်။ အပေါ်ထပ်မှာ တယောက်တည်း။
နှစ်ထပ်ကား စစီးတော့ ရန်ကုန်အမြန်ယာဉ်အမှတ်(၄၈) ကို သတိရမိသည်။ (၄၈) လိုင်းကားဟိုင်းလတ်လေးတွေက မြန်သည်။ ကားကြီးတွေလို မှတ်တိုင်မှာ ကျောက်ချရပ်နားတာမျိုး မရှိ။ မှတ်တိုင်တွေမှာ အဝင်အထွက် လူတင်လူချ သွက်သည်။ ခရီးသည်ကလည်း ခေါင်းခန်း (၂)ဦး၊ နောက်ခန်းဘေးဘက်နှစ်ချက် (၁၀)ဦး၊ အလယ်ခုံ(၄)ဦး၊ တွယ်စီး(၅)ဦး အားလုံးပေါင်းလိုက်လျှင် (၂၁) ဦး။
(၄၈)လိုင်းကားကို အစပိုင်းစီးသည့်အခါ ခေါင်းမူးသည်။ သွားလိုသည့်နေရာကို အမြန်ရောက်ချင်သည့်အခါတိုင်း မလွှဲမရှောင်သာသဘောစီးရင်းဖြင့် ခေါင်းလည်း မမူးတော့။ ဟိုင်းလတ်မဟုတ်သည့် တခြားလိုင်းကားစီးလျှင်ပင် နှေးသည်ဟု မြင်လာသည်။ နှစ်ထပ်ကား စစီးသည့်အခါမျိုးတွင်လည်း စီးလေ့မရှိသည့်အတွက် အပေါ်ထပ်မှာ တက်မစီးခဲ့။ အောက်ထပ်မှာ လူကြပ်သည့်အခါ အပေါ်ထပ်တက်စီးရင်းဖြင့် နှစ်ထပ်ကားဆိုလျှင် ရှေ့ဘေးဘီဝဲယာမြင်ကွင်းကိုလည်း ကြည့်နိုင်၊ ထိုင်လည်းစီးနိုင်သဖြင့် အပေါ်ထပ်ပဲ တက်စီးဖြစ်တော့သည်။
ဟိုးနှစ်များစွာအကြာက မြို့ပြလိုင်းကားများတွင်တီဗီတွေပါလေ့ရှိသည်။ ကားစီးရင်း တီဗီကလာသည့် ဇာတ်လမ်း ကြည့်သွားလို့ရသည်။ အခန်းဖော်သူငယ်ချင်းတယောက် အိမ်အပြန်ကားစီးရင်း တီဗီဇာတ်လမ်းကောင်း ကိုက်သဖြင့် မှတ်တိုင်ကျော် ပါသွားဖူးကြောင်း ရယ်မောကာဖြင့်ပြောပြဖူးသည်။ ဒါမျိုးကြုံရသည်မှာ သူလိုခရီးသည်တယောက်တည်းမဟုတ်ဘဲ အတော်များများဖြစ်ကြပုံရသည်။ နောက်ပိုင်းတွင် တီဗီများကို ကားပေါ်တွင် မတွေ့တော့။ အင်တာနက်လိုင်းတွေကောင်းလာပြီး ဖုန်းအသုံးများလာသည်လည်း ပါပေလိမ့်မည်။
ဘောင်းဘီအိတ်ထဲရှိ ဖုန်းကိုထုတ်ကာ ဖုန်းကြည့်ဖို့ပြင်သည်။ ယခုအခါတွင် ဖုန်းဟု ရေးလိုက်ပါက လက်ကိုင်ဖုန်းကိုဆိုလိုမှန်း သိကြသည်။ ယခင်ကဆိုလျှင် ကြိုးဖုန်းခေါ်လိုင်းဖုန်း၊ အများသုံးတယ်လီဖုန်း၊ လမ်းဘေးဖုန်း၊ မိုဘိုင်းလ်ဖုန်း ဆိုပြီး ရေးပြကြလေ့ရှိသည်။ မိုဘိုင်းလ်ဖုန်းတွင် လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်ဟု ရေးသည်။ ခြင်းဖုန်းဆိုတာရှိသည့်အတွက် ခြင်းဖုန်းကို ခြင်းထဲမှ ထုတ်လိုက်သည်ဟု ရေးကြသည်။ လက်ကိုင်ဖုန်းမှာပင် စီဒီအမ်အေဖုန်းလား ဂျီအက်စ်အမ်ဖုန်းလားဟု ခွဲရေးကြရသေးသည်။ ပွဲတပွဲကို ကူညီလုပ်ကိုင်ခဲ့တုန်းက ထိုပွဲကျင်းပမည့် အဆောက်အဦထဲရှိ အပေါက်ဝတံခါးနားကြမ်းပြင်ပေါ်တွင် ဂျီအက်စ်အမ်လက်ကိုင်ဖုန်းများစုပုံထားသဖြင့် အကျိုးအကြောင်းမေးကြည့်ရာ ထိုနေရာတနေရာထဲ ဖုန်းလိုင်းမိသဖြင့် တခြားလူ ဖုန်းခေါ်သည့်အခါ ဧရိယာပြင်ပထဲ ရောက်ရှိနေပါသည်ဟု မဖြစ်အောင် ထားခြင်းဖြစ်ကြောင်း ဖြေကြတာကို အမှတ်ရမိသည်။
ဖုန်းကြည့်နေစဉ် ဘတ်စ်ကားမှန်ပေါ်တွင် တခုခု လှုပ်လှုပ်ရွရွဖြစ်နေသည်ကို တွေ့ရသဖြင့် ဘာပါလိမ့်ဟု သတိထားကြည့်လိုက်သည့်အခါ သူ့ကိုတွေ့ရသည်။ ပိုးဟပ်ပေါက်စ တကောင်တည်း။
ဤတွင် အခပေး ကားစီးခရီးသည်တယောက်နှင့် ဘယ်ကမှန်းမသိ အခမဲ့လိုက်ပါလာသော ပိုးဟပ်ပေါက်စတကောင်တို့၏ ဇာတ်လမ်း စတင်ပြီဖြစ်သည်။
ပိုးဟပ်လေးက ထိုင်ခုံဘေးဘက်ရှိ ကားမှန်ပေါင်ပေါ်သို့ ရောက်သွားသည်။ ထိုမှတဖန် မှန်ပေါ်သို့ ပြန်ရောက်သည်။ ပိုးဖလံဆိုလျှင် ဒါမှမဟုတ် ပိုးဟပ်အရွယ်ရောက်ဆိုလျှင် အတောင်ပံဖွင့်ပြီး ပျံချင်ပျံပေလိမ့်မည်။ အနှီပိုးဟပ်လေးက အတောင်ပံမစုံသေးပုံရသည်။ မြန်မြန်သွားနိုင်တာတော့ တွေ့ရသည်။ ဒီကောင် ဘယ်အချိန်မှာ ထိုင်ခုံပေါ် ပြုတ်ကျလာမလဲ ရောက်ချလာမလဲဆိုတာ သတိထားရသည်။ ကျောပိုးအိတ်ကို ခုံပေါ် မှသည် ကြမ်းပြင်ဆီသို့ ရွှေ့ချထားလိုက်သည်။
ဒီအကောင်လေးက အငြိမ်မနေ။ ဟိုဟိုဒီဒီ လျှောက်သွားနေသည်။ သူတယောက်တည်းလား သူ့မိသားစုဝင်တွေ အပေါင်းအဖော်တွေ တခြားပိုးဟပ်လေးတွေရော မရှိဘူးလား။ ထိုသို့တွေးရင်း ရှေ့နောက်ဝဲယာရှိ မှန်တွေ လေကာပေါက်တွေကို တချက်ဝေ့ကြည့်မိသည်။ ထူးထူးခြား လှုပ်ရွနေတာမျိုး မတွေ့။ တခေတ်တခါက သိပ္ပံဇာတ်ကားမျိုးဆိုလျှင် ပိုးဟပ်တကောင်တွေ့ပါက စက္ကန့်ပိုင်းအတွင်းမှာပင် ဟိုနေရာ ဒီနေရာမှ ပိုးဟပ်ပေါင်းများစွာထွက်လာတာကို ပြတတ်သည်။ ကားပေါ်မှာတော့ ဒီပိုးဟပ်လေးတကောင်ပဲ မျက်စိလည်ရောက်လာပုံရသည်။
နှစ်ထပ်ကားပေါ်ရှိ အပေါ်ထပ်သို့ ထိုပိုးဟပ်လေး မည်သို့မည်ပုံရောက်လာသနည်းဆိုသည်ကို သိချင်စိတ်ဖြစ်မိသည်မှာ လူ့လောကထဲသို့ လူသားတယောက်အနေဖြင့် မည်သို့မည်ပုံရောက်လာသနည်းဆိုသည်ကို သိချင်စိတ်ဖြစ်မိသည်နှင့် တူနေပေလိမ့်မည်။ မတွေးပါနဲ့ဟု သတိပေးထားလျှင် တွေးချင်နေမိသည့် အကြောင်းအရာကဲ့သို့ ဖြစ်နေသည်။
ကားက တမှတ်ပြီး တမှတ်တိုင် ရပ်သည်။ အတက်ခရီးသည် မရှိ။ အဆင်းခရီးသည်သာ ရှိသည်။ ပိုးဟပ်လေးက ထူးထူးခြားခြား ငြိမ်သက်သွားသည်။ ကားမှန်ပေါ်မှာ မလှုပ်မရှား။ တခဏတာအတွင်း ဟိုသွား ဒီသွား လျှောက်သွားလွန်းသဖြင့် မောသွားပုံရသည်။
လူများသည်လည်း တခါတခါတွင် ထိုပိုးဟပ်လေးကဲ့သို့ ဖြစ်ချေလိမ့်မည်။ အလုပ်လုပ်တာ များ၊ အသွားအလာ များ၊ အလည်အပတ် များ၊ လှုပ်ရွနေသည် များကြသည့်အခါနောက်ပိုင်းတွင် အားအင်ပြန်ဖြည့်သည့်အနေဖြင့် အနားယူငြိမ်သက်သွားကြလေ့ရှိသည်။
ငြိမ်သက်ပိုးဟပ်လေးကို ဖုန်းကင်မရာဖြင့် အနီးကပ်ဓါတ်ပုံ မရိုက်ဖြစ်။ မနက်ပိုင်း ကားစီးသည့်အခါမျိုးတွင် ကြုံရသည်မှာ ရောင်စုံပိုးကောင်လေးတကောင်ကောင် ကားမှန်အပြင်ဖက်တွင် ကပ်ပါလာတတ်မျိုး ဖြစ်သည်။ ထိုအခါမျိုးတွင် ထိုရောင်စုံပိုးကောင်လေး၏ သဘာဝအလှကို အနီးကပ်မြင့်ခွင့် ဖုန်းဖြင့်ရိုက်ခွင့် ရတတ်သည်။
ရှေ့မှတ်တိုင်မှာ ဆင်းရတော့မည်။ ဘဲလ်ကို နှိပ်လိုက်သည်။ ဆင်းဖို့ပြင်သည့်အနေဖြင့် ကြမ်းပြင်ပေါ်ချထားသည့်ကျောပိုးအိတ်ကို လှမ်းယူရင်း ဟေ့ကောင်ရေ သွားလိုက်ဦးမယ်ဟု နှုတ်ဆက်ဖို့ လှမ်းကြည့်ရာ မှန်ပေါ်မှာလည်း မရှိ၊ ပေါင်ပေါ်မှာလည်း မတွေ့။ ဒီကောင် ထိုင်ခုံပေါ်တွေကို ခုန်ချသွားသလားဆိုပြီး ထိုင်ခုံတွေကိုကြည့်တော့လည်း မမြင်။ ကျောပိုးအိတ်မှာ ကပ်ပါလာပြီလားဟု စိုးရိမ်မိပြီး ကျောပိုးအိတ်အပြင်ဘက်တလျှောက် ကြည့်မိသည်၊ မတွေ့။
သေချာတာကတော့ ကားထဲက ကြားတကြားကြားထဲ ဝင်သွားတာပဲ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု နှစ်သိမ့်ကာ မှတ်တိုင်သို့ဝင်ရပ်နေသည့်ကားပေါ်မှ အမြန်ဆင်းခဲ့လေသည်။
ကိုယ်ပျောက်သွားသည့်ပိုးဟပ်လေးသည် ထိုကားပေါ်တွင် ဆက်လက်ရှင်သန်နေမည် မနေမည်၊ တခြား တခြားသော ခရီးသည်တဦးဦး၏ အဝတ်အစားများ အိတ်များပေါ်တွင် ပါသွားမည် မပါသွားမည်မှာ သဗ္ဗေသတ္တာ ကမ္မသကာပါတကားဟု ရေရွတ်ရင်း ထိုနေ့ကြုံရသော ဆယ်မိနစ်သာသာ ကားစီးခရီးတိုတခုသည် လွန်ခဲ့သောညများထက် အနည်းငယ်စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့တာပဲဟု ကျေနပ်မိလေသည်။
ကျော်မောင်(တိုင်းတာရေး)
၂၂-မတ်-၂၀၂၆
စာဖတ်ကြာချိန် - (၅)မိနစ်
#ဆီမီးခွက်(၁)
ပြိုင်ပြိုင်ဆိုင်ဆိုင်
အစကတော့ ဆံပင်ရှည်ထားမလို့ပဲ။ ဒါပေမဲ့ မညှပ်ဘဲထားတဲ့ ဆံပင်က ဂုတ်နည်းနည်းထောက်လာတဲ့အခါ ယားကျိကျိဖြစ်လာတယ်။ နားရွက်နှစ်ဖက်ကို ဖုံးစပြုလာတဲ့ ဆံပင်တွေကလည်း တနေ့ထက် တနေ့ ပိုပူလာတဲ့ နေ့အပူချိန် ညအပူချိန်တွေကို သည်းမခံရှာနိုင်တော့ဘူး။
ဒီလိုနဲ့ နေ့ခင်ပိုင်း အပြင်ထွက်လမ်းလျှောက်ရင်း စစချင်း တွေ့တဲ့ဆံပင်ညှပ်ဆိုင်တံခါး ဆွဲဖွင့်ဝင်လိုက်ရတယ်။
"ဆံပင်ညှပ်မယ်"
"ဘယ်လိုပုံစံညှပ်မလဲ"
စိတ်ထဲကနေ အင်း ... ကျနော်နဲ့လိုက်မယ့် ဆံပင် ညှပ်ပေးဗျာလို့ ပြောလိုက်ရင်ကောင်းမလား တွေးလိုက်သေးတယ်။
တကယ်ပြောဖြစ်တာက
“တိုတိုညှပ်ပေးဗျာ”
"အိုကေ"
ဒီဆိုင်ရဲ့ ဆံသစျေးနှုန်းက ကွန်ပျူတာစာသားနဲ့ စက္ကူဖြူပေါ်ရေးပြီး ခုနက ဆွဲဖွင့်ဝင်လာခဲ့တဲ့ ဆိုင်မှန်တံခါးမှာ ကပ်ထားတယ်။ $ 6.00 ဆိုတဲ့ စျေးနှုန်းအပေါ်စာကြောင်းမှာ ကတ်ကြေးပုံစံလေးတခု ထည့်ထားတယ်။ ဆံပင်ညှပ်သည် ဆိုတာကိုး။ တကယ်ညှပ်တဲ့အခါ ကတ်ကြေးအပြင် စက်ကတ်ကြေးသုံးပါတယ်။
၆ ဒေါ်လာတဲ့၊ ရိုးရိုးညှပ်ရင်။ ရှယ်ညှပ်မယ်ဆို စျေးတမျိုးဖြစ်မယ် ယူဆတာပါပဲ။ ဒီဆိုင်မှာ အခုတခေါက် ဆံပင်အညှပ်ခံတာဟာ ဒုတိယအကြိမ်ပါပဲ။
ပထမတခေါက်ညှပ်ဖြစ်ခဲ့တာက ဒီလို။
အမြဲတမ်းညှပ်ဖြစ်တဲ့ဆိုင်မှာ ထိုင်စောင့်နေသူတွေ အမြဲပုံနေတတ်တယ်။ ဆံညှပ်ဆရာ/ဆရာမ သုံးယောက်ရှိတာ လက်မလည်ဘူး။ ပိတ်ရက်တွေဆို လူပိုကျတယ်။ သူတို့ဆိုင်က ဆံပင်ညှပ် (ရိုးရိုး) ဆိုရင် $ 3.80။ လက်ရာလည်း မဆိုးဘူး။
ရုံးကအပြန်တရက်မှာ လူတော့ နည်းလောက်ပါတယ်လေဆိုပြီး အဲဒီဆိုင်ရှေ့ရောက်၊ လူများတာပါပဲ။ နောက်မှညှပ်မယ်ဆိုပြီး အိမ်ဘက်နည်းနည်းဆက်လျှောက်လာ၊ ၆ ဒေါ်လာဆိုင်ကိုတွေ့တယ်။ တဆိုင်နဲ့တဆိုင် သာမာန်လူ လမ်းလျှောက်သွားလို့ကြာတဲ့ အချိန်အကွာအဝေးနဲ့ဆိုရင် သုံးမိနစ်တောင် မရှိဘူး။ အညှပ်ခံတဲ့အခါ ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ စကားတောင်စား ပြောသလိုပြောရရင် ဆံသဆိုင် ထိုင်ခုံမှာ မထိုင်ရသေးဘူး၊ ဆံပင်က ညှပ်ပြီးသွားပြီ။ မြန်ပေမဲ့ လက်ရာကလည်း ပုံမှန်ညှပ်ဖြစ်တဲ့ဆိုင်ထက် သေသပ်တယ်။ အဲဒါကြောင့် ဟိုဆိုင်ထက် ၂.၂၀ ပိုပေးရလည်း ကျေနပ်တယ်။
ဒါက အဲဒီဆိုင်မှာ ပထမတခါ ဆံပင်အညှပ်ခံခဲ့ရပုံပဲ။
တခါမှာတော့ ၃.၈၀ ဆိုင်က စျေးတက်ကြည့်တယ်။ ၃.၈၀ ကနေ ၆.၀၀ ဆိုပြီး။ လာညှပ်သူ မရှိတော့ဘူး။ အဲဒီနေ့မှာပဲ ၆ ဒေါ်လာဆိုင်က ၈.၀၀ လို့ သူလည်းစျေးတက်တယ်။
နောက်တရက် နှစ်ရက်လောက်နေတော့ ၆ ဒေါ်လာကိုတက်တဲ့ဆိုင်က သူ့အရင်စျေးဖြစ်တဲ့ ၃.၈၀ ပဲ ပြန်ကပ်ထားတာ တွေ့တယ်။ ဆိုင်မှာ လူပြန်စည်လာတယ်။ ၈ ဒေါ်လာလို့ စျေးလိုက်တက်ကြည့်လိုက်တဲ့ ဆိုင်ကလည်း ၆ ဒေါ်လာပြန်ဖြစ်တယ်။
ဒီမှာ လေ့လာဖြစ်တာလေး တခုပေါ့။
ဆံပင်ညှပ်တာ လွယ်တဲ့ လုပ်ငန်းတော့ ဖြစ်ပုံမရဘူး။ ဆံပင်ပဲ ညှပ်ရတာမဟုတ်တဲ့အပြင် ပြိုင်ဘက်ဆိုင်တွေကိုလည်း အကဲခတ်နေရသေးတာပ။
ကျော်မောင်(တိုင်းတာရေး)
၂၄-မတ်-၂၀၁၈
၂၅-မတ်-၂၀၂၆
တရေးနှပ်ကြရအောင် (World Sleep Day)
တရေးလောက် နှပ်ဖို့ကြံရင်း မနက်က ဖတ်မိတဲ့ ဆောင်းပါးလေးတပုဒ်ကို အစအဆုံးပြန်ဖတ်မိတယ်။ ရေးထားတာတွေများစွာထဲက စစ်တမ်းတခုမှာပါတဲ့ အိပ်နှုန်းတွေကို သတိပြုမိတယ်။ စနေ တနင်္ဂနွေနေ့တွေမှာဆိုရင် ၆.၇ နာရီ (၆ နာရီ ၄၂ မိနစ်) အိပ်ကြပြီး ကျန်နေ့တွေမှာတော့ ၆.၃ နာရီ (၆ နာရီ ၁၈ မိနစ်) အိပ်ကြပါတယ်တဲ့။ ဒါက ဒီက နိုင်ငံသားတွေကို စစ်တမ်းကောက်ယူတဲ့အခါမှာ ရလာတဲ့ အချက်အလက်လို့ ရေးထားပါသေးတယ်။
ဆောင်းပါးအစမှာတွေ့ရတဲ့ Mar 15 ဟာ ဒီနှစ်ရဲ့ World Sleep Day ဆိုတာလေးတွေ့ရတော့ စိတ်၀င်စားမိပြန်ပါတယ်။
World Sleep Day ဆိုပါလား။
2019 အတွက် world sleep day ဆိုတာ ဒီနေ့မှာ ကျရောက်ပါတယ်တဲ့။ ဒီနှစ်ရဲ့ World Sleep Day slogan က "Healthy Sleep, Healthy Aging " လို့ဆိုပါတယ်။
အိပ်တာနဲ့ ပတ်သက်လို့ မှတ်မိတာလေးတွေမှာ ကားစီး လေယာဉ်ပျံစီး သင်္ဘောစီးပြီး ခရီးရှည်သွားတဲ့အခါ မအိပ်တတ်တဲ့သူတွေရှိကြသလို တချို့ကြပြန်တော့လည်း ခရီးသွားရင်း သီချင်းဆိုမယ်လို့ မကြွေးကြော်ဘဲ ခရီးစတာနဲ့ အပူအပင်ကင်းစွာနဲ့ အိပ်တတ်သူများလည်း ရှိကြပါတယ်။ ဒါက ခရီးသွားတဲ့အခါ အိပ်စက်ခြင်းဖြစ်ပါတယ်။
သိကျွမ်းခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ အိပ်ရာ၀င် အိပ်ရာထ အလေ့အကျင့်က ဒီလိုပါ။ ညဆို ဆယ်နာရီမခွဲခင် သန့်စင်ခန်း၀င် သွားတိုက်ပြုလုပ်ပြီး ဆယ်နာရီခွဲအတိမှာ အိပ်ပါတယ်။ မနက်ဆို ငါးနာရီခွဲတိတိမှာ နှိုးစက်အကူအညီနဲ့ ထပါတယ်။ ဒါဟာ သူရဲ့ ပုံမှန်အိပ်ချိန် ထချိန်ပါပဲ။ ၇ နာရီတိတိ အိပ်တယ်ဆိုပါစို့။ တီဗီက ဇာတ်လမ်းကောင်းတယ် လာကြည့်ပါလားဗျ ခေါ်လည်း အိပ်ရေးပျက်ခံပြီး မကြည့်ဘူးလို့ပဲ ပြောပါတယ်။
တချို့သူများဟာ နေ့လည်နေ့ခင်း ထမင်းစားပြီးလို့ အလုပ်ခဏနားချိန်လေးအတွင်းမှာ တရေးလောက်ရအောင် နှပ်တတ်ပါတယ်။ တရေးနှပ်ပြီးတဲ့အခါ အားအင်ပြည့်သွားသလို ရှိတတ်ပြီး ကျန်တဲ့ နေ့အချိန်ပိုင်းတွေမှာ တက်ကြွစွာနဲ့ ဖြတ်သန်းကြတာကို မြင်ဖူးပါတယ်။ နာရီ၀က်လောက် နှပ်လိုက်ရရင်ကိုပဲ အတော်လန်းသွားတဲ့ပုံပေါ်ပါတယ်။ ဒါကြောင့် အချိန်ရရင် တရေးနှပ်ဖို့ လိုအပ်ပါတယ်။
ကဲ တရေးနှပ်ကြပါစို့။
၁၅-မတ်-၂၀၁၉
(စာကြွင်း - ၂၀၂၃ အတွက်ကတော့ ၁၇ မတ် (သောကြာနေ့)ဟာ World Sleep Day ဖြစ်တယ်လို့တွေ့ရပါတယ်။ အမှန်က ကမ္ဘာကြီး အိပ်နေတာ ကြာပါပြီ)
World Sleep Day
Subscribe to:
Comments (Atom)


